← Chapters

အခန်း (၃၆၈)

Vol. 32 Ch. 368

အခန်း (၃၆၈)

Vol. 32 Ch. 368

အပိုင်း (၃၆၈) - ပြန်လည်ဝင်စားခြင်း ၂

ကူမော့က ပြောလိုက်သည်

"မင်း ခေါင်းတလား အဖုံးကို ဖွင့်လိုက်တဲ့ အခိုက်အတန့်မှာပဲ၊ အတွင်းထဲမှာ ကျန်ရှိနေတဲ့ စိတ်ဝိညာဉ် စွမ်းအားတွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာလေ... ဒါကြောင့် မင်း မြင်ချင်တဲ့ အရာကိုပဲ မင်း မြင်ခဲ့ရတာ၊ အဲဒီအဓိပ္ပာယ်က မင်းဟာ စိတ်ဝိညာဉ် အမှတ်အသား ရဲ့ ခတ်နှိပ်ခြင်းကို ခံလိုက်ရပြီ ဆိုတာပဲ... မင်း... မကြာခင်မှာ ချင်းယီနတ်သမီး ကို သေချာပေါက် တွေ့ရလိမ့်မယ်!"

"ဒါဆို အတွင်းထဲမှာ တကယ်တော့ ဘာရှိနေတာလဲ..."

ချီထျန်းရှုက မေးလိုက်သည်။

"အရိုးစု တစ်ပုံပဲ ရှိတာပါ၊ တခြား ဘာမှ မရှိပါဘူး..."

ကူမော့က ဆိုသည်

"ဒါပေမဲ့ တစ်ဖက်လူကတော့ စိတ်ဝိညာဉ် စွမ်းအားပိုင်းမှာ တကယ့်ကို ဆရာကြီး တစ်ယောက်ပဲ ဖြစ်ရမယ်... ကျန်ရှိနေတဲ့ စိတ်ဝိညာဉ် စွမ်းအားလေး ကတင်ပဲ မင်းကို ရူးသွပ်သွားအောင် လုပ်နိုင်လုနီးပါး ဖြစ်ခဲ့တာလေ... ကံကောင်းတာက မင်းရဲ့ စိတ်ဆန္ဒက ခိုင်မာလို့ လုံးဝ အထိန်းချုပ် မခံလိုက်ရတာပဲ၊ မဟုတ်ရင် ငါတို့တွေ အခုလေးတင် အသေအလဲ တိုက်နေကြရပြီ ဖြစ်မှာပါ!"

ချီထျန်းရှုက မေးလိုက်သည်...

"ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ..."

"သူမကို မြှူထုတ်ရမယ်..."

ကူမော့က ပြောသည်

"လျိုဟုန် ပြောခဲ့တာ မှတ်မိလား... တစ်ယောက်ယောက်က ထွက်ပြေးဖို့ ကြိုးစားရင် ချက်ချင်း အရူး ဖြစ်သွားတယ် ဆိုတာလေ... အဲဒီအကြောင်းရင်းက သူတို့တွေ အဝေးကို ထွက်ပြေးသွားတာနဲ့၊ စိတ်ဝိညာဉ် အမှတ်အသားဟာ ချင်းယီနတ်သမီးရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားမယ်၊ အဲဒီအခါကျရင် သူမက အာရုံခံမိသွားပြီး ချက်ချင်း ပေါ်လာတော့တာပဲ..."

ချက်ချင်းပင် ထိုသူနှစ်ဦးသည် နောက်ပြန်လှည့်ကာ ဂူအတွင်းမှ ထွက်ခွာခဲ့ကြလေသည်။

ခြေလှမ်း နှစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း၊ ချီထျန်းရှုသည် ကြေးညိုရောင် ခေါင်းတလားကို နောက်သို့ လှည့်ကြည့်လိုက်မိသေး၏။

ကူမော့က ဆိုသည်...

"ဂိုဏ်းချုပ် ချီ... တကယ်တမ်းကျတော့ ချင်းယီနတ်သမီးဟာ မင်းဆရာ ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး... ရှောင်ပိုင်က မင်းဆရာရဲ့ မျိုးဆက် ဟုတ်မဟုတ် ဆိုတာကို ငါတို့ မသေချာသေးပေမဲ့၊ သူမကို မင်းဆရာကပဲ မင်းရဲ့ နာမည်အစစ် နဲ့ ဓားအနှစ်သာရကို မှတ်မိအောင် သင်ကြားပေးခဲ့တာကိုတော့ ငါတို့ သေချာပေါက် သိနိုင်ပါတယ်..."

"ရှောင်ပိုင်ရဲ့ အရိုးသက်တမ်းက အနှစ် နှစ်ဆယ်ထက် မပိုပါဘူး၊ ပြီးတော့ သူမမှာ အသိစိတ် ရှိနေပြီး မင်းရဲ့ ဓားအနှစ်သာရကို မှတ်မိနေဖို့ဆိုတာ၊ သူမ ပါရမီရှင် တစ်ယောက် ဖြစ်နေရင်တောင်မှ အနည်းဆုံး အသက် အနည်းငယ် ရှိနေမှ ဖြစ်မှာလေ...”

“ ဒါက မင်းဆရာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကမှ ရှောင်ပိုင်နဲ့ ထိတွေ့ခဲ့တာ ဖြစ်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အဲဒီတုန်းက သူမကို မငရဲ့ ဓားအနှစ်သာရကို ပြပြီး မှတ်မိအောင် လုပ်ခိုင်းခဲ့တာ ဖြစ်ရမယ်..."

"ချင်းယီနတ်သမီး ကွယ်လွန်ခဲ့တာ အနှစ် လေးဆယ်ကျော်ပြီဆိုတော့၊ သူမက မင်းဆရာ ဖြစ်ဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး... အဲဒီအပြင် ငါ စဉ်းစားလို့ မရတဲ့ နောက်ထပ် အချက်တစ်ခုလည်း ရှိသေးတယ်... ရှောင်ပိုင်က အသက် အနှစ် နှစ်ဆယ်ထက် မပိုဘူး ဆိုပေမဲ့၊ တုန်းယန် ရွာ ကနေ ချင်းယီ ရွာ လို့ အမည်ပြောင်းသွားခဲ့တာ အနှစ် လေးဆယ်ကျော်ပြီလေ... သူမက ဘာဖြစ်လို့ တုန်းယန် ရွာ အကြောင်းကိုပဲ ပြောနေရတာလဲ..."

ချီထျန်းရှုသည် ခဏမျှ တွေးတောပြီးနောက် ဆိုသည်...

"ချင်းယီနတ်သမီး ဟာ ငါ့ဆရာနဲ့ ရင်းနှီးတဲ့သူ ဖြစ်နေနိုင်ပါတယ်... ငါ့ဆရာက ချင်းယီနတ်သမီးရဲ့ သိုင်းပညာတွေမှာ ပြဿနာ ရှိနေတာကို သိသလို၊ သူမ ကွယ်လွန်ပြီးတဲ့နောက် ထူးဆန်းတဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ် တစ်ခု ထွက်ပေါ်လာမှာကိုလည်း သိနေခဲ့တာ ဖြစ်ရမယ်... “

“ချင်းယီနတ်သမီး ဟာ အဲဒါကို ဖိနှိပ်ဖို့အတွက် ဂူသင်္ချိုင်းကို ဝင်္ကပါကြီး တစ်ခုအဖြစ် ကြိုတင် ပြင်ဆင်ထားခဲ့တာဖြစ်ပြီး၊ ငါ့ဆရာကလည်း အာမခံချက် ပိုရှိသွားအောင်လို့ ငါ့ဆီကနေ ဓားအနှစ်သာရကို အထူးတလည် ငှားပြီး တင်ပေးခဲ့တာပေါ့..."

"အဲဒီထူးဆန်းတဲ့ စိတ်ဝိညာဉ်က အခုထိ မသေသေးဘဲ ရှိနေတာလေ၊ ဒါပေမဲ့ ချင်းယီ ရွာ က လူတွေက ကျေးဇူးကန်းပြီး အလှည့်စား ခံလိုက်ရတာကြောင့် အဲဒီ မိစ္ဆာ ဝိညာဉ်ကို လွတ်သွားအောင် လုပ်မိလိုက်ကြတာပေါ့..."

ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်...

"အဲဒါက နည်းနည်းတော့ ရှုပ်ထွေးနေပေမဲ့၊ ယုတ္တိတော့ ရှိသားပဲ... ဒါပေမဲ့ ဒီအတိုင်းသာ ဆိုရင်တော့၊ ချင်းယီနတ်သမီး ဟာ သူမ အသက်ရှင်စဉ်တုန်းက ပြိုင်ဘက်ကင်းတဲ့ ဆရာကြီး တစ်ယောက် ဖြစ်ခဲ့ရမှာပဲ၊ ဒါပေမဲ့ သူမက သိုင်းလောကမှာတော့ ဘာနာမည်မှ မရှိခဲ့ဘူးနော်..."

ထိုအခိုက်အတန့်တွင် ချီထျန်းရှုမှာ များစွာ စိတ်ပေါ့ပါးသွားပြီး သူ၏ စိတ်ခံစားချက်မှာလည်း ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူက ပြောလိုက်သည်...

"အဲဒါက သဘာဝကျပါတယ်... လောကမှာ ကျော်ကြားမှုနဲ့ စည်းစိမ်တွေကို မမက်မောတဲ့ ဆရာကြီးတွေ အများကြီး ရှိတာပဲလေ... တချို့က မြို့ထဲမှာ ပုန်းအောင်းနေကြသလို၊ တချို့ကတော့ နာမည်ကြီး တောင်တန်းတွေနဲ့ မြစ်တွေကြားမှာ ပုန်းအောင်းနေတတ်ကြတာပေါ့... ငါ့ရဲ့ တစ်သက်တာလုံးမှာ သိုင်းပညာတွေက ငါ့ထက် မနိမ့်ပေမဲ့၊ နာမည်မရှိတဲ့ ဆရာကြီး အတော်များများကို ငါ တွေ့ဖူးပါတယ်..."

ထိုသူနှစ်ဦးမှာ စကားပြောရင်း ဂူအတွင်းမှ ထွက်လာခဲ့ကြလေသည်။

ကူချူတုန်းနှင့် အခြားသူများမှာ လျို အစွန်း၌ စောင့်ဆိုင်းနေကြဆဲ ဖြစ်၏။

ကူမော့နှင့် ချီထျန်းရှုတို့ ထွက်လာသည်ကို တွေ့သောအခါ၊ သူတို့သည် အပြေးအလွှား လာရောက် မေးမြန်းကြတော့၏။

ကူမော့နှင့် ချီထျန်းရှုတို့သည် တောင်အောက်သို့ ဆင်းရင်း အခြေအနေများကို ရှင်းပြခဲ့ကြလေသည်။ ၎င်းတို့သည် ချင်းယီ ရွာ ရှိရာ ဘက်သို့ မဦးတည်ဘဲ၊ အခြား တစ်ဖက်သို့ ဦးတည် သွားခဲ့ကြသည်မှာ ချင်းယီနတ်သမီးကို မြှူထုတ်ရန်အတွက် ဖြစ်လေသည်။

ယခုအခါ ညနေစောင်းနေပြီဖြစ်ကာ...

နေဝင်ချိန်၏ အလင်းရောင်များမှာ တောင်ကြောများကို ခဲနေသော သွေးများအလား ဆိုးခြယ်လိုက်လေသည်။

လမ်းလျှောက်လာစဉ်မှာပင် ကူချူတုန်းသည် ကူမော့၏ လက်ကို ရုတ်တရက် ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်...

"အစ်ကို... ကျွန်မတို့တွေ တစ္ဆေပတ်လမ်း ထဲ ရောက်နေပြီ ထင်တယ်..."

ထိုသို့ ပြောရင်း ကူချူတုန်းသည် အနီးရှိ ထင်းရှူးပင် တစ်ပင်ပေါ်ရှိ လက်ရာတစ်ခုကို လက်ညှိုးထိုးပြကာ ဆက်ပြောသည်...

"ဒါနဲ့ဆိုရင် ကျွန်မတို့ ဒီနေရာကို ရောက်နေတာ သုံးကြိမ် ရှိပြီလေ... ဒုတိယ အကြိမ် ဒီနေရာကနေ ဖြတ်သွားတုန်းက တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားမိပေမဲ့၊ မသေချာတာနဲ့ပဲ သည်လက်ရာကို နှိပ်ထားခဲ့တာ..."

လီချူးယွီနှင့် အခြားသူများမှာလည်း အလျင်အမြန်ပင် လှမ်းကြည့်လိုက်ကြပြီး၊ ထို့နောက် အားလုံးက သူတို့၏ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြတော့၏။

သို့သော်လည်း ချီထျန်းရှုမှာမူ သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းပြလျက် ဆိုသည်...

"မထိတ်လန့်ကြပါနဲ့ မိန်းကလေး ကူ... ဆရာကြီး ကူ နဲ့ ကျွန်တော်က သိနေတာ ကြာပါပြီ၊ ကျွန်တော်တို့က စောင့်နေတာပါ!"

"ဝါးးးး..."

ထိုအခိုက်အတန့်မှာပင် တောအုပ်အတွင်းမှ ရှိုက်ကြီးတငင် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာလေသည်။ အစပိုင်းတွင် ၎င်းမှာ လေတိုးသံအလား တိုးညင်းသော ငိုသံလေး တစ်ခု ဖြစ်သော်လည်း၊ တဖြည်းဖြည်းနှင့် ပိုမို ရှင်းလင်းလာတော့၏။

ချက်ချင်းပင် ချီထျန်းရှုနှင့် အခြားသူများမှာ သူတို့၏ လက်နက်များကို အသင့် ပြင်ထားလိုက်ကြလေသည်။

ထိုအသံမှာ ပိုမို နီးကပ်လာပြီး၊ လူတိုင်းမှာ တောအုပ် အနက်ပိုင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသော ဖြူဖျော့ဖျော့ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ကြရလေသည်။

ဆံပင်ဖရိုဖရဲနှင့် အမျိုးသမီး တစ်ဦး ဖြစ်ပြီး၊ သူမ၏ အဖြူရောင် ဝတ်စုံမှာ အနီရင့်ရောင် သွေးများဖြင့် ရွှဲနစ်နေကာ၊ ဝတ်ရုံအနားသတ်များမှာ မြေပြင်ပေါ်တွင် တွားသွားနေသော မြွေတစ်ကောင်အလား လိမ်ကောက် စီးဆင်းနေတော့၏။

မျက်နှာမှာ ဆံပင်များကြားတွင် မြှုပ်နှံထားပြီး သူမ၏ ပုခုံးများမှာ ပြင်းထန်စွာ တုန်ယင်နေလေသည်။ သူမ၏ ရှိုက်သံများမှာ ရုတ်တရက် ရယ်မောသံများအဖြစ် ပြောင်းလဲသွားပြီးနောက်၊ ရုတ်တရက် ရပ်တန့်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

နောက်တစ်ခဏတွင် သူမသည် ပေနှစ်ဆယ်ခန့် အကွာတွင် ပြန်လည် ပေါ်လာပြန်သည်၊ ထို့နောက် ကူမော့တို့ အဖွဲ့၏ အနောက်တွင် ပေါ်လာပြီးမှ၊ နောက်တစ်ကြိမ် ပျောက်ကွယ်သွားကာ ရှေ့တည့်တည့်တွင် ပြန်လည် ပေါ်ထွက်လာပြန်တော့၏။

ထိုအမျိုးသမီး ခေါင်းမော့လိုက်သည့် အခါတွင်မူ...

သူမ၏ မျက်နှာမှာ ဖြူဖွေးနေ၏။ ညာဘက် မျက်လုံးမှာ မျက်စိအိမ်အတွင်းမှ အပြင်သို့ ပြူးထွက်နေပြီး၊ အောက်မျက်တောင်မှာလည်း လန်နေလျက် အသားနီနီများကို ဖော်ပြနေကာ၊

ဘယ်ဘက် မျက်လုံးမှာမူ သွေးများ အဆက်မပြတ် ယိုစီးနေသော အမည်းရောင် အပေါက်ကြီး တစ်ခုသာ ဖြစ်နေတော့၏။

သို့သော်လည်း ချီထျန်းရှုသည် ထိုမျက်နှာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်၊ သူသည် အလွန်အမင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်လေသည်...

"ငါ့ဆရာရဲ့ အသွင်အပြင်နဲ့ ငါ့ကို လှည့်စားရဲတယ် ဟုတ်လား... မင်း သေလိုက်တော့"

မျက်စိတစ်မှိတ်အတွင်းမှာပင်...

ဓားအနှစ်သာရ တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ချီထျန်းရှုသည် သူ၏ ဓားကို ထိုးစိုက်လိုက်လေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါ တစ်ခုမှာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖောက်ထွင်းသွားပြီး၊ သူမ၏ အနောက် ရှိ သစ်ပင်ပင်စည်များပေါ်တွင် ဓားအပေါက်များကို ချန်ရစ်ခဲ့လေသည်။

ထို့နောက် ထူထပ်လှသော ဓားစွမ်းအင်များမှာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ကြေမွသွားစေတော့၏။ သို့သော်လည်း နောက်တစ်ခဏတွင် ပြတ်တောက်သွားသော ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင် အရိပ်အယောင်များအဖြစ် ပျောက်ကွယ်သွားတော့၏။

"ပုံရိပ်ယောင်ပဲ"

ချီထျန်းရှုက လေးနက်သော လေသံဖြင့် ဆိုသည်

" တကယ့်ကို ယုတ်မာတာပဲ၊ ငါ့ဆရာရဲ့ ပုံစံကို သုံးပြီး ငါ့ကို နောက်တစ်ခါ ထပ်လှည့်စားပြန်ပြီ"

ကူမော့သည် ဒေါသထွက်နေသော ချီထျန်းရှုကို ကြည့်လိုက်ပြီး၊ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ခဏမျှ တုံ့ဆိုင်းသွားလေသည်။ ချီထျန်းရှုက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်...

"ဆရာကြီး ကူ... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပါဦး!"

ကူမော့သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆိုသည်...

"ခုနက အရာက... ပုံရိပ်ယောင် တစ်ခု ဟုတ်ပုံမရဘူး... အဲဒါက စိတ်ဝိညာဉ် အရာဝတ္ထု တစ်ခုပဲ၊ မူလ ဝိညာဉ် ရဲ့ အစိတ်အပိုင်း တစ်ခု ပေါ့... သာမန် စကားနဲ့ ပြောရရင်တော့ ဝိညာဉ် သုံးခုနဲ့ စိတ်ဓာတ် ခုနစ်ခု ထဲက တစ်ခု ပေါ့လေ... ဒါကြောင့်၊ တစ်နည်းပြောရရင်တော့ ခုနက မင်းတွေ့ခဲ့ရတဲ့ အရာဟာ မူလ ကိုယ်ထည်နဲ့ အတူတူပဲ ဖြစ်ရမယ်"

ချီထျန်းရှု၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားတော့၏။

All Chapters