အခန်း (၄၀၃-၄၀၄)
Vol. 21 Ch. 403-404
အခန်း (၄၀၃) - သတ်ဖြတ်ခြင်း
“တောက်... မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့တော့ အသေပဲမှတ်တော့”
ညီခြောက်ဖြစ်သူသည် ဒေါသအလွန်ကြီးသူပီပီ ချင်ယွမ်ဖုန်းကို တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းကမူ ရှောင်တိမ်းခြင်းမပြုဘဲ ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေခဲ့၏။
ညီခြောက်မှာ အရက်ရှိန်ကြောင့် ခြေလှမ်းများပင် မတည်မငြိမ်ဖြစ်နေပြီး သူ၏လက်သီးမှာလည်း အားအင်မရှိတော့ရာ ချင်ယွမ်ဖုန်းအတွက်မူ ယားရုံမျှပင် မရှိပေ။
ချင်ယွမ်ဖုန်းသည် လက်ကိုဆန့်ထုတ်ကာ သူ၏ လည်ပင်းကို တိုက်ရိုက်ဖမ်းဆွဲ၍ ရုတ်တရက် လိမ်ချိုးပစ်လိုက်သည်။
‘ကွဲ’ ခနဲ မြည်သံနှင့်အတူ ညီခြောက်၏ လည်ပင်းမှာ ကျိုးသွားပြီး ကြမ်းပြင်ပေါ်သို့ ပျော့ခွေလဲကျသွားလေတော့သည်။
ထိုအခါ အကိုငါး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး “သူရဲကောင်းကြီး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်ရထားတဲ့ ရတနာတွေ အကုန်ပေးပါ့မယ်၊ အသက်ကိုတော့ ချမ်းသာပေးပါဗျာ” ဟု တောင်းပန်ရှာသည်။
“ကောင်းပြီလေ”
ချင်ယွမ်ဖုန်းက ပြုံးလျက် ရှေ့သို့လှမ်းလာပြီးလျှင် အစ်ကိုငါး စကားတစ်ခွန်းမျှ ထပ်မပြောနိုင်မီပင် အမြန်ဆုံး ရှင်းလင်းပစ်လိုက်လေသည်။
သုတ်သင်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူတို့၏ သိုလှောင်အိတ်များကို ကောက်ယူကာ အခန်းပြင်သို့ ထွက်ခဲ့ပြီး တံခါးကို ပြန်ပိတ်ထားလိုက်၏။ အပြင်ပန်းကြည့်လျှင် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။
တစ်ဖက်တွင်လည်း ရှောင်ဟန်ချိုးမှာ အောင်မြင်မှုရနေခဲ့ပြီဖြစ်သည်။
ညီခုနှစ်သည် နောက်ဆုံးတွင် အရက်အိုးကို တွေ့ရှိသွားပြီး ပွေ့ပိုက်သောက်စားနေစဉ်မှာပင် ရှောင်ဟန်ချိုး၏ လက်ချက်ဖြင့် တစ်စစီဖြစ်ကာ အလွန်အရုပ်ဆိုးလှသော ပုံစံဖြင့် သေဆုံးသွားခဲ့ရပေသည်။
ယခုအခါတွင် ကျွန်းပေါ်ရှိ ထိုက်ပေါင် ဆယ့်သုံးယောက်အနက် လေးဦးသာ ကျန်ရှိတော့သည်။ ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုးတို့ ပြန်လည်ဆုံတွေ့ပြီးနောက် လေးယောက်မြောက်ကို ရှာဖွေရန် ထွက်ခွာခဲ့ကြသည်။
ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုးတို့သည် ထိုက်ပေါင် ဆယ့်သုံးယောက်အနက် ကိုးဦးကို တိတ်တဆိတ် သုတ်သင်နိုင်ခဲ့ခြင်းအား ထိုက်ပေါင်တို့အနက် မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထို့ကြောင့် လေးယောက်မြောက်မှာလည်း အနီးအနားသို့ ရောက်ရှိနေသည့် အန္တရာယ်ကို မသိရှိသေးဘဲ အပြင်သို့ပင် လျှောက်သွားနေလေသည်။
“မကောင်းတော့ဘူး... သူ ညီခုနှစ် နေတဲ့ဘက်ကို သွားနေသလိုပဲ”
ထိုစဉ် ရှောင်ဟန်ချိုးက ရုတ်တရက် ပြောလိုက်သဖြင့် ချင်ယွမ်ဖုန်းပင် လန့်သွားခဲ့ရသည်။
ညီခုနှစ်ကို ရှောင်ဟန်ချိုးက ရှင်းလင်းထားပြီးဖြစ်သော်လည်း သေဆုံးမှုမှာ အလွန်ရက်စက်လှသဖြင့် သွေးညှီနံ့မှာ အလွန်စူးရှနေပေရာ လေးယောက်မြောက်သည် ထိုနေရာသို့ရောက်လျှင် သွေးနံ့ကို ရသွားနိုင်လေသည်။
“ငါသူ့ကို မျှားခေါ်သွားလိုက်မယ်”
ရှောင်ဟန်ချိုးက ရုတ်တရက် ဆိုလာသည်။ ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုးကို အံ့သြသလို ကြည့်လိုက်သော်လည်း ယခုအချိန်တွင် ဤနည်းလမ်းမှာ အကောင်းဆုံးဖြစ်ကြောင်း နားလည်လိုက်သည်။
လေးယောက်မြောက်မှာ ထိုက်ပေါင်များထဲတွင် အင်အားကြီးမားသူတစ်ဦးဖြစ်ပြီး သူ၏ကျင့်စဉ်အဆင့်မှာ သတ္တမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ချင်ယွမ်ဖုန်းပင်လျှင် သူ့ကို ချက်ချင်း လက်စတုံးရန် မလွယ်ကူနိုင်ပေ။
သို့သော် ယခုအရေးကြီးဆုံးမှာ လေးယောက်မြောက်ကို မျှားခေါ်သွားရန်ပင် ဖြစ်သည်။
“ဟိုဘက်က တောအုပ်ထဲကို သူ့ကို မျှားခေါ်ခဲ့” ဟု ချင်ယွမ်ဖုန်းက ဘယ်ဘက်ရှိ တောအုပ်ကို ညွှန်ပြလျက် ပြောလိုက်သည်။
ရှောင်ဟန်ချိုးက ခေါင်းညိတ်ကာ ပြေးထွက်သွားပြီ မြင်သာမည့်နေရာတွင် တမင်တကာ ကိုယ်ကိုပြလိုက်ပြီးနောက် ချင်ယွမ်ဖုန်း ညွှန်ပြခဲ့သည့် တောအုပ်ငယ်ဆီသို့ ဦးတည်ပြေးလေတော့သည်။
လေးယောက်သည် ရှောင်ဟန်ချိုးကို မြင်လိုက်ရသောအခါ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိ၏။
“မိန်းမတစ်ယောက်လား... ဒုတိယအစ်မများလား” ဟု လေးယောက်မြောက်က ရေရွတ်လိုက်သော်လည်း ချက်ချင်းပင် သိမြင်သွားပြီး “မဟုတ်ဘူး... ဒါ ထွက်ပြေးသွားတဲ့ ရှောင်မိသားစုက ကောင်မလေးပဲ” ဟု ဆိုကာ နှုတ်ခမ်း၌ ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဟွန်း... ငါတို့ရဲ့ ကင်းစောင့်တွေက ဘယ်လောက်တောင် ပေါ့လျော့နေတာလဲ၊ ဒီကောင်မလေး ဒီအထိ ပြေးလာတာတောင် မသိကြဘူး၊ ဒါပေမဲ့ ငါ့လက်ထဲ ရောက်လာမှတော့ သူ သေချင်စော်နံသွားစေရမယ်”
ရှောင်ဟန်ချိုး ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် လေးယောက်မြောက်မှာ ချက်ချင်းပင် နောက်က လိုက်လေတော့သည်။
ရှောင်ဟန်ချိုးသည် တောအုပ်အစပ်သို့ ရောက်သောအခါ လေးယောက်မြောက်ကို လှည့်ကြည့်ပြီးလျှင် တောထဲသို့ တိုးဝင်သွားခဲ့သည်။
လေးယောက်မြောက်ကလည်း တောအုပ်ထဲသို့ လိုက်ဝင်သွားသော်လည်း ထိုအခါတွင် ရှောင်ဟန်ချိုးကို မမြင်ရတော့သဖြင့် အနည်းငယ် သတိထားမိသွားသည်။
“ထွက်လာခဲ့စမ်း... နင်ကလဲ့စားချေချင်လို့ ရောက်လာတာ မဟုတ်ဘူးလား၊ နင့်အမေကို ငါကိုယ်တိုင် သတ်ခဲ့တာကွ”
လေးယောက်မြောက်သည် အော်ဟစ်ကာ ဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာခဲ့သည်။
အဝေးတစ်နေရာတွင် ပုန်းကွယ်နေသော ရှောင်ဟန်ချိုးမှာ ထိုစကားကို ကြားသည်နှင့် မျက်လုံးများ ချက်ချင်း နီမြန်းလာကာ လေးယောက်မြောက်ကို ပြေးထွက်တိုက်ခိုက်ရန် ပြင်သော်လည်း ချင်ယွမ်ဖုန်းက ဆွဲထားလိုက်သည်။
“ခဏလောက် ထပ်စောင့်ဦး” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်းကို ကြည့်ကာ သွားကိုကြိတ်လျက် ခေါင်းညိတ်လိုက်ရ၏။
လေးယောက်မြောက်မှာ ပို၍ပင် ဇဝေဇဝါဖြစ်လာပြီး ရှောင်ဟန်ချိုးကို စကားလုံးများဖြင့် ဆက်တိုက် ရန်စနေခဲ့သည်။ ထိုစဉ်မှာပင် သူ၏ခြေဖဝါးအောက်ရှိ သစ်ရွက်ခြောက်များမှာ ရုတ်တရက် လှုပ်ရှားလာလေတော့သည်။
ဝိညာဉ်အဆောင်လက်ဖွဲ့ အမြောက်အမြားသည် မြေပြင်မှ ပျံတက်လာပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက် အဆောင်လက်ဖွဲ့ နံရံတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေးယောက်မြောက်ကို တိုက်ရိုက် ဝန်းရံပိတ်ဆို့လိုက်သည်။
လေးယောက်မြောက်မှာ လန့်သွားသော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏လက်သီးများကို ထိုးထုတ်လိုက်ရာ ကြီးမားသော ကိုယ်တွင်းစွမ်းအင်များက အဆောင်လက်ဖွဲ့နံရံကို ရိုက်ခတ်သွားပြီး အဆောင်များကို လွင့်စင်သွားလုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ချင်ယွမ်ဖုန်း ဖန်တီးထားသော အဆောင်လက်ဖွဲ့များမှာ အလွန်ခံနိုင်ရည်ရှိပြီး တစ်ခုနှင့်တစ်ခု ခိုင်မြဲစွာ ဆက်စပ်နေသဖြင့် စတုတ္ထမြောက်အစ်ကိုကို ထောင်ချောက်အတွင်း၌ ဆက်လက် ပိတ်လှောင်ထားနိုင်ခဲ့သည်။
ဤ ‘အဆောင်လက်ဖွဲ့ လှောင်အိမ်’ မှာ ချင်ယွမ်ဖုန်း တစ္ဆေလက်သည်းမြေတွင် ရှိစဉ်က မကြာခဏ အသုံးပြုခဲ့သော နည်းဗျူဟာတစ်ခုဖြစ်သော်လည်း ထိုနေရာမှ ထွက်လာပြီးနောက်ပိုင်းတွင် အသုံးပြုရန် လိုအပ်ခဲလှပေသည်။
“ဒါက သူ့ကို တားထားနိုင်ပါ့မလား” ဟု ရှောင်ဟန်ချိုးက စိုးရိမ်တကြီး မေးမြန်းရှာသည်။
အကယ်၍ ဆူညံသံတစ်စုံတစ်ရာ ထွက်ပေါ်သွားပါက ကျန်ရှိနေသော လူသုံးဦးကို သတိပေးသလို ဖြစ်သွားနိုင်ပြီး ထိုသုံးဦးသာ ပူးပေါင်းလိုက်လျှင် ချင်ယွမ်ဖုန်းပင်လျှင် ထွက်ပြေးရရုံမှတစ်ပါး အခြားမရှိပေ။
“သူ့ကို တားထားနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့မှာ နည်းလမ်းရှိတယ်”
ချင်ယွမ်ဖုန်းသည် ကျားသစ်တစ်ကောင်ကဲ့သို့ ဝုန်းခနဲ ပြေးထွက်သွားပြီး သူ၏လက်များထဲတွင် ကြာမြင့်စွာကတည်းက စုဆောင်းထားသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
ချင်ယွမ်ဖုန်း၏ ထိန်းချုပ်မှုအောက်တွင် ပြင်းရှသော မီးလျှံများနှင့် ရွှေရောင်မိုးကြိုးများမှာ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ဗုံးသီးတစ်လုံး တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။
မိုးကြိုးမီးလျှံ ဗုံးသီး။
ဤသည်မှာ မီးနှင့် မိုးကြိုး၏ စွမ်းအားကို အပြည့်အဝ ဖော်ပြနိုင်သော ချင်ယွမ်ဖုန်း ကိုယ်တိုင် ဖန်တီးထားသည့် ပြင်းထန်သော နောက်ဆုံးပိတ် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။
ထိုစွမ်းအားနှစ်ရပ် ပေါင်းစပ်သွားသောအခါ ၎င်းတို့၏ စွမ်းအားမာ ပို၍ပင် ပေါက်ကွဲအား ကောင်းလာလေသည်။ ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်း၏ လုပ်ဆောင်ချက်ကို မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် အံ့သြစွာ ကြည့်နေမိ၏။
“ဖွင့်စမ်း”
ချင်ယွမ်ဖုန်းက ခပ်တိုးတိုး အော်လိုက်သောအခါ အဆောင်လက်ဖွဲ့ လှောင်အိမ်တွင် အပေါက်ငယ်တစ်ခု ပေါ်လာပြီး အတွင်းရှိ လေးယောက်မြောက်ကို မြင်လိုက်ရသည်။
လေးယောက်မြောက်သည်လည်း ချင်ယွမ်ဖုန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့သည်။
သို့သော် လေးယောက်မြောက် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ချင်ယွမ်ဖုန်းသည် အပြည့်အဝ ပေါင်းစပ်ထားသော မိုးကြိုးမီးလျှံ ဗုံးသီးကို အဆောင်လက်ဖွဲ့ လှောင်အိမ်အတွင်းသို့ တိုက်ရိုက်ပစ်သွင်းလိုက်ပြီးလျှင် လှောင်အိမ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။
“တိတ်ဆိတ်စေ”
ချင်ယွမ်ဖုန်းသည် အဝေးသို့ ခုန်ဆုတ်လိုက်ပြီး လက်ချောင်းကို တောက်ခေါက်လိုက်သည်။ ရုတ်တရက် အဆောင်လက်ဖွဲ့ လှောင်အိမ်မှာ ပူဖောင်းတစ်ခု ချက်ချင်း ဖောင်းကားလာသကဲ့သို့ ပွတက်လာခဲ့သည်။
မူလအရွယ်အစားထက် ဆယ်ဆမျှ ကြီးမားလာပြီးနောက် အဆောင်လက်ဖွဲ့ လှောင်အိမ်မှာ ဖိအားကို မခံနိုင်တော့ဘဲ ‘ဘုန်း’ ခနဲ မြည်ကာ ပေါက်ကွဲသွားလေတော့သည်။
သို့သော် အတွင်းရှိ မိုးကြိုးမီးလျှံ ဗုံးသီးမှာ ပေါက်ကွဲပြီးဖြစ်ရာ အဆောင်လက်ဖွဲ့ လှောင်အိမ် ပျက်စီးသွားသောအခါတွင် ပူဖောင်းတစ်လုံး ပေါက်ထွက်သွားသကဲ့သို့ ‘ဖောက်’ ဆိုသော အသံမျှသာ ထွက်ပေါ်လာခဲ့သည်။
လှိုင်းလုံးတစ်ခုမှာ ရေလွှမ်းသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကိုပင် ကိုင်းညွတ်သွားစေခဲ့သည်။
လေးယောက်မြောက်၏ မည်းတူးနေသော အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ဝိညာဉ် လုံးဝ ကင်းမဲ့သွားခဲ့ပြီဖြစ်သည်။
ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုးတို့ နှစ်ဦးစလုံးမှာ စောစောက စွမ်းအင်လှုပ်ခတ်မှုကို တစ်စုံတစ်ဦးက သတိထားမိသွားမည်ကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေမိကြသည်။
သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့မှသာ သူတို့နှစ်ဦး စိတ်သက်သာရာ ရသွားကြတော့သည်။
“နီးနီးလေးပဲ”
ချင်ယွမ်ဖုန်းသည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ယခုအချိန်တွင် သူ၏ကိုယ်ထဲ၌ ကိုယ်တွင်းစွမ်းအင် အစအနမျှ မကျန်တော့ပေ။
မိုးကြိုးမီးလျှံ ဗုံးသီးတစ်လုံးတည်းနှင့်ပင် သူ၏အားအင်အားလုံး ကုန်ခမ်းသွားစေရန် လုံလောက်လှပေသည်။
ရှောင်ဟန်ချိုးသည် လေးယောက်မြောက်၏ မည်းတူးနေသော အလောင်းနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ကြည့်လိုက်ပြီးနောက် ဓားဖြင့် နှစ်ချက်၊ သုံးချက်မျှ ထပ်မံ ထိုးနှက်လိုက်သည်။
သူမ၏ မိခင်မှာ လေးယောက်မြောက်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ရာ ဤသို့ပြုလုပ်လိုက်မှသာ ရှောင်ဟန်ချိုး၏ စိတ်ထဲတွင် အနည်းငယ် နေသာထိုင်သာ ရှိသွားပုံရပေသည်။
အခန်း (၄၀၄) ဒုတိယမြောက် တစ်ယောက်
“ကောင်းပြီ၊ ဒဏ်ရာတွေ သက်သာအောင် နားနားနေနေ နေလို့ရမယ့် နေရာတစ်ခု အရင်ရှာကြစို့” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ပြောလိုက်သည်။
ထိုသူနှစ်ဦးမှာ ခေါင်းညိတ်လက်ခံကြပြီးနောက် တောအုပ်အတွင်းမှ ထွက်ခွာခဲ့ကြကာ လူသူမရှိသော နေရာတစ်ခုတွင် ပုန်းအောင်းနေလိုက်ကြသည်။
အမှန်စင်စစ် ဝိညာဉ်ပိတ်လှောင် အဆောင်လက်ဖွဲ့ ပေါက်ကွဲသွားသည့် အချိန်၌ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်ကို ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်အနက် ဒုတိယမြောက်ဖြစ်သူ အမျိုးသမီးက သိရှိလိုက်သော်လည်း အခြားသူများ ဒေါသဖြေဖျောက်ရန် တစ်ခုခုကို ဖျက်ဆီးနေကြသည်ဟုသာ မှတ်ယူကာ ဂရုမစိုက်ဘဲ နေခဲ့ခြင်းဖြစ်သည်။
ယခုအချိန်၌ ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်အနက် သုံးယောက်သာ ကျန်ရှိတော့သည်။ သူတို့အနက် နှစ်ဦးမှာ ဘိုးဘေးနယ်ပယ် ပထမအဆင့်တွင် ရှိကြပြီး ခေါင်းဆောင်ဖြစ်သူ၏ အဆင့်မှာမူ တတိယအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်ရှိနေသော ထိုသုံးဦးနှင့် ရင်ဆိုင်ရာတွင် ချင်ယွမ်ဖုန်းအနေဖြင့် အထူးပင် သတိထားရမည် ဖြစ်သည်။
အကယ်၍ အမှားအယွင်း တစ်ခုခုသာ ရှိခဲ့ပါက သူတို့နှစ်ဦးလုံး ဤနေရာ၌ပင် အသက်ပျောက်သွားနိုင်ပေသည်။
မှောင်ရီပျိုးစ အချိန်အထိ မည်သည့် ထူးခြားမှုမျှ ဖြစ်မလာခဲ့ပေ။
အမှန်တကယ်တွင် ကင်းစောင့်ရမည့် သူအချို့မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသော သုံးဦးမှာလည်း သူတို့၏ အခန်းများထဲမှ အပြင်သို့ ထွက်မလာကြသေးသောကြောင့်ပင်။
“ကောင်းပြီ၊ ငါ အားအင်တွေ ပြန်ပြည့်သွားပြီ” ဟု ချင်ယွမ်ဖုန်းက မတ်တပ်ရပ်ရင်း ခပ်အေးအေးပင် ပြောလိုက်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များမှာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
“အင်း၊ သုံးယောက်ပဲ ကျန်တော့တယ်” ဟု ရှောင်ဟန်ချိုးက အေးစက်စက် လေသံဖြင့် ဆိုသည်။
“သွားကြစို့၊ နောက်ဆုံး သုံးယောက်ပဲ” ဟု ချင်ယွမ်ဖုန်းက ပြောလိုက်၏။
ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်၏ ခေါင်းဆောင်၊ ဒုတိယနှင့် တတိယမြောက် ပုဂ္ဂိုလ်များမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။
ထိုက်ပေါင် ဆယ့်သုံးယောက်အဖွဲ့ကို မဖွဲ့စည်းမီကပင် ထိုသုံးဦးမှာ နာမည်ကြီး ပင်လယ်ဓားပြများ ဖြစ်ကြပြီး အဖွဲ့ဖွဲ့ပြီးနောက်တွင်မူ သူတို့၏ ဆိုးသွမ်းမှုသတင်းမှာ ပိုမိုပျံ့နှံ့သွားခဲ့သည်။
သို့သော်လည်း ထိုသုံးဦးမှာ ဦးနှောက်မရှိသူများ မဟုတ်ကြပေ။ သူတို့သည် မိမိတို့ကိုယ်ကို ပိုမိုသန်မာလာစေရန် ရည်ရွယ်ချက်ဖြင့် အခြားသူများ၏ စည်းစိမ်ဥစ္စာနှင့် အရင်းအမြစ်များကို လုယက်ရန် ပင်လယ်ဓားပြ လုပ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် ပိုမိုကြီးမားသော စွမ်းအားကို ရရှိရန်အတွက် သာမန် သိုင်းပညာရှင်များထက်ပင် ပိုမို ကြိုးစားအားထုတ်ကြသူများ ဖြစ်ကြရာ အမြဲတစေ အထွတ်အထိပ် အခြေအနေတွင်ပင် ဘေးအန္တရာယ်ကင်းကင်း ရှိနေကြခြင်း ဖြစ်သည်။
ထိုသုံးဦးသည် ရှောင်မိသားစု၏ အကြီးဆုံး အခန်းသုံးခန်းကို အပိုင်စီးထားကြသည်။ သူတို့သည် များသောအားဖြင့် အပြင်သို့ ထွက်လေ့မရှိဘဲ အခန်းတွင်း၌သာ ကျင့်ကြံခြင်းကို ပြုလုပ်လေ့ရှိကြသည်။
ယနေ့တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
သို့သော် သူတို့မသိလိုက်သည်မှာ ယခုအချိန်တွင် ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်အနက် သူတို့သုံးဦးသာ ကျန်ရှိတော့သည်ဟူသော အချက်ပင်။
ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုးတို့သည် အနည်းငယ် ဝေးကွာသော အခန်းတစ်ခုသို့ အရင်ဦးဆုံး သွားခဲ့ကြသည်။
ထိုအခန်းအတွင်း၌ ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်အနက် ဒုတိယမြောက်ဖြစ်သူနှင့် ဆယ့်သုံးယောက်အနက် တစ်ဦးတည်းသော အမျိုးသမီး ရှိနေသည်။
“သူတို့က များသောအားဖြင့် ကျင့်ကြံခြင်းပဲ လုပ်နေတာဆိုတော့ သူ့ကို ဘယ်လိုနည်းနဲ့ အဆိပ်တိုက်မလဲ” ဟု ရှောင်ဟန်ချိုးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
အမျိုးသမီးအား အဆိပ်တိုက်ရန် ခက်ခဲမှုမှာ သူတို့ မျှော်လင့်ထားသည်ထက် ပိုနေလေသည်။
ချင်ယွမ်ဖုန်းသည်လည်း မျက်စိမှိတ်ကာ အချိန်အတော်ကြာ စဉ်းစားနေသော်လည်း ဒုတိယမြောက် အမျိုးသမီးကို အဆိပ်သောက်မိစေရန် မည်သို့လုပ်ရမည်ကို နည်းလမ်းမရှာနိုင်ဖြစ်နေသည်။
“ငါပဲ သွားလိုက်တော့မယ်၊ ငါ့ကိုမြင်ရင် သူတို့ မုချ အံ့သြသွားကြမှာပဲ” ဟု ရှောင်ဟန်ချိုးက ခပ်အေးအေးပင် ဆိုသည်။
သို့သော် ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းကာ “မဖြစ်ဘူး၊ ဒါက အရမ်းအန္တရာယ်များတယ်၊ မင်းကိုယ်မင်း ဖော်ပြလိုက်ရင် ကတ်သီးကတ်သတ် လက်စားမချေနိုင်ခင်မှာတင် သူတို့လက်ထဲမှာ အသက်ပျောက်သွားလိမ့်မယ်” ဟု တားမြစ်လိုက်သည်။
“ဒါပေမဲ့ တခြားနည်းလမ်းမရှိတော့ဘူးလေ၊ အသက်ပဲ သေသေ ငါ လက်စားချေချင်တယ်” ဟု ရှောင်ဟန်ချိုးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ချင်ယွမ်ဖုန်း တိတ်ဆိတ်သွားသည်။
ရှောင်ဟန်ချိုး၏ လက်စားချေလိုသော ပြင်းပြသည့် စိတ်ဆန္ဒကို သူ ခံစားမိနေသည်။ ရှောင်ဟန်ချိုးအား မည်သို့ဖျောင်းဖျရမည်ကို သူ မသိသော်လည်း ရှောင်ဟန်ချိုးမှာမူ စတင် ထွက်ခွာသွားပြီ ဖြစ်သည်။
ရှောင်ဟန်ချိုးတွင် ကိုယ်ပိုင် အစီအစဉ် ရှိသော်လည်း ချင်ယွမ်ဖုန်း၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေသည်။
ဘယ်သူက ရေသောက်သနည်း။
ရေငတ်သူက သောက်ပေလိမ့်မည်။ ဘယ်လိုလုပ်ပြီး ရေငတ်လာသနည်း။ ပူအိုက်ခြောက်သွေ့မှုကြောင့် ဖြစ်တန်ရာသည်။
ဤနေရာတွင် ရှောင်ဟန်ချိုးက ချင်ယွမ်ဖုန်း၏ အကူအညီကို လိုအပ်ခြင်း ဖြစ်သည်။ ရှောင်ဟန်ချိုး ထွက်သွားပြီးနောက် ချင်ယွမ်ဖုန်းသည် ဒုတိယမြောက် အမျိုးသမီးရှိသော အခန်းအပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။
သူ၏ လက်ဝါးအတွင်းမှ သားရဲမီးလျှံမှာ ငြိမ်သက်စွာပင် ထွက်ပေါ်လာပြီး မြေအောက်ထဲသို့ တိုးဝင်သွားလေတော့သည်။
“ကြမ်းပြင် အပူပေးစနစ်ရဲ့ အရသာကို ခံစားကြည့်ပေဦးတော့” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် တွေးလိုက်သည်။
ဒုတိယမြောက် အမျိုးသမီးသည် အခန်းတွင်း၌ ကျင့်ကြံနေသော်လည်း အခန်းတွင်း အပူချိန်မှာ မသိမသာ မြင့်တက်လာသည်။ သို့သော် ထိုပြောင်းလဲမှုမှာ သူမ၏ အာရုံကို ဖမ်းစားနိုင်ခြင်း မရှိခဲ့ပေ။
ခဏအကြာတွင်မှ ဒုတိယမြောက် အမျိုးသမီးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ဒီလောက်တောင် ရုတ်တရက် ပူလာရတာလဲ၊ နွေရာသီလည်း မဟုတ်သေးဘဲနဲ့၊ ပြီးတော့ ဒီနေ့က ပုံမှန်ထက် ပိုပြီး တိတ်ဆိတ်နေသလိုပဲ” ဟု အမျိုးသမီးက ခပ်အေးအေးပင် ပြောလိုက်သည်။
သူမသည် ခုတင်ပေါ်မှ ထကာ ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်ရာ ဆွဲဆောင်မှုရှိသော အလှတရားများမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
ထိုစဉ် သူမသည် အပြင်ဘက်မှ တစ်စုံတစ်ယောက် အခန်းတံခါးဆီသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် ရင်ထဲတွင် မလိုလားဘဲ တုန်လှုပ်သွားသည်။
ညအချိန်ဖြစ်သဖြင့် အခန်းတွင်း၌ မီးထွန်းထားခြင်း မရှိပေ။ အမျိုးသမီးသည် ခဏမျှ စဉ်းစားလိုက်ပြီး တံခါးနောက်ကွယ်တွင် တိတ်တဆိတ် ရပ်နေလိုက်သည်။
နောက်တစ်ခဏတွင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လူရိပ်တစ်ခု အခန်းတွင်းသို့ ပြေးဝင်လာသည်။
“ဟူး၊ တော်သေးတာပေါ့၊ လူမိတော့မလို့၊ ဒီမှာ ဘယ်သူမှ မရှိလောက်ဘူး မဟုတ်လား” ဟု ရှောင်ဟန်ချိုးက ခပ်အေးအေးပင် ပြောရင်း အခန်းတွင်းသို့ တိုက်ရိုက်ဝင်ကာ စားပွဲဆီသို့ သွား၍ လက်ဖက်ရည်အိုးကို မကာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။
သို့သော် ထိုစဉ်မှာပင် အခန်းတွင်းရှိ ဆီမီးခွက်မှာ ရုတ်တရက် လင်းထိန်သွားသဖြင့် အခန်းတစ်ခုလုံး လင်းချင်းသွားတော့သည်။
ရှောင်ဟန်ချိုးမှာ လန့်ဖျပ်သွားပြီး ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် ရပ်နေသော ဒုတိယမြောက် အမျိုးသမီးကို မြင်လိုက်ရသည်။
“ဒါ… ဒါ နင်လား” ရှောင်ဟန်ချိုးသည် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြန်ချလိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
“သြော်… ဒါ ရှောင်မိသားစုကနေ ထွက်ပြေးသွားတဲ့ ကြောင်မလေး မဟုတ်လား၊ နင်က ပြန်လာရဲတဲ့ သတ္တိရှိသားပဲ…” ဒုတိယမြောက် အမျိုးသမီးသည် နွဲ့နှောင်းသော ခါးလေးကို လှုပ်ခါရင်း ရှောင်ဟန်ချိုးထံသို့ ကျော့ကျော့မော့မော့ လျှောက်လာခဲ့သည်။
သူမ၏ မျက်နှာတွင်လည်း ပြုံးစိစိနှင့် ရှိနေ၏။
ရှောင်ဟန်ချိုး၏ မျက်လုံးများမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် လက်ထဲရှိ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဒုတိယမြောက် အမျိုးသမီးထံသို့ တိုက်ရိုက်ပင် ထိုးစိုက်လိုက်လေတော့သည်။
“နင့်ကို သတ်ပြီး ငါ့မိသားစုအတွက် လက်စားချေမယ်”
“ဟိဟိ” ဒုတိယမြောက် အမျိုးသမီးက ပါးစပ်ကို ပိတ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူမ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်ထဲမှ အဖြူရောင် ပိုးချည်မျှင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရှောင်ဟန်ချိုး၏ ဓားရှည်ကို ရစ်ပတ်ကာ ရှောင်ဟန်ချိုး၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ချက်ချင်းပင် ရှောင်ဟန်ချိုးသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ ဘေးဘက်သို့ လွင့်စင်သွားတော့သည်။
“နင်က ပြန်လာရဲသေးတယ်၊ တကယ့်ကို ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိတဲ့ အကောင်ပဲ”
ဒုတိယမြောက် အမျိုးသမီးသည် ခပ်ဖွဖွလေး ပြုံးလိုက်ရင်း စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို မကာ အတွင်းရှိ လက်ဖက်ရည်များကို အကုန် သောက်ချလိုက်သည်။
လက်ဖက်ရည် သောက်ပြီးနောက် ဒုတိယမြောက် အမျိုးသမီးသည် ရှောင်ဟန်ချိုးကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ “သနားစရာကောင်းတဲ့ ကြောင်မလေးရယ်၊ ဒါပေမဲ့ ကံမကောင်းတာက နင် အခု သေရတော့မှာပဲ…”
သူမ၏ စကားလည်း ဆုံးရော ဒုတိယမြောက် အမျိုးသမီး၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
အဆိပ်က စတင် အာနိသင် ပြလိုက်ပြီ ဖြစ်သည်။
ရှောင်ဟန်ချိုး အခန်းတွင်းသို့ ပြေးဝင်ကာ လက်ဖက်ရည် ငှဲ့လိုက်စဉ်ကပင် လက်ဖက်ရည်ခွက်အတွင်းသို့ အဆိပ်ကို ထည့်ထားခဲ့ခြင်း ဖြစ်ပေသည်။
“သေရမှာက နင်ပဲ” ဟု ရှောင်ဟန်ချိုးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
ထိုစဉ် အပြင်ဘက် ပြတင်းပေါက်မှ အေးစက်စက် အလင်းတန်း နှစ်ခု ရုတ်တရက် တိုးဝင်လာပြီး ဒုတိယမြောက် အမျိုးသမီးထံသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။
ဒုတိယမြောက် အမျိုးသမီးမှာ လန့်ဖျပ်သွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အားအင် အနည်းငယ်မျှ မရှိတော့ပေ။
အေးစက်စက် အလင်းတန်း နှစ်ခု သူမ၏ ပုခုံးများကို ဖောက်ထွက်သွားသည်ကို သူမ အားကိုးရာမဲ့စွာ ကြည့်နေခဲ့ရသည်။
ထိုအရာများမှာ ဓားရှည်နှစ်စင် ဖြစ်သည်။
ပြင်းထန်သော အရှိန်ကြောင့် ဓားရှည်များမှာ ဒုတိယမြောက် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ကာ သူမကို နောက်ဘက် နံရံတွင် ကပ်သွားစေခဲ့သည်။
ချင်ယွမ်ဖုန်းသည် ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ပြေးဝင်လာပြီး ရှောင်ထျန်းတုတ်ရှည်ကြီးဖြင့် ဒုတိယမြောက် အမျိုးသမီး၏ လည်ပင်းကို ချိန်ထားလိုက်သည်။
အတိုင်းအဆမရှိသော ကိုယ်တွင်းစွမ်းအင်များမှာ ဒုတိယမြောက် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကာ သူမ၏ သွေးကြောများကို ဖျက်ဆီးပစ်လိုက်လေတော့သည်။
ကျင့်စဉ်အဆင့်များ ဆုံးရှုံးသွားသော ဒုတိယမြောက် အမျိုးသမီးမှာ ယခုအချိန်တွင် မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်တော့ပေ။
သူမ၏ ပုခုံးနှစ်ဖက်မှ သွေးများ စီးကျနေပြီး နာကျင်မှုကြောင့် သူမ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်နေသည်။
“နင်… နင်က ဘယ်သူလဲ” ဟု အမျိုးသမီးက ခက်ခဲစွာ မေးလိုက်သည်။
ချင်ယွမ်ဖုန်းက စကားတစ်ခွန်းမျှ မပြောပေ။
ခဏမျှ ကြာသွားပြီးနောက် ဒုတိယမြောက် အမျိုးသမီး၏ ကျင့်စဉ်များ ပြန်လည် နိုးထလာသော်လည်း သူမ၏ သွေးကြောများအားလုံးမှာ ချင်ယွမ်ဖုန်း၏ ဖျက်ဆီးခြင်းကို ခံထားရသဖြင့် မည်သည့် စွမ်းအားမျှ မရှိတော့ပေ။
“မောင်လေးရယ် မသတ်ပါနဲ့ စည်းစိမ်တွေ ပေးမှာပါ၊ တစ်ခါလောက် မြည်းစမ်းကြည့်ပါဦး၊ ဒီခံစားချက်ကို မောင်လေး မုချ စွဲလန်းသွားစေရမယ်လို့ အာမခံပါတယ်…”
သူမ၏ အသက်ကို ကယ်တင်ရန်အတွက် ဒုတိယမြောက် အမျိုးသမီးသည် တမင်တကာပင် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားကို လုပ်ပြကာ ရမက်နှိုးဆွသော စကားလုံးများဖြင့် ပြောဆိုနေလေတော့သည်။