အခန်း (၃၆၄)
Vol. 32 Ch. 364
အပိုင်း (၃၆၄) - ချင်းယီနတ်သမီး၏ ကလဲ့စားချေမှု - ၂
လျိုဟုန်၏ ဦးဆောင်မှုဖြင့် ထိုအဖွဲ့သည် ရွာအတွင်းသို့ လျှောက်ဝင်သွားကြလေသည်။
သိပ်မကြာမီမှာပင်...
သူတို့သည် ခြံစည်းရိုး ခတ်ထားသော ဝင်းငယ်တစ်ခုအတွင်းသို့ ရောက်ရှိလာကြ၏။
အတွင်းသို့ ဝင်လိုက်သောအခါ၊ ကလေး နှစ်ဦးနှင့်အတူ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရွှံ့ပုတ်တမ်း ကစားနေသော အရပ်ရှည်ရှည် လူငယ် နှစ်ဦးကို တွေ့လိုက်ရရာ၊ ၎င်းတို့၏ အသွင်အပြင်နှင့် လုပ်ရပ်မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ကလေးငယ်များမှာ အသက် ခြောက်နှစ် ခုနစ်နှစ်ခန့်သာ ရှိပုံရသော်လည်း၊ လူငယ် နှစ်ဦးမှာမူ တစ်ဦးက အသက် ၁၇၊ ၁၈ ခန့် ဖြစ်ပြီး၊ အခြား တစ်ဦးမှာမူ အသက် ၃၀ ခန့် ရှိပုံရလေသည်။
"ဒါက တကယ့် ဝမ်းနည်းစရာ ကိစ္စပါပဲ..."
လျိုဟုန်က ထိုလူငယ် နှစ်ဦးကို လက်ညှိုးထိုးပြရင်း ဆိုသည်
"မြေကြီးပေါ်မှာ ထိုင်နေတဲ့ တစ်ယောက်က ရွာသူကြီးဟောင်းရဲ့ သားပါ... သူက အရက်မူးပြီး ချင်းယီ ဘုရားကျောင်းက ချင်းယီ နတ်သမီး ရုပ်တုကို သွားရောက် ရိုက်ခွဲခဲ့လို့၊ ကျွန်တော်တို့ ရွာအတွက် သည်လို ဘေးဒုက္ခတွေ ဖြစ်လာရတာပေါ့... သူ့အဖေကလည်း အပြစ်မကင်းသလို ခံစားရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် “
“ကလေးကလည်း သူလုပ်ခဲ့တဲ့ အပြစ်အတွက် ဝဋ်လည်ပြီး ဉာဏ်ရည်မပြည့်မီတဲ့သူ ဖြစ်သွားခဲ့ရတာပေါ့... ကျွန်တော်က ရွာသူကြီးသစ် အနေနဲ့ သူ့ကို ကြည့်မနေနိုင်လို့ အိမ်ကို ခေါ်လာပြီး ကျွေးမွေးထားတာပါ..."
ထိုသို့ ပြောရင်း လျိုဟုန်က အသက်ကြီးသော လူငယ်ကို လက်ညှိုးထိုးပြကာ ဆက်ပြောသည်
"နောက်တစ်ယောက်ကတော့ ကျွန်တော့်ရဲ့ သားပေါ့... အခုဆို သူ့ရဲ့ စိတ်က သုံးနှစ် လေးနှစ် အရွယ်လောက်ပဲ ရှိတော့တာ၊ ကျွန်တော့် မြေးနှစ်ယောက်ထက်တောင် ပိုပြီး ကလေးဆန်နေသေးတယ်"
ချီထျန်းရှုသည် ကူချူတုန်း လက်ဆွဲလာသော ရှောင်ပိုင်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
‘ ရှောင်ပိုင်လေးရဲ့ လက္ခဏာတွေက ချင်းယီ ရွာ က လူမိုက်တွေရဲ့ လက္ခဏာတွေနဲ့ အရမ်း ဆင်တူနေတာပဲ'
"ညီအစ်ကို..."
ချီထျန်းရှုကချီထျန်းရှုက မေးမြန်းလိုက်သည်
"ကျွန်တော် လာတဲ့ လမ်းမှာ ရွာက လူငယ်တွေနဲ့ သန်မာတဲ့ အမျိုးသား အများစုဟာ 'ဝိညာဉ်လွင့်ပါးခြင်း ဝေဒနာ' ကို ခံစားနေကြရတာကို သတိထားမိတယ်၊ ပြီးတော့ ရွာပြင်က လယ်ယာမြေ အတော်များများကလည်း ပစ်ထားခြင်း ခံနေရတယ်လေ... ဒါပေမဲ့ မင်းတို့ ရွာကတော့ အစားအသောက်၊ အဝတ်အထည် နဲ့ တခြား လိုအပ်တာတွေ လုံးဝ မပြတ်လပ်တဲ့ ပုံစံပဲနော်..."
လျိုဟုန်သည် သက်ပြင်းချလိုက်ရင်း ဆိုသည်...
"အဲဒါကြောင့်လည်း ကျွန်တော်တို့ ရွာက ဝဋ်လည်နေရတာပေါ့... နှစ်ပေါင်းများစွာအတွင်း ကျွန်တော်တို့ ချင်းယီ ရွာ ဟာ ချင်းယီ နတ်သမီး ရဲ့ စောင့်ရှောက်မှုကြောင့် ရာသီဥတု မျှတပြီး နှစ်စဉ်နှစ်တိုင်း ကောက်ပဲသီးနှံတွေ အောင်မြင်ခဲ့တာလေ... လွန်ခဲ့တဲ့ နှစ်နှစ်က အစာခေါင်းပါးမှု ဖြစ်လို့ ပတ်ဝန်းကျင်က ရွာသားတွေ ငတ်သေနေကြတဲ့ အချိန်မှာတောင်၊ ကျွန်တော်တို့ ရွာကတော့ စုဆောင်းထားတဲ့ ဆန်စပါးတွေ အများကြီး ရှိနေလို့ တစ်ယောက်မှ ငတ်မသေခဲ့ဘူး...”
“ အခုထိလည်း အိမ်တိုင်းမှာ ပိုလျှံနေတဲ့ ဆန်စပါးတွေ ရှိနေတုန်းပဲ... ကျွန်တော်တို့တွေ ချွေတာပြီး သုံးစွဲကြမယ်ဆိုရင် နောက်ထပ် ငါးနှစ် ခြောက်နှစ်လောက် စိုက်ပျိုးရေး မလုပ်နိုင်ရင်တောင် ဘယ်သူမှ ငတ်မသေနိုင်ပါဘူး... ငါးနှစ် ခြောက်နှစ် ကြာရင်တော့ မျိုးဆက်သစ်တွေ ကြီးပြင်းလာမှာဖြစ်သလို၊ လယ်ယာစိုက်ပျိုးဖို့ လူအင်အားလည်း ပြန်ရလာမှာပေါ့..."
"အော်... ဒီလိုလား..."
ချီထျန်းရှုက ထပ်မံ မေးမြန်းလိုက်သည်
" ချင်းယီ နတ်သမီး က ဒီလောက်အထိ စွမ်းအားကြီးနေတာဆိုတော့၊ သူမရဲ့ နောက်ခံက ဘယ်လိုမျိုးလဲ... ကျွန်တော် တစ်ခါမှ မကြားဖူးလို့ပါ..."
လျိုဟုန်က ပြောပြသည်...
"ချင်းယီ နတ်သမီး ဆိုတာ ကျွန်တော်တို့ ချင်းယီ ရွာ ရဲ့ တစ်ဦးတည်းသော စောင့်ရှောက်သူ နတ်ဘုရားပါပဲ... အဲဒါက လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော်က ဖြစ်ရပ်တစ်ခုပေါ့... အဲဒီတုန်းက ကျွန်တော်တို့ ချင်းယီ ရွာ က ချင်းယီ ရွာ လို့ မခေါ်သေးဘူး၊ တုန်းယန် ရွာ လို့ပဲ ခေါ်တာလေ..."
"တစ်နှစ်မှာတော့ ကူးစက်ရောဂါ တစ်ခု ဖြစ်ပွားပြီး ရွာသား အားလုံး နီးပါး သေဆုံးတော့မယ့် အခြေအနေ ရောက်ခဲ့ဖူးတယ်... အဲဒီအချိန်မှာ ချင်းယီ လို့ အမည်ရတဲ့ အမျိုးသမီး ဆရာဝန် တစ်ယောက်ဒီကို ဖြတ်သွားခဲ့တာပေါ့... သူမက သနားကြင်နာတတ်တဲ့သူမို့ ကျွန်တော်တို့ ရွာသားတွေ ပျက်စီးသွားမှာကို မကြည့်ရက်တော့ဘဲ ကြားဝင် ကူညီခဲ့ပြီး ကူးစက်ရောဂါကို တိုက်ထုတ်ပေးခဲ့တာပေါ့... ဒါပေမဲ့..."
“ သူမ အဲ့ဒီကိစ္စကြောင့် အလွန် ပင်ပန်းနွမ်းနယ်သွားခဲ့ပြီး၊ သုံးနှစ်အကြာမှာ ကွယ်လွန်သွားခဲ့တယ်”
"အဲဒီနောက်မှာတော့၊ ရွာသားတွေက ကျေးဇူးသိတတ်တဲ့ အနေနဲ့ သူမအတွက် ချင်းယီ (မီးခိုးရောင် ဝတ်စုံ) နဲ့ ဘုရားကျောင်း တစ်ခု တည်ဆောက်ပေးခဲ့ပြီး၊ သူမကို ချင်းယီ နတ်သမီး လို့ ခေါ်ဝေါ် ကိုးကွယ်ခဲ့ကြတာပေါ့... ရွာရဲ့ နာမည်ကိုလည်း ချင်းယီ ရွာ လို့ ပြောင်းလဲလိုက်ကြတယ်”
“ ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော်တို့ ကိုးကွယ်လာခဲ့တာပါ... တိုက်ဆိုင်စွာပဲ အဲဒီ ဆယ်စုနှစ်တွေအတွင်းမှာ ချင်းယီ ရွာ ဟာ ရာသီဥတု မျှတပြီး ကောက်ပဲသီးနှံတွေ အောင်မြင်ခဲ့တာပေါ့... လွန်ခဲ့တဲ့ နှစ်နှစ်က အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ အချိန်အထိပေါ့၊ အဲဒီနောက်မှာတော့ ရွာက ဝဋ်လည်တော့တာပဲ..."
ထိုသို့ ပြောရင်း...
လျိုဟုန်သည် ကူမော့နှင့် သူ၏ အဖွဲ့ကို ဝင်းအတွင်းသို့ ခေါ်ဆောင်သွားလေသည်။ သူသည် ထိုင်ခုံများ ယူလာရန် အလျင်အမြန် အိမ်ထဲသို့ ဝင်သွားပြီး၊ သူ၏ ဇနီးနှင့် ချွေးမတို့အား ဟင်းချက်ရန် လှမ်းအော်ပြောလိုက်လေသည်။
ချီထျန်းရှုက ဆန်းလန်ဓားဂိုဏ်း တပည့်နှစ်ဦးကို ထိုင်ခုံများ ယူရာတွင် ကူညီပေးရန် ညွှန်ကြားလိုက်ပြီးနောက်၊ ကူမော့ကို ကြည့်ကာ မေးမြန်းလိုက်သည်...
"ဆရာကြီး ကူ... တစ်ခုခုများ ထူးခြားတာ သတိထားမိလား..."
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်...
"ရွာက လူတွေက ရှောင်ပိုင်နဲ့ မတူဘူး... ရှောင်ပိုင်က ဉာဏ်ရည်မပြည့်မီဘူး ဆိုပေမဲ့ သူမရဲ့ အသိစိတ်ကတော့ ပြည့်စုံနေတာလေ... ဒါပေမဲ့ သည်ရွာက လူတွေကတော့ အသိစိတ်တွေက မပြည့်စုံဘူး ဖြစ်နေတယ်... ချီကျင့်ကြံသူတွေရဲ့ စကားနဲ့ ပြောရရင်တော့ သူတို့ရဲ့ ဝိညာဉ် သုံးခုနဲ့ စိတ် ခုနစ်ခု က မပြည့်စုံဘူး ပေါ့..."
ထိုသို့ ပြောရင်း ကူမော့သည် ဝင်း၏ ထောင့်တစ်နေရာတွင် ကစားနေသော လူ နှစ်ဦးဆီသို့ အကြည့်ကို ရောက်သွားလေသည်။ စိတ်ဝိညာဉ် စွမ်းအား တစ်စသည် ၎င်းတို့၏ အသိစိတ် ပင်လယ်အတွင်းသို့ မျက်စိတစ်မှိတ်အတွင်း စီးဝင်သွားတော့၏။
နောက်တစ်ခဏတွင် ကူမော့သည် သူ၏ စိတ်ဝိညာဉ် အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်...
"ဒီနှစ်ယောက်ကလည်း လမ်းခရီးမှာ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ လူတွေလိုပဲ၊ အသိစိတ်တွေ မပြည့်စုံကြဘူး..."
ချီထျန်းရှုက လေးနက်သောအသံဖြင့် ဆိုသည်...
"ဒါဆိုရင်၊ စိတ်ဝိညာဉ် သိုင်းပညာတွေကို ကျင့်ကြံနေတဲ့ မိစ္ဆာ ကျင့်ကြံသူတွေက ရွာသားတွေရဲ့ အသိစိတ်တွေကို ဝါးမြိုနေတာ ပေါ့လေ..."
"ဖြစ်နိုင်ပါတယ်..."
ကူမော့က ပြောသည်
"ဒါပေမဲ့ အဲဒီအရာက လူသား တစ်ယောက် ဟုတ်မဟုတ် ဆိုတာတော့ မသေချာသေးဘူး..."
ချီထျန်းရှုက မေးမြန်းလိုက်သည်...
"ဒါဆို ဒီလူတွေအတွက် မျှော်လင့်ချက် ရှိပါဦးမလား..."
ကူမော့က ဆိုသည်
"ခက်ခဲပါလိမ့်မယ်..."
"ဒါပေမဲ့ ချီကျင့်ကြံသူတွေရဲ့ သီအိုရီအရဆိုရင်တော့၊ ပျောက်ဆုံးသွားတဲ့ ဝိညာဉ် သုံးခုနဲ့ စိတ် ခုနစ်ခုကို ပြန်ဖြည့်တင်းဖို့ နည်းလမ်း နှစ်မျိုး ရှိပါတယ်... ပထမ တစ်မျိုးကတော့ အဲဒါတွေကို ပြန်ရှာဖို့ ပါပဲ၊ နောက်တစ်မျိုးကတော့ ပျောက်ဆုံးသွားတဲ့ စိတ်ဝိညာဉ်တွေကို ပြန်ဖြည့်ဖို့အတွက် အစွမ်းထက်တဲ့ စိတ်ဝိညာဉ် နည်းစနစ်တွေကို ကျင့်ကြံဖို့ ပါပဲ..."
"ပထမ နည်းလမ်းအတွက်ဆိုရင်၊ ပျောက်ဆုံးသွားတဲ့ အသိစိတ်တွေက ပျက်စီးခြင်း မရှိဘဲ ရှိနေဖို့ လိုအပ်ပေမဲ့၊ အဲဒါက အခြေခံအားဖြင့် မဖြစ်နိုင်ပါဘူး... သာမန်လူတွေရဲ့ အသိစိတ်က ခန္ဓာကိုယ်ကနေ ထွက်သွားတာနဲ့ မကြာခင်မှာတင် ပျက်စီးသွားတတ်တာလေ... ဒုတိယ နည်းလမ်းအတွက်ဆိုရင်တော့၊ စိတ်ဝိညာဉ် နည်းစနစ်တွေက ရှာရခက်တာကို ထားလိုက်ဦး၊ အသိစိတ် မပြည့်စုံတဲ့သူတွေက ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ..."
ချီထျန်းရှုက ခေါင်းညိတ်ပြလျက် ဆိုသည်...
"အဲဒါလည်း မှန်တာပေါ့..."
ကူမော့သည် ရှောင်ပိုင်ကို ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်...
"ရှောင်ပိုင်... တစ်ခုခု ခံစားရလား... ဒီနေရာကို ရင်းနှီးသလား..."
ရှောင်ပိုင်သည် ကူချူတုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမအနားမှာပဲ ကပ်နေလျက်၊ ထုံးစံအတိုင်း ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေလေသည်။
ကူချူတုန်းက ပြောသည်...
"အစ်ကို... ရှောင်ပိုင်က သည် ချင်းယီ ရွာ အပေါ်မှာ ဘာထူးခြားတဲ့ ခံစားချက်မှ ရှိပုံမရဘူး... ကျွန်မတို့ ရွာထဲကို ဝင်လာကတည်းက သူမကို သတိထား ကြည့်နေတာလေ၊ ရင်းနှီးတဲ့ နေရာကို ပြန်ရောက်လာသလိုမျိုး အရိပ်အယောင် တစ်ခုမှ မရှိဘူး... ဒီနေရာက သူမအတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေသလိုပဲ... ရှောင်ပိုင် ရှာနေတဲ့ တုန်းယန် ရွာ က ဒီရွာ မဟုတ်လောက်ဘူးလို့ ကျွန်မ ထင်တယ်..."
ကူမော့ ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်...
"အခုတော့ မှောင်တော့မယ်လေ... ဒီညတော့ အနားယူလိုက်ကြရအောင်၊ မနက်ကျမှ ရှောင်ပိုင်ကို ခေါ်ပြီး ရွာထဲမှာ ထပ်ပတ်ကြည့်ကြတာပေါ့... သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်သတိရလာစေမယ့် အရာ တစ်ခုခုများ ရှိမလား လို့လေ..."
ချီထျန်းရှုက ဆိုသည်...
"ဒါဆို အလုပ်ခွဲလုပ်ကြတာပေါ့... လီချူးယွီ နဲ့ ငါက မနက်ဖြန် ရွာထဲမှာ ချင်းယီ နတ်သမီး ရဲ့ ကိစ္စကို ထပ်ပြီး စုံစမ်းမယ်... ဆရာကြီး ကူ နဲ့ မိန်းကလေး ကူ ကတော့ ရှောင်ပိုင်ကို ကြည့်ပေးထားကြပေါ့..."
...