← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အခန်း (၄၀၉) ကုန်းပတ် သင်္ဘောကြီး

ချင်ယွမ်ဖုန်းနှင့် လီဟုန်းတို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် နေရာတစ်ဝိုက်ရှိ အဆောက်အအုံအားလုံးမှာ ပြိုပျက်ကာ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ရှောင်ဟန်ချိုးသည် အတန်ငယ်လှမ်းသော နေရာ၌သာ အတော်အတန် မပျက်မစီးဘဲ ကျန်ရစ်သော အခန်းတစ်ခန်းကို ရှာဖွေတွေ့ရှိခဲ့ရလေသည်။

ယင်းက ချင်ယွမ်ဖုန်းကို ကုတင်ထက်သို့ ညင်သာစွာ ပွေ့ချီတင်ပေးလိုက်ပြီးနောက် ဒဏ်ရာများကို စစ်ဆေးကြည့်ရာတွင် လွန်စွာထိတ်လန့်တုန်လှုပ်သွားရချေသည်။

ချင်ယွမ်ဖုန်း ရရှိထားသော ဒဏ်ရာများမှာ ၎င်းတစ်သက်တွင် မြင်ဖူးသမျှ၌ အပြင်းထန်ဆုံးဖြစ်နေပြီး မည်သည့်နေရာမှ စတင်၍ ကုသပေးရမည်ကိုပင် မဝေခွဲနိုင်အောင် ဖြစ်ရပေသည်။

အတန်ကြာမှသာ ရှောင်ဟန်ချိုးသည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ချင်ယွမ်ဖုန်း၏ ဒဏ်ရာများကို ဆေးကြောသန့်စင်ပေးခြင်းနှင့် ခန္ဓာကိုယ်အတွင်း သောင်းကျန်းနေသော ကိုယ်တွင်းစွမ်းအင်များကို ပြန်လည်ငြိမ်သက်သွားအောင် စတင်လုပ်ဆောင်ပေးလေသည်။

ထိုမှတစ်ပါး ရှောင်ဟန်ချိုးအနေဖြင့် အခြားတတ်နိုင်သည်က မရှိတော့ပြီ ဖြစ်တန်ရာသည်။

ချင်ယွမ်ဖုန်း သတိပြန်လည်လာချိန်တွင်မူ နောက်တစ်နေ့ ညနေစောင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်ချေသည်။

ရှောင်ဟန်ချိုးကို မြင်လိုက်ရသည့် ခဏတွင် ချင်ယွမ်ဖုန်းက အားနည်းစွာ ပြုံးလိုက်ရင်း “ကံကောင်းလို့ပေါ့၊ ဒီတစ်ခေါက်လည်း ငါမသေဘဲ အသက်ရှင်သေးတယ်” ဟု ဆို၏။

“ဘာကံကောင်းတာလဲ၊ ငါတို့တွေ သေမင်းနဲ့ တစ်ကိုယ်စာပဲ လွဲခဲ့တာ” ရှောင်ဟန်ချိုးက ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေးဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

ယင်းက မိမိဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်ဘဲ တစ်နေ့လုံး တစ်ညလုံး ချင်ယွမ်ဖုန်းကို ပြုစုစောင့်ရှောက်ပေးခဲ့ရသဖြင့် အနားယူရန် အချိန်မရှိခဲ့ပေ။

ချင်ယွမ်ဖုန်းသည် ပြုံးလိုက်မိချေသည်။ မျက်စိဖွင့်ကြည့်လိုက်သည်နှင့် ရှောင်ဟန်ချိုးကို မြင်ရသဖြင့် မိမိအသိဉာဏ်ကင်းမဲ့စွာ ရူးသွပ်နေစဉ်အတွင်း လီဟုန်းကို သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။

သွေးပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုခဲ့မိသည်မှာလည်း ကံကောင်း၍သာ ဖြစ်ချေသည်။ လျှို့ဝှက်ပညာရပ်၏ သက်တမ်းကုန်ဆုံးသွားသည်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ ချက်ချင်းသက်ရောက်လာကာ ချင်ယွမ်ဖုန်း သတိလစ်လဲကျသွားခဲ့ရသည်။

သို့မဟုတ်ပါက ထိုသုံးခွလှံကို အချိန်အကြာကြီး ဆက်လက်အသုံးပြုနေမိပါက အသိဉာဏ်ပြန်လည်ရရှိနိုင်ပါ့မလားဟူ၍ ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် မရေရာခဲ့ပေ။

“ဘာပဲဖြစ်ဖြစ် ကံကောင်းတာကတော့ အမှန်ပဲပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။

ရှောင်ဟန်ချိုးက တစ်စုံတစ်ခုကို ဆက်ပြောရန် ကြံစည်သော်လည်း မျက်စိရှေ့တွင် မှောင်မိုက်သွားကာ ချက်ချင်းပင် သတိလစ်လဲကျသွားခဲ့ရလေသည်။

ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိချေသည်။ ပထမဆုံး မိမိ သတိလစ်သွားခဲ့ပြီး ယခုမူ ရှောင်ဟန်ချိုး အလှည့် ရောက်လာပြန်ပြီ ဖြစ်သည်။

၎င်းက မိမိ၏ ဒဏ်ရာများကို စစ်ဆေးကြည့်ရာ သွေးကြော အများစုမှာ ပြတ်တောက်နေပြီး အရိုးအများစုလည်း ကျိုးပဲ့နေကာ ကိုယ်တွင်းစွမ်းအင်များမှာလည်း ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ သောင်းကျန်းနေသည်ကို တွေ့ရသဖြင့် အခြေအနေမှာ အဆိုးရွားဆုံးသို့ ရောက်ရှိနေချေပြီ။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချင်ယွမ်ဖုန်း မထွက်ခွာမီက မြေနက်မြေထဲမှ နတ်သက်ကြွေဆေးမြက်၏ အရွက်သုံးရွက်ကို ခူးဆွတ်လာခဲ့မိသည်။ ၎င်းက အရွက်တစ်ရွက်ကို ထုတ်ယူကာ ချက်ချင်းပင် ဝါးမြိုလိုက်ချေသည်။

နတ်သက်ကြွေဆေးမြက်၏ ဆေးစွမ်းများမှာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်စီးဆင်းသွားပြီး ထိခိုက်ဒဏ်ရာရရှိထားသော နေရာများကို တဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်ပေးကာ ကျိုးပဲ့နေသော အရိုးများကိုလည်း လျင်မြန်စွာ ပြန်လည်ကြီးထွားလာစေသည်။

သို့သော်လည်း ပြတ်တောက်သွားသော သွေးကြောများကိုမူ ချင်ယွမ်ဖုန်းအနေဖြင့် တစ်စစီ ပြန်လည်ဆက်ပေးရန် လိုအပ်ပေသည်။

ယင်းကို အလျင်စလို လုပ်ဆောင်၍မရဘဲ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် လျှို့ဝှက်ဆိုးကျိုးများ ကျန်ရစ်ခဲ့ပြီး မိမိ၏ ကျင့်ကြံခြင်း လမ်းစဉ်ကို ထိခိုက်နှောင့်နှေးစေနိုင်ချေသည်။

ချင်ယွမ်ဖုန်းသည် ရှောင်ဟန်ချိုး၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ စစ်ဆေးကြည့်ရာ ယင်း၏ ဒဏ်ရာများမှာလည်း လွန်စွာပြင်းထန်နေပြီး ပုခုံးနှစ်ဖက်လုံးတွင် ကြေကွဲဖွယ်ရာ ဒဏ်ရာကြီးနှစ်ခု ရှိနေသည်ကို တွေ့ရသည်။

ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် တွန့်တိုမနေတော့ဘဲ နတ်သက်ကြွေဆေးမြက် အရွက်တစ်ရွက်ကို ထုတ်ယူကာ ရှောင်ဟန်ချိုးကို တိုက်ကျွေးလိုက်လေသည်။

နတ်သက်ကြွေဆေးမြက်၏ ထူးကဲလှသော ဆေးစွမ်းများက ရှောင်ဟန်ချိုး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဖြည်းညှင်းစွာ ကုသပေးသွားပြီး ကျိုးပဲ့နေသော အရိုးများကိုပင် တဖြည်းဖြည်းချင်း ပြန်လည်ဆက်စပ် ကြီးထွားလာစေသည်။

ပြည့်လျှံနေသော ဆေးစွမ်းများက ယင်း၏ ပင်ပန်းနွမ်းနယ်မှုများကိုလည်း ပယ်ဖျောက်ပေးလိုက်ချေသည်။

ဤအချိန်တွင် ရှောင်ဟန်ချိုးသည် သတိလည်မလာသေးဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်းသာ ဖြစ်သည်။

“အင်း၊ သုံးရက်တောင် ကြန့်ကြာသွားလိမ့်မယ်လို့ မထင်ထားမိဘူး၊ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို အမှီသွားနိုင်ပါ့ဦးမလား မသိဘူး” ချင်ယွမ်ဖုန်းက စိုးရိမ်စိတ်ဖြင့် တွေးတောနေမိသည်။

သို့သော်လည်း အချိန်မီ မရောက်ရှိနိုင်လျှင်ပင် ချင်ယွမ်ဖုန်းအနေဖြင့် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ မဖြစ်မနေ သွားရောက်ရမည်ဖြစ်ရာ ၎င်းက ဒဏ်ရာများကို အလျင်အမြန် ကုသရင်း တစ်ပြိုင်နက်တည်းမှာပင် ဆေးလုံးနှစ်သုတ်ကို ဖော်စပ်လိုက်လေသည်။

မှောင်ရီပျိုးစအချိန်သို့ ရောက်သောအခါ ရှောင်ဟန်ချိုးသည် တဖြည်းဖြည်း သတိလည်လာပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသည်။

“နိုးလာပြီလား၊ ငါ နှုတ်ဆက်ရတော့မယ်၊ ခရီးဆက်ရဦးမှာမို့လို့” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။

ရှောင်ဟန်ချိုးသည် ထရပ်လိုက်ပြီး ချက်ချင်းပင် မှင်တက်သွားရသည်။ ယင်းက မိမိခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ရာ ဒဏ်ရာအားလုံး ပျောက်ကင်းသွားပြီး ကျိုးပဲ့နေသော အရိုးများပင် လုံးဝပြန်လည်ကောင်းမွန်သွားသည်ကို တွေ့လိုက်ရသဖြင့် ဖြစ်ချေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ” ရှောင်ဟန်ချိုး၏ မျက်လုံးများ အံ့အားသင့်စွာ ကျယ်သွားရသည်။

“ငါနဲ့ဆိုရင် ဖြစ်နိုင်တာချည်းပဲ” ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုး၏ နဖူးကို ခေါက်လိုက်ရင်း “မင်း ရှေ့လျှောက် ဘာလုပ်ဖို့ စိတ်ကူးရှိလဲ” ဟု မေးလိုက်သည်။

ရှောင်ဟန်ချိုးက ခေါင်းခါပြကာ “ငါလည်း မသိသေးဘူး၊ အရင်ဆုံး ငါရဲ့ မိသားစုဝင်တွေကို သင်္ဂြိုဟ်ပေးချင်တယ်” ဟု ဆို၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ဟန်ချိုးနှင့်အတူ ရှောင်မိသားစုဝင် အားလုံး၏ အရိုးပြာများကို မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်လေသည်။

ရှောင်ဟန်ချိုးသည် စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ချပစ်လိုက်နိုင်သကဲ့သို့ ရှိရာ အနည်းငယ် ပိုမိုလန်းဆန်း တက်ကြွလာဟန် ရှိချေသည်။

“အခုပဲ ထွက်တော့မှာလား” ရှောင်ဟန်ချိုးက မေး၏။

ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ သုံးရက်တောင် နောက်ကျနေပြီ၊ အခုမှ မထွက်ရင် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို လွဲချော်သွားလိမ့်မယ်” ဟု ဆိုသည်။

“ဒါပေမဲ့ နင်ရဲ့ ဒဏ်ရာတွေက မပျောက်သေးဘူးလေ”

ချင်ယွမ်ဖုန်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသေးသဖြင့် ရှောင်ဟန်ချိုးက အတန်ငယ် စိုးရိမ်နေမိခြင်း ဖြစ်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းကမူ လုံးဝ ဂရုမစိုက်ဘဲ “စိတ်ပူမနေပါနဲ့၊ ငါ ဘာမှမဖြစ်ပါဘူး” ဟု ဆို၏။

ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်းကို ကမ်းစပ်အထိ လိုက်လံပို့ဆောင်ပေးပြီးနောက် အတန်ကြာအောင် တွန့်ဆုတ်နေပြီးမှ မိမိစိတ်ထဲရှိ စကားကို နောက်ဆုံးတွင် ဖွင့်ဟပြောကြားလိုက်လေသည်။

“ချင်ယွမ်ဖုန်း၊ တကယ်တော့ ငါ့ကိုကူညီပြီး ကလဲ့စားချေပေးဖို့ သက်သက်မဲ့ ဆွပေးခဲ့တာပါ၊ နင်ရဲ့ အချိန်တွေကို နှောင့်နှေးအောင် လုပ်ခဲ့သလို နင်ရဲ့ အသက်ကိုလည်း အန္တရာယ်ဖြစ်စေခဲ့တယ်၊ အပြစ်တင်ချင်တယ်ဆိုရင် ငါ့ပဲ အပြစ်တင်ပါ” ရှောင်ဟန်ချိုးက ဆို၏။

ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုးကို ကြည့်ကာ အော်ဟစ်ရယ်မောလိုက်ရင်း “ဟားဟားဟား၊ မင်းရဲ့ လှည့်ကွက်လေးတွေကို ငါက မသိဘဲ နေမလား၊ ဒါပေမဲ့ ငါ့အတွက်ကတော့ မိတ်ဆွေကို ကူညီတာဟာ တာဝန်တစ်ခုပဲလေ” ဟု ဆိုလိုက်သည်။

ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်းကို ကြည့်လျက် ရင်ထဲ၌ ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်လျှံသွားကာ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာရချေသည်။

“ကဲပါ၊ ကဲပါ၊ ငါ သွားတော့မယ်၊ မင်းက ငါ့ရှေ့မှာ ငိုပြနေရင် မကောင်းပါဘူး” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။

သို့သော်လည်း ရှောင်ဟန်ချိုးက ခေါင်းခါပြကာ “ငါဆုံးဖြတ်ပြီးပြီ၊ နင့်နောက်ကို လိုက်ခဲ့မယ်၊ ငါ့အတွက် ကလဲ့စားချေပေးခဲ့တာပဲ၊ ဒီခရီးမှာ နင့်ကို ပြုစုစောင့်ရှောက်ခွင့်ပေးပါ” ဟု ပြောလိုက်သည်။

ချင်ယွမ်ဖုန်း အနည်းငယ် အံ့အားသင့်သွားရပြီး “မလိုပါဘူး၊ ငါ့ကို ပြုစုစောင့်ရှောက်ဖို့ မလိုပါဘူး” ဟု ဆို၏။

“လိုတာပေါ့” ရှောင်ဟန်ချိုးက ပြုံးလိုက်ရင်း “စိတ်ချပါ၊ ဒီတစ်ခေါက်တော့ ငါနင့်စကားကို နားထောင်ပြီး ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို လိုက်ခဲ့ပါ့မယ်၊ ငါ့ကို လက်ခံပေးမယ့်သူ ရှိမလားလို့ သွားကြည့်ရမယ်၊ ဘာပဲဖြစ်ဖြစ် အခု ငါမှာ ခိုလှုံရာ အိမ်မရှိတော့ဘူးလေ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း အတန်ကြာ တွေးတောလိုက်ပြီးနောက် ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်လေသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် ဝိညာဉ်လှေငယ်ထက်သို့ တက်ရောက်ကာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ရှိရာသို့ အလျင်အမြန် မောင်းနှင်သွားကြတော့သည်။

ဤတစ်ကြိမ်တွင်မူ နေ့ညမရွေး ချင်ယွမ်ဖုန်း လုံးဝ မနားခွဲခဲ့ပေ။ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို အမှီလိုက်နိုင်ရန်အတွက် ချင်ယွမ်ဖုန်းသည် အစွမ်းကုန် အားထုတ်မောင်းနှင်ခဲ့ချေသည်။

ယခုတစ်ကြိမ် သွေးပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုခဲ့ခြင်းကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် အသက်အန္တရာယ် မကြုံတွေ့ခဲ့ရသည့်အပြင် မိမိ၏ မူလကျင့်စဉ်အဆင့်ပင် ထိခိုက်ပျက်စီးခြင်း မရှိခဲ့သဖြင့် မိမိကိုယ်ကို လွန်စွာကံကောင်းလှသည်ဟု အဖန်ဖန် တွေးတောနေမိလေသည်။

သုံးရက်လွန်မြောက်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုးတို့သည် အလွန်ကြီးမားသော ဝိညာဉ်လှေငယ်ကြီးတစ်ခုနှင့် ဆုံတွေ့ခဲ့ရလေသည်။

ထိုဝိညာဉ်လှေငယ်ကြီးမှာ သင်္ဘောကြီးတစ်စင်းကဲ့သို့ ဖြစ်နေချေသည်။

ယင်းက ရွေ့လျားသွားသောအခါ အရှိန်အဟုန်မှာ မီးလျှံများဖြင့် အရှိန်မြှင့်ထားသော ချင်ယွမ်ဖုန်း၏ ဝိညာဉ်လှေငယ်ထက်ပင် မနိမ့်ကျလှသဖြင့် ချင်ယွမ်ဖုန်းကို လွန်စွာ အံ့အားသင့်သွားစေသည်။

ချင်ယွမ်ဖုန်း ကိုယ်တိုင် ပြုပြင်မွမ်းမံထားသော ဝိညာဉ်လှေငယ်၏ အရှိန်မှာ အခြားသော ဝိညာဉ်လှေငယ်အားလုံးထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေသည်ကို သိထားရပေမည်။

ထိုသင်္ဘောကြီးပေါ်ရှိ လူများသည်လည်း ချင်ယွမ်ဖုန်းကို သတိပြုမိကြသည်မှာ ထင်ရှားပြီး ၎င်း၏ မီးလျှံများ မှုတ်ထုတ်နေသော ဝိညာဉ်လှေငယ်ကို လွန်စွာ စိတ်ဝင်စားနေကြချေသည်။

ဆက်သွယ်ပြောဆိုကြပြီးနောက် ချင်ယွမ်ဖုန်းသည် တစ်ဦးလျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာစီ ပေးချေကာ ထိုသင်္ဘောကြီးပေါ်သို့ တက်ရောက်ခွင့် ရရှိခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်” ချင်ယွမ်ဖုန်းသည် သင်္ဘောပေါ်သို့ ရောက်ရှိပြီးနောက် သင်္ဘော၏ တာဝန်ခံအား လက်အုပ်ချီ၍ နှုတ်ဆက်စကား ဆိုလိုက်သည်။

ထိုသင်္ဘောကြီး၏ တာဝန်ခံမှာ ဝဖြိုးဖြိုးနှင့် သဘောကောင်းမည့်ဟန် ရှိသော အလယ်အလတ်အရွယ် လူကြီးတစ်ဦး ဖြစ်ပြီး “ဟားဟား၊ ညီလေးရာ၊ အားနာမနေပါနဲ့၊ ဆုံတွေ့ရတာဟာ ရေစက်ပဲ၊ မင်းတို့က ခရီးခလည်း ပေးထားတာပဲဥစ္စာ” ဟု ရယ်မောကာ ပြန်လည်ပြောကြားလိုက်လေသည်။

အခန်း (၄၁၀) သမားတော်

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း “အစ်ကိုကြီးကို တို့ ဘယ်လိုခေါ်ရမလဲ” ဟု မေးလိုက်၏။

“ငါက တုန်ချွမ် ပါ၊ ဒီပင်လယ်ပြင်ကျယ်ကြီးမှာ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်နေတာပေါ့” ထိုတာဝန်ခံက ပြုံးလျက် ဆိုချေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ “ကျွန်တော်က ချင်ယွမ်ဖုန်း ပါ” ဟု မိတ်ဆက်လိုက်သည်။

“ချင်ယွမ်ဖုန်း ဟုတ်လား” တုန်ချွမ်သည် သိသိသာသာပင် အံ့အားသင့်သွားပြီး “မင်းက လောလောဆယ် ဒီတိုက်ကြီးပေါ်မှာ ဟိုးဟိုးကျော်နေတဲ့ ချင်ယွမ်ဖုန်းလား” ဟု မေး၏။

“ကျွန်တော် မှားမနေဘူးဆိုရင်တော့ အဲဒါ ကျွန်တော်ပဲ ဖြစ်လိမ့်မယ် ထင်တယ်” ချင်ယွမ်ဖုန်းက အနည်းငယ် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဆိုလိုက်သည်။

“အို... ဒါဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲလား၊ ဂုဏ်ယူစရာပါပဲ၊ ညီလေးချင်က တကယ့်ကို လူငယ်သူရဲကောင်းပဲ၊ တကယ့်ကို အားကျစရာကောင်းပါပေ့” တုန်ချွမ်က ပြုံးရွှင်စွာဖြင့် ချီးကျူးစကား ဆိုချေသည်။

ချင်ယွမ်ဖုန်းက နှိမ့်ချစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရင်း “ဒါနဲ့ အစ်ကိုကြီးတုန်၊ ဒီသင်္ဘောက ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို ဦးတည်မောင်းနေတာလား” ဟု မေးမြန်းလိုက်၏။

“ဟုတ်တာပေါ့၊ ဒီသင်္ဘောပေါ်မှာ ပါလာတဲ့သူတွေ အားလုံးက ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို ကြည့်ရှုဖို့ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို သွားကြမယ့်သူတွေချည်းပဲ၊ ပြီးတော့ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲ ကျင်းပနေတဲ့ အချိန်အတွင်းမှာ ဆေးဖော်စပ်သူများအသင်းက ရောင်းချတဲ့ ဆေးလုံးတွေက ပုံမှန်ထက် အများကြီး ပိုသက်သာတတ်တာမို့လို့ လူအတော်များများက ဆေးလုံးတွေ လုဝယ်ဖို့ သွားကြတာပေါ့” တုန်ချွမ်က ပြုံးလျက် ရှင်းပြလေသည်။

“ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ၊ ကျွန်တော်ဖြင့် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို မမှီတော့ဘူးလို့ ထင်နေတာ” ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း စိတ်အေးသွားရချေသည်။

“ဟားဟား၊ စိတ်ချပါ ညီလေးချင်ရာ၊ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲ မစတင်ခင်မှာ မင်းကို အရောက်ပို့ပေးမယ်လို့ ငါ အာမခံပါတယ်” တုန်ချွမ်က ရယ်မောကာ ပြောဆို၏။

အတန်ကြာ အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက် တုန်ချွမ်သည် ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုးတို့အတွက် အခန်းစီစဉ်ပေးလေသည်။ သို့သော်လည်း ထိုသင်္ဘောကြီးပေါ်တွင် အခန်းတစ်ခန်းသာ ကျန်ရှိတော့ချေသည်။

၎င်းတို့က လမ်းခုလတ်မှ ဖြတ်တက်လာကြသူများ ဖြစ်ပေရာ အခန်းမကျန်တော့ခြင်းမှာ အံ့ဩစရာ မရှိပေ။

“မင်းကို ငါနဲ့ အခန်းတစ်ခန်းတည်း အတူတူ နေခိုင်းမိလို့ အားနာပါတယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။

ရှောင်ဟန်ချိုးက ချင်ယွမ်ဖုန်းကို မျက်စောင်းထိုးလိုက်ရင်း “ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက ပိုတောင် ဝမ်းသာသေးတယ်၊ ဒါနဲ့ စကားမစပ်၊ နင်က ဒီကုန်းတွင်းပိုင်းဒေသမှာ တော်တော်လေး နာမည်ကြီးတာပဲလား” ဟု မေးလိုက်သည်။

“ဒီလိုပါပဲလို့ ပြောရမှာပေါ့” ချင်ယွမ်ဖုန်းက တဟီးဟီး ရယ်မောလိုက်၏။

ရှောင်ဟန်ချိုးက ချင်ယွမ်ဖုန်းကို ဆော့ကစားလိုသော မျက်နှာပေးဖြင့် စိုက်ကြည့်နေပေသည်။

“မင်း ဘာလုပ်ဖို့ စိတ်ကူးနေတာလဲ” ချင်ယွမ်ဖုန်းက လှမ်းမေးလိုက်သည်။

“ငါ တွေးနေတာကလေ... ‘ထမင်းချက်ပြီး’ သွားကြရင် ငါလည်း မင်းရဲ့ အရှိန်အဝါကို မှီခိုပြီး အဆင့်တက်သွားနိုင်မလားလို့” ရှောင်ဟန်ချိုးက စနောက်လိုက်ချေသည်။

“သွားစမ်းပါ၊ သွားစမ်းပါ” ချင်ယွမ်ဖုန်းက လျင်မြန်စွာ လက်ဝှေ့ယမ်းလိုက်၏။ ကလဲ့စားချေပြီးသွားသောအခါ ရှောင်ဟန်ချိုးသည် သိသိသာသာပင် ပိုမိုလန်းဆန်း တက်ကြွလာပြီး အတိတ်၏ အရိပ်မည်းများထဲမှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်တန်ရာသည်။

၎င်းတို့သည် မိမိတို့ အခန်းသို့ ပြန်လာခဲ့ကြသည်။ ချင်ယွမ်ဖုန်း၏ သွေးကြော အများစုမှာ ပြတ်တောက်နေဆဲဖြစ်ပြီး တစ်စစီ ပြန်လည်ဆက်ပေးရန် လိုအပ်နေသေးရာ ယင်းက အချိန်ယူရမည် ဖြစ်ပေသည်။

သုံးရက်တာ ခရီးသွားစဉ်အတွင်း ချင်ယွမ်ဖုန်းအနေဖြင့် မိမိဒဏ်ရာများကို ကုသရန် အချိန်မရခဲ့ပေရာ ယခုအခါ သင်္ဘောကြီးပေါ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဤအခွင့်အရေးကို အရယူကာ ဒဏ်ရာများကို အမြန်ဆုံး ကုသရမည် ဖြစ်ချေသည်။

တစ်ရက်နှင့် တစ်ည လွန်မြောက်ပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်၏။ စိတ်ပိုင်းဆိုင်ရာအရ အလွန်လန်းဆန်းလာသည်ဟု ခံစားရသော်လည်း ပြတ်တောက်နေသော သွေးကြော အများစုမှာမူ ပြန်လည်မဆက်စပ်ရသေးပေ။

“ဟူး... သမားတော် တစ်ယောက်လောက်သာ ရှိရင် သိပ်ကောင်းမှာပဲ” ချင်ယွမ်ဖုန်းက ညည်းတွားလိုက်မိသည်။ သို့သော် နောက်တစ်ခဏတွင် ၎င်း၏ မျက်ဝန်းများ ဝင်းပသွားရချေသည်။

“ဒီသင်္ဘောပေါ်မှာ သမားတော်တစ်ယောက်ယောက် ပါလာနိုင်တာပဲ” ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ထခုန်လိုက်မိသည်။

သင်္ဘောပေါ်တွင် လူတစ်ရာကျော် ပါလာသည်ဖြစ်ရာ သမားတော်တစ်ယောက်တော့ ရှိကောင်းရှိနိုင်ပေသည်။

သမားတော်တစ်ဦးဦးက ချင်ယွမ်ဖုန်း၏ ဒဏ်ရာများကို ကုသပေးမည်ဆိုပါက မိမိဘာသာ ကုသနေခြင်းထက် ပိုမိုမြန်ဆန်မည်မှာ အမှန်ပင် ဖြစ်ပေရာသည်။

သို့သော် ထိုအချိန်တွင် ထိုသင်္ဘောကြီးသည် တစ်စုံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။

ချင်ယွမ်ဖုန်း ထိတ်လန့်သွားပြီး အခန်းထဲမှ အလျင်အမြန် ပြေးထွက်ခဲ့၏။

သင်္ဘောပေါ်ရှိ လူများသည်လည်း သင်္ဘောဦးပိုင်းဆီသို့ အလုအယက် ပြေးသွားကြချေသည်။

သင်္ဘောဦးပိုင်းသို့ ရောက်ရှိသောအခါမှသာ ပင်လယ်သားရဲတစ်ကောင်သည် သင်္ဘောကြီးကို ဝင်တိုက်သွားသဖြင့် သင်္ဘောတွင် အပေါက်တစ်ပေါက် ဖြစ်သွားကြောင်း ချင်ယွမ်ဖုန်း သဘောပေါက်လိုက်ရသည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့၊ ဒါက ကိစ္စအသေးအဖွဲလေးပါ၊ တို့တွေ မကြာခင် ခရီးပြန်ဆက်နိုင်မှာပါ” တုန်ချွမ်က လူအုပ်ကြီး၏ ရှေ့တွင် ရပ်ကာ စိတ်အေးသွားအောင် အာမခံပြောကြားနေပေသည်။

ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တိုးပွားလာရသည်။ လူအုပ်ကြီး လူစုကွဲသွားပြီးနောက် ၎င်းက တုန်ချွမ်၏ အနားသို့ ကပ်သွားလိုက်၏။

“အစ်ကိုကြီးတုန်၊ ငါတို့တွေ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို အမှီသွားနိုင်ပါ့မလား” ချင်ယွမ်ဖုန်းက မေးလိုက်သည်။

တုန်ချွမ်က ခေါင်းညိတ်ပြရင်း “စိတ်ချပါ ညီလေးချင်၊ တို့တွေ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကို အမှီရောက်မယ်လို့ ငါ အာမခံတယ်” ဟု ဆို၏။

“ကောင်းပါပြီ၊ ဒါဆိုရင် အစ်ကိုကြီးတုန်ကိုပဲ အားကိုးရတော့မှာပဲ” ချင်ယွမ်ဖုန်းက ပြောလိုက်ရင်း “ဒါနဲ့ စကားမစပ် အစ်ကိုကြီးတုန်၊ ဒီသင်္ဘောပေါ်မှာ သမားတော်တစ်ယောက်ယောက် ပါလာတာမျိုး ရှိလား သိပါရစေ” ဟု မေးလိုက်သည်။

“သမားတော် ဟုတ်လား၊ ဘာဖြစ်လို့လဲ ညီလေးချင်ရယ်” တုန်ချွမ်က ပြန်မေး၏။

ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ရင်း “အမှန်အတိုင်း ပြောရရင် ကျွန်တော် မကြာခင်ကပဲ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ရလို့ ဒဏ်ရာတွေ ရထားတာ၊ အဲဒါ ဒဏ်ရာတွေကို ကုသဖို့ သမားတော်တစ်ယောက်လောက် ရှာချင်လို့ပါ” ဟု ဆိုသည်။

တုန်ချွမ်က မျက်မှောင်ကြုတ်လိုက်ရင်း “သင်္ဘောပေါ်မှာ သမားတော်တစ်ယောက်တော့ ရှိတာ အမှန်ပဲ၊ ဒါပေမဲ့ သူ့စိတ်က နည်းနည်းခက်တယ်၊ မင်းကို ကုသပေးဖို့ သဘောတူပါ့မလားတော့ ငါ မသေချာဘူး” ဟု ဆိုချေသည်။

“ကျွန်တော့်ကို သူ့ဆီ လိုက်ပို့ပေးပါလား အစ်ကိုကြီးတုန်” ချင်ယွမ်ဖုန်းက ဝမ်းသာအားရ တောင်းဆိုလိုက်၏။

တုန်ချွမ်က ခေါင်းညိတ်ပြီး ချင်ယွမ်ဖုန်းကို ထိုသမားတော် ရှိရာ အခန်းတံခါးဝသို့ ခေါ်ဆောင်သွားလေသည်။

“ဒါ သမားတော်ရဲ့ အခန်းပဲ၊ ငါကတော့ ဒီအထိပဲ ကူညီပေးနိုင်မယ်၊ ကျန်တာကတော့ မင်းကိုယ်တိုင်ပဲ ကြိုးစားကြည့်ရတော့မယ်” တုန်ချွမ်က ဆို၏။

ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြကာ “အစ်ကိုကြီးတုန်ကို ဒုက္ခပေးမိပြီ၊ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

တုန်ချွမ် ထွက်ခွာသွားပြီးနောက် ချင်ယွမ်ဖုန်းသည် အခန်းတံခါးကို ခေါက်လိုက်လေသည်။ အတန်ကြာအောင် ခေါက်ပြီးနောက်တွင် တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့၏။

“ကောင်လေး၊ ငါ့မှာ အေးအေးဆေးဆေးတောင် အိပ်ခွင့်မရဘူး၊ မင်း ဘာကိစ္စရှိလို့လဲ”

တံခါးကို ဖွင့်လိုက်သူမှာ မုတ်ဆိတ်ဖြူရောင်များနှင့် နတ်ဒေဝါကဲ့သို့ အသွင်အပြင်ရှိသော်လည်း

စကားပြောဆိုရာတွင်မူ အတန်ငယ် ရိုင်းစိုင်းလှသော အဘိုးအိုတစ်ဦး ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် အကူအညီတောင်းခံရမည့်သူ ဖြစ်ပေရာ လျင်မြန်စွာ လက်အုပ်ချီ၍ ရိုသေပြလိုက်ရင်း “စီနီယာ၊ ကျွန်တော်က ချင်ယွမ်ဖုန်းပါ၊ ဒဏ်ရာအချို့ ရထားလို့ စီနီယာဆီမှာ ကုသမှု ခံယူချင်လို့ပါ” ဟု ဆိုလိုက်သည်။

ထိုအဘိုးအိုသည် ချင်ယွမ်ဖုန်းကို နှစ်ချက်မျှ စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ “မကုဘူး၊ မကုဘူး၊ သွေးကြောတွေ ဒီလောက်တောင် ပြတ်တောက်နေတာကို၊ မင်းဘာသာမင်း ဖြည်းဖြည်းချင်း ပြန်ဆက်လိုက်တော့၊ ငါ့အချိန်တွေကို အကုန်မခံနိုင်ဘူး” ဟု အပြတ်ငြင်းဆိုလိုက်ချေသည်။

ချင်ယွမ်ဖုန်း လွန်စွာ အံ့အားသင့်သွားရသည်။ မိမိကို ကြည့်လိုက်ရုံမျှဖြင့် မိမိ၏ သွေးကြောများ ပြတ်တောက်နေသည်ကို ထိုအဘိုးအိုက သိရှိသွားပေရာ ယင်းသည် တကယ့်ကို ထူးချွန်ပြောင်မြောက်လှသော သမားတော်တစ်ဦး ဖြစ်သည်မှာ အမှန်ပင် ဖြစ်ပေသည်။

သို့သော်လည်း ထိုအဘိုးအိုက ချင်ယွမ်ဖုန်းကို ကုသပေးရန် လုံးဝဆန္ဒမရှိဘဲ တံခါးကို ပိတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်း လျင်မြန်စွာ ရှေ့သို့ တိုးလိုက်ရင်း “စီနီယာသာ ကုသပေးမယ်ဆိုရင် စီနီယာ အလိုရှိသလောက် ဈေးနှုန်းကို တောင်းဆိုနိုင်ပါတယ်” ဟု ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအိုသည် တံခါးကို တဖြည်းဖြည်း ပြန်ဖွင့်လိုက်လေသည်။

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်” အဘိုးအိုက အေးစက်တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ အံ့ဩလွန်းသဖြင့် ကျယ်သွားရချေသည်။ “ဒါက ဓားပြတိုက်တာထက် ပိုဆိုးနေတာကို...”

“ဒါဆိုလည်း မကုဘူး” အဘိုးအိုက တံခါးကို ပြန်ပိတ်ရန် ပြင်ဆင်ပြန်ရာ ချင်ယွမ်ဖုန်းက လျင်မြန်စွာ ရှေ့သို့တိုး၍ တံခါးကို တားဆီးလိုက်ရသည်။

“ကဲ... တစ်ထောင်ဆိုလည်း တစ်ထောင်ပေါ့” ချင်ယွမ်ဖုန်း သက်ပြင်းချကာ သဘောတူလိုက်ရချေသည်။

အကယ်၍ ထိုပြတ်တောက်နေသော သွေးကြောများကို မိမိဘာသာ ပြန်လည်ဆက်စပ်နေမည်ဆိုပါက ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ ရောက်ရှိသည်အထိပင် ပြီးစီးနိုင်မည်မဟုတ်ပေရာ ယင်းသည် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကို ဧကန်မုချ ထိခိုက်စေမည် ဖြစ်ပေသည်။

သို့သော် ၎င်းအနေဖြင့် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲတွင် မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေပေရာ သို့မဟုတ်ပါက အဆင့်ရှစ် သမားတော်တစ်ဦးကို မည်သို့လျှင် ကူညီပေးရန် စည်းရုံးနိုင်ပါတော့မည်နည်း။

ထို့ကြောင့် ငွေကြေးအမြောက်အမြား ဆုံးရှုံးရမည် ဖြစ်သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် စိတ်မကောင်းစွာဖြင့်ပင် သဘောတူလိုက်ရခြင်း ဖြစ်ပေသည်။

အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်းကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်လေသည်။

“ထိုင်ပါဦး၊ ဩော်... ပြီးတော့ အရင်ဆုံး ငွေချေရမယ်နော်” အဘိုးအိုက ပြုံးလျက် ဆို၏။

ချင်ယွမ်ဖုန်းသည် မိမိ၏ သိုလှောင်လက်စွပ် ထဲမှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ထုတ်ယူကာ ရင်ထဲ၌ နှမြောတသစွာဖြင့် အဘိုးအိုထံသို့ ကမ်းပေးလိုက်ရပေသည်။

ကံကောင်းထောက်မစွာဖြင့် ပင်လယ်ပြင်၏ ထိုက်ပေါင် ဆယ့်သုံးယောက် ဓားပြများကို နှိမ်နင်းစဉ်က ချင်ယွမ်ဖုန်းသည် ငွေကြေးအမြောက်အမြား ရရှိခဲ့သဖြင့် ယခုအခါ ၎င်း၌ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းကျော် ရှိနေခြင်း ဖြစ်ချေသည်။

အဘိုးအိုက ပြုံးရွှင်စွာဖြင့် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး ချင်ယွမ်ဖုန်းကို ကြမ်းပြင်ထက်တွင် ထိုင်ခိုင်းလိုက်လေသည်။

“မင်းရဲ့ ဒဏ်ရာတွေက တော်တော်လေး ပြင်းထန်တာပဲ၊ ဒါတွေက ဘယ်လိုဖြစ်ပြီး ရလာတာလဲ” အဘိုးအိုက ချင်ယွမ်ဖုန်း၏ ဒဏ်ရာများကို စတင်ကုသပေးရင်း ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်လေသည်။

All Chapters