အခန်း (၃၇၃)
Vol. 32 Ch. 373
အပိုင်း (၃၇၃) ကျန်းရို့ရွှီ
မျက်နှာမည်းနှင့်တမန်တော်က ပြောလိုက်သည်...
"သူရဲကောင်း ကူ... သူရဲကောင်းမလေး ကူ... ကျွန်းသခင်ကြီး နဲ့ ဒုတိယကျွန်းသခင် တို့က လာမယ့်နှစ် လပြည့်နေ့မှာ လသွားကြည့်ရင်း မုန့်စားဖို့ မင်းတို့ နှစ်ယောက်ကို ဖုန်လိုင်ကျွန်း ကို ဖိတ်ကြားလိုက်ပါတယ်... အားမယ်ဆိုရင်တော့ အဲဒီပွဲတော်ကို ကြွခဲ့ပါဦးနော်..."
ကူမော့သည် ကျောက်စိမ်းပြားကို ယူလိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် ကူချူတုန်းသည်လည်း ကျောက်စိမ်းပြားကို ယူလိုက်လေသည်။
ချက်ချင်းပင် မျက်နှာနီနှင့်တမန်တော်က နောက်တစ်ကြိမ် ဦးညွှတ်လိုက်ရင်း ဆိုသည်...
"သူတော်စင်မိန်းကလေး ကို ရှာပေးခဲ့တဲ့အတွက် သူရဲကောင်း ကူ၊ သူရဲကောင်းမလေး ကူ နဲ့ ဂိုဏ်းချုပ် ချီ တို့ကို ကျေးဇူးအများကြီး တင်ပါတယ်... သူတော်စင်မိန်းကလေး အခု ဘယ်မှာလဲဆိုတာ သိပါရစေ၊ ပြီးတော့ ကျွန်တော်တို့ဆီကို သူမကို ပြန်အပ်ပေးလို့ ရမလား..."
ချီထျန်းရှုက မေးမြန်းလိုက်သည်...
"မင်းတို့ကျွန်းရဲ့ သူတော်စင်မိန်းကလေး က ဘာဖြစ်လို့ စိတ်မမှန် ဖြစ်နေရတာလဲ..."
မျက်နှာမည်းနှင့်တမန်တော်က ဇဝေဇဝါဖြင့် ပြန်မေးသည်...
"သူမက အမြဲတမ်း သည်လိုပဲ မဟုတ်ဘူးလား... ကျွန်းသခင်ကြီး ပြောတာတော့ အဲဒါက ဖြူစင်တဲ့ ကလေးသူငယ် စိတ် ရှိလို့တဲ့လေ..."
မျက်နှာနီနှင့်တမန်တော်က ပြန်လည် ချေပသည်...
"အဓိပ္ပာယ်မရှိတာ 'ကလေးသူငယ် စိတ်' ဆိုတာက ငါတို့ နှစ်ယောက်ကို ပြောတာလေ၊ သူတော်စင်မိန်းကလေး ရဲ့ ဝိညာဉ်ကတော့ မပြည့်စုံဘဲ ဖြစ်နေတာ..."
"အော်... ဟုတ်သားပဲ၊ ဟုတ်သားပဲ... သူမရဲ့ ဝိညာဉ်က မပြည့်စုံဘူး ဖြစ်နေတာပဲ..."
မျက်နှာမည်းနှင့်တမန်တော်က ဆိုသည်။
ကူမော့နှင့် ချီထျန်းရှုတို့သည် အကြည့်ချင်း ဆုံလိုက်ကြလေသည်။
ချီထျန်းရှုက ထပ်မံ မေးမြန်းလိုက်သည်...
"သူမက မင်းတို့ကို မှတ်မိမှာ မဟုတ်ဘူးနော်..."
"သေချာတာပေါ့ သူမက ကျွန်တော်တို့ကို မှတ်မိမှာ မဟုတ်ပါဘူး..."
မျက်နှာမည်းနှင့်တမန်တော်က ပြောသည်
"ဖုန်လိုင်ကျွန်း ဆိုတာ လူ့လောကနဲ့ မသက်ဆိုင်တဲ့ နေရာတစ်ခုလေ... ကျွန်းသခင်ကြီး ဒါမှမဟုတ် ဒုတိယကျွန်းသခင် ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့တော့ ဘယ်သူမှ ဝင်လို့ ထွက်လို့ မရပါဘူး... တကယ်လို့ တစ်ယောက်ယောက်က အတင်းအကျပ် ဝင်လာခဲ့ရင်၊ သူတို့တွေက သူတို့ရဲ့ အတိတ်ကို မေ့သွားကြလိမ့်မယ်၊ တကယ်လို့ အတင်းအကျပ် ထွက်သွားမယ် ဆိုရင်တော့၊ ကျွန်းရဲ့ အတိတ်တွေကို မေ့သွားကြမှာပေါ့... "
“မြင့်မြတ်သောမိန်းကလေး ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ဖုန်လိုင်ကျွန်း ကနေ အတင်းအကျပ် ထွက်ခွာသွားခဲ့တာလေ၊ ဒါကြောင့် သူမက ကျွန်တော်တို့ကိုရော ဖုန်လိုင်ကျွန်း ကိုပါ မှတ်မိမှာ မဟုတ်တာ သဘာဝကျပါတယ်... ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး... ကျွန်တော်တို့ ဒီတစ်ခါ ကျွန်းသခင်ရဲ့ အမိန့်တော် ကို ယူလာခဲ့ပါတယ်... သူမ သာ အဲဒီအမိန့်တော်ကို မြင်လိုက်ရရင်၊ ကျွန်တော်တို့ကို ပြန်မှတ်မိသွားမှာပါ..."
ချီထျန်းရှုက ကူမော့ကို လှမ်းကြည့်လိုက်လေသည်။
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။
သိပ်မကြာမီမှာပင်၊ ချီထျန်းရှုသည် ရှောင်ပိုင်ကို ခေါ်လာရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်လေသည်။
ချင်းယီ ရွာ မှာ ယူကျင့်ဟုန် ချန်ရစ်ခဲ့သော စိတ်ဝိညာဉ် စွမ်းအားများကို ရရှိခဲ့ပြီးကတည်းက၊ ရှောင်ပိုင်၏ အသိဉာဏ်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်လေ၏။ ရံဖန်ရံခါတွင် သူမသည် စကားလုံး တစ်လုံး နှစ်လုံးကိုပင် သင်ယူနိုင်ခဲ့ပြီ ဖြစ်သလို၊ အရင်တုန်းကလို လူတွေကို ကြောက်ပြီး ပုန်းကွယ်မနေတော့ပါချေ။
"ဟီးဟီး... သူတော်စင်မိန်းကလေး..."
ရှောင်ပိုင် ထွက်လာသည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက်၊ မျက်နှာမည်းနှင့်တမန်တော်မှာ ချက်ချင်းပင် ပြုံးလိုက်သော်လည်း၊ သူ၏ အပြုံးမှာ တကယ်ကို ကြည့်ရဆိုးလှသဖြင့် ရှောင်ပိုင်မှာ ထိတ်လန့်သွားပြီး အနောက်သို့ ဆုတ်သွားတော့၏။
မျက်နှာနီနှင့်တမန်တော်က ချက်ချင်းပင် ဆူပူလိုက်လေသည်
"မင်းလို ရုပ်ဆိုးတဲ့ ကောင်ကသူတော်စင်မိန်းကလေးကို လန့်အောင် မလုပ်စမ်းနဲ့….ငါ့ကိုပဲ ကိုင်တွယ်ခွင့် ပေးစမ်း"
ထို့နောက် သူသည် မျက်နှာမည်းနှင့်တမန်တော်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး၊ ဖြီးနေသော အပြုံးကြီးဖြင့် ရှောင်ပိုင် အနားသို့ တိုးကပ်သွားလေသည်။ သို့သော် ရှောင်ပိုင်မှာမူ အော်ဟစ် ငိုယိုတော့၏။
မျက်နှာမည်းနှင့်တမန်တော်က ချက်ချင်းပင် သရော်လိုက်လေသည်
"မင်းပုံစံက အရမ်း ချောလွန်းနေတာကိုး….. မင်းကြောင့် သူမ ငိုနေရပြီလေ"
မျက်နှာနီနှင့်တမန်တော်မှာ အရှက်ရသွားသဖြင့်၊ မျက်နှာမည်းနှင့်တမန်တော်ကို ဒေါသတကြီး ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်
"အဓိပ္ပာယ်မရှိတာတွေ တော်တော့…သူမ ရဲ့ မှတ်ဉာဏ်တွေကို အရင် ပြန်ရအောင် လုပ်ကြရအောင်"
ချက်ချင်းပင်...
ထိုသူနှစ်ဦးမှာ သူတို့၏ ဝတ်ရုံများအတွင်းမှ ကျောက်စိမ်းပြား တစ်ဝက်စီကို ထုတ်ယူလိုက်ပြီး ဖြည်းညင်းစွာ ပေါင်းစပ်လိုက်ကြလေသည်။ ထိုအခိုက်အတန့်တွင် တောက်ပသော အလင်းတန်း တစ်ခု ပေါ်ထွက်လာသဖြင့်၊ ရှောင်ပိုင်သည် ထိတ်လန့်သွားပြီး သူမ၏ မျက်လုံးများကို အလျင်အမြန် ကာကွယ်လိုက်လေသည်။ နောက်တစ်ခဏမှာပင် ထိုအလင်းတန်းမှာ ပျောက်ကွယ်သွားတော့၏။
ရှောင်ပိုင်သည် သူမ၏ လက်ကို ချလိုက်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ၊ အံ့သြဝမ်းသာနေသော မျက်ဝန်းများဖြင့် မျက်နှာမည်းနှင့် မျက်နှာနီနှင့်တမန်တော်တို့ဆီသို့ ပြေးသွားကာ အော်ဟစ်လိုက်လေသည်
"ဖန်တုန်းဝမ်... ဖန်တုန်းချူ... ရှင်တို့ ဘာလို့ ရောက်နေကြတာလဲ... အင်း... ကျွန်မ အခု မှတ်မိသွားပြီ၊ ရှင်တို့က ကျွန်မကို ပြန်ခေါ်ဖို့ လာကြတာ မဟုတ်လား..."
မျက်နှာနီနှင့် မျက်နှာမည်းနှင့်တမန်တော်တို့မှာ အလျင်အမြန် ခေါင်းညိတ်ပြကြလေ၏။ မျက်နှာနီနှင့်တမန်တော်က ပြောသည်
"ကျွန်းသခင်က ပြောလိုက်ပါတယ်၊ တကယ်လို့ မိန်းကလေး က ပြန်မလိုက်ဘူးဆိုရင် ကျွန်တော်တို့ကို အတင်းအကျပ် ခေါ်လာခဲ့ဖို့ အမိန့်ပေးထားပါတယ်..."
"သေချာတာပေါ့ ကျွန်မ ပြန်လိုက်မှာပေါ့…. အပြင်မှာက ဘာမှ မပျော်စရာ မကောင်းဘူး၊ လူဆိုးတွေကလည်း နေရာအနှံ့ပဲ..."
ထိုသို့ ပြောရင်း သူမက ကူချူတုန်းကို ကြည့်ကာ ပြုံးလျက် ဆက်ပြောသည်
"လူကောင်းတွေလည်း ရှိပါတယ်လေ..."
သူမသည် ကူချူတုန်း အနားသို့ ပြေးသွားကာ သူမ၏ လက်ကို ဆွဲကိုင်လျက် ပြောလိုက်သည်
"ချူတုန်း... ချူတုန်း... ကျွန်မ အိမ်ပြန်တော့မယ်နော်... နောင်နှစ်ကျရင် ကျွန်မတို့ အိမ်ကို လာခဲ့ပါဦး၊ ရှင့်ကို လိုက်ပြပါ့မယ်... အိမ်က အရမ်း ကြီးတဲ့ ကျွန်းကြီး တစ်ကျွန်းလေ၊ စားစရာတွေ အများကြီး ရှိသလို ပျော်စရာတွေလည်း အများကြီး ရှိတယ်နော်"
"ကောင်းပါပြီ..."
ကူချူတုန်းက ခေါင်းညိတ်ပြလိုက်လေ၏။
ရှောင်ပိုင်သည် ချီထျန်းရှုကို နောက်တစ်ကြိမ် လှည့်ကြည့်ကာ ပြောလိုက်သည်
"အဘိုးကြီး... ကျွန်မ အဘွားနဲ့ ရှောင်လုံ ကို သွားတွေ့ချင်သေးတယ်..."
ချီထျန်းရှုသည် 'အဘိုးကြီး' ဟု အခေါ်ခံရသဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း၊ တပည့်တစ်ဦးကို ခေါ်ကာ ရှောင်ပိုင်ကို ၎င်းတို့နှင့် တွေ့ဆုံရန် ခေါ်သွားခိုင်းလိုက်ပြီးနောက် သူကိုယ်တိုင်မှာမူ လှည့်ထွက်သွားခဲ့လေသည်။
သိပ်မကြာမီမှာပင်၊ ရှောင်ပိုင်သည် ချန်ကျား ရွာ မှ အဘွားအိုနှင့် ရှောင်လုံ တို့ကို နှုတ်ဆက်ခဲ့ပြီးနောက်၊ ဖုန်လိုင်ကျွန်း မှ တမန်တော်နှစ်ဦးနှင့်အတူ တောင်အောက်သို့ ဆင်းခဲ့လေ၏။
ကူမော့၊ ကူချူတုန်း နှင့် ရှန်ပုယွီ တို့သည် ထိုသူသုံးဦးကို တောင်တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးခဲ့ကြလေသည်။
ရှောင်ပိုင်သည် လက်ပြနှုတ်ဆက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
မျက်နှာမည်းနှင့်တမန်တော်နှင့် မျက်နှာနီနှင့်တမန်တော်တို့မှာမူ ရှောင်ပိုင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြပြီး နောက်တစ်ကြိမ် ထပ်မံ အငြင်းပွားနေကြပြန်တော့၏။
ရုတ်တရက်ဆိုသလို၊ မျက်နှာမည်းနှင့်တမန်တော်က မေးမြန်းလိုက်သည်
"မင်းက ဘာဖြစ်လို့ ဒီနေ့ ကျွန်တော်တို့ကို တိုက်ခွင့် မပေးရတာလဲ... လွန်ခဲ့တဲ့ အခေါက် လုံဟူတောင် မှာတုန်းကတော့ မင်းပဲ တိုက်ရမယ်လို့ ဇွတ်ပြောခဲ့တာ မဟုတ်လား..."
မျက်နှာနီနှင့်တမန်တော်က ပြန်လည် ဖြေကြားလေသည်
"မင်းကတော့ အတုံးပဲ….လုံဟူတောင် မှာတုန်းက ကျန်းတာအိုယီ က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေတာလေ... ငါတို့တွေ တစ်ခုခု ဖျက်ဆီးမိသွားရင်တောင်မှ သူက ငါတို့ကို အိမ်ဖိုး မလျော်ခိုင်းနိုင်ဘူး မဟုတ်လား... ဒါပေမဲ့ ဒီနေ့ကတော့ မတူဘူးလေ... ကူမော့ နဲ့ ချီထျန်းရှု တို့က ဒဏ်ရာ ရနေတာ မဟုတ်ဘူးလေ... တကယ်လို့ သူတို့တွေက ငါတို့ကို မြေကြီးမှာ ဖိထားပြီး အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ..."
"အဲဒါလည်း ဟုတ်သားပဲ... မင်းက အခုဆို ပိုပြီး ပါးနပ်လာသလိုပဲနော်”
"..."
ထိုသူနှစ်ဦးမှာ တောင်အောက်သို့ ဆင်းသွားစဉ်တွင်လည်း အချင်းချင်း နောက်ပြောင် ငြင်းခုံနေကြဆဲ ဖြစ်လေသည်။ တောင်ခြေသို့ ရောက်သောအခါ၊ ၎င်းတို့သည် ဂူတစ်ခုအတွင်းမှ ဝေါယာဉ် တစ်ခုကို ထုတ်ယူလိုက်ကြလေသည်။
ရှောင်ပိုင်သည် ဝေါယာဉ်အတွင်း၌ ထိုင်လိုက်လေ၏။
ထိုသူနှစ်ဦးမှာ ဝေါယာဉ်ကို ထမ်းလျက် တောအုပ်တစ်ခုကို ဖြတ်သန်းလာခဲ့ကြလေ၏။
အမှောင်ထု ကျရောက်လာသောအခါ၊ မျက်နှာမည်းနှင့်တမန်တော်က ပြောလိုက်သည်
"ကျွန်တော်တို့တွေ အနားယူဖို့ နေရာတစ်ခုလောက် ရှာကြရင် ဘယ်လိုလဲဟင်..."
"မင်း ရူးနေတာလား... တောအုပ်ကြီးထဲမှာ ဘယ်မှာ သွားနားမှာလဲ..."
"အော်... ဒါဆိုရင်လည်း ဆက်သွားကြတာပေါ့..."
"ဒါပေမဲ့ ကျွန်တော် ဗိုက်နည်းနည်း ဆာနေပြီ..."
"ဒါဆိုရင်တော့၊ ကျွန်တော် ဒီမှာပဲ နေပြီး မိန်းကလေး ကို စောင့်ရှောက်ပေးထားမယ်... မင်း တောင်ပေါ် တက်ပြီး တောကောင် တစ်ကောင်လောက် သွားရှာချေ..."