အခန်း (၄၀၇-၄၀၈)
Vol. 21 Ch. 407-408
အခန်း (၄၀၇)ဖျက်ဆီးရေးဘုရင်
သွေးပေါက်ကွဲခြင်းဟူသော ဤလျှို့ဝှက်ပညာရပ်ကို ချင်ယွမ်ဖုန်းအနေဖြင့် ရရှိပြီးကတည်းက ဒုတိယအကြိမ်မြောက်သာ အသုံးပြုခြင်း ဖြစ်ချေသည်။
ယခင်အကြိမ်က ချင်ယွမ်ဖုန်းမှာ သူ၏အသက်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသဖြင့် ထိုပညာရပ်ကို ထပ်မံအသုံးပြုရန် မဝံ့မရဲ ဖြစ်နေခဲ့ခြင်းပေတည်း။
သို့သော်လည်း ယခုအခါတွင်မူ ချင်ယွမ်ဖုန်းသည် သူ၏စွမ်းအားအားလုံးကို မထုတ်ဖော်၍ မဖြစ်တော့ရာ ထိုသို့မဟုတ်ပါက လီဟုန်း၏ လက်ချက်ဖြင့် အသေအရိုက်ခံရပေတော့မည်။
ဤလျှို့ဝှက်ပညာရပ်သည် ချင်ယွမ်ဖုန်း၏ ခွန်အားကို ခဏတာအတွင်း များစွာမြင့်တက်စေနိုင်သကဲ့သို့ တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်း၏ ဒဏ်ရာများကိုလည်း လုံးဝပြန်လည်ကောင်းမွန်လာစေနိုင်ပေသည်။
သို့သော်လည်း သွေးပေါက်ကွဲခြင်း ပညာရပ်မှာ အားကောင်းသလောက် ယင်းကပေးသည့် အကျိုးဆက်နှင့် ဘေးထွက်ဆိုးကျိုးများမှာလည်း အလွန်ပင် ကြီးမားလှပေသည်။
ပထမဦးစွာ သွေးပေါက်ကွဲခြင်း ပညာရပ်ဖြင့် ဖုံးကွယ်ထားသော ဒဏ်ရာများသည် ထိုပညာရပ်၏ အာနိသင်ကုန်ဆုံးသွားပါက မူလကထက် အဆပေါင်းများစွာ တိုး၍ ခံစားရမည် ဖြစ်ချေသည်။
ဥပမာအားဖြင့် ချင်ယွမ်ဖုန်း၏ အရိုးအချို့သာ ကျိုးနေသေးသည်ဆိုပါက သွေးပေါက်ကွဲခြင်းပညာရပ်ကို အသုံးပြုပြီးနောက်တွင်မူ ချင်ယွမ်ဖုန်း၏ အရိုးအားလုံးပင် ကျိုးကြေသွားနိုင်ပေသည်။
ယခုအခါ ချင်ယွမ်ဖုန်းမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီးဖြစ်ရာ ထိုလျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီးနောက်တွင် သူ၏အသက်ပင် ဆုံးရှုံးသွားနိုင်ပေရာသည်။
တစ်ချိန်တည်းမှာပင် သွေးပေါက်ကွဲခြင်း လျှို့ဝှက်ပညာရပ်သည် ကျင့်စဉ်နယ်ပယ်ကိုလည်း များစွာထိခိုက်စေနိုင်ပြီး ယင်းကိုအသုံးပြုပြီးပါက ကျင့်စဉ်နယ်ပယ် နိမ့်ကျသွားနိုင်ခြေ အလွန်မြင့်မားလှပေသည်။
ထို့ကြောင့် ဤလျှို့ဝှက်ပညာရပ်မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အခြေအနေမျိုးမှလွဲ၍ အသုံးမပြုသင့်သည့် ပညာရပ်မျိုး ဖြစ်ပေသည်။
သွေးပေါက်ကွဲခြင်းကို စတင်အသုံးပြုလိုက်ပြီးနောက် ချင်ယွမ်ဖုန်း၏ မျက်စိသူငယ်အိမ်များသည် သွေးကဲ့သို့ နီရဲလာပြီး ကြည့်ရသည်မှာ ထူးဆန်းကျောချမ်းဖွယ် ကောင်းလှပေသည်။
"ဟန်ကိုယ်ဖို့တွေ လုပ်နေပြန်ပြီ"
လီဟုန်းက ဟိန်းဟောက်လိုက်ကာ ချင်ယွမ်ဖုန်း၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာပြီး သူ၏ကြီးမားသော လက်သီးဖြင့် ချင်ယွမ်ဖုန်း၏ မျက်နှာကို အားကုန်လွှဲ၍ ထိုးနှက်လိုက်တော့သည်။
ချင်ယွမ်ဖုန်းသည် မရှောင်တိမ်းဘဲ ကြောင်တောင်တောင် ဖြစ်နေသည့်အလား လီဟုန်း၏ လက်သီးချက်ကြောင့် ထပ်မံလွင့်ထွက်သွားပြီး နံရံအချို့ကို ဝင်တိုက်မိကာမှ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း သူသည် နာကျင်မှုကို မခံစားရတော့သည့်အလား မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ပြန်လည်ထရပ်လိုက်သည်။
ထိုအခိုက်တွင် လီဟုန်းသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ အလွန်ပြင်းထန်သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသဖြင့် မအံ့သြဘဲ မနေနိုင်တော့ပေ။
ဤစိတ်အာဃာတမိစ္ဆာ အရှိန်အဝါမှာ အလွန်ပင် သန့်စင်လှပေရာ အစွမ်းထက်သော မိစ္ဆာကျင့်ကြံသူအချို့ပင် ထိုမျှလောက် ပြင်းထန်သော အရှိန်အဝါမျိုး မပိုင်ဆိုင်နိုင်ကြချေ။
"ဒီကောင်ကတော့ တကယ်ကို ထူးဆန်းတယ်... ငါ ဒါကို မြန်မြန်အပြတ်ဖြတ်မှ ဖြစ်မယ်"
လီဟုန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ချင်ယွမ်ဖုန်းထံသို့ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ထပ်မံပြေးဝင်သွားရာ ခဏချင်းတွင်ပင် ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
ချင်ယွမ်ဖုန်းမှာ ယခုအခါတွင် ထူထပ်သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများအောက်တွင် ဖုံးလွှမ်းနေပြီး သူ၏ ရုပ်သွင်ကိုပင် ရှင်းလင်းစွာ မမြင်ရတော့ချေ။
"ဝုန်း"
လက်သီးချက်တစ်ချက်ကြောင့် လေထုထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် ပုံပျက်သွားရပေသည်။
သို့သော် ထိုအချိန်တွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများထဲမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး လီဟုန်း၏ လက်သီးကို တည့်တည့်ဆွဲကိုင်လိုက်တော့သည်။
လီဟုန်းမှာ အလွန်ပင် ထိတ်လန့်သွားရပေသည်။ သူ၏လက်သီးချက်မှာ တောင်တစ်လုံးကိုပင် အလွယ်တကူ ခြေမှုန်းနိုင်စွမ်း ရှိသော်လည်း ယခုအခါတွင်မူ တစ်စုံတစ်ယောက်၏ အလွယ်တကူ ဆွဲကိုင်ခြင်းကို ခံလိုက်ရချေပြီ။
"ဟန်တွေ လုပ်နေပြန်ပြီ"
လီဟုန်းက ဟိန်းဟောက်လိုက်ကာ သူ၏ကိုယ်ကို အားဖြင့် လွှဲလိုက်ပြီး သူ၏ခြေထောက်ကို ကြိမ်လုံးတစ်ချောင်းအလား အသုံးပြု၍ ချင်ယွမ်ဖုန်းကို ပြင်းထန်စွာ ကန်လိုက်သည်။
သို့သော် ထိုအခိုက်တွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများထဲမှ နောက်ထပ် လက်တစ်ဖက် ထွက်ပေါ်လာပြီး လက်သီးချက်တစ်ချက်တည်းဖြင့် လီဟုန်းကို လွင့်ထွက်သွားစေခဲ့သည်။
ယခုအချိန်မှစ၍ အခြေအနေများမှာ ပြောင်းပြန်လှန်သွားခဲ့ချေပြီ။
"ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီဟုန်းမှာ နာကျင်မှုကြောင့် မျက်နှာပျက်သွားရပေသည်။
ချင်ယွမ်ဖုန်း၏ လက်သီးချက်မှာ သူ၏ယခင် ဒဏ်ရာဟောင်းပေါ်သို့ တည့်တည့်ကျရောက်ခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ ရင်ဘတ်တစ်ခုလုံးကို ဖောက်ထွက်သွားသော ထိုဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားခြင်း မရှိသေးသော်လည်း လီဟုန်းအနေဖြင့် သူ၏ကျင့်စဉ်နယ်ပယ်ကို အသုံးပြု၍ ဂရုစိုက်စရာ မလိုဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ တစ်ခုခု မှားယွင်းနေပုံ ရချေသည်။
ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများမှာ စတင် စုစည်းလာပြီး ထိုအရှိန်အဝါများထဲမှ လူရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။
"အဲဒါက..." ရှောင်ဟန်ချိုးသည် အဝေးမှကြည့်နေရင်း အံ့သြမှင်သက်သွားမိသည်။
သူမသည် ယခင်ကလည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ဖူးပြီး ထိုစဉ်ကမူ ဤအရှိန်အဝါမှာ ကြောက်မက်ဖွယ် လက်နက်တစ်ခုမှ လာခြင်းဖြစ်ကြောင်း ချင်ယွမ်ဖုန်းက ရှင်းပြခဲ့ဖူးပေသည်။
သို့သော်လည်း ယခုအခါတွင်မူ ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စိမ့်ဝင်သွားခဲ့ချေပြီ။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းသွားပြီးနောက် ဝိညာဉ်အဆောင်ပုံရိပ်များကဲ့သို့ ရှုပ်ထွေးသော ပုံစံများကို ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်တွင် ချန်ရစ်ခဲ့သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ယခုအခါ ဖျက်ဆီးရေးဘုရင်တစ်ဦးအလား နီရဲနေပြီး သူ၏လက်ထဲတွင်မူ သုံးခွလှံတစ်ခုကို ကိုင်ဆောင်ထားလေသည်။
"မင်းက တကယ်တော့ ဘာကောင်လဲ" ဤအခြေအနေသို့ ရောက်ရှိနေသော ချင်ယွမ်ဖုန်းကို မြင်သောအခါ လီဟုန်းသည် စိုးရိမ်စိတ် အနည်းငယ် ဝင်လာမိသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် လီဟုန်းကို ပြန်လည်မဖြေကြားဘဲ ယိုင်တိယိုင်တိုင်ဖြင့် ပြေးဝင်လာတော့သည်။
လီဟုန်းသည် သူ၏သိုလှောင်လက်စွပ်ထဲမှ ကွေးညွှတ်နေသော ဓားနှစ်လက်ကို ထုတ်ယူလိုက်ကာ ချင်ယွမ်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လျက် ဓားနှစ်လက်လုံးဖြင့် အားကုန် ခုတ်ချလိုက်သည်။
ကြက်ခြေခတ်ပုံစံ ဓားအလင်းတန်းတစ်ခုသည် ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
သို့သော် ချင်ယွမ်ဖုန်းမှာမူ ဘာမှမရှိသကဲ့သို့ပင် ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။
ထက်မြက်လှသော ဓားအလင်းတန်းမှာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသော်လည်း ချင်ယွမ်ဖုန်းကို မည်သည့်ထိခိုက်မှုမျှ မပေးနိုင်ဘဲ သူ၏လှုပ်ရှားမှုကို ခဏတာမျှသာ တန့်သွားစေခဲ့သည်။
လီဟုန်းမှာ ပို၍ပင် အံ့သြသွားရပေသည်။ ဤအရာမှာ လူသားတစ်ယောက် ဖြစ်နိုင်ပါဦးမည်လော။
ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် လီဟုန်း၏ ရှေ့သို့ ရောက်ရှိလာပြီး လီဟုန်းကို မညှာမတာ ရိုက်နှက်လိုက်တော့သည်။
အတိုင်းအဆမရှိသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် သုံးခွလှံ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ယခုအခါ ချင်ယွမ်ဖုန်းမှာ သာမန်လှုပ်ရှားမှုလေး တစ်ခုဖြင့်ပင် ကောင်းကင်တစ်ခုလုံးကို စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် ဖုံးလွှမ်းစေနိုင်သည့် ဖျက်ဆီးရေးဘုရင်ကြီး တစ်ဦးအလား ဖြစ်နေပေသည်။
ကြည်လင်နေသော ညဉ့်ကောင်းကင်ယံမှာ ယခုအခါ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားပြီး ကမ္ဘာလောကကြီးမှာလည်း ခဏချင်းတွင်ပင် မှောင်မိုက်သွားရတော့သည်။
"အား"
လီဟုန်းသည် သူ၏လက်ထဲမှ ဓားကွေးနှစ်လက်ကို မြှောက်ကာ ရှေ့သို့ အားကုန်ခုတ်လိုက်သည်။ သူ၏မျက်လုံးများတွင် သွေးကြောများ ထောင်ထွက်လာပြီး သူ၏အဝတ်အစားများမှာလည်း ရုတ်တရက် ဆုတ်ပြဲသွားခဲ့ချေပြီ။
အဘယ်ကြောင့်ဆိုသော် သူသည် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုအတွင်းမှ မိမိ၏ နှလုံးသားထဲအထိ တုန်လှုပ်စေသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။
ဤသည်မှာ သူ့ကို အပြီးတိုင် ချေမှုန်းနိုင်စွမ်းရှိသော စွမ်းအားမျိုးပင်။
ချင်ယွမ်ဖုန်းသည်ပေါ့ပေါ့ပါးပါးပင် ရိုက်ချလိုက်သော်လည်း ယင်းက လီဟုန်းကို အဆုံးစွန်သော ကြောက်ရွံ့မှုကို ပေးစွမ်းနေ၏။
သူသည် မိမိ၏ ခွန်အားအားလုံးကို အသုံးပြု၍ ခုခံလိုက်ပြီး သူ၏ကိုယ်တွင်းရှိ မူလစွမ်းအင်များကို သူ၏လက်ထဲမှ ဓားကွေးနှစ်လက်အတွင်းသို့ အရူးအမူး ထည့်သွင်းလိုက်တော့သည်။
"ဝုန်း"
သုံးခွလှံသည် လီဟုန်း၏ ဓားကွေးများပေါ်သို့ ကျရောက်သွားပြီး အားနှစ်ရပ် ထိတွေ့မှုကြောင့် ပြင်းထန်လှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။
လီဟုန်း၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး အက်ကြောင်းများမှာလည်း သူ၏နောက်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ပြင်းထန်လှသော စွမ်းအားကြောင့် သူ၏ကိုယ်ခန္ဓာမှာလည်း တုန်ရင်နေခဲ့ချေပြီ။
သို့သော်လည်း သူသည် နောက်သို့ ဆုတ်ခွာ၍ မဖြစ်ပေ။
လီဟုန်း သိရှိထားသည်မှာ သူသာ နောက်သို့ ဆုတ်ခွာလိုက်ပါက သူ့ကို လုံးဝ အပြီးတိုင် ဖျက်ဆီးပစ်တော့မည် ဖြစ်ကြောင်းပင်။
"ဂွပ်"
ပြင်းထန်သော ပေါက်ကွဲသံကြီးကြားတွင် ကျိုးပဲ့သွားသည့် အသံနှစ်ချက် ထွက်ပေါ်လာခဲ့သည်။ သူ၏ ဓားကွေးနှစ်လက်မှာ ထိုမျှလောက် ပြင်းထန်သော စွမ်းအားကို မခံနိုင်တော့ဘဲ အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့သွားခဲ့ချေပြီ။
"သေလိုက်တော့"
လီဟုန်း၏ ကြွက်သားများမှာ ရုတ်တရက် တင်းမာလာပြီး သွေးကြောများမှာလည်း ကိုယ်ပေါ်တွင် ရစ်ပတ်နေကာ ကြည့်ရသည်မှာ ကြွက်သားများ ဖောင်းကားနေသော ထူးဆန်းသည့် သတ္တဝါကြီးတစ်ကောင်အလား ဖြစ်သွားချေသည်။
အနက်ရောင် အရိပ်တစ်ခုသည် လီဟုန်း၏ နောက်ဘက်မှ ပျံတက်လာပြီး ချင်ယွမ်ဖုန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
ထိုအနက်ရောင်အရိပ်မှာ အမှန်တကယ်တော့ ကြီးမားလှသော အိုးကြီးတစ်လုံး ဖြစ်ပေသည်။
ထိုအိုးကြီးမှာ တစ်ခုလုံး အနက်ရောင်ဖြစ်နေပြီး ကြည့်ရသည်မှာ ရှေးကျကာ လေးလံလှပေရာ ယင်းက ချင်ယွမ်ဖုန်းကို တိုက်ရိုက် ဝါးမျိုလိုက်တော့သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည်လည်း ထိုအိုးကြီးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရချေပြီ။
"ငါ့ရဲ့ မောက်မာသော ကောင်းကင်အိုးထဲကို ရောက်သွားပြီဆိုရင်တော့ မင်းအတွက် အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူး"
လီဟုန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးဖြင့် ဆိုကာ သူ၏လက်ညှိုးကို ရုတ်တရက် ကိုက်လိုက်ပြီး သူ၏သွေးများကို အိုးကြီးပေါ်တွင် စတင်သုတ်လိမ်းလိုက်တော့သည်။
ထိုသွေးများသည် အိုးကြီး၏ မျက်နှာပြင်ပေါ်တွင် ဝိညာဉ်အဆောင်ပုံရိပ်များကဲ့သို့ ရှုပ်ထွေးသော ပုံစံများ ဖြစ်ပေါ်လာပြီး ယင်းတို့မှာ ယုတ်မာသော အရှိန်အဝါများကို ထုတ်လွှင့်နေပေသည်။
"ဒီအိုးကြီးကို ငါသတ်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ လူတွေရဲ့ သွေးတွေနဲ့ သွန်းလုပ်ထားတာ။ မင်း ဘယ်လိုပဲ ယုတ်မာတဲ့ ပညာရပ်ကို ကျင့်ကြံထားပါစေ... ဒီအိုးကြီးထဲကို ရောက်သွားပြီဆိုရင်တော့ အသက်ရှူနှုန်း အကြိမ် သုံးဆယ်ကြာပြီးတာနဲ့ မင်းဟာ သွေးကွက်တစ်ခုအဖြစ် ပြောင်းလဲသွားရမှာပဲ" ဟု လီဟုန်းက အေးစက်စွာ ရယ်မောရင်း ပြောလိုက်တော့သည်။
အခန်း (၄၀၈) ကြောက်ရွံ့ခြင်း
ဖျက်ဆီးရေးဘုရင်အသွင် ပြောင်းလဲသွားသော ချင်ယွမ်ဖုန်းသည် လီဟုန်း၏ မောက်မာသော ကောင်းကင်အိုးထဲသို့ တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရလေသည်။
အကယ်၍ ပုံမှန်အခြေအနေရှိသော ချင်ယွမ်ဖုန်းသာ ဖြစ်ပါက ထိုထူးဆန်းပြီး ကြီးမားလှသော အိုးကြီးကို ရှောင်တိမ်းနိုင်ကောင်း ရှောင်တိမ်းနိုင်လိမ့်မည် ဖြစ်သော်လည်း
ဖျက်ဆီးရေးဘုရင်အသွင် ဖြစ်နေသော ချင်ယွမ်ဖုန်းမှာမူ သူ၏အသိစိတ်များ ဆုံးရှုံးနေပုံရပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းပင် မရှိတော့ချေ။
ယခုအခါတွင်မူ သူသည် သူ၏ရှေ့မှောက်၌ရှိသော လီဟုန်းအား ဖျက်ဆီးပစ်ရန်သာ အလိုရှိနေသဖြင့် ရှောင်တိမ်းရန်ပင် မကြိုးစားတော့ပေ။
လီဟုန်းသည် ၎င်း၏မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်လျက် ယုတ်မာကောက်ကျစ်စွာ ပြုံးလိုက်လေသည်၊၊ ထိုကဲ့သို့သော တိုက်ကွက်ကို အသုံးပြုလိုက်ရခြင်းက သူ၏ ကိုယ်တွင်းစွမ်းအင်များကို များစွာ ကုန်ခမ်းသွားစေဟန် တူပေသည်။
လီဟုန်းတစ်ယောက် ကျေနပ်ဝမ်းမြောက်နေစဉ်မှာပင် မောက်မာသော ကောင်းကင်အိုးကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာတော့၏။
"ပိတ်လှောင်စေ"
လီဟုန်းသည် ဟိန်းဟောက်လိုက်ရင်း လက်နှစ်ဖက်ဖြင့် ထူးဆန်းသော လက်တံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်လေသည်။
ကြီးမားလှသော အိုးကြီးပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးများဖြင့် ရေးဆွဲထားသော ဝိညာဉ်အဆောင်ပုံရိပ်များသည် ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများကို စတင်ထုတ်လွှတ်လာပြီး အိုးတွင်းမှလည်း ငရဲပြည်မှ ထွက်ပေါ်လာသည့်အလား မရေမတွက်နိုင်သော ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာရာ ကြားရသူတိုင်းအား တုန်လှုပ်ချောက်ချားသွားစေပေသည်။
ထိုကြီးမားလှသော အိုးကြီးသည် ဖြည်းညှင်းစွာ ငြိမ်သက်သွားရာ လီဟုန်း၏ မျက်နှာသည် ပိုမိုဖြူလျော်သွားသော်လည်း သူ၏ ဝမ်းမြောက်မှုကိုမူ ဖုံးကွယ်၍ မရနိုင်ချေ။
"ဟားဟားဟားဟား... သေကြစမ်း၊ မင်းတို့အားလုံး ငါ့အတွက် သေပေးကြစမ်း"
ထိုသို့ ဝမ်းမြောက်နေစဉ်မှာပင် ကြီးမားလှသော အိုးကြီးသည် ယခင်ကထက် ပိုမိုပြင်းထန်စွာ ထပ်မံတုန်ခါလာပြန်သည်။
"မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ၊ မင်းက မဟာဆရာနယ်ပယ်အဆင့်ပဲ ရှိတာ၊ ငါ့ရဲ့ အိုးကြီးကို ဘယ်လိုလုပ် ဖောက်ထွက်နိုင်မှာလဲ"
လီဟုန်း၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များ ထင်ဟပ်လာပြီး တစ်ချိန်တည်းမှာပင် သူသည် မိမိ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်လေသည်။
လတ်လတ်ဆတ်ဆတ် သွေးတစ်လုပ်သည် ပန်းထွက်လာပြီး မောက်မာသော ကောင်းကင်အိုးကြီးပေါ်သို့ တိုက်ရိုက်ကျရောက်သွားသော်လည်း တစ်စုံတစ်ရာ ထိရောက်မှု မရှိခဲ့ချေ။
"ဒုန်း"
ဆေးမီးဖိုတစ်ခု ပေါက်ကွဲသွားသည့်အလား သောတအာရုံတွင် မြည်ဟည်းသွားပြီး ကြီးမားလှသော အိုးကြီးသည် တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် အိုးကြီးအတွင်းမှ ဝုန်းကနဲ ပြေးထွက်လာပြီး သူ၏ သုံးခွလှံဖြင့် လီဟုန်းအား တိုက်ရိုက် ထိုးနှက်လိုက်လေတော့သည်။
"အား... မင်းက တကယ်တော့ ဘယ်သူလဲ"
လီဟုန်း၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သွေးဆုတ်ဖြူလျော်နေသော သူ၏ မျက်နှာသည် အလောင်းကောင်တစ်ခုကဲ့သို့ ဖြစ်နေပေသည်။
သို့သော်လည်း သူ၏ လက်မောင်းမှ အမည်းရောင် အရည်အချို့ ရုတ်တရက် စီးဆင်းလာပြီး လက်မောင်းတစ်ခုလုံးကို ချက်ချင်းပင် ရစ်ပတ်ဖုံးအုပ်သွားရာ သံမဏိလက်အိတ်တစ်ခုအသွင် ဆင်တူလှပေသည်။
လီဟုန်းသည် ချင်ယွမ်ဖုန်း၏ တိုက်ကွက်ကို ခုခံကာကွယ်ရန် မျှော်လင့်ချက်ဖြင့် သူ၏ အမည်းရောင် လက်မောင်းကို ရှေ့သို့ မြှောက်၍ ကာဆီးလိုက်၏။
သုံးခွလှံသည် အရှိန်အဟုန်ဖြင့် ကျရောက်လာရာ ထိုအမည်းရောင် လက်မောင်းသည် မြေပြင်ပေါ်သို့ တိတ်တဆိတ် ပြတ်တောက်ကျဆင်းသွားလေသည်၊၊
သုံးခွလှံသည် ထိုလက်မောင်းကို တစ်စုံတစ်ရာ အဟန့်အတားမရှိဘဲ ဖြတ်တောက်သွားခြင်း ဖြစ်ပေသည်။
"အား..."
လီဟုန်းသည် နာကျင်စွာဖြင့် အော်ဟစ်မြည်တမ်းလိုက်ပြီး ဖြတ်တောက်သွားသော သူ၏ လက်မောင်းမှ သွေးများ ပန်းထွက်လာတော့သည်။
ချင်ယွမ်ဖုန်းသည် မည်သည့် ခံစားချက်ကိုမျှ မပြဘဲ သူ၏ လက်ထဲမှ သုံးခွလှံကို ထပ်မံမြှောက်ကိုင်ကာ ပြင်းထန်စွာ ဆွဲခုတ်လိုက်ပြန်သည်။
လီဟုန်းသည် ယခင်က ရှောင်ဟန်ချိုးအပေါ်၌လည်းကောင်း၊ ရှောင်ဟန်ချိုး၏ မိသားစုအပေါ်၌လည်းကောင်း သူကိုယ်တိုင် ပေးအပ်ခဲ့ဖူးသော ကြောက်ရွံ့ခြင်းဟူသည့် အရသာကို ယခုအခါတွင်မူ မိမိကိုယ်တိုင် ကောင်းစွာ မြည်းစမ်းနေရပြီ ဖြစ်ပေသည်။
သို့သော် လီဟုန်းသည် မသေချင်သေးပေ။ ပင်လယ်ပြင်၏ ဓားပြတစ်ဦးအနေဖြင့် သူသည် မိမိကိုယ်မိမိ သေရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
သူသည် လုံလောက်စွာ ဂရုစိုက်တတ်ပြီး လိမ္မာပါးနပ်သူလည်း ဖြစ်သည်၊၊ ထို့ထက်မက အရေးကြီးဆုံးမှာ လုံလောက်သော ခွန်အားရှိခြင်းပင် ဖြစ်ပေသည်။
မိမိထက် သန်မာသူအား သွားရောက် မပုတ်ခတ်သရွေ့ မိမိအနေဖြင့် သေဆုံးလိမ့်မည်မဟုတ်ကြောင်း လီဟုန်းသည် ယုံကြည်မှု အပြည့်ရှိခဲ့သည်။
သို့သော် ယခုအခါ မဟာဆရာနယ်ပယ်အဆင့်ရှိသော လူငယ်လေးတစ်ဦး၏ ဘေးကျပ်နံကျပ် တွန်းပို့မှုကြောင့် မိမိ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ နိယာမအောက်သို့ ရောက်ရှိနေရလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့မိချေ။
"ငါ့အတွက် ငရဲပြည်ကို သွားတော့"
လီဟုန်းသည် ဟိန်းဟောက်လိုက်ရာ သူ၏ လက်မောင်းပေါ်ရှိ အမည်းရောင် အရည်များသည် ပြတ်တောက်သွားသော လက်မောင်းအစွန်းတွင် စတင်စုစည်းလာပြီး ထက်မြက်သော ကတော့ပုံစံသဏ္ဌာန်အရာတစ်ခု ဖြစ်ပေါ်လာကာ ထိုအရာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်တွင်းစွမ်းအင်များ စုဝေးလာတော့သည်။
ထိုကတော့ပုံစံအရာနှင့် သုံးခွလှံတို့သည် ပြင်းထန်စွာ ရိုက်ခတ်မိကြပြီး ကြီးမားလှသော စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် စုတ်ပြဲလုမတတ် ပြင်းထန်စွာ တုန်ခါသွားရပေသည်။
လီဟုန်း၏ နားနှစ်ဖက်လုံးမှ သွေးများ ချက်ချင်း စီးဆင်းလာသည်၊၊ လွင့်စင်လာသော အရှိန်အဟုန် စွမ်းအားများက သူ၏ နားစည်များကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုကတော့ပုံစံအရာနှင့် သုံးခွလှံတို့သည် လေထုထဲတွင် အပြန်အလှန် တောင့်ခံနေကြစဉ်မှာပင် ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ လက်နှစ်ဖက်ဖြင့် ပိုမိုပြင်းထန်သော စွမ်းအားကို ထည့်သွင်းလိုက်လေသည်။
လီဟုန်း၏ ခန္ဓာကိုယ်သည် မြေပြင်ထဲသို့ ရုတ်တရက် ကျွံဝင်သွားပြီး ဖြတ်တောက်ထားသော လက်မောင်းပေါ်ရှိ ကတော့ပုံစံအရာပေါ်တွင် အက်ကြောင်းများ ထင်ဟပ်လာတော့၏။
"မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ၊ ငါ မသေနိုင်ဘူး"
လီဟုန်းသည် ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။ သူ၏ လက်မောင်းပေါ်ရှိ ကတော့ပုံစံအရာကို အလွန်ရှားပါးသော အနှစ်သာရပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
ထိုပစ္စည်းကို 'အလင်းမဲ့ ညဉ့်သဲ' ဟု ခေါ်ဆိုကြပြီး လောကတွင် အခိုင်မာဆုံးအရာအဖြစ် ကျော်ကြားလှသည်။
လီဟုန်းသည် ထိုအရာကို အနည်းငယ်မျှသာ ရရှိခဲ့ပြီး သူ၏ ရတနာလက်နက်အတွင်း ထည့်သွင်း သွန်းလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုရတနာလက်နက်အား ပြိုင်ဘက်ကင်းသော ခိုင်ခံ့မှုကို ပေးစွမ်းနိုင်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူ၏ ရတနာလက်နက်သည် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုအောက်တွင် သူ၏ စိတ်နှလုံးကဲ့သို့ပင် အက်ကွဲကာ အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားရပြီ ဖြစ်ပေသည်။
"ဝူး..."
ချင်ယွမ်ဖုန်း၏ လည်ချောင်းထဲမှ အက်ရှရှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သုံးခွလှံမှလည်း အဆုံးမဲ့သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာကာ လီဟုန်းအား ချက်ချင်းပင် လွှမ်းမိုးဝါးမြိုသွားတော့သည်။
ထိုကတော့ပုံစံအရာသည် လီဟုန်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများရှေ့တွင်ပင် အပိုင်းပိုင်းအစစ ကြေမွသွားရလေတော့သည်။
သွေးများ ဖျန်းကနဲ လွင့်စင်သွားပြီး လီဟုန်း၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားရရှာသည်၊၊
သူ၏ မျက်နှာပေါ်တွင်မူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခြင်း အရည်အချင်းများ ယခုတိုင် ထင်ဟပ်နေဆဲ ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း၏ မျက်နှာတစ်ပြင်လုံးတွင် ယခုအခါ သွေးများဖြင့် ဖုံးလွှမ်းနေပြီး နီမြန်းသော မျက်ဝန်းများနှင့် ပေါင်းစပ်လိုက်သောအခါ ငရဲပြည်မှ ပြန်လည်ရောက်ရှိလာသော မိစ္ဆာတစ်ကောင်နှင့် ပိုမိုတူညီနေတော့သည်။
ရှောင်ဟန်ချိုးသည် ယခုအချိန်တွင် ခွန်အားအချို့ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ ပုံပန်းသဏ္ဌာန်ကို မြင်တွေ့ရသောအခါ သူမသည်လည်း အလွန်အမင်း ထိတ်လန့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ မလှုပ်ရဲတော့ချေ။
လီဟုန်းအား သတ်ဖြတ်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဖြည်းညှင်းစွာ လှည့်လည်၍ ရှောင်ဟန်ချိုးအား စိုက်ကြည့်လိုက်လေသည်။
ရှောင်ဟန်ချိုး၏ စိတ်နှလုံးသည် တင်းကျပ်သွားရ၏။ ယခုအချိန်တွင် ချင်ယွမ်ဖုန်းသည် အသိစိတ်များ သိသိသာသာ ပျက်ပြားနေပြီ ဖြစ်ရာ သူ၏ နောက်ထပ် ပစ်မှတ်သည် သူမ ဖြစ်လာလေမည်လားဟု ရှောင်ဟန်ချိုးသည် စိတ်ထဲမှ ထိတ်လန့်စွာဖြင့် တွေးတောနေမိသည်။
သို့သော်လည်း ယခုအခါ လီဟုန်းသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက်တို့သည်လည်း လုံးဝသုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်ရာ သူမ၏ ကလဲ့စားချေမှုသည် အောင်မြင်ခဲ့ပြီ ဖြစ်ပေသည်။
"ငါ သေရမယ်ဆိုရင်လည်း သေရုံပေါ့၊ နင့်ရဲ့ လက်ချက်နဲ့ သေရမယ်ဆိုရင် ငါ လိုလိုလားလား ရှိပါတယ်"
ရှောင်ဟန်ချိုးသည် သေခြင်းတရား ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်လေသည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ရှောင်ဟန်ချိုးသည် သေခြင်းတရားနှင့် ရင်မဆိုင်ခဲ့ရပေ။ သူမ မျက်လုံးများကို ပြန်လည်ဖွင့်ကြည့်လိုက်သောအခါ ချင်ယွမ်ဖုန်းသည် အမှန်တကယ်ပင် ပင်လယ်ပြင်ဘက်သို့ ဦးတည်၍ လျှောက်လှမ်းသွားနေသည်ကို တွေ့ရှိလိုက်ရတော့သည်။
သုံးခွလှံသည် သူ၏နောက်မှ တရွတ်တိုက် ပါလာပြီး မြေပြင်ပေါ်တွင် ရှည်လျားသော လမ်းကြောင်းတစ်ခုကို ထင်ကျန်စေခဲ့ကာ ထိုလမ်းကြောင်းပေါ်တွင် သိပ်သည်းလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ယခုတိုင် လွင့်ပျံနေဆဲ ဖြစ်ပေသည်။
"ချင်ယွမ်ဖုန်း... ချင်ယွမ်ဖုန်း... နင်ဘယ်ကို သွားမလို့လဲ"
ရှောင်ဟန်ချိုးသည် စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်လေသည်။
သူမသည် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း မိမိကိုယ်မိမိ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ခြေသလုံးရိုးများ ကျိုးပဲ့နေသဖြင့် ဘယ်လိုမှ မတ်တပ်မရပ်နိုင်ကြောင်း သိရှိလိုက်ရသည်။
ချင်ယွမ်ဖုန်းသည် ရှောင်ဟန်ချိုး၏ အသံကို မကြားရသည့်အလား ပင်လယ်ပြင်ဘက်သို့ တစ်လှမ်းချင်း ဖြည်းညှင်းစွာ လျှောက်လှမ်းသွားနေပြီး သူ၏ ခြေလှမ်းများသည် လေးလံလှကာ ကျယ်ပြောလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် တစ်ကိုယ်လုံးရှိ ပင်လယ်ကျွန်းကြီးတစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ရှိနေပေသည်။
ထိုသို့ လျှောက်လှမ်းနေစဉ်မှာပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ မှောက်လျက် တိုက်ရိုက် လဲပြိုသွားတော့၏။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် သုံးခွလှံအတွင်းသို့ လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားပြီး ကောင်းကင်ယံသည်လည်း ပြန်လည်ကြည်လင်သွားတော့သည်၊၊
သို့သော် ရှောင်မိသားစု ပင်လယ်ကျွန်းပေါ်တွင်မူ ထူထပ်လှသော သွေးညှီနံ့များသာ ပျံ့နှံ့လျက် ကျန်ရှိနေခဲ့ပေသည်။
ရှောင်ဟန်ချိုးသည် မိမိ၏ ဒဏ်ရာများကို အလွယ်တကူ သာမန်မျှသာ စည်းနှောင်လိုက်ပြီး ချင်ယွမ်ဖုန်း ယခင်က သူမအတွက် ဖော်စပ်ပေးခဲ့သော ဆေးလုံးကို သောက်သုံးကာ ချင်ယွမ်ဖုန်းရှိရာဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ၏ ထွက်သက်ဝင်သက်မှာ အားနည်းလွန်းလှသဖြင့် အချိန်မရွေး သေဆုံးသွားနိုင်သည့်အလား ဖြစ်နေပေသည်။
"ချင်ယွမ်ဖုန်း... နင် အသက်ရှင်သေးရဲ့လား"
ရှောင်ဟန်ချိုးသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ချင်ယွမ်ဖုန်းအား အသာအယာ လှုပ်နှိုးလိုက်သော်လည်း သူသည် မည်သည့် တုံ့ပြန်မှုကိုမျှ မပြသခဲ့ချေ။
"မသေပါနဲ့၊ ငါ နင့်ကို တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး မသေပါနဲ့"
ရှောင်ဟန်ချိုးသည် ကြီးစွာသော အားစိုက်မှုဖြင့် ချင်ယွမ်ဖုန်းကို သူမ၏ ပခုံးပေါ်သို့ ထမ်းတင်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထူးဆန်းပြီး ရက်စက်လှသော သုံးခွလှံလက်နက်ဆိုးကြီးကို နောက်လှည့်ကြည့်ကာ ထို့နောက်တွင်မူ သူမသည် နောက်သို့ ပြန်လည်မကြည့်တော့ဘဲ ချင်ယွမ်ဖုန်းကို ပွေ့ချီလျက် ယခုတိုင် ပျက်စီးခြင်းမရှိသေးသော အခန်းတစ်ခုဆီသို့ ဦးတည်၍ လျှောက်လှမ်းခေါ်ဆောင်သွားခဲ့တော့သည်။