အခန်း (၃၆၅)
Vol. 32 Ch. 365
အပိုင်း (၃၆၅) - ချင်းယီနတ်သမီး၏ ကလဲ့စားချေမှု - ၃
သိပ်မကြာမီမှာပင်၊ ကူမော့နှင့် သူ၏အဖွဲ့သည် လျိုဟုန်၏ အိမ်တွင် ညစာ သုံးဆောင်ခဲ့ကြလေသည်။ ၎င်းတို့ စားသောက်ပြီးသောအခါ လျိုဟုန်သည် ကူမော့တို့ အဖွဲ့အား တည်းခိုရန် နေရာသို့ လိုက်လံ ပို့ဆောင်ပေးခဲ့လေသည်။
ကူမော့တို့ အဖွဲ့ကို နေရာချပေးပြီးနောက်၊ လျိုဟုန်သည် မီးအိမ် တစ်လုံးကို ကိုင်ဆောင်ကာ အိမ်သို့ တစ်ယောက်တည်း ပြန်လာခဲ့လေသည်။ သူ၏ မိသားစုမှာ လူဦးရေ များပြားသဖြင့် အခန်းပို မရှိသောကြောင့်၊ ကူမော့တို့ အဖွဲ့အား သူ၏ အိမ်တွင် တည်းခိုရန် မစီစဉ်ပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
သူ ဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ဆီမီးအိမ် တစ်လုံးကို ကိုင်ဆောင်ကာ ဝတ်ရုံခြုံထားသော အဘွားအို တစ်ဦး ထွက်လာလေသည်။ သူမမှာ လျိုဟုန်၏ ဇနီး လျိုလီ ပင် ဖြစ်လေသည်။
လျိုဟုန်က တိုးတိုးလေး မေးမြန်းလိုက်သည်...
"သူတို့တွေ အိပ်ကုန်ကြပြီလား..."
လျိုလီ၏ ဆံပင်များမှာ ဖြူဖွေးနေပြီး၊ သူမ၏ ကိုယ်လုံးမှာလည်း လျိုဟုန်ကဲ့သို့ပင် ခါးကုန်းနေကာ မျက်ခုံးများမှာလည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူမက ပြောသည်
"အိပ်ကုန်ကြပါပြီ... ယောကျ်ား... နန်းတွင်းက ဘာလို့ လူတွေ ထပ်လွှတ်ရပြန်တာလဲ... အရင်တုန်းက သူတို့တွေ ကြောက်လို့ မလာတော့ဘူး မဟုတ်လား..."
လျိုဟုန်သည် မီးအိမ်အတွင်းမှ မီးတောက်ကို မှုတ်ထုတ်လိုက်ပြီး လျိုလီနှင့်အတူ အိမ်ထဲသို့ ဝင်သွားလေသည်။ သူသည် မီးအိမ်ကို နံရံတွင် ချိတ်ဆွဲလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်...
"အခုတစ်ခေါက် လာတဲ့သူတွေက သိုင်းလောကသားတွေလေ၊ နန်းတွင်းက အရာရှိတွေနဲ့ မတူဘူး... နန်းတွင်းက အရာရှိတွေက သေမှာကို ကြောက်ကြပေမဲ့၊ သိုင်းလောကသားတွေကတော့ အသက်ကို ဖက်နဲ့ထုပ်ပြီး သွားလာနေကြတာလေ... သူတို့တွေက မိစ္ဆာတွေကို မကြောက်ကြဘူး..."
လျိုလီက ဆိုသည်
"ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ..."
"သိုင်းလောကသားတွေက စိတ်တိုရင် လူသတ်ဖို့ ဝန်မလေးကြဘူးလို့ ကျွန်မ ကြားဖူးတယ်... တကယ်လို့ ကျွန်မတို့ ရွာမှာ ရွှေတွေ ငွေတွေ အများကြီး ရှိနေတာကို သူတို့ သိသွားရင်တော့..."
လျိုဟုန်မှာမူ လျိုလီကဲ့သို့ အလွန်အမင်း စိုးရိမ်ခြင်း မရှိဘဲ လက်ဝှေ့ယမ်းပြလိုက်ရင်း ဆိုသည်...
"အဲဒီလောက်အထိ မတွေးပါနဲ့ဦး... ဖြစ်နိုင်တာက သူတို့ ဘာမှ ရှာမတွေ့ဘဲနဲ့ ပြန်သွားကြမှာပေါ့... တကယ်လို့ သူတို့ တစ်ခုခု ရှာတွေ့သွားရင်လည်း၊ သူတို့ကို ချင်းယီ နတ်သမီး နဲ့ သွားတွေ့ခိုင်းလိုက်ရုံပဲ ရှိတာပေါ့... သူတို့တွေက ချင်းယီ နတ်သမီး ကို အနိုင်တိုက်နိုင်မယ်လို့ ငါ မယုံပါဘူး!"
လျိုလီက ပြောသည်...
"သူတို့က ချင်းယီ နတ်သမီး ကို နိုင်သွားမှာကို ကျွန်မ စိုးရိမ်တာ မဟုတ်ပါဘူး... သည် သိုင်းလောကသားတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူတို့က လူသားတွေပဲလေ... လူသားတွေက ဘယ်လိုလုပ်ပြီး နတ်ဘုရားတွေနဲ့ တစ္ဆေတွေကို နိုင်မှာလဲ... ကျွန်မ စိုးရိမ်တာက၊ သူတို့ထဲက တချို့က ချင်းယီ နတ်သမီး နဲ့ မတွေ့ရဘဲ ကျန်နေခဲ့ရင် ကျွန်မတို့ကို အပြစ်လာပုံချမှာကိုပဲ!"
လျိုဟုန်က ဆိုသည်...
"ဒီနေ့ လာတဲ့သူတွေကတော့ လူယုတ်မာတွေ ဖြစ်မယ့် ပုံစံမျိုး မတွေ့ရပါဘူး... သူတို့တွေ အဲဒီလောက်အထိတော့ မဆိုးလောက်ပါဘူး..."
"အဲဒီလိုပဲ မျှော်လင့်ရမှာပေါ့..."
လျိုလီသည် သက်ပြင်းချလိုက်ရင်း ဆက်ပြောသည်
"ယောကျ်ား... ရှင် ထင်လား... ချင်းယီ နတ်သမီး ရဲ့ အမျက်ဒေါသက ပြေသွားပါ့မလားလို့... တကယ်လို့ လူ ၁၂၈ ယောက်ရဲ့ ဝိညာဉ်ကို ယူပြီးသွားတဲ့ အခါမှာတောင် သူမရဲ့ စိတ်က မကျေနပ်သေးရင် ဘယ်လိုလုပ်မလဲ..."
လျိုဟုန်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ တိုးတိုးလေး ရေရွတ်လိုက်သည်...
"ဝဋ်လည်တာပါပဲ!"
...
နောက်တစ်နေ့ နံနက်စောစော အချိန်၌...
ကူမော့တို့ အဖွဲ့သည် လျိုဟုန်၏ အိမ်တွင် နံနက်စာ ထပ်မံ သုံးဆောင်ကြပြီးနောက်၊ မနေ့က သတ်မှတ်ထားသော တာဝန်များအတိုင်း အသီးသီး ထွက်ခွာခဲ့ကြလေသည်။ ချီထျန်းရှု၊ လီချူးယွီ နှင့် ဆန်းလန်ဓားဂိုဏ်းမှ တပည့်နှစ်ဦးတို့မှာ ချင်းယီ နတ်သမီး၏ ကိစ္စကို စုံစမ်းရန် ထွက်သွားကြ၏။
ကူမော့နှင့် သူ၏ ညီမ ကူချူတုန်းတို့မှာမူ ရှောင်ပိုင်ကို ခေါ်ဆောင်ကာ၊ သူမ၏ မှတ်ဉာဏ်များကို ပြန်လည် သတိရစေမည့် အရာ တစ်ခုခုများ ရှိမလားဟု ရွာအတွင်း လှည့်လည် ကြည့်ရှုကြလေသည်။
သို့သော်လည်း...
ရွာအတွင်းရှိ လမ်းကြားများနှင့် လမ်းများအားလုံးကို လှည့်လည် ကြည့်ရှုခဲ့ကြသော်လည်း၊ ဘာမှ ရှာမတွေ့ခဲ့ချေ။ ၎င်းတို့သည် ရှောင်ပိုင်၏ အာရုံစိုက်မှုကိုပင် မရရှိခဲ့သလို၊ သူမ၏ မှတ်ဉာဏ်များကိုလည်း မလှုံ့ဆော်နိုင်ခဲ့ကြချေ။
တိုက်ဆိုင်စွာပင် သည် ချင်းယီ ရွာ တွင်လည်း စိတ်ပိုင်းဆိုင်ရာ နှင့် ပတ်သက်သော ထူးဆန်းသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပါက၊ ၎င်းတို့ နေရာမှား ရောက်နေပြီဟု ကူမော့ ထင်မှတ်မိပေလိမ့်မည်။
၎င်းတို့ သုံးဦးသည် မွန်းတည့်ချိန်အထိ ရွာအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပြီးနောက်၊ ရွာ၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာသောအခါ ဘုရားကျောင်း တစ်ခုကို တွေ့ရှိလိုက်ရသည်။၎င်းမှာ ချင်းယီ ဘုရားကျောင်း ပင် ဖြစ်လေသည်။ ထိုဘုရားကျောင်း၏ ကြီးမားမှုကြောင့် ကူမော့နှင့် ကူချူတုန်းတို့မှာ အံ့သြသွားကြရတော့၏။
၎င်းမှာ သူတို့အား ထိတ်လန့်သွားစေလောက်အောင် ကြီးမားနေခြင်း မဟုတ်သော်လည်း၊ ဤကဲ့သို့သော ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ရွာလေးတွင် ခန့်ညားသော ဘုရားကျောင်းမျိုး ရှိနေခြင်းမှာ အလွန် ရှားပါးလှသောကြောင့် အံ့သြမိခြင်း ဖြစ်လေသည်။
ကူမော့ ဘုရားကျောင်းအတွင်းသို့ ဝင်ရန် ပြင်ဆင်နေချိန်မှာပင်၊ ချီထျန်းရှုနှင့် အခြားသူများမှာ အတွင်းမှ ထွက်လာကြလေသည်။
"မင်းတို့လည်း ရောက်လာကြတာပဲ..."
ချီထျန်းရှုက အနားသို့ လျှောက်လာရင်း ပြောလိုက်သည်။
ကူမော့က မေးမြန်းလိုက်သည်...
"တစ်ခုခုများ ရှာတွေ့ခဲ့လား..."
ချီထျန်းရှုက ခေါင်းယမ်းလျက် ဆိုသည်...
"ကျွန်တော်တို့ ဒီနေ့ ရွာထဲမှာ ပတ်ကြည့်ပြီး ရွာသား အတော်များများကို ချင်းယီ နတ်သမီး အကြောင်း မေးကြည့်ခဲ့ပေမဲ့... သူတို့ ပြောပြချက်တွေက မနေ့က လျိုဟုန် ပြောပြတာတွေနဲ့ပဲ တူနေတယ်... ဘာမှ အသုံးဝင်တာ ရှာမတွေ့ခဲ့ဘူး... အဲဒါကြောင့် ဘုရားကျောင်းထဲကို ဝင်ကြည့်တာပေါ့..."
"ဒီဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ချင်းယီ နတ်သမီး ရဲ့ အမျက်ဒေါသကို ပြေလျော့စေဖို့အတွက် တည်ဆောက်ခဲ့တာလို့ ရွာသားတွေဆီက ကြားခဲ့ရတယ်... ဘုရားကျောင်း ဆောက်ပြီးတဲ့နောက်မှာတော့၊ ရွာသားတချို့က ချင်းယီ နတ်သမီး ဟာ သူမကို အလုပ်အကျွေးပြုဖို့အတွက် ဝိညာဉ် ၁၂၈ ခု ကို ယူသွားလိမ့်မယ်လို့ အိပ်မက် မက်ခဲ့ကြတာတဲ့..."
ကူမော့က ပြောသည်။
"ဒါဆိုရင်၊ တစ်နည်းပြောရရင်တော့၊ ချင်းယီ နတ်သမီး အကြောင်း သိချင်ရင် သူမ ပေါ်လာမယ့် အချိန်ကိုပဲ ငါတို့ စောင့်ရမှာပေါ့ ဟုတ်လား... ဘာပဲဖြစ်ဖြစ် ချင်းယီ နတ်သမီး ဟာ အကြိမ်ကြိမ် ပေါ်လာခဲ့တယ်လို့ ကောလာဟလတွေ ရှိနေတာပဲလေ... အရင်က အစိုးရက လွှတ်လိုက်တဲ့ လူတွေလည်း သူမနဲ့ တွေ့ခဲ့ကြရတာပဲ မဟုတ်လား..."
ချီထျန်းရှုသည် ခဏမျှ တွေးတောနေပြီးမှ ပြောလိုက်သည်...
"စောင့်ကြည့်တာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ၊ ဒါပေမဲ့ ကျွန်တော် သံသယဖြစ်ဖွယ် အချက်တစ်ခုတော့ ရှာတွေ့ခဲ့တယ်..."
"ဘယ်နေရာလဲ..."
ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ချီထျန်းရှုက လေးနက်သော လေသံဖြင့် ဆိုသည်...
"ချင်းယီ ဘုရားကျောင်း ရဲ့ အတိုင်းအတာက ရွာငယ်လေး တစ်ရွာရဲ့ စီးပွားရေး အခြေအနေနဲ့ ယှဉ်ရင် အရမ်း ကြီးမားလွန်းနေတယ်... ဘုရားကျောင်း ကြီးတာ တစ်ပိုင်း ထားလိုက်ဦး၊ အတွင်းက ပရိဘောဂတွေကလည်း အရမ်းကို သေသပ်လှပနေတာလေ... ဒီလို ဘုရားကျောင်းမျိုး တည်ဆောက်မယ့် ကုန်ကျစရိတ်ဟာ ရွာငယ်လေး တစ်ရွာ တတ်နိုင်မယ့် အရာ မဟုတ်တာ သေချာတယ်..."
ကူချူတုန်းက မေးမြန်းလိုက်သည်...
"ဒါဆိုရင်၊ ရွာသားတွေက ချင်းယီ နတ်သမီး ရဲ့ ကျိန်စာကို ကြောက်လန့်နေကြလို့၊ သူမကို ထပ်ပြီး စိတ်မဆိုးစေချင်တာနဲ့ပဲ ရှိသမျှ အကုန်စုပြီး သည်လောက်အထိ ကောင်းအောင် ဆောက်ထားတာရော မဖြစ်နိုင်ဘူးလား..."
ချီထျန်းရှုက ပြောသည်...
"အဲဒါကပဲ ပြဿနာလေ... တကယ်လို့ သူတို့တွေက ဘုရားကျောင်းကို ရှိသမျှ အကုန်ထုတ်ပြီး ဆောက်ခဲ့ကြတယ် ဆိုရင်၊ ချင်းယီ ရွာ က ရွာသားတွေရဲ့ ဘဝက အတော်လေး ခက်ခဲနေရမှာပေါ့... ဒါပေမဲ့ တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက် ဖြစ်နေတာလေ၊ သူတို့တွေက အတော်လေး ပြည့်ပြည့်စုံစုံ နေနိုင်ကြသလို၊ လယ်မြေ အများကြီးကိုတောင် ပစ်ထားနိုင်ကြသေးတာလေ..."
"တကယ်တော့၊ မနေ့ကတည်းက ချင်းယီ ရွာ ရဲ့ စီးပွားရေး အခြေအနေက အရမ်း ကောင်းလွန်းနေတယ်လို့ ကျွန်တော် ခံစားရတယ်... ရွာသားတွေက သာမန် လယ်သမားတွေရဲ့ အတွေးအခေါ်မျိုး မရှိကြဘူးလေ...”
“ လျိုဟုန် ပြောတာကတော့ သူတို့မှာ စုဆောင်းထားတဲ့ ဆန်စပါးတွေ အများကြီး ရှိနေလို့တဲ့၊ ဒါပေမဲ့ အဲဒီ ဆန်စပါးတွေကလည်း နှစ်အနည်းငယ်ပဲ ခံမှာပေါ့... ဒါကြောင့်...သာမန်ပြည်သူတွေဟာ သူတို့ရဲ့ လယ်မြေတွေကို ဘယ်တော့မှ ပစ်မထားကြပါဘူး။ သက်ကြီးရွယ်အိုတွေတောင်မှ စိုက်ပျိုးဖို့ နည်းလမ်းရှာကြမှာပဲလေ”
“လောကမှာ ငါးနှစ် ခြောက်နှစ်စာ ဆန်စပါးတွေကို စုဆောင်းထားတယ် ဆိုတာကလည်း အာမခံချက် အပြည့်အဝ မရှိနိုင်ပါဘူး... အဲဒီအပြင် ရွာငယ်လေး တစ်ရွာက ဒီလောက် ကြီးမားတဲ့ ဘုရားကျောင်းကို ဆောက်ပြီးတဲ့နောက်မှာတောင်၊ ငါးနှစ် ခြောက်နှစ်စာ ဆန်စပါးတွေ ပိုလျှံနေဦးမယ် ဆိုတာက တကယ်ကို ယုတ္တိမရှိတဲ့ ကိစ္စပါပဲ... “
“ဒါကြောင့်၊ ရွာမှာ ချင်းယီ နတ်သမီး အပြင် တခြား လျှို့ဝှက်ချက် တစ်ခု ရှိနေတာ သေချာပါတယ်... အဲဒီလျှို့ဝှက်ချက်ဟာ ငွေကြေးနဲ့ ဆန်စပါးတွေနဲ့ သက်ဆိုင်နေရမယ်၊ အဲဒါကြောင့်လည်း ရွာသားတွေက စိုက်ပျိုးရေး မလုပ်ဘဲ အေးအေးဆေးဆေး နေနိုင်ကြတာပေါ့... လျှို့ဝှက်ချက်က အရမ်း ကြီးမားလွန်းနေလို့ တစ်ရွာလုံးက နှုတ်ပိတ်နေကြပြီး ဇာတ်လမ်း တစ်ခုတည်းကိုပဲ ပြောနေကြတာ ဖြစ်ရမယ်..."
လီချူးယွီက ဆက်လက် ပြောကြားသည်...
"လျှို့ဝှက်ချက်က တစ်ရွာလုံးရဲ့ အသက်ရှင်ရပ်တည်မှုနဲ့ သက်ဆိုင်နေဖို့ များတယ်လို့ ဂိုဏ်းချုပ် ချီ နဲ့ ကျွန်တော် ဆွေးနွေးခဲ့ကြတယ်... အဲဒါကို တိုက်ရိုက် စုံစမ်းဖို့ကတော့ ခက်ခဲပါလိမ့်မယ်... အင်အားသုံးပြီး မေးမြန်းမယ်ဆိုရင်လည်း တစ်ဖက်လူက သံသယဝင်သွားပြီး ဆန့်ကျင်လာနိုင်တယ်လေ... ဒါကြောင့် ကျွန်တော်တို့ ဒီမှာ ခဏလောက် ထပ်နေပြီး၊ ကလေးတွေနဲ့ ဉာဏ်နည်းတဲ့သူတွေဆီကနေ ဖြည်းဖြည်းချင်း စုံစမ်းကြည့်ရင် ကောင်းမလားလို့ပါ..."
"အင်း..."
ကူမော့က ဖြည်းညင်းစွာ ပြောလိုက်သည်...
"တကယ်တော့၊ အဲဒီလောက်အထိ ရှုပ်ရှုပ်ထွေးထွေး လုပ်နေဖို့ မလိုပါဘူး... ကျွန်တော့်ဆီမှာ စိတ်ကို ထိန်းချုပ်နိုင်တဲ့ သိုင်းပညာ တစ်ခု ရှိတယ်၊ အဓိက ကတော့ ဓားကို ထိန်းချုပ်ဖို့ သုံးတာ ဖြစ်ပေမဲ့၊ သာမန်လူတွေရဲ့ စိတ်ကိုလည်း ထိန်းချုပ်လို့ ရပါတယ်... ကျွန်တော်တို့ မေးကြည့်လိုက်ရုံပါပဲ... အင်း... တစ်ရွာလုံးအတွက် တူညီတဲ့ အဖြေတစ်ခု ပေးနိုင်အောင် လုပ်ထားနိုင်တဲ့သူက ရွာထဲမှာ သြဇာရှိတဲ့သူပဲ ဖြစ်ရမယ်၊ ဒါကြောင့် ရွာသူကြီး လျိုဟုန် ဟာ အမှန်တရားကို အသိဆုံး လူ ဖြစ်ရမယ်..."
ချီထျန်းရှုက မေးမြန်းလိုက်သည်...
"မင်းရဲ့ သိုင်းပညာက တကယ်ပဲ အားကိုးလို့ ရရဲ့လား..."
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။
တာအို နှလုံးသား မိစ္ဆာ မျိုးစေ့ နည်းစနစ် သည် အထွတ်အထိပ် အဆင့်တွင်၊ သိုင်းဆရာကြီးများ၏ စိတ်ဓာတ်ကိုပင် လွှမ်းမိုး ထိန်းချုပ်နိုင်စွမ်း ရှိလေသည်၊ သာမန်ပြည်သူများ ဆိုလျှင်မူ အငိုက်မိသွားပါက ပြောနေရန်ပင် မလိုတော့ချေ။
သူသည် သိုင်းလောကတွင် ထိုသိုင်းပညာ ပြန့်နှံ့သွားပါက ထိတ်လန့်တုန်လှုပ်မှုများ မဖြစ်စေရန်အတွက်၊ သာမန်ပြည်သူများအပေါ်တွင်သာ ထိရောက်မှု ရှိသည်ဟု တမင် ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။ ထိုနည်းလမ်းမှာ အလွန် ဆိုးယုတ်နေသည်မှာ ငြင်းမရသောကြောင့် ဖြစ်၏။
ချက်ချင်းပင်...
သူတို့အဖွဲ့သည် လျိုဟုန်၏ အိမ်သို့ တိုက်ရိုက် ပြန်လာခဲ့ကြလေသည်။