အခန်း (၃၇၁)
Vol. 32 Ch. 371
အပိုင်း (၃၇၁) - ပြန်လည်ဝင်စားခြင်း ၅
ရှောင်ပိုင်မှာမူ ဇဝေဇဝါ ဖြစ်နေပုံရပြီး သူမ၏ မျက်ဝန်းများမှာ ကြည်လင်နေဆဲ ဖြစ်ကာ၊ မသိစိတ်အရ ကူချူတုန်း၏ အနောက်တွင် ပုန်းကွယ်နေတော့၏။
"အစ်ကို... ဘာဖြစ်လို့လဲ..."
ကူချူတုန်းက မေးလိုက်သည်။
ကူမော့က အနည်းငယ် ခေါင်းယမ်းလျက် ဆိုသည်
"ငါ အရမ်း အလျင်စလို တွေးမိသွားတာပဲ... တကယ့် လူဝင်စားခြင်း ဖြစ်နေရင်တောင်မှ၊ ဝိညာဉ် ပြည့်စုံသွားဖို့အတွက် အချိန်တစ်ခု ယူရဦးမှာလေ... အဲဒီအပြင် ဝိညာဉ် ပြည့်စုံသွားရင်တောင်မှ အစကနေ ပြန်ပြီး စတင်ရဦးမှာပဲ..."
ကူချူတုန်းက မေးလိုက်သည်...
"ဒါဆိုရင်၊ အစ်ကိုက လူဝင်စားခြင်း ဆိုတာ ဘာလဲဆိုတာကို သဘောပေါက်သွားပြီလား..."
"မသိသေးပါဘူး..."
ကူမော့က ပြောသည်
"ဒါကြောင့် ရှောင်ပိုင်ကို စောင့်ကြည့်ဖို့အတွက် ဆန်းလန်ဓားဂိုဏ်း မှာ ခဏလောက် ထပ်နေဖို့ ငါ အစီအစဉ် ရှိတယ်..."
"ကောင်းပါပြီ..."
ကူချူတုန်းက အလျင်အမြန် ခေါင်းညိတ်ပြလျက် ဆိုသည်
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ အခုလောလောဆယ် လုပ်စရာ ဘာမှ မရှိသေးဘူးလေ... လုံဟူတောင် တက်လှမ်းခြင်း စင်မြင့် မှာလည်း ကျွန်မ အများကြီး ရခဲ့သလို၊ ဉာဏ်အလင်းရခြင်း အသီးတွေလည်း အများကြီး ရှိသေးတာပဲ..."
ကူမော့က ခေါင်းညိတ်ပြလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ချီထျန်းရှုသည် နေရာမှာတင် မလှုပ်မယှက် ရပ်နေပြီး၊ ချင်းယီနတ်သမီး ရုပ်တုကို ငေးကြည့်နေကာ အလွန်ပင် အထီးကျန်နေပုံ ရလေသည်။
လူတစ်ယောက်သည် အသက်ကြီးလာလေလေ၊ အတိတ်ကို ပိုပြီး တမ်းတလာလေလေ ဖြစ်တတ်သည်၊ အထူးသဖြင့် မိမိကို ပြုစုပျိုးထောင်ပြီး ပညာသင်ပေးခဲ့သော ဆရာနှင့် ပတ်သက်လာလျှင် ပို၍ ဆိုးလေသည်။
မူလကတော့ ချီထျန်းရှုသည် သူ၏ ဆရာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းကို နှစ်ပေါင်းများစွာအတွင်း လက်ခံထားခဲ့ပြီးသား ဖြစ်လေသည်။ သို့သော်လည်း ယခုအခါတွင်မူ သူ၏ ဆရာ ကွယ်လွန်ခဲ့ပုံနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို သိရှိလိုက်ရရုံသာမက၊ ဆရာ၏ အမှတ်အသားများ လုံးဝ ပျောက်ကွယ်သွားသည်ကိုပါ မြင်တွေ့လိုက်ရသဖြင့် လက်ခံရန် ခက်ခဲနေဆဲ ဖြစ်လေ၏။
ကူမော့သည် အနားသို့ လျှောက်သွားကာ ချီထျန်းရှု၏ ပုခုံးကို ပုတ်လျက် ပြောလိုက်သည်။
"ဂိုဏ်းချုပ် ချီ... မင်းဆရာရဲ့ ဆန္ဒအရဆိုရင်တော့ ရှောင်ပိုင် ဟာ သူမရဲ့ လူဝင်စား ဖြစ်နေတာပဲလေ၊ ဒါကြောင့် အရမ်း ဝမ်းမနည်းပါနဲ့တော့..."
"လုံဟူတောင်က စာအုပ်တစ်အုပ်မှာ ကျွန်တော် တွေ့ခဲ့ရတာတော့၊ လောကမှာ သူတော်စင် ခုနစ်မျိုး ရှိတယ်တဲ့၊ အဲဒီထဲက တစ်မျိုးကတော့ 'မွေးရာပါ သိမြင်သူ' လို့ ခေါ်ပြီး ပဋိသန္ဓေရဲ့ လျှို့ဝှက်ချက်များကို သိမြင်နိုင်သူတွေကို ဆိုလိုတာပါ... “
“ ရှောင်ပိုင် က ဉာဏ်ရည်မပြည့်မီဘူး ဆိုပေမဲ့လည်း၊ 'ယွင်ကျိုး က တုန်းယန် ရွာ' ဆိုတာကို ပြောနိုင်သလို၊ မင်းရဲ့ နာမည်အစစ်ကို ခေါ်နိုင်ပြီး ဓားအနှစ်သာရကိုလည်း မှတ်မိနေတာလေ... ဒါက သူမဟာ ပဋိသန္ဓေ လျှို့ဝှက်ချက်များကို သိမြင်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြနေတာပဲ၊ ဒါကြောင့် တစ်နေ့နေ့မှာ သူမရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို ပြန်ရလာနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ”
“တကယ်လို့ သူမ မှတ်ဉာဏ်တွေ ပြန်မရခဲ့ရင်တောင်မှ... မင်းဆရာအတွက် ဝမ်းသာပေးသင့်ပါတယ်... လူဝင်စားခြင်း ဆိုတာ နက်နဲပြီး ဝေဝါးလှတဲ့ ဒဏ္ဍာရီ တစ်ခု ဖြစ်နေတာတောင်မှ၊ သူမက လူဝင်စားနိုင်ခဲ့တယ် မဟုတ်လား... မင်းလည်း အသက်တွေ ကြီးလာပြီဆိုတော့၊ နောင်တစ်ချိန် လူဝင်စားခြင်းမှာ မင်းဆရာနဲ့ ထပ်ဆုံဖို့ အခွင့်အရေး ရှိမရှိ ဆိုတာ မသေချာပါဘူး... ဒုတိယ ဘဝတစ်ခုကို ရဖို့ဆိုတာတောင် မသေချာဘူး မဟုတ်လား..."
ချီထျန်းရှုသည် ကြောက်ရွံ့နေသော ရှောင်ပိုင်ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည်...
"မင်း ပြောတာက ယုတ္တိရှိပါတယ်၊ ဒါပေမဲ့ တစ်ခုခုတော့ မှားနေသလိုပဲ..."
ကူမော့က ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်...
"သွားကြစို့..."
ချက်ချင်းပင် သူတို့အဖွဲ့သည် ချင်းယီ ရွာ မှ ထွက်ခွာခဲ့ကြလေသည်။
၎င်းတို့ မထွက်ခွာမီမှာပင်၊ ချင်းယီ ရွာ မှ ရွာသားများမှာ ထုံထိုင်းနေကြဆဲ ဖြစ်သော်လည်း၊ လူအများအပြားမှာမူ ဦးတိုက်လွန်းသဖြင့် သေဆုံးကုန်ကြပြီ ဖြစ်လေသည်။
ချီထျန်းရှုသည် ယူကျင့်ဟုန်၏ ရုပ်ကြွင်းများကို ပြန်လည် ရယူရန်အတွက် ထျန်းယီတောင် ရှိ လျို အတွင်းသို့ နောက်တစ်ကြိမ် သွားခဲ့လေသည်။ အဲဒီနောက် ညတွင်းချင်းပင် ခရိုင်မြို့သို့ အလျင်အမြန် ပြန်လာခဲ့ကြလေသည်။
ခရိုင်မြို့တွင် တစ်ည တည်းခိုခဲ့ကြပြီး..
နောက်တစ်နေ့ နံနက်စောစောတွင် ထွက်ခွာခဲ့ကြလေသည်။ သို့သော်လည်း မထွက်ခွာမီ ချီထျန်းရှုသည် ခရိုင် အုပ်ချုပ်ရေးရုံးသို့ ခဏ သွားခဲ့လေသည်။
အုပ်ချုပ်ရေးရုံးမှ ပြန်ထွက်လာသောအခါ ချီထျန်းရှုသည် မနေ့က ရှိနေခဲ့သော လေးလံမှုနှင့် စိတ်မသက်မသာ ဖြစ်မှုများကို ဖယ်ရှားလိုက်နိုင်သည့်အလား သူ၏ တစ်ကိုယ်လုံး လန်းဆန်း တက်ကြွနေတော့၏။
ကူချူတုန်းသည် ချီထျန်းရှု၏ ပုံစံကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်...
"အစ်ကို... ဂိုဏ်းချုပ် ချီ က အုပ်ချုပ်ရေးရုံးကို သွားပြီး ပြန်လာတော့မှ ဘာဖြစ်လို့ ဒီလောက်အထိ အမူအရာတွေ ပြောင်းလဲသွားရတာလဲ..."
ကူမော့က ဖြည်းညင်းစွာ ပြန်ပြောသည်...
"ဘာလို့လဲဆိုတော့ သူ မနေ့က စိတ်ထဲမှာ အရမ်း ရုန်းကန်နေရလို့လေ... သူက ချင်းယီ ရွာ က လူတွေကို အရမ်း ဒေါသထွက်နေတာ... လု မိသားစု ဟာ ကျေးဇူးကန်းတဲ့ ရွာသားတွေရဲ့ လက်ချက်နဲ့ မျိုးပြုတ်သွားခဲ့ရတာ မဟုတ်လား... “
“ဒါပေမဲ့ သူက သိုင်းဆရာကြီး တစ်ယောက်ဖြစ်သလို ဆန်းလန်ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်နေတော့၊ ရွာသားတွေကို တိုက်ရိုက် သွားပြီး လက်စားချေဖို့က အဆင်မပြေဘူးလေ... သူ ချီထျန်းရှု အနေနဲ့ လက်နက်မရှိတဲ့ ရွာသားတွေကို သွားသတ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စပဲပေါ့...”
“ဒါပေမဲ့ အခုတော့ မတူတော့ဘူးလေ... သူက ချင်းယီ ရွာ မှာ ရှိနေတဲ့ များပြားလှတဲ့ စည်းစိမ်တွေ အကြောင်းကို အုပ်ချုပ်ရေးရုံးကို ပြောပြခဲ့တာ ဖြစ်ရမယ်... အဲဒီသတင်း ပေါက်ကြားသွားတာနဲ့၊ ချင်းယီ ရွာ က လူတွေဟာ အဲဒီစည်းစိမ်တွေကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘဲ၊ ဝံပုလွေအုပ်ကြီး တစ်အုပ်လုံးကို ဆွဲဆောင်လိုက်သလို ဖြစ်သွားမှာပဲ... ပြောရရင်တော့၊ ဒါက တကယ့် ဝဋ်လည်တာ ပါပဲ... သူတို့တွေက ပိုက်ဆံအတွက်နဲ့ ကျေးဇူးကန်းခဲ့ကြတာလေ၊ အခုတော့ အဲဒီပိုက်ဆံတွေအတွက်ပဲ ချင်းယီ ရွာ က လူတွေက ပြန်ပြီး ပေးဆပ်ကြရတော့မှာပေါ့..."
ကူချူတုန်းက ဆိုသည်...
"ချင်းယီ ရွာ က လူတွေက သနားဖို့ မကောင်းပါဘူး..."
"သူတို့က လုံးဝ သနားစရာ မရှိပါဘူး..."
...
ချီထျန်းရှုသည် အလွန် အနေရခက်သော ခံစားချက်ကို ခံစားနေရလေ၏။
သူ၏ ဆရာအပေါ် ထားရှိသော သူ၏ ခံစားချက်နှင့် ရိုသေလေးစားမှုများကို သူ မငြင်းဆိုပါချေ၊ သို့သော်လည်း အခု သူ့ရှေ့တွင် သုံးနှစ် လေးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအဖြစ် ရှိနေသော သူ၏ ဆရာဖြစ်သူကို သူ ဘယ်လို ရင်ဆိုင်ရမည်ကို အမှန်တကယ် မသိတော့ချေ။
သူမကို သူ၏ ဆရာအဖြစ် ဆက်ဆံနိုင်သော်လည်း၊ထိုမိန်းကလေးတွင် မှတ်ဉာဏ်များ မရှိတော့သလို လူဝင်စားလည်း ဖြစ်နေပြီလေ၏။ သူသည် လူဝင်စားခြင်း ကို အပြည့်အဝ နားမလည်သော်လည်း၊ ပုံပြင်အမျိုးမျိုးကို ကြားဖူးထားသဖြင့် ၎င်းကို လူနှစ်ယောက် သို့မဟုတ် လူတစ်ယောက်တည်းအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်လေသည်။
တကယ်လို့ ရှောင်ပိုင်က အစောပိုင်းက ထင်ထားသလို ယူကျင့်ဟုန်၏ မျိုးဆက် တစ်ဦးသာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ချီထျန်းရှုသည် သူမကို သူ၏ တပည့်အရင်းအချာသဖွယ် ဆက်ဆံပြီး သိုင်းပညာများကို ကိုယ်တိုင် သင်ကြားပေးမိမှာ သေချာလှပေသည်။
ဒါပေမဲ့ အခုတော့ အတော်လေး အနေရခက်နေလေသည်။
ထို့ကြောင့် ပြန်လမ်းတစ်လျှောက်တွင်...
ချီထျန်းရှုသည် ရှောင်ပိုင်နှင့် မဆုံမိစေရန်အတွက် မြင်းရထားအတွင်း၌သာ တစ်ချိန်လုံး နေထိုင်ခဲ့လေသည်။ ဆန်းလန်ဓားဂိုဏ်းသို့ ပြန်လည် ရောက်ရှိသည့် အချိန်မှာတော့ ဆယ်ရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်လေ၏။
၎င်းတို့ ဆန်းလန်တောင် ခြေရင်းသို့ ရောက်ရှိလိုက်သည်နှင့်တစ်ပြိုင်နက်၊ ဂိုဏ်းချုပ် ကိုယ်စားလှယ် ဖြစ်သော ရှန်ပုယွီ သည် အလျင်အမြန် ပြေးလာခဲ့လေသည်။ သူသည် ကူမော့နှင့် ကူချူတုန်းတို့ကို ဂါရဝပြု နှုတ်ဆက်ပြီးနောက်၊ ချီထျန်းရှု၏ မြင်းရထားဘေးသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်...
"ဆရာ... ကျွန်တော့်မှာ အရေးကြီးတဲ့ သတင်း တင်ပြစရာ ရှိပါတယ်..."
"ဘာကိစ္စလဲ..."
ချီထျန်းရှုက မေးမြန်းလိုက်သည်။
ရှန်ပုယွီသည် သူ၏ အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ မြင်းရထားအတွင်းသို့ ကမ်းပေးရင်း တိုးတိုးလေး ပြောလိုက်သည်...
"လုံဟူတောင် က ကျန်းဆရာကြီးဟာ ဂိုဏ်းကြီးတွေ အကုန်လုံးဆီကို လူတစ်ယောက် ရှာပေးဖို့ စာတွေ ပို့ထားပါတယ်။အဲဒီလူကတော့ ဖုန်လိုင်ကျွန်း ရဲ့ မြင့်မြတ်သောမိန်းကလေး ပါ... ပြီးတော့ ပုံတူ ပန်းချီကားအရ ဆိုရင်တော့၊ အဲဒီ ဖုန်လိုင်ကျွန်း ရဲ့ မိန်းကလေး ဟာ... ရှောင်ပိုင် ဖြစ်နေပါတယ်"
ချီထျန်းရှုမှာ မှင်သက်သွားတော့၏။ သူသည် စာအိတ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်ပြီးနောက်၊ ပုံတူ ပန်းချီကားကို ဖြန့်ကြည့်လိုက်လေ၏။
"တကယ်ပဲ ရှောင်ပိုင် ဖြစ်နေတာပဲ"
ချီထျန်းရှု၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွားတော့၏။ သူသည် မြင်းရထားပေါ်မှ ဆင်းကာ ကူမော့ဆီသို့ လျှောက်သွားပြီး၊ ထိုစာနှင့် ပန်းချီကားကို ကမ်းပေးလိုက်လေ၏။ ထို့နောက် သူက ရှောင်ပိုင်ကို မေးမြန်းလိုက်သည်...
"ရှောင်ပိုင်... ဖုန်လိုင်ကျွန်း ကို သိလား..."
ရှောင်ပိုင်သည် ခေါင်းလေးစောင်းကာ ခဏမျှ တွေးတောနေပြီးမှ ခေါင်းကို အနည်းငယ် ယမ်းပြလိုက်လေသည်။
ချီထျန်းရှုက ပြောသည်...
"သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး... ချန်ကျား ရွာ ကို မရောက်ခင်မှာ ရှောင်ပိုင် ဘယ်မှာ နေခဲ့တာလဲ..."
ရှောင်ပိုင်သည် ခေါင်းယမ်းနေဆဲ ပင် ဖြစ်လေသည်။
ချီထျန်းရှုသည် သက်ပြင်းချလိုက်ပြီး ထပ်မံ၍ မမေးမြန်းတော့ပါချေ။ သူသည် ကူမော့ဘက်သို့ လှည့်ကာ ပြောလိုက်သည်...
"ရှောင်ပိုင် ဟာ ဖုန်လိုင်ကျွန်း ကနေ ထွက်လာပြီးတဲ့နောက် တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရလို့ စိတ်မမှန် ဖြစ်သွားခဲ့တာ နေမှာပါ..."
ကူမော့က ဆိုသည်...
"ရှောင်ပိုင် က စိတ်မမှန်တာ ဖြစ်နိုင်ပါ့မလား..."
"ဖုန်လိုင်ကျွန်း ရဲ့ မြင့်မြတ်သောမိန်းကလေး လား... အဲဒီလိုတော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား..."
"ဘာလို့ ဉာဏ်နည်းတဲ့သူက မြင့်မြတ်သောမိန်းကလေး မဖြစ်နိုင်ရမှာလဲ... အဲဒါကို ဘယ်သူက သတ်မှတ်ထားလို့လဲ..."
ချီထျန်းရှု: "..."
ကူမော့က ခပ်ဖွဖွ ရယ်မောလျက် ဆိုသည်...
"လုံဟူတောင်ကို ပြန်စာ ရေးလိုက်ပါ... ဖုန်လိုင်ကျွန်း က တမန်တော်တွေကို လာခေါ်ခိုင်းဖို့ပေါ့... သူတို့ ရောက်လာရင်တော့ အခြေအနေကို မေးကြည့်လိုက်တာနဲ့ သိရမှာပါ..."
"အဲဒါလည်း ဟုတ်သားပဲ..."
ချီထျန်းရှုက ပြောသည်
"သူမရဲ့ သရုပ်မှန်နဲ့ ပတ်သက်ရင်တော့ သံသယဖြစ်စရာ သိပ်မရှိပါဘူး... ဒါကလည်း သူမမှာ ဘာဖြစ်လို့ အစွမ်းထက်ပြီး ထူးခြားတဲ့ စွမ်းအားတွေ ရှိနေရတာလဲ ဆိုတာကို ရှင်းပြပေးနေတာပဲလေ..."
ချီထျန်းရှုသည် တကယ်တမ်းမှာတော့ အနည်းငယ် စိတ်သက်သာရာ ရသွားခြင်း ဖြစ်လေသည်။ ရှောင်ပိုင်အတွက် နေစရာ နေရာတစ်ခု ရှိသွားပြီဖြစ်ရာ၊ သူမကို အချိန်အကြာကြီး ရင်ဆိုင်နေရတော့မည် မဟုတ်သောကြောင့် ဖြစ်လေသည်။ ဆန်းလန်တောင်မှာ ရှောင်ပိုင်ကို မကျွေးမွေးနိုင်လို့ မဟုတ်ဘဲ၊ သူမကို သူ ဘယ်လို ရင်ဆိုင်ရမည်ကို အမှန်တကယ် မသိသောကြောင့်သာ ဖြစ်လေသည်။
အနည်းဆုံး အချိန်တိုအတွင်း ချီထျန်းရှုအနေဖြင့် ရှောင်ပိုင်ကို ရင်ဆိုင်နိုင်ရန် သူ၏ စိတ်ဓာတ်ကို ပြုပြင်နိုင်ခြင်း မရှိသေးပါချေ။ ထို့ကြောင့် ဆန်းလန်ဓားဂိုဏ်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် တိတ်ဆိတ်စွာ ကျင့်ကြံတော့မည် ဖြစ်ကြောင်း ချက်ချင်း ကြေညာလိုက်လေသည်။
ကူမော့နှင့် ကူချူတုန်းတို့မှာမူ ဆန်းလန်ဓားဂိုဏ်းတွင် ဧည့်သည်များအဖြစ် ဆက်လက် နေထိုင်ခဲ့ကြလေသည်။ ကူချူတုန်းသည် သူမ၏ ကျင့်ကြံမှုများကိုသာ အာရုံစိုက်နေပြီး၊ ကူမော့ကမူ ရှောင်ပိုင်ကို အနီးကပ် စောင့်ကြည့်နေခဲ့လေသည်။
ရှောင်ပိုင်၏ နောက်ကြောင်းနှင့် ပတ်သက်၍မူ အလွန်ပင် မယုံနိုင်စရာ ကောင်းလွန်းလှသဖြင့်၊ ကူမော့နှင့် အခြေအနေကို သိရှိထားသူများမှာ နှုတ်ပိတ်နေခဲ့ကြပြီး မည်သူ့ကိုမျှ ထုတ်ဖော် မပြောကြားခဲ့ကြပါချေ။