← Chapters

အခန်း (၃၆၇)

Vol. 32 Ch. 367

အခန်း (၃၆၇)

Vol. 32 Ch. 367

အပိုင်း (၃၆၇) - ပြန်လည်ဝင်စားခြင်း

ကူမော့သည် ခဏမျှ တွေးတောပြီးနောက် ဆိုသည်...

"ချင်းယီနတ်သမီး ဟာ နက်နဲတဲ့ ကျင့်ကြံမှုရှိတဲ့ သိုင်းပညာရှင် တစ်ယောက် ဖြစ်ရမယ်... ဖြစ်နိုင်တာက သူမရဲ့ ကျင့်စဉ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြား အကြောင်းရင်း တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ်၊ သူမ ကွယ်လွန်ပြီးတဲ့နောက် ပြဿနာ တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်လို့ သူမရဲ့ ရုပ်အလောင်းကို အတင်းအကျပ် ချည်နှောင်ထားခဲ့တာ ဖြစ်လိမ့်မယ်..."

"ခုလိုမျိုး ပြင်ဆင်ထားတာတောင်မှ၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အခါ သူမ ကယ်တင်ခဲ့တဲ့ သူတွေကပဲ သူမရဲ့ မိသားစု တစ်စုလုံးကို သတ်ပစ်ပြီး၊ သူမရဲ့ ဂူသင်္ချိုင်းကို တူးဖော်ကာ ခေါင်းတလားကို ဖွင့်ခဲ့ကြတာပဲ... ဒီအတိုင်းသာ ဆိုရင်တော့ ချင်းယီ ရွာ က လူတွေဟာ သေသင့်တာထက်ကို ပိုနေပြီလို့ ပြောရမှာပဲ"

ကူမော့က အနည်းငယ် ခေါင်းညိတ်ထောက်ခံလိုက်လေသည်။ သူသည် ချီထျန်းရှု ပြောကြားခဲ့သော "သေသင့်တာထက်ကို ပိုနေပြီ" ဟူသော စကားလုံးကို ချင်းယီ ရွာ မှ ရွာသားများအတွက် သုံးစွဲရန် သဘောတူညီလှပေသည်။

ချင်းယီနတ်သမီးသည် ရွာ ကို ကယ်တင်ခဲ့သလို၊ သူမ၏ မျိုးဆက်များကလည်း အစာခေါင်းပါးသည့် အချိန်တွင် ရွာသားများကို ကယ်တင်ခဲ့ပြီး နှစ်ပေါင်းများစွာ ဆေးကုသပေးခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ ချင်းယီ ရွာသားများ၏ လက်ချက်ဖြင့်ပင် ထိုမိသားစု တစ်ခုလုံး သုတ်သင်ခံခဲ့ရခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

ချီထျန်းရှုနှင့် ကူမော့တို့သည် ကြေးညိုရောင် ခေါင်းတလားကို ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြကာ ပြောလိုက်သည်...

"ခွင့်လွှတ်ပါဦး..."

ထို့နောက် ထိုသူနှစ်ဦးမှာ ကြေးညိုရောင် ခေါင်းတလား အနားသို့ တိုးကပ်သွားကြလေသည်။ ခေါင်းတလားကို ဖွင့်ဖောက်ထားခဲ့သော အမှတ်အသားများမှာ ထင်ရှားစွာ ရှိနေပြီး ၎င်းကို လုံးဝ ပြန်လည် ပိတ်ဆို့ထားခြင်း မရှိသဖြင့် အက်ကွဲကြောင်းများ ကျန်ရှိနေဆဲ ဖြစ်လေသည်။

ချီထျန်းရှုသည် ခေါင်းတလားကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ခေါင်းတလား အဖုံးပေါ်တွင် ဝါကျင်ကျင် ဖယောင်းဖြင့် ကပ်ထားသော ရွှမ် စက္ကူ အပိုင်းအစလေး တစ်ခုကို သတိပြုမိလိုက်လေသည်။ ၎င်းမှာ တာအို အဆောင်လက်ဖွဲ့ တစ်ခုနှင့် တူသော်လည်း အပိုင်းပိုင်းအစစ ဆွဲဖြဲခြင်း ခံထားရလေသည်။

သို့သော်လည်း...

ချီထျန်းရှုသည် အနားသို့ တိုးကပ်ကြည့်လိုက်ပြီး စက္ကူတစ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူသည် ရုတ်တရက် တုန်ယင်သွားတော့၏။

ကူမော့သည် ချီထျန်းရှု၏ ထူးခြားသော တုံ့ပြန်မှုကို သတိပြုမိလိုက်သဖြင့် မေးမြန်းလိုက်သည်...

"ဘာဖြစ်လို့လဲ..."

ချီထျန်းရှုသည် ဆွဲဖြဲခံထားရသော ထို ရွှမ် စက္ကူ အပိုင်းအစကို လက်ညှိုးထိုးပြလိုက်လေသည်။ သူသည် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်...

"ဒါက...ဆရာနဲ့ နောက်ဆုံးတွေ့တုန်းက ငါ့ဆီကနေ တောင်းသွားခဲ့တဲ့၊ ငါ့ရဲ့ ဓားအနှစ်သာရ ပါဝင်တဲ့ ဓားပုံတူ ပန်းချီကားပဲ..."

ကူမော့သည် ထိုစက္ကူကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ အချိန်ကြာလာသဖြင့် ပုံသဏ္ဌာန် ပျက်ယွင်းနေသော်လည်း ၎င်းမှာ ဓားပုံတူ ပန်းချီကား တစ်ချပ် ဖြစ်ကြောင်း ခွဲခြားနိုင်ဆဲ ဖြစ်လေသည်။

ကူမော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်..

"မင်းဆရာဆီကို ပေးလိုက်တဲ့ ဓားအနှစ်သာရက ဘာဖြစ်လို့ ဒီခေါင်းတလားပေါ် ရောက်နေရတာလဲ... မင်းရဲ့ ဓားအနှစ်သာရက မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်လို့လား... ချင်းယီနတ်သမီးက မင်းဆရာရဲ့ ရန်သူ ဖြစ်နေမှာပေါ့... ဒါပေမဲ့ အဲဒါက ယုတ္တိမရှိဘူးလေ၊ချင်းယီနတ်သမီးကို ဒီမှာ မြှုပ်နှံထားတာကို လု မိသားစု ကပဲ ဆယ်စုနှစ်ပေါင်းများစွာ သိခဲ့တာလေ... တကယ်လို့ ဒီအဆောင်လက်ဖွဲ့က သူမရဲ့ ရုပ်အလောင်းအတွက် မကောင်းဘူးဆိုရင် သူတို့တွေ ချန်ထားခဲ့မှာ မဟုတ်ဘူးလေ..."

"ငါလည်း မသိဘူး..."

ချီထျန်းရှုက ပြောသည်

"ဓားအနှစ်သာရက ငါ့ဟာ ဖြစ်ပေမဲ့၊ အဲဒါကို ဘယ်လို သုံးတယ်၊ ဘာအတွက် သုံးတယ် ဆိုတာကတော့ ငါလည်း မသိနိုင်ဘူးလေ..."

ထိုသို့ ပြောရင်း သူသည် အသက်ကို ပြင်းပြင်းရှူကာ ဆက်ပြောသည်

"အနည်းဆုံးတော့ ချင်းယီနတ်သမီးဟာ ငါ့ဆရာ မဟုတ်ရင်တောင်မှ၊ သူမနဲ့ တစ်နည်းမဟုတ် တစ်နည်း သေချာပေါက် ပတ်သက်နေတယ် ဆိုတာကိုတော့ သက်သေပြနေတာပဲ"

ကူမော့က ဆိုသည်...

"မင်ူပြောပြချက်အရဆိုရင်၊ မင်းဟာ ယွင်ကျိုး ကောင်းကင် အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၁ ဖြစ်နေတာတောင်မှ မင်းဆရာရဲ့ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်ခဲ့သလို သူမ အနားကို ရောက်လာတာကိုလည်း မသိခဲ့ဘူး မဟုတ်လား... ဒါက မင်းဆရာရဲ့ ကျင့်ကြံမှု အဆင့်က အလွန် မြင့်မားနေတယ် ဆိုတာကို ပြနေတာပဲ...”

“ ပြီးတော့ချင်းယီနတ်သမီးက လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော်က ကွယ်လွန်ခဲ့တာလေ... အဲဒီအချိန်တုန်းက မင်းဆရာက အသက် လေးဆယ်ကျော်ပဲ ရှိဦးမှာ... သူမရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ဖို့ မဖြစ်နိုင်ဘူးလေ..."

ချီထျန်းရှုသည် အသက်ကို ပြင်းပြင်းရှူကာ ဆိုသည်...

"ငါ့ဆရာ မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်..."

ထိုသို့ ပြောပြီးနောက် ချီထျန်းရှုသည် ကြေးညိုရောင် ခေါင်းတလား အဖုံးပေါ်သို့ သူ၏ လက်နှစ်ဖက်ကို တင်လိုက်ပြီး သူ၏ အတွင်းအားများကို လှည့်ပတ်ကာ အဖုံးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်လေသည်။

အဖုံး ပွင့်သွားသည်နှင့်အမျှ ကောချန် မိစ္ဆာဓား ၏ မီးတောက်များမှာ အတွင်းသို့ လင်းထိန်သွားပြီး၊ အတွင်း၌ အရိုးစု မဟုတ်ဘဲ ပုပ်သိုးခြင်း မရှိသေးသည့် ရုပ်အလောင်း တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ တိမ်တိုက် ပုံစံများ ပန်းထိုးထားသော ခမ်းနားလှသည့် ဝတ်ရုံကို ဆင်မြန်းထားပြီး အသက် သုံးဆယ်ခန့် အရွယ်ရှိသော အမျိုးသမီး တစ်ဦး ပင် ဖြစ်လေသည်။

သူမသည် ရွှေရောင်ပိုးသားပေါ်တွင် အေးချမ်းစွာ အိပ်ပျော်နေ၏။ တည်ငြိမ်သော မျက်ဝန်း၊ နှုတ်ခမ်းပေါ်က သဲ့သဲ့အပြုံးကြောင့် စကားပြောတော့မည့်အလား ထင်ရသည်။ ထူးခြားသည်မှာ သူမ၏အရေပြားမှ နွေးထွေးသောအလင်းရောင်များ ဖြာထွက်နေပြီး ပါးပြင်မှာ ပန်းရောင်သန်းနေသဖြင့် ရုပ်အလောင်းမဟုတ်ဘဲ အိပ်ပျော်နေသူတစ်ဦးနှယ် သက်ဝင်လှပနေသည်။

ချီထျန်းရှုသည် ထိုအမျိုးသမီး၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင်၊ သူ၏ တစ်ကိုယ်လုံးမှာ ထိန်းချုပ်၍မရဘဲ တုန်ယင်သွားတော့၏။ သူ၏ မျက်ဝန်းများမှ မျက်ရည်များမှာ တားမရဘဲ စီးကျလာပြီး ရှိုက်ကြီးတငင်ဖြင့် ရေရွတ်လိုက်သည်...

"ဆရာ... ဆရာ... တကယ်ပဲ ကျွန်တော့်ဆရာ ဖြစ်နေတာပဲ..."

ဘုန်းခနဲ အသံနှင့်အတူ...

ချီထျန်းရှုသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး ဦးတိုက်ကာ ပြောလိုက်လေသည်..

"မသိတတ်တဲ့ တပည့်ဟာ နှစ်ပေါင်းများစွာအတွင်း ဆရာ့ဆီကို တစ်ခါမှ မလာရောက်ခဲ့မိလို့၊ ဆရာ့ရဲ့ မျိုးဆက်တွေ အခုလိုမျိုး မျိုးပြုတ်သုတ်သင်ခံရတဲ့ ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတာပါ..."

ချီထျန်းရှု၏ မျက်လုံးများမှာ သွေးများဖြင့် ရဲသွားပြီး သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် လက်မောင်းပေါ်ရှိ သွေးကြောများမှာလည်း ဖောင်းကြွလာတော့၏။ သူသည် ဓားရှည်ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး၊ အသက်ကို ပြင်းပြင်းရှူကာ ဂူအပြင်ဘက်သို့ လျှောက်လှမ်းသွားတော့၏။

ကူမော့က မေးမြန်းလိုက်သည်...

"ဂိုဏ်းချုပ် ချီ... ဘာလုပ်မလို့လဲ..."

ချီထျန်းရှုက အေးစက်စွာ ပြန်ပြောသည်...

"လူသတ်မလို့”

ကူမော့က ဆိုသည်...

"ဂိုဏ်းချုပ် ချီ... မင်း မိစ္ဆာ ဝင်နေပြီပဲ..."

ချီထျန်းရှုသည် ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ကူမော့ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်...

"ဆရာကြီး ကူ... ချင်းယီ ရွာ က အဲဒီလူတွေဟာ သေသင့်တဲ့သူတွေပါ... ဆရာကြီးက ကျွန်တော့်ကို တားမလို့လား..."

ထိုအခိုက်အတန့်တွင်...

ချီထျန်းရှု ထံမှ အားကောင်းလှသော ဓားအနှစ်သာရ တစ်ခု ထွက်ပေါ်လာလေသည်၊ ၎င်းမှာ သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင်ပင် အသက်ရှင်ရန် ငြင်းဆန်သည့် သေမင်းတမန် ဓားအနှစ်သာရ တစ်ခု ပင် ဖြစ်လေသည်။

"အလိုလေး..."

ကူမော့က ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်...

"ဂိုဏ်းချုပ် ချီ ဟာ တိုက်ခိုက်တဲ့ နေရာမှာ မတော်ပေမဲ့၊ အသက်နဲ့လဲပြီး တိုက်တဲ့ နေရာမှာတော့ နံပါတ် ၁ ပဲလို့ လူတွေ ပြောကြတာ အံ့သြစရာ မရှိတော့ဘူးပဲ..."

သူ စကားမဆုံးမီမှာပင်...

ကူမော့၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ချီထျန်းရှု၏ ရှေ့တွင် ပေါ်လာတော့၏။

ထိုအခိုက်အတန့်မှာပင်...

ချီထျန်းရှုသည် သူ၏ ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သော်လည်း၊ ဓားချက် မကျရောက်မီမှာပင် သူသည် ရုတ်တရက် ရပ်တန့်သွားလေသည်။သူ၏ စိတ်ထဲတွင် အကြီးအကျယ် တွန့်ဆုတ်နေသည်မှာ သိသာလှပေသည်။ ကူမော့ကို မတိုက်ခိုက်လိုသောကြောင့် ဖြစ်၏။

ကူမော့က ထပ်မံ ရယ်မောလိုက်ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်ညှိုး တစ်ချောင်းမှာ ချီထျန်းရှု၏ နဖူးပေါ်သို့ ကျရောက်သွားကာ အေးစက်စွာဖြင့် ဆူပူလိုက်လေသည်...

"ချီထျန်းရှု... မင်း မနိုးသေးဘူးလား..."

ထိုအခိုက်အတန့်တွင်...

ချီထျန်းရှုသည် သူ၏ ဦးနှောက် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး အသိစိတ် အနက်ရှိုင်းဆုံး နေရာမှ မိုးကြိုးသံများ ဟိန်းဟောက်လာတော့၏။ သူသည် ချက်ချင်းပင် သတိဝင်လာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်...

"ဒါက... ဘာဖြစ်တာလဲ..."

"ငါတို့တွေ အလှည့်စား ခံလိုက်ရတာပဲ"

ကူမော့က ဆိုသည်...

"ဒီကို ဝင်လာတဲ့သူတိုင်း ဘာလို့ အရူးတွေ ဖြစ်ကုန်ကြတာလဲ ဆိုတာ အံ့သြစရာ မရှိတော့ဘူးပဲ... ငါ ဒီကို ဝင်လာတုန်းက တစ်ခုခု မှားနေပြီ ဆိုတာကို ခံစားမိပေမဲ့၊ အတိအကျတော့ မပြောနိုင်ခဲ့ဘူး... အခု ပြန်စဉ်းစားကြည့်တော့မှ၊ ဒီဂူ တစ်ခုလုံးဟာ မူလ ဝိညာဉ်ကို ပိတ်လှောင်ထားတဲ့ ဧရာမ ဝင်္ကပါကြီး တစ်ခု ဖြစ်နေတာပဲ..."

ထိုသို့ ပြောရင်း ကူမော့သည် ပတ်ဝန်းကျင် နံရံများပေါ်ရှိ ကျောက်တိုင်များကို လက်ညှိုးထိုးပြကာ ဆက်ပြောသည်...

"ဒီနေရာကို နန်းဆောင်ကိုးခုရဲ့ ကျောက်တိုင်တွေကို အဓိကထားပြီး မဟာဝက်ဝံကြယ်စုပုံစံ အစီအရင်နဲ့ တည်ဆောက်ထားတယ်။ ဘေးပတ်လည်က ကြယ်တွေကိုလည်း မြေကြီးရဲ့ ဝိညာဉ်စွမ်းအားတွေနဲ့ ချိတ်ဆက်မြှုပ်နှံထားပြီး၊ အလယ်မှာတော့ ယင်ယန် ငါးပုံစံ ကြေးမှန်တစ်ချပ် တပ်ဆင်ထားတယ်။”

“အဓိကအချက်ကတော့ ကြေးညိုရောင် ခေါင်းတလား ပဲ။ သူက မြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူဖို့ မန္တန်တွေနဲ့ ထွင်းထုထားတာ။ ပိုပြီးသေချာသွားအောင်ဆိုပြီး ခေါင်းတလားအဖုံးပေါ်မှာ မင်းရဲ့ဓားစွမ်းအားတွေပါတဲ့ အဆောင်ကိုပါ တင်ထားလိုက်သေးတယ်”

ချီထျန်းရှုက လေးနက်သော လေသံဖြင့် မေးလိုက်သည်...

"အဲဒါက ခေါင်းတလားထဲမှာ ရှိတဲ့ အရာကို ပိတ်လှောင်ထားဖို့ လား..."

"ဟုတ်တယ်..."

ကူမော့က ဆဆိုသည်

"ငါ ဂူထဲ ဝင်လာတုန်းက ဘာလို့ စိတ်မသက်မသာ ဖြစ်ခဲ့ရလဲ ဆိုတာ အံ့သြစရာ မရှိတော့ဘူးပဲ... ဝင်္ကပါကြီးဟာ ဝိညာဉ်ကို ဖိနှိပ်တဲ့ အာနိသင် ရှိနေတာလေ... ခေါင်းတလားထဲမှာ ရှိနေတဲ့အရာဝတ္ထုဟာ အလွန် ဆိုးယုတ်တဲ့ စိတ်ဝိညာဉ် အရာဝတ္ထု တစ်ခုပဲ ဖြစ်ရမယ်၊ ဒါမှမဟုတ် ဝိညာဉ် တစ်ခုလို့လည်း ပြောလို့ ရတာပေါ့..."

ချီထျန်းရှုက အံ့သြစွာဖြင့် မေးမြန်းလိုက်သည်...

"ဒါဆို ခုနက ငါ မြင်ခဲ့ရတဲ့ အရာကရော..."

"ပုံရိပ်ယောင်ပဲ..."

All Chapters