← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 21 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 21 Ch. 397-398

အခန်း (၃၉၇) ချက်ချင်းလက်ငင်း သုတ်သင်ခြင်း

ဟူလုကျွန်း၏ ကမ်းခြေတွင် လူသူအရောက်အပေါက် နည်းပါးလှချေသည်။

ပင်လယ်နှင့် နီးကပ်လွန်းလှသဖြင့် ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ဤနေရာသို့ လာရောက်သူ အလွန်ပင် ရှားပါးလှသလို နေထိုင်သူလည်း မရှိသလောက်ပင် ဖြစ်ပေရာ လူသတ်ပွဲ ဆင်နွှဲရန်နှင့် မီးရှို့ဖျက်ဆီးရန်အတွက်မူ အကောင်းဆုံးသော နေရာတစ်ခုပင် ဖြစ်တော့သည်။

"ဟားဟား... ရှောင်ဟန်ချိုး၊ မင်းရဲ့ အခုပုံစံက မင်းအဖေကို သွားသတိရစေတာပဲ" ဟု ဝမ်လင်းက အေးစက်စက် လှောင်ပြုံးဖြင့် ဆိုကာ ရှောင်ဟန်ချိုးအနားသို့ တိုးကပ်လာချေသည်။

လျိုဖု၏ မျက်နှာတွင်လည်း ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ပေါက်လာပြီး "မင်းအဖေတုန်းကလည်း ခွေးသေတစ်ကောင်လို မြေကြီးပေါ်မှာ ဒူးထောက်ပြီး သူ့မိသားစုကို ချမ်းသာပေးဖို့ ငါတို့ကို တောင်းပန်ခဲ့တာပဲ။ ဟားဟား... မင်းတို့ကတော့ တကယ်ကို မိသားစုအစစ်အမှန်တွေပဲ" ဟု ဆိုလေသည်။

ထိုသို့သော ရင်ကွဲမတတ် စကားလုံးများကို ကြားရသောအခါ ရှောင်ဟန်ချိုးသည် သူမ၏ မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး လျိုဖုနှင့် ဝမ်လင်းတို့ကို အေးစက်စွာ စိုက်ကြည့်နေမိတော့သည်။

သူမ၏ ရင်ဘတ်မှာ အတွင်းသို့ ချိုင့်ဝင်နေပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးပေါင်း မည်မျှ ကျိုးကြေသွားသည်ကိုပင် မသိနိုင်တော့ချေ။

ဝမ်လင်းနှင့် လျိုဖုတို့၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် သူမသည် ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် လျိုဖု၏ နောက်ဆုံး တိုက်ကွက်မှာ အလွန်တရာ အားပါလွန်းလှသဖြင့် သူမ၏ လက်ခြေများမှာ ကျိုးကြေသွားခဲ့ရပြီး ယခုအချိန်တွင် သူမ၌ မတ်တတ်ရပ်ရန်ပင် အင်အား မရှိတော့ချေ။

သူမ၏ မိဘနှစ်ပါး အသက်ဆုံးရှုံးခဲ့ရသည့် ကြေကွဲဖွယ်ရာများကို ပြန်လည် အမှတ်ရမိသောအခါ ရှောင်ဟန်ချိုး၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံလာကာ အာဃာတတရားများမှာလည်း သူမကိုပင် ဝါးမြိုတော့မတတ် တဟုန်ထိုး

မြင့်တက်လာတော့သည်။

"တိရစ္ဆာန်တွေ... နင်တို့အားလုံးဟာ တိရစ္ဆာန်တွေပဲ" ဟု ရှောင်ဟန်ချိုးသည် အက်ရှသော အသံဖြင့် အော်ဟစ်လိုက်ရာ သူမ၏ ပါးစပ်ထောင့်မှ သွေးများမှာ စဉ်ဆက်မပြတ် စီးကျလာလေသည်။

"ဟားဟား... လူတွေအများကြီးက အဲဒီလို ပြောကြတာပဲ၊ ဒါပေမဲ့ ကံဆိုးတာက အဲဒီလို ပြောတဲ့သူတွေ အကုန်လုံး သေကုန်ကြပြီ" ဟု ဝမ်လင်းက နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။

"ပြီးတော့ မင်းတို့ ရှောင်မိသားစုကိုလည်း ငါတို့ ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ကျန်တဲ့ မိသားစုတွေလည်း အရင်ထက်စာရင် အများကြီး ပိုပြီး လိမ်မာသွားကြတာပေါ့"

ပင်လယ်ပြင်၏ ထိုက်ပေါင် တစ်ဆယ့်သုံးယောက်ကို နှိမ်နင်းရန် အစီအစဉ်ကို မူလက ရှောင်မိသားစုက ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့မှာ အင်အားအကောင်းဆုံးလည်း ဖြစ်ကြသည်။

သို့သော် ယခုအခါ ရှောင်မိသားစု ပျက်စီးသွားပြီ ဖြစ်သဖြင့် အခြားမိသားစုများမှာလည်း ချက်ချင်းပင် နောက်ဆုတ်သွားကြတော့သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် ထိုက်ပေါင် တစ်ဆယ့်သုံးယောက်က ရပ်တန့်သွားလိမ့်မည်ဟု ၎င်းတို့က ထင်မှတ်နေကြသော်လည်း ထိုက်ပေါင် တစ်ဆယ့်သုံးယောက်က ၎င်းတို့ကို မည်သည့်အချိန်တွင် ရည်မှန်းချက်ပစ်မှတ်အဖြစ် သတ်မှတ်မည်ကိုမူ ၎င်းတို့ မသိရှိကြချေ။

"အော်... ဒါနဲ့ မင်း သိချင်မှ သိလိမ့်မယ်၊ ငါတို့ ထိုက်ပေါင် တစ်ဆယ့်သုံးယောက်ကို နှိမ်နင်းဖို့ မင်းတို့ ကြံစည်နေတဲ့ အစီအစဉ်တွေကို ငါတို့ကို တစ်ယောက်ယောက်က လာပြောပြတယ်လေ" ဟု လျိုဖုက ရက်စက်သော အမူအရာဖြင့် ရှောင်ဟန်ချိုးအနားတွင် ဆောင့်ကြောင့်ထိုင်လျက် ဆိုလိုက်သည်။

ရှောင်ဟန်ချိုး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ယင်လာကာ "နင်လိမ်နေတာ... လိမ်နေတာ" ဟု ဆိုမိတော့သည်။

"ဟားဟား... အဲဒါ မင်းတို့ ရှောင်မိသားစုရဲ့ အိမ်တော်ထိန်းပဲလေ၊ အဲဒီ အဘိုးကြီးက သူ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပြီး ပြောပြတာ။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါတို့က အဲဒီလို သစ္စာမရှိတဲ့သူမျိုးကိုလည်း အတော်လေး မုန်းတာနဲ့ပဲ သူ့ကိုပါ တစ်ခါတည်း သတ်ပစ်လိုက်တယ်" ဟု လျိုဖုက လှောင်ပြောင်လိုက်သည်။

ရှောင်ဟန်ချိုးသည် ထိုသဘောကောင်းလှသော အဘိုးအိုကို ပြန်လည် အမှတ်ရမိသွားရာ သူကပင် သူမတို့ ရှောင်မိသားစုကို သစ္စာဖောက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

နောက်ဆုံးအချိန်အထိပင် ထိုအဘိုးအိုမှာ မိမိအသက်ကို မကယ်တင်နိုင်ခဲ့ပေ။

"ကဲ... အခု မင်းကို သတ်ပြီးရင် မင်းရဲ့ ရည်းစားလေးကိုပါ ဆက်သတ်မယ်၊ ဒါမှ မင်းတို့နှစ်ယောက် အောက်ပြည်မှာ ပြန်ဆုံနိုင်မှာပေါ့" ဟု ဝမ်လင်းက အေးစက်စက် ဆိုသည်။

"ဘယ်လိုလဲ... ငါတို့က အတော်လေး စာနာတတ်တယ် မဟုတ်လား"

ရှောင်ဟန်ချိုးသည် အလွန်ပင် ပျော်ရွှင်သော အမူအရာဖြင့် ရယ်မောလိုက်တော့သည်။

သူမ ကိုယ်တိုင် ဤတိရစ္ဆာန်နှစ်ကောင်ကို မသတ်နိုင်သော်လည်း ချင်ယွမ်ဖုန်း၏ စွမ်းအားကိုမူ သူမ ကောင်းစွာ သိရှိထားသည်

ချင်ယွမ်ဖုန်းက တစ်ပါးကျွန်းသား မိစ္ဆာကို သတ်ဖြတ်ခဲ့သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးရာ ထိုကြီးမားလှသော စွမ်းအားကြောင့် သူမ၏ ရင်ထဲတွင် အထိန်းအကွပ်မဲ့စွာ တုန်လှုပ်ခဲ့ရဖူးသည်။

ဤတိရစ္ဆာန်နှစ်ကောင်က ချင်ယွမ်ဖုန်းထံသို့ သွားခြင်းမှာ သေတွင်းထဲသို့ ကိုယ်တိုင် တိုးဝင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

"သွားကြ... သေခြင်းတရားဆီ သွားကြစမ်း..." ဟု ရှောင်ဟန်ချိုးက တွေးတောရင်း သူမ၏ မျက်ဝန်းများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်တော့သည်။

ဝမ်လင်းသည် သူ၏ လက်ထဲရှိ တစ္ဆေခေါင်းပါ ဓားမကြီးကို ရက်စက်သော အပြုံးဖြင့် ဖြည်းညင်းစွာ မြှောက်လိုက်ချေသည်။

သို့သော် ထိုခဏ၌ပင် ၎င်းတို့၏ နောက်ဘက်မှ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ထိုအသံမှာ မကျွတ်မလွတ်သေးသော ဝိညာဉ်တစ်ခု၏ နာကျည်းစွာ ဟိန်းဟောက်သံနှင့် တူလှပေရာ ကြားရသူတိုင်း၏ စိတ်ကို လွင့်မျောသွားစေနိုင်လောက်ပေသည်။

၎င်းတို့နှစ်ဦးမှာ အံ့အားသင့်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ စူးရှတောက်ပသော အလင်းတန်းတစ်ခု ၎င်းတို့နောက်မှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ပင် ပြင်းထန်လှသော ကိုယ်တွင်းစွမ်းအင် လှိုင်းလုံးကြီးမှာ တဟုန်ထိုး ကျဆင်းလာရာ ၎င်းတို့နှစ်ဦးမှာ သောင်းကျန်းနေသော လှိုင်းလုံးကြီးများအကြား ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ခဏအကြာတွင်မူ ထိုစူးရှတောက်ပသော အလင်းတန်းကို ၎င်းတို့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အပြာရောင်နှင့် ရွှေရောင်တို့ ရောယှက်နေသည့် အလင်းတန်းဖြစ်ပြီး ထိုအလင်းတန်း၏ အလယ်တွင် ရှောင်ထျန်းတုတ်ရှည်ကြီး တစ်ခု ပါဝင်နေချေသည်။

ဝမ်လင်းနှင့် လျိုဖုတို့နှစ်ဦးစလုံးသည် ထိုရှောင်ထျန်းတုတ်ရှည်ကြီးထံမှ အဆုံးစမဲ့သော အန္တရာယ်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားကာ အလျင်အမြန်ပင် ပြန်လည် ခုခံရန် ပြင်ဆင်လိုက်ကြတော့သည်။

လျိုဖု၏ လက်တွင် ဝတ်ဆင်ထားသော သံမဏိလက်အိတ်မှာ ထိုခဏ၌ပင် ရုတ်တရက် ကြီးမားလာပြီး ၎င်းတို့ရှေ့တွင် သံမဏိဒိုင်းလွှားတစ်ခုအဖြစ် တည်ရှိနေတော့သည်။

ဤသံမဏိလက်အိတ် တစ်စုံမှာ တိုက်စစ်ကော ခံစစ်အတွက်ပါ အသုံးပြုနိုင်ပေရာ အလွန်ပင် တန်ဖိုးရှိသော ရတနာလက်နက်တစ်ခု ဖြစ်ပုံရသည်။

သံမဏိဒိုင်းလွှားပေါ်တွင် အမာရွတ်များစွာ ထင်ကျန်နေသော်လည်း ဖျက်ဆီး၍ မရနိုင်သော အရှိန်အဝါမျိုး ပေးစွမ်းနေချေသည်။

သို့သော် ရှောင်ထျန်းတုတ်ရှည်ကြီးမှာ တိုက်ရိုက် ထိုးနှက်လာရာ သံမဏိဒိုင်းလွှားနှင့် မထိတွေ့မီမှာပင် မီးလျှံများမှာ ဒိုင်းလွှားပေါ်သို့ တိုက်ရိုက် ကပ်ညှိသွားတော့သည်။

ထို့ပြင် ရွှေရောင်မိုးကြိုးလျှပ်စီးများမှာလည်း ဒိုင်းလွှားပေါ်သို့ ချက်ချင်းပင် ပျံ့နှံ့သွားကာ နောက်သို့ ပြန်လည် ရိုက်ခတ်သွားတော့သည်။

ဒိုင်းလွှားကို ကိုင်ဆောင်ထားသော လျိုဖုသည် တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရပြီးနောက် အရိုးထဲအထိ စိမ့်ဝင်သွားသော နာကျင်မှုကို ခံစားလိုက်ရသည်။

သူ၏ တစ်ကိုယ်လုံးမှာ ရွှေရောင်မိုးကြိုးလျှပ်စီးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ ရွှေရောင်အလင်းများ တောက်ပလာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာလည်း ဆက်တိုက် တုန်ယင်နေတော့သည်။

မီးလျှံများက ဒိုင်းလွှားကို နီရဲလာအောင် လောင်ကျွမ်းစေပြီး ရှောင်ထျန်းတုတ်ရှည်ကြီးက ဒိုင်းလွှားအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားရာ ဒိုင်းလွှားမှာ စက္ကူကဲ့သို့ပင် အလွယ်တကူ ပြတ်တောက်သွားတော့သည်။

လျိုဖု၏ ပုံစံကို မြင်တွေ့လိုက်ရသောအခါ ဝမ်လင်းသည် အလွန်ပင် ထိတ်လန့်သွားတော့သည်။ သူသည် သူ၏ တစ္ဆေခေါင်းပါ ဓားမကြီးကို ရှောင်ထျန်းတုတ်ရှည်ကြီးထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

တစ္ဆေခေါင်းမှ ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံမှာ သူ၏ နှလုံးခုန်သံကဲ့သို့ပင် အလွန်တရာ အရေးတကြီး ဖြစ်နေတော့သည်။

ဒိုင်းလွှားမှာ ပြင်းထန်လှသော ကိုယ်တွင်းစွမ်းအင်များကြောင့် ရုတ်တရက် ပျက်စီးသွားပြီး ချင်ယွမ်ဖုန်းသည် ၎င်းတို့ရှေ့တွင် မည်သည့် ခံစားချက်မျှ မရှိသော အမူအရာဖြင့် ပေါ်လာတော့သည်။

ရွှေရောင်မိုးကြိုးလျှပ်စီး၏ ထိမှန်မှုကို ခံလိုက်ရသော လျိုဖုမှာမူ ယခုအခါ မြေပြင်ပေါ်တွင် တိုက်ရိုက် လဲကျနေပြီဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှာ ကျွမ်းလောင်နေသော အလောင်းကောင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း မီးကျွမ်းနံ့များဖြင့် ပြည့်နှက်နေတော့သည်။

ဝမ်လင်း၏ တစ္ဆေခေါင်းပါ ဓားမကြီးမှာ ရှောင်ထျန်းတုတ်ရှည်ကြီးနှင့် ပြင်းထန်စွာ ထိတွေ့မိသွားပြီး ကြီးမားလှသော ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်လာကာ မိုးကြိုးမီးလျှံ စွမ်းအားနှင့် ဆက်တိုက် ထိပ်တိုက် တွေ့နေတော့သည်။

"ဒုန်း"

ပြင်းထန်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်း၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားတော့သည်။

မိုးကြိုးမီးလျှံ စွမ်းအားမှာ သူ၏ စွမ်းအားထက် အဆပေါင်းများစွာ သာလွန်နေပေရာ သူ ဤမျှလောက်အထိ တောင့်ခံနိုင်ခြင်းမှာ ချင်ယွမ်ဖုန်းက သူ၏ အစွမ်းကုန်ကို အသုံးမပြုခဲ့သောကြောင့်သာ ဖြစ်သည်။

ဝမ်လင်းသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး ရင်ဘတ်ထဲတွင် စူးအောင့်သော ဝေဒနာကို ခံစားလိုက်ရကာ သူ၏ ကိုယ်တွင်းစွမ်းအင် လည်ပတ်မှုမှာလည်း ထုံထိုင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူသည် ရပ်တန့်မနေခဲ့ပေ။ လွင့်စင်သွားသော အရှိန်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းလိုက်ပြီး အဝေးသို့ ထွက်ပြေးရန်အတွက် ချက်ချင်းပင် လှည့်လိုက်တော့သည်။

"သွားစမ်း"

ချင်ယွမ်ဖုန်းသည် တိုးညင်းစွာ အော်ဟစ်လိုက်ရာ အေးစက်စက် အလင်းတန်း သုံးခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဝေဟင်တွင် လျှပ်စီးတန်း သုံးခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားပြီး ထွက်ပြေးနေသော ဝမ်လင်းကို ချက်ချင်းပင် မှီသွားတော့သည်။

ဦးခေါင်းတစ်ခုမှာ ကောင်းကင်ပေါ်သို့ လွင့်တက်သွားပြီး ပြတ်တောက်သွားသော လည်ပင်းမှ သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ပင် ပန်းထွက်လာတော့သည်။

ဝမ်လင်း၏ ခေါင်းမပါသော ခန္ဓာကိုယ်မှာ ရှေ့သို့ နှစ်လှမ်းခန့် ဆက်လှမ်းပြီးနောက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

ပဉ္စမအဆင့် မဟာဆရာနယ်ပယ်ရှိ သိုင်းပညာရှင် နှစ်ဦးကို ချက်ချင်းပင် သတ်ဖြတ်လိုက်ရသော်လည်း ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် မည်သည့် ဂယက်မျှ မထွက်ပေါ်ခဲ့ချေ။

ထိုအစား သူသည် မြေပြင်ပေါ်မှ ရှောင်ဟန်ချိုးကို အလျင်အမြန်ပင် ထူမလိုက်တော့သည်။

ရှောင်ဟန်ချိုး၏ လက်ရှိပုံစံမှာ အလွန်ပင် ကြေကွဲစရာ ကောင်းလှချေသည်။

သူမ၏ ရင်ဘတ် အစိတ်အပိုင်း အတော်များများမှာ ချိုင့်ဝင်နေပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးပေါင်းများစွာမှာလည်း ကျိုးကြေနေသည်။

အကယ်၍ သူသာ အချိန်မီ ရောက်မလာခဲ့ပါက ရှောင်ဟန်ချိုးမှာ ဤနေရာတွင်ပင် အသက်ဆုံးရှုံးသွားရနိုင်ချေရှိသည်။

ယခင်က ချင်ယွမ်ဖုန်းသည် အရှေ့ဘက်ကမ်းခြေသို့ ပြေးလာစဉ်အတွင်း သူ လမ်းကြောင်းမှားနေသလားဟု စိုးရိမ်ပူပန်နေခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ ခန့်မှန်းချက် မှန်ကန်ခဲ့ပြီး ရှောင်ဟန်ချိုးကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ချင်ယွမ်ဖုန်း... ကျေးဇူးတင်ပါတယ်..." ဟု ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းလျက် ခက်ခဲစွာ ပြောလိုက်သည်။

"တော်ပါတော့... ဘာမှ မပြောနဲ့တော့။ ငါတို့က သူငယ်ချင်းတွေ မဟုတ်လား။ ဒီလောက် ကြီးမားတဲ့ ကိစ္စမျိုးကိုတောင် ငါ့ကို မပြောဘူးဆိုတော့ မင်းက ငါ့ကို သူငယ်ချင်းလို့ရော သတ်မှတ်ရဲ့လား" ဟု ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုးကို စိတ်မရှည်သော အမူအရာဖြင့် ကြည့်ရင်း ဆိုလိုက်တော့သည်။

အခန်း (၃၉၈)ကိတ်မုန့်

ရှောင်ဟန်ချိုးသည် ကြေကွဲဖွယ်ရာ အပြုံးတစ်ခုကို ပြုံးလိုက်ပြီး “ငါနင့်ကို ဒီကိစ္စတွေထဲ မပတ်သက်စေချင်ခဲ့ပေမဲ့ နောက်ဆုံးတော့လည်း ဆွဲသွင်းမိသလို ဖြစ်သွားရပြီ” ဟု ဆိုလေသည်။

“ကဲပါ... ဘာမှ ထပ်မပြောပါနဲ့တော့၊ ဒဏ်ရာတွေ ကုသပေးဖို့ ငါမင်းကို ပြန်ခေါ်သွားပါ့မယ်၊ တကယ်တော့ မင်းကိုအံ့အားသင့်စရာတစ်ခု ပေးမလို့ ကြံရွယ်ထားတာပါ” ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့် လေသံဖြင့် ပြောလိုက်၏။

သူသည် ဝမ်လင်းနှင့် လျိုဖုတို့၏ အလောင်းများကို ပင်လယ်ကမ်းစပ်သို့ ဆွဲယူသွားပြီးနောက် သူတို့၏ သိုလှောင်အိတ်များကို ချွတ်ယူကာ အတွင်းရှိ ရတနာပစ္စည်းအားလုံးကို အကုန်အစင် သိမ်းပိုက်လိုက်လေသည်။

ထိုသူနှစ်ဦးမှာ ပင်လယ်ပြင်၏ နာမည်ကျော် ဓားပြကြီးများ ပီပီ သူတို့၏ သိုလှောင်လက်စွပ်များအတွင်း၌ ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့် အမျိုးမျိုးသော ရတနာလက်နက်များစွာ ရှိနေသည်ကို တွေ့ရ၏။

“အင်း... ဒီလိုဆိုရင်တော့ ဘဇူကာကို နောက်တစ်ကြိမ် ထပ်သုံးလို့ရပြီပေါ့” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုလူနှစ်ယောက်၏ သိုလှောင်အိတ်များထဲမှ ဝိညာဉ်ကျောက်တုံးများကို စုလိုက်ပါက တစ်သိန်းကျော်ပင် ရှိနေပေ၏။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းဖြင့် တိုက်ခိုက်မည့် တိုက်ချက်တစ်ခုသည် ကိုးဆင့်မြောက် ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

ဤသည်မှာ ချင်ယွမ်ဖုန်း၏ အင်အားအကြီးဆုံး လျှို့ဝှက်လက်နက်ပင် ဖြစ်တော့သည်။

“ခုမှ ပြောလည်း မနောက်ကျပါဘူး” ဟု ရှောင်ဟန်ချိုးက တိုးညင်းစွာ ပြောလိုက်၏။

“ဒီနေ့က ငါ မွေးနေ့လေ” ချင်ယွမ်ဖုန်းက ပြုံးလျက် ရှောင်ဟန်ချိုးကို ပွေ့ချီကာ တည်းခိုခန်းရှိရာသို့ အမြန် ပြန်လာခဲ့လေသည်။

ညဉ့်နက်ပိုင်းတွင် ပင်လယ်ကျွန်းမှာ အတော်ပင် တိတ်ဆိတ်နေ၏။ ညဘက်တွင် ပင်လယ်လေ ပြင်းထန်သဖြင့် အပြင်ထွက်လိုသူ အလွန်နည်းပါးလှသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ရှောင်ဟန်ချိုးကို ပွေ့ချီကာ တည်းခိုခန်းသို့ ပြန်လာရာတွင် လမ်း၌ လူအနည်းငယ်နှင့်သာ ဆုံတွေ့ခဲ့ရသည်။

ဝမ်လင်းနှင့် လျိုဖုတို့၏ အလောင်းများမှာမူ မကြာမီမှာပင် ဒီရေတက်လာမှုကြောင့် မျောပါသွားခဲ့ပြီး မည်သည့် အစအနမျှ မကျန်တော့ပေ။

မည်သည့် သားရဲ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်ကိုလည်း မည်သူမျှ မသိနိုင်တော့ပေ။

ချင်ယွမ်ဖုန်းသည် ရှောင်ဟန်ချိုးကို တည်းခိုခန်းရှိ မိမိအခန်းထဲသို့ ခေါ်ဆောင်လာပြီးနောက် ရှောင်ဟန်ချိုး၏ အရိုးများကို ပြန်ဆက်ပေးခြင်း၊ ဆေးလုံးများ ဖော်စပ်ပေးခြင်းတို့ကို မနားမနေ ပြုလုပ်ပေးရာ ချွေးများပင် ရွှဲရွှဲစိုနေတော့သည်။

ရှောင်ဟန်ချိုးမှာမူ စားပွဲပေါ်ရှိ အဖြူရောင် အရာဝတ္ထုကို ကြည့်ကာ နားမလည်နိုင်သလို ဖြစ်နေ၏။

“အဲဒါက ဘာလဲ” ဟု ရှောင်ဟန်ချိုးက မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုး ဘာကို ဆိုလိုသည်ကို သိသဖြင့် ပြုံးကာ “ဒါက ငါ ကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မုန့်လေ၊ အစကတော့ မင်းကို ကျွေးမလို့ပါ” ဟု ပြန်ပြောလိုက်၏။

ရှောင်ဟန်ချိုးသည် စိတ်မကောင်း ဖြစ်သွားရသည်။ ချင်ယွမ်ဖုန်းသည် ဟင်းပွဲများစွာကို ပြင်ဆင်ထားပြီး ကောင်းမွန်သော မွေးနေ့တစ်ခုကို ဖြတ်သန်းရန် ကြံရွယ်ထားသော်လည်း သူမကြောင့် မွေးနေ့ပွဲ ပျက်စီးသွားရသည် မဟုတ်လော။

“ချင်ယွမ်ဖုန်း... ငါ တောင်းပန်ပါတယ်၊ တမင်လုပ်တာ မဟုတ်ပါဘူး...”

“ကဲပါ... မင်းကို အပြစ်မတင်ပါဘူး၊ တကယ်တော့ အဲဒီလူနှစ်ယောက်က မင်းရန်သူတွေဆိုတာသာ သိရင်ငါ မိနစ်ပိုင်းအတွင်း အပြတ်ရှင်းပေးလိုက်မှာပေါ့” ဟု ချင်ယွမ်ဖုန်းက အေးအေးဆေးဆေးပင် ဆိုလေသည်။

“ငါက... နင်ဒီအာဃာတတွေထဲ ပါလာမှာကို မလိုလားလို့ပါ” ဟု ရှောင်ဟန်ချိုးက တိုးညင်းစွာ ပြောရှာသည်။

ချင်ယွမ်ဖုန်းက မတတ်သာသလို ခေါင်းခါလိုက်ပြီး “ဒါပေမဲ့ မင်းက အလကားသက်သက် အသက်အသေခံလို့ မဖြစ်ဘူးလေ” ဟု ဆို၏။

ချင်ယွမ်ဖုန်းသည် ညဉ့်နက်သည်အထိ အားစိုက်လုပ်ဆောင်ခဲ့ပြီးနောက် ရှောင်ဟန်ချိုး၏ အရိုးအားလုံးကို ပြန်လည် ဆက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ဖော်စပ်ထားသော ဆေးလုံးများ၏ အာနိသင်ကြောင့် ရှောင်ဟန်ချိုး၏ ဒဏ်ရာများမှာလည်း သိသိသာသာ သက်သာလာခဲ့ပြီ ဖြစ်သည်။

“နှမြောစရာပဲ... ဟင်းတွေ အကုန် အေးကုန်ပြီ” ဟု ချင်ယွမ်ဖုန်းက စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ နှမြောတသစွာ ပြောလိုက်သည်။

ဤအချိန်တွင် တည်းခိုခန်းရှိ လူအားလုံးမှာ အိပ်မောကျနေပြီ ဖြစ်ရာ သူတို့အတွက် ဟင်းများ ပြန်နွေးပေးမည့်သူ မရှိတော့ပေ။

သို့သော် ရှောင်ဟန်ချိုးသည် စားပွဲအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး အလယ်ရှိ ကိတ်မုန့်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ “ကိတ်မုန့်ဆိုတာ ဘာလဲ” ဟု မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းက ပြုံးလျက် “မြည်းကြည့်ရင် သိမှာပေါ့” ဟု ဆိုကာ ကိတ်မုန့်ကို တစ်စိတ်လှီး၍ ရှောင်ဟန်ချိုးအား ပေးလိုက်လေသည်။

နို့ကရင်မ်ကို တစ်လုတ် မြည်းစမ်းကြည့်ပြီးနောက် ရှောင်ဟန်ချိုး၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။

သူမသည် ဤမျှ နူးညံ့ပြီး ချိုမြိန်သော အရာမျိုးကို တစ်ခါမျှ မစားဖူးခဲ့ပေရာ မျက်လုံးလေးများကို မှိတ်ကာ အရသာခံနေမိတော့သည်။

“ဒါကို ဘာနဲ့ လုပ်ထားတာလဲ” ရှောင်ဟန်ချိုးက သိချင်စိတ်ဖြင့် မေး၏။

“ကြက်ဥနဲ့ နို့ပေါ့” ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ပြန်ဖြေလိုက်ပြီး “သင်ချင်လား... ငါသင်ပေးမယ်လေ” ဟု ဆိုလိုက်သည်။

သူတို့နှစ်ဦးသည် စားပွဲတွင် ထိုင်ကာ ရှောင်ဟန်ချိုးက ချင်ယွမ်ဖုန်းအား မွေးနေ့ဆုတောင်းများ အကြိမ်ကြိမ် ဆိုနေမိသည်။

ဤနေ့သည် သူ၏ မွေးနေ့သာမကဘဲ အရာအားလုံး အသစ်ပြန်စသည့်နေ့ ဖြစ်သည်ကို ချင်ယွမ်ဖုန်း တစ်ဦးတည်းသာ သိပေသည်။

ရိုးရှင်းသော မွေးနေ့ပွဲလေး ပြီးဆုံးသွားသည့်နောက် ချင်ယွမ်ဖုန်းသည် ပြင်ဆင်ထားသော အဝတ်အစားများကို ထုတ်ယူကာ ရှောင်ဟန်ချိုးအား ကမ်းပေးလိုက်၏။

“အခုဆိုမင်းအဝတ်အစားတွေက စုတ်ပြတ်နေပြီဆိုတော့ အသစ်လဲဖို့ အချိန်တန်ပြီပေါ့ မဟုတ်ဘူးလား” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။

ရှောင်ဟန်ချိုးက ခေါင်းငြိမ့်ကာ ချင်ယွမ်ဖုန်း ဝယ်လာပေးသော အဝတ်အစားများကို ယူလိုက်၏။ ၎င်းမှာ လှပသော အပြာနုရောင် ဝတ်စုံလေး ဖြစ်ပြီး ရှောင်ဟန်ချိုးနှင့် အလွန် လိုက်ဖက်လှပေသည်။

“အင်း...” ရှောင်ဟန်ချိုး ခေတ္တမျှ စဉ်းစားလိုက်ပြီး “ရှင် ဟိုဘက်လှည့်နေဦး၊ ငါ ဒီမှာပဲ လဲလိုက်မယ်၊ ငါ နည်းနည်းတော့ ကြောက်သလိုပဲ...”

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ ရင်ခုန်လှုပ်ရှားမှုများ ဖြစ်ပေါ်နေတော့သည်။

ရှောင်ဟန်ချိုးသည် ကုတင်ပေါ်သို့ တက်ကာ ခြင်ထောင်ကို ချလိုက်ပြီးနောက် သူမ၏ အဝတ်ဟောင်းများကို လဲလှယ်ကာ ချင်ယွမ်ဖုန်း ဝယ်ပေးသော ဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။

ထို့နောက် ချင်ယွမ်ဖုန်း၏ အဝတ်ဟောင်းများကို သေသေသပ်သပ် ခေါက်ကာ သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်၏။

သို့သော် ဝတ်စုံသစ်ကို မြင်သောအခါ ရှောင်ဟန်ချိုးသည် ရှက်စိတ်နှင့် ဒေါသစိတ် ရောပြွမ်းသွားရသည်။ ဝတ်စုံ၏ အောက်ပိုင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း အပေါ်ပိုင်းမှာမူ ရင်ဘတ်ဟိုက်လွန်းလှပေရာ သူမကိုယ်တိုင် ကြည့်မိသည့်တိုင် မျက်နှာလေး ရဲတက်သွားရသည်။

“လဲလို့ ပြီးပြီလား... ထွက်လာခဲ့ဦးလေ၊ ငါကို ပြပါဦး...” ဟု ချင်ယွမ်ဖုန်း၏ ရောနှောနေသော အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။

“သွားစမ်းပါ... နင်အဲဒီလောက်တောင် နှာဘူးကျရလား” ဟု ဆိုကာ ခြင်ထောင်ထဲမှ ဖိနပ်တစ်ဖက်သည် လွင့်ထွက်လာပြီး ချင်ယွမ်ဖုန်း၏ မျက်နှာတည့်တည့်သို့ ကျရောက်သွားလေသည်။

ချင်ယွမ်ဖုန်းမှာ မကျေမနပ် ဖြစ်သွားရပြီး “ဒါက မင်း အတွက် သေသေချာချာ ရွေးပေးထားတာလေ၊ ဝတ်လိုက်ရင် သိပ်လှမှာပါ...”

ရှောင်ဟန်ချိုး၏ မျက်နှာမှာ ပို၍ နီမြန်းသွားရသည်။ ဤဝတ်စုံနှင့် သူမ လူလုံးမပြရဲပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူမတွင် အခြားအဝတ်အစား မရှိသော်လည်း သားမွေးဝတ်ရုံ နှစ်ထည် ရှိနေသေးသည်။

ထိုဝတ်ရုံတစ်ထည်ကို အတွင်းက ခံဝတ်လိုက်ပါက ဝတ်စုံနှင့်ပင် လိုက်ဖက်သွားနိုင်ပေသည်။

ရှောင်ဟန်ချိုး ခြင်ထောင်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ဝိုင်းစက်သွားရသော်လည်း သူမက အတွင်းမှ သားမွေးဝတ်ရုံ ခံဝတ်ထားသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

နင်ကတော့ စိတ်ပျက်နေလိုက်ဦး၊ တကယ့် နှာဘူးပဲ” ဟု ရှောင်ဟန်ချိုးက စိတ်တိုတိုဖြင့် ပြောလိုက်၏။

ချင်ယွမ်ဖုန်းကမူ ရင်ဘတ်ကို မော့ကာ “မင်းက ဘာသိလို့လဲ၊ လူဆိုတာ ပွင့်လင်းမြင်သာမှု ရှိရတယ် ပညာရှိရဲ့ ကလဲ့စားက ဆယ်နှစ်ဆိုတာတောင် မနောက်ကျသေးဘူး” ဟု ဆိုလေသည်။

ရှောင်ဟန်ချိုးမှာ ချင်ယွမ်ဖုန်းနှင့် ငြင်းခုံခြင်း မပြုလိုတော့သဖြင့် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရသည်။

“ဒီညအတွက် နင့်ကို ကျေးဇူးတင်ရဦးမယ်၊ မဟုတ်ရင်ငါအဲဒီ တိရစ္ဆာန်နှစ်ကောင်လက်ထဲမှာ အသက်ပျောက်နေလောက်ပြီ” ဟု ရှောင်ဟန်ချိုးက ပြောလိုက်၏။

ချင်ယွမ်ဖုန်းက လက်ကာပြလိုက်ပြီး “ဒါက ကိစ္စမရှိပါဘူး၊ ဒါပေမဲ မင်းရန်သူတွေက အဲဒီ နှစ်ယောက်တည်း မဟုတ်ဘူး မဟုတ်လား”

ရှောင်ဟန်ချိုးက ခေါင်းငြိမ့်ကာ “ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်လေ၊ စုစုပေါင်း ဆယ့်သုံးယောက် ရှိတာ၊ အခု အဲဒီ နှစ်ယောက်က နံပါတ် ၁၂ နဲ့ ၁၃၊ နောက်ဆုံးလူတွေပဲ”

“မထူးဆန်းပါဘူး” ဟု ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်၏။ ရှောင်မိသားစုကို မျိုးဖြုတ်သတ်နိုင်သည့်သူများမှာ ဤမျှလောက်သော အစွမ်းနှင့်သာ ရှိလိမ့်မည်မဟုတ်ကြောင်း သူ တွေးမိပြီးသား ဖြစ်သည်။

“ကဲ... နောက်ဆိုငါပြောတာကို နားထောင်ပါ၊ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို သွားပြီးတော့ မင်းအတွက် အစွမ်းထက်တဲ့ ဆရာတစ်ယောက် ရှာပါ၊ပိုပြီး သန်မာလာမှ ကလဲ့စားပြန်ချေတာပေါ့” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ အကြံပေးလိုက်သည်။

သို့သော် ရှောင်ဟန်ချိုးသည် ဤတစ်ကြိမ်တွင် ခိုင်ခိုင်မာမာပင် ခေါင်းခါလိုက်ပြီး “ဟင့်အင်း... ချင်ယွမ်ဖုန်း၊ ငါနင့်ကို ဆွဲသွင်းမိပြီဆိုတာ သိပါတယ်၊ ဒီညပြီးရင် ငါတို့ လမ်းခွဲကြရအောင်” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရ၏။ ရှောင်ဟန်ချိုး၏ စကားကို ကြားလိုက်ရသည့်အခါ သူ၏ ရင်ထဲတွင် အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။

“မင်းတစ်ယောက်တည်း ကလဲ့စားသွားချေမလို့လား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ရှောင်ဟန်ချိုးက ခေါင်းငြိမ့်ပြကာ “ဟုတ်တယ်၊ ထိုက်ပေါင် ဆယ့်သုံးယောက်ကို မသတ်နိုင်သရွေ့ စိတ်အေးရမှာ မဟုတ်ဘူး၊ အေးအေးဆေးဆေး ကျင့်ကြံဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ငါမျက်လုံးမှိတ်လိုက်တိုင်းမှာ ငါရဲ့ ရှောင်မိသားစုဝင် တစ်ရာ့နှစ်ဆယ့်ရှစ်ယောက်က ငါ့ရှေ့မှာ အော်ဟစ်ငိုယိုနေကြတာကို မြင်နေရတယ်...”

All Chapters