အခန်း (၃၇၀)
Vol. 32 Ch. 370
အပိုင်း (၃၇၀) - ပြန်လည်ဝင်စားခြင်း ၄
ထိုအခိုက်အတန့်တွင် ကူချူတုန်းနှင့် အခြားသူများလည်း ဝင်လာကြသော်လည်း...
၎င်းတို့ထဲမှ မည်သူကမျှ ယူကျင့်ဟုန်ကို မမြင်တွေ့နိုင်ကြချေ။ ကူချူတုန်းနှင့် လီချူးယွီ တို့သာလျှင် သူတို့၏ နက်နဲလှသော ကျင့်ကြံမှုနှင့် သိုင်းပညာ နယ်ပယ်ကြောင့် ချင်းယီ ဘုရားကျောင်းရှိ ကျောက်ရုပ်တုအောက်မှ စိတ်ဝိညာဉ် လှုပ်ခတ်မှုများကို ဝေဝါးစွာ အာရုံခံမိနေခြင်း ဖြစ်လေသည်။
ယူကျင့်ဟုန်သည် ချီထျန်းရှုကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ မျက်ဝန်းများအတွင်း၌ ချစ်ခင် ကြင်နာတတ်သော အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။
၎င်းမှာ အတော်လေး ထူးဆန်းနေပုံ ရလေသည် ယူကျင့်ဟုန်မှာ အသက် သုံးဆယ်ခန့်ရှိသော နုပျိုသည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသော်လည်း၊ သူမထက် အများကြီး အသက်ကြီးပုံရသော ချီထျန်းရှုကို ကြင်နာသနားသော အကြည့်များဖြင့် ကြည့်နေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ လုံးဝ မမျှော်လင့်ထားသော အရာတော့ မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယူကျင့်ဟုန်သည် အသက် လေးဆယ်ကျော်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သလို၊ သူမတွင် နုပျိုမှုကို ထိန်းသိမ်းနိုင်သော နည်းစနစ်တစ်ခု ရှိနေသဖြင့် အသက် သုံးဆယ်ခန့်အဖြစ်သာ မြင်တွေ့ရခြင်း ဖြစ်လေသည်။ သူမ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်နှင့် ရုပ်ခန္ဓာ မှာ အတိအကျ တူညီနေခြင်း ဖြစ်လေသည်။
၎င်းတို့၏ အကြည့်ချင်း ဆုံလိုက်ကြသည့် အခိုက်အတန့်တွင်...
ချီထျန်းရှုသည် ယူကျင့်ဟုန်၏ သရုပ်မှန်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သဖြင့် မြေကြီးပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်...
"ဆရာ... ဘယ်လိုဖြစ်ပြီး... တကယ်တော့ ဘာတွေ ဖြစ်ခဲ့တာလဲ..."
ယူကျင့်ဟုန်သည် ချီထျန်းရှုကို သဲ့သဲ့မျှ ပြုံးပြလျက် ဆိုသည်...
"ထျန်းရှု... မင်း တကယ်ကို အိုသွားပြီပဲနော်"
ချီထျန်းရှုသည် သူ၏ မျက်ရည်များကို အတင်းအကျပ် ထိန်းထားရင်း ပြောလိုက်သည်...
"ဆရာ... ကျွန်တော်... ကျွန်တော် အခု အသက် ခုနစ်ဆယ့်ရှစ်နှစ် ရှိနေပါပြီ..."
ယူကျင့်ဟုန်က သက်ပြင်းချလိုက်သည်...
"ငါ ကွယ်လွန်ခဲ့တဲ့ နှစ်မှာ မင်း အသက် သုံးဆယ့်ခုနစ်နှစ် ရှိသေးတာလေ... အခုဆိုရင်... ငါ ကွယ်လွန်ခဲ့တာ လေးဆယ့်တစ်နှစ် ရှိသွားပြီပေါ့... နှမြောစရာပဲ၊ ဆယ်နှစ်လောက်ပဲ လိုတော့တာကို နှမြောစရာ ကောင်းလိုက်တာ၊ ဟူး..."
ချီထျန်းရှုက မေးမြန်းလိုက်သည်...
"ဆရာ... ဆယ်နှစ်လောက် လိုနေတာက ဘာကို ဆိုလိုတာလဲ..."
ယူကျင့်ဟုန်က ပြောပြသည်...
"အဲဒီတုန်းက ငါ ကျင့်ကြံနေတဲ့ သိုင်းပညာမှာ ပြဿနာ တစ်ခု ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သိလိုက်တဲ့ အချိန်မှာတော့ အရမ်း နောက်ကျနေပြီလေ... ငါ့ရဲ့ ဝိညာဉ်က နှစ်ခြမ်း ကွဲသွားခဲ့တာပေါ့... အဲဒီအချိန်မှာ သိုင်းပညာ လမ်းလွဲမှုကြောင့် အင်အားတွေ ကုန်ခမ်းနေပြီဖြစ်သလို အချိန်လည်း အများကြီး မကျန်တော့ဘူးလေ..."
"ငါ့ဆီကနေ ကွဲထွက်သွားတဲ့ အဲဒီဝိညာဉ်ဟာ ငါ့ရဲ့ ဆိုးယုတ်တဲ့ စိတ်ဆန္ဒတွေ အားလုံးကို သယ်ဆောင်သွားခဲ့တာလေ... တကယ်လို့ ငါ သေသွားခဲ့ရင် အဲဒီဝိညာဉ်က ငါ့ရဲ့ ခန္ဓာကိုယ်ကို သေချာပေါက် သိမ်းပိုက်ပြီး အန္တရာယ်တွေ ပေးလိမ့်မယ် ဆိုတာကို သိနေခဲ့တာပေါ့... “
“ငါက စိတ်ဝိညာဉ် လမ်းစဉ်ကို ကျင့်ကြံထားသူ ဖြစ်သလို တက်လှမ်းခြင်း နယ်ပယ်ရဲ့ ခြေလှမ်းဝက် အဆင့်ကိုလည်း ရောက်ထားသူ ဆိုတော့၊ အဲဒီဝိညာဉ်မှာ ငါ့ရဲ့ ကျင့်ကြံမှုတွေ ပါနေတယ်လေ ငါ့ရဲ့ ရုပ် ခန္ဓာကိုယ် သေသွားရင်တောင်မှ အဲဒီဝိညာဉ်ကတော့ သေမှာ မဟုတ်ဘူး..."
"ဒါကြောင့် ကြိုတင် ပြင်ဆင်ခဲ့တာပေါ့၊ ငါ့ရဲ့ ခန္ဓာကိုယ်ကို အဲဒီဝိညာဉ်ကို ပိတ်လှောင်ထားမယ့် ခွက်တစ်ခု အဖြစ် သုံးခဲ့တာလေ... ပြီးတော့ မြေကြီးရဲ့ ဆိုးယုတ်တဲ့ စွမ်းအင်တွေကို စုစည်းဖို့အတွက် ထျန်းယီတောင်ကို ရှာဖွေခဲ့ပြီး ဝင်္ကပါကြီး တစ်ခုကိုလည်း တည်ဆောက်ခဲ့တာပေါ့... အဲဒီဝိညာဉ်ကို သုတ်သင်ဖို့အတွက် အနှစ် လေးဆယ့်ကိုးနှစ်ပဲ လိုအပ်တာလေ... “
“ပိုပြီး သေချာသွားအောင်လို့ ငါ မင်းဆီကနေ ဓားအနှစ်သာရ တစ်စကို ငှားပြီး ခေါင်းတလားပေါ်မှာ တင်ထားခဲ့တာ... တကယ်လို့ မတော်တဆမှု တစ်ခုခု ဖြစ်လို့ သူမ လွတ်မြောက်သွားခဲ့ရင်တောင် မင်းရဲ့ ဓားအနှစ်သာရက သူမကို သတ်နိုင်မှာလေ..."
"ဒါပေမဲ့ ငါ တွက်တာ မှားသွားခဲ့တယ်... လွန်ခဲ့တဲ့ နှစ်နှစ်က၊ အနှစ် သုံးဆယ့်ကိုးနှစ် မြောက်မှာတင် အဲဒီဝင်္ကပါက ဖျက်ဆီးခံလိုက်ရသလို၊ မင်းရဲ့ ဓားအနှစ်သာရလည်း ကြေမွသွားခဲ့ရတယ်လေ... ဒါနဲ့ သူမလည်း လွတ်မြောက်သွားခဲ့တာပေါ့... ကံကောင်းတာက ငါ့ရဲ့ စိတ်ဝိညာဉ် အနှစ်သာရတွေက လုံးဝ ပျောက်ကွယ် မသွားသေးတာပဲ... ဒီ နှစ်နှစ်အတွင်းမှာ ငါဟာ သူမနဲ့ အပြန်အလှန် လွှမ်းမိုးရင်း၊ သူမကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ...”
“ ငါ သူမကို အကောင်းဘက် ရောက်အောင် အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့၊ သူမက စိတ်ဝိညာဉ် အမှတ်အသား ခတ်ထားတဲ့ ဘယ်သူ့ကိုမဆို အလွယ်တကူ မှတ်သားနိုင်တာလေ... အဲဒီလူတွေရဲ့ အသိစိတ်တွေကို သူမ ဝါးမြိုနေတာကို ငါ မတားဆီးနိုင်ခဲ့ဘူး၊ သူမ ကြီးထွားလာမှုကို နှေးကွေးသွားအောင်ပဲ ငါ ကြိုးစားနိုင်ခဲ့တာပေါ့..."
"ငါ အခု အစွမ်းကုန် ရုန်းကန်နေရပါပြီ... ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ငါ လှုပ်ရှားနိုင်တဲ့ အချိန်တွေက ပိုပိုပြီး နည်းလာခဲ့တာလေ... ငါ သူမရဲ့ ဝါးမြိုတာကို လုံးဝ ခံလိုက်ရတော့မယ့် အခြေအနေပါပဲ... ဒါပေမဲ့ ကံကောင်းလိုက်တာ၊ မင်း... မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"
"ထျန်းရှု... ငါ့ကို သတ်လိုက်ပါတော့... တကယ်လို့ မင်း မလုပ်ရဲဘူး ဆိုရင်လည်း၊ ဟိုက လူငယ်လေးကို မင်းကိုယ်စား လုပ်ခိုင်းလိုက်ပါ"
ချီထျန်းရှုသည် အနည်းငယ် တုန်ယင်သွားပြီး လေးနက်သော လေသံဖြင့် ဆိုသည်...
"ဆရာ... တခြား နည်းလမ်းများ မရှိတော့ဘူးလား..."
ယူကျင့်ဟုန်သည် ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြောလိုက်သည်...
"ထျန်းရှု... ငါ မင်းနဲ့ စတွေ့တုန်းက မင်း အသက် ရှစ်နှစ်ပဲ ရှိသေးပြီး ငါကတော့ အသက် နှစ်ဆယ်လေ... ငါက မင်းရဲ့ ဆရာ ဖြစ်ပေမဲ့၊ မင်းရဲ့ အစ်မကြီး တစ်ယောက်လို ပိုပြီး တူခဲ့တာပါ... ငါဟာ အမျိုးသမီး သူရဲကောင်း တစ်ယောက် ဖြစ်ချင်ခဲ့သလို၊ ဖြောင့်မတ်တဲ့ ကိစ္စတွေကိုပဲ လုပ်ချင်ခဲ့တာ မင်း သိပါတယ်..."
"အဲဒီတုန်းက မင်း ကြီးလာတော့၊ ငါက ရိုးလွန်းတယ်၊ နုနယ်လွန်းတယ် ဆိုပြီး ငါ့ကို ခဏခဏ နောက်ပြောင်ခဲ့ကြသေးတယ် မဟုတ်လား... ဒါပေမဲ့ ငါကတော့ နာမည်ကြီးတဲ့ သူရဲကောင်း တစ်ယောက် မဖြစ်ခဲ့ရင်တောင်မှ၊ ငါ့ရဲ့ တစ်သက်တာလုံးမှာ အသိစိတ်ကို သစ္စာမဖောက်ဘဲ 'သစ္စာရှိခြင်း' ဆိုတဲ့ စကားလုံးကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး"
"ဒါဟာ ငါ မဟုတ်ပါဘူး ထျန်းရှု၊ အဲဒါက ဆိုးယုတ်မှု တစ်ခုပါ၊ မင်းရဲ့ ဆရာ မဟုတ်ဘူးလေ... တကယ်လို့ မင်း ငါ့ကို အခု မသတ်ရင်တောင်မှ၊ သူမက ငါ့ကို သတ်ပစ်လိမ့်မယ်... အဲဒီအချိန်ကျရင် သူမက သည်ဒေသ တစ်ခုလုံးကို ဒုက္ခတွေ ပေးမှာဖြစ်သလို၊ ငါ့ရဲ့ ကတိသစ္စာတွေနဲ့ ရည်မှန်းချက်တွေကိုလည်း စော်ကားရာ ရောက်လိမ့်မယ်...”
“ ဝမ်းမနည်းပါနဲ့ လူတိုင်းမှာ ဒီလိုနေ့မျိုး ရှိတာပါပဲ... မင်းကို နောက်တစ်ခါ ပြန်တွေ့ရတာနဲ့တင် ငါ အရမ်း ဝမ်းသာနေပါပြီ... အဲဒီအပြင် ငါက အခု စိတ်ဝိညာဉ် ဆန္ဒလေး တစ်ခု အဖြစ်ပဲ ရှိနေတာလေ... တကယ့် ငါကတော့ သေသွားခဲ့တာ ကြာပါပြီ"
ချီထျန်းရှုသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ချေ။
ထိုအခိုက်အတန့်မှာပင် ကူမော့က ဝင်ပြောလိုက်သည်...
"ဆရာကြီး ယူ... သူမရဲ့ ကိစ္စက ဘယ်လိုလဲ..."
ကူမော့သည် ရှောင်ပိုင်ကို လက်ညှိုးထိုးပြရင်း ဆက်ပြောသည်...
"ဆရာကြီး ကွယ်လွန်ခဲ့တာ အနှစ် လေးဆယ်ကျော် ရှိနေပြီဆိုတော့၊ သည်မိန်းကလေးက ဘာဖြစ်လို့ ဂိုဏ်းချုပ် ချီ ရဲ့ နာမည်အစစ်ကို သိနေရတာလဲ၊ ပြီးတော့ ဘာလို့ သူ့ရဲ့ ဓားအနှစ်သာရကို မှတ်မိနေရတာလဲ... သူမက ဆရာကြီးနဲ့ ပတ်သက်နေလို့လား..."
ယူကျင့်ဟုန်သည် ရှောင်ပိုင်ကို ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် ရှောင်ပိုင်သည်လည်း တစ်ခုခုကို အာရုံခံမိပုံရပြီး ယူကျင့်ဟုန်ကို ပြန်လည် ကြည့်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် ရှောင်ပိုင်မှာ လူတစ်ယောက်လုံး ပြောင်းလဲသွားသည့်အလား ထင်ရပြီး၊ ကူချူတုန်း၏ အနောက်တွင် ကြောက်လန့်တုန်ယင်စွာ ပုန်းအောင်းမနေတော့ဘဲ ယူကျင့်ဟုန် ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့၏။
တွေဝေနေစဉ်အတွင်း...
ယူကျင့်ဟုန်သည် တစ်ခုခုကို နားလည်သွားပုံရပြီး အံ့သြတကြီးဖြင့် အော်ဟစ်လိုက်လေသည်...
"သူမက... သူမက... ဉာဏ်ရည်မပြည့်မီတာလား..."
"ဟုတ်ပါတယ်..."
ကူမော့က ဆိုသည်။
ယူကျင့်ဟုန်၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။
"လူဝင်စားခြင်း... လူဝင်စားခြင်း ဆိုတာ တကယ် ရှိနေတာပဲ... သူမက ငါ့ရဲ့ လူဝင်စား ပဲ"
ယူကျင့်ဟုန်၏ စကားကို ကြားရသောအခါ ကူမော့နှင့် အခြားသူများမှာ အလွန်ပင် အံ့အားသင့်သွားကြလေသည်။ ချီထျန်းရှုသည်လည်း ရုတ်တရက် ခေါင်းမော့ကြည့်ကာ အော်ဟစ်လိုက်သည်..
"လူဝင်စားခြင်း ဆိုတာ တကယ်ရှိတာလား... အဲဒါက ဒဏ္ဍာရီတစ်ခု သက်သက် မဟုတ်ဘူးလား..."
ယူကျင့်ဟုန်က ဆိုသည်...
"ကျွန်မလည်း မသေချာပါဘူး... ဒါပေမဲ့ အရင်တုန်းက တားမြစ်ထားတဲ့ ပိုင်ယွီကျင်း ကို တစ်ခါ မြင်ဖူးခဲ့ပြီး၊ အဲဒီမှာ လူဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်ကို အနည်းငယ် မြင်တွေ့ခဲ့ရတယ်... ဒါပေမဲ့ အပြည့်အဝတော့ နားမလည်ခဲ့ပါဘူး... ကွယ်လွန်ပြီးတဲ့နောက် ဘာဖြစ်မလဲဆိုတာ မသိခဲ့ပေမဲ့၊ အခု ကြည့်ရတာတော့ ကျွန်မ အောင်မြင်သွားပုံရတယ်..."
ထိုသို့ ပြောဆိုရင်း သူမသည် လက်ကို ဆန့်ထုတ်ကာ ရှောင်ပိုင်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ဆက်ပြောသည်...
"အကြောင်းနဲ့ အကျိုး ဆိုတာ သံသရာ လည်နေတာပဲ၊ သောက်တစ်ငုံ စားတစ်လုပ် တိုင်းက ကံစီမံရာ အတိုင်းပါပဲ... ဒီကလေးရဲ့ အသိစိတ် မပြည့်စုံတာက ကျွန်မရဲ့ ဒီဝိညာဉ် အစိတ်အပိုင်းလေး လိုအပ်နေလို့ ဖြစ်ရမယ်..."
"ဒီဝိညာဉ် အသိလေးက... ကျွန်မ... ကျွန်မ..."
ရုတ်တရက်ဆိုသလို ယူကျင့်ဟုန်၏ အရှိန်အဝါမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး၊ သူမ၏ မျက်ဝန်းများအတွင်းရှိ ကြင်နာသော အကြည့်များမှာ အခြားအရာတစ်ခုဖြင့် ချက်ချင်း အစားထိုးခံလိုက်ရလေသည်။ သူမသည် ချီထျန်းရှုကို ကြည့်ကာ ပြောလိုက်သည်...
"ထျန်းရှု... ဆိုးယုတ်တာပဲဖြစ်ဖြစ် ကောင်းမြတ်တာပဲဖြစ်ဖြစ်၊ ငါက ယူကျင့်ဟုန် ပဲလေ၊ ငါက မင်းရဲ့ ဆရာပဲ... မင်းက ငါ့ကို တကယ်ပဲ သတ်ချင်တာလား..."
"လူဝင်စားပြီးတဲ့ နောက်မှာ ငါက တခြားလူတစ်ယောက် ဖြစ်သွားမှာလေ... တကယ်လို့ ငါသာ အခု အသက်ရှင်နေမယ်ဆိုရင် မင်းရဲ့ ဆရာက သည်လောကမှာ ရှိနေဦးမှာပေါ့... တကယ်လို့ ငါ သေသွားမယ်ဆိုရင်တော့ ဘာအမှတ်အသားမှ ကျန်ရစ်တော့မှာ မဟုတ်ဘူး... ထျန်းရှု... ငါက မင်းကို ပြုစုပျိုးထောင်ခဲ့ပြီး သိုင်းပညာတွေ သင်ပေးခဲ့တာလေ၊ မင်း တကယ်ပဲ သည်လောက်အထိ ရက်စက်နိုင်လို့လား..."
ချီထျန်းရှု၏ ဒူးအောက်ရှိ အုတ်ချပ်မှာ ကြေမွသွားပြီး၊ သူ၏ နဖူးမှာ ကျောက်ပြားပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားရာ ထွက်ပေါ်လာသော အသံမှာ အမိုးစွန်းရှိ ကြေးခေါင်းလောင်းများကိုပင် လန့်ဖျပ်သွားစေတော့၏။ တတိယအကြိမ် ဦးတိုက်လိုက်သည့်အခါတွင်မူ သူ၏ မျက်ခုံးမှ သွေးများမှာ မျက်လုံးထောင့်အထိ စီးကျလာပြီ ဖြစ်သော်လည်း၊ သူက သတိထားမိပုံမရဘဲ သူ၏ အင်္ကျီလက်ဖြင့် မျက်နှာကို ရုတ်တရက် သုတ်ပစ်လိုက်၏။
သူ မတ်တတ်ရပ်လိုက်သောအခါ သူ၏ ဝတ်ရုံအနားသတ်က မြေကြီးပေါ်ရှိ ဖုန်မှုန့်များကို ဝှေ့ယမ်းသွားပြီး၊ သူ၏ ခါးမှ ကျောက်စိမ်းပြားလေးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။၎င်းမှာ လွန်ခဲ့သော အနှစ် ခုနစ်ဆယ်က ယူကျင့်ဟုန် ကိုယ်တိုင် လက်ဆောင်ပေးခဲ့သော အရာပင် ဖြစ်လေသည်။
"မင်းက သူမ မဟုတ်ဘူး..."
"ပြီးတော့ မင်း က သူမ ဖြစ်ဖို့လည်း မထိုက်တန်ဘူး..."
သူ၏ အသံမှာ အက်ကွဲနေသော်လည်း၊ သူ၏ လက်ချောင်းများမှာမူ တည်ငြိမ်နေဆဲ ဖြစ်လေသည်။
စကားမဆုံးမီမှာပင် သူ၏ ပတ်လည်ရှိ ဓားအနှစ်သာရများမှာ မုန်တိုင်းအလား တဟုန်ထိုး မြင့်တက်လာတော့၏။
ယူကျင့်ဟုန်၏ သူငယ်အိမ်များမှာ အကြီးအကျယ် ကျုံ့ဝင်သွားလေသည်။
ချီထျန်းရှု၏ လက်ချောင်းထိပ်များမှာ ရှေ့သို့ ညွှန်ပြပြီးသား ဖြစ်လေသည်။
ယူကျင့်ဟုန်၏ ဝိညာဉ် ခန္ဓာကိုယ်မှာ ဓားအနှစ်သာရအတွင်း ကြေမွသွားပြီး ဘာမှမရှိခြင်းသို့ ပြောင်းလဲသွားတော့၏။
ထိုအခိုက်အတန့်တွင်...
ကူမော့သည် အလွန် စင်ကြယ်လှသော စိတ်ဝိညာဉ် စွမ်းအားများမှာ ရှောင်ပိုင် ဆီသို့ တဟုန်ထိုး စီးဝင်သွားသည်ကို ခံစားလိုက်ရပြီး၊ သူမ၏ အသိစိတ်ကို စတင် ပြုစုပျိုးထောင်ပေးနေတော့၏။ ၎င်းမှာ အလွန်ပင် သဘာဝကျလှပြီး အံကိုက် ဖြစ်နေသည်မှာ ထိုစိတ်ဝိညာဉ် စွမ်းအားများမှာ မူလကတည်းက ရှောင်ပိုင်၏ အရာများ ဖြစ်နေသည့်အလား ပင် ဖြစ်လေသည်။
"လူဝင်စားခြင်း ဆိုတာ တကယ်ပဲ ရှိနေတာလား..."
ကူမော့သည် အလွန်ပင် ဇဝေဇဝါ ဖြစ်နေမိ၏။ မွေးရာပါ အသိဉာဏ်ကို ရရှိထားသူ တစ်ဦးအနေဖြင့် သူသည် နတ်ဘုရားများနှင့် တစ္ဆေများ၏ သဘောတရားကို အမြဲတမ်း ရိုသေလေးစားမှု ရှိခဲ့လေသည်။ သို့သော်လည်း သူ၏ မွေးရာပါ အသိဉာဏ်ဖြင့် လူဝင်စားခြင်းကို မမြင်တွေ့ခဲ့ရသလို၊ လောကတွင်လည်း လူဝင်စားခြင်း စွမ်းအားကို သူ ရှာမတွေ့သေးချေ။
"ရှောင်ပိုင်... ဘာများ ခံစားရလဲ..."
ကူမော့က မေးမြန်းလိုက်သည်။