← Chapters

ထူးဆန်းစွာ သေဆုံးသွားကြခြင်း

Vol. 003 Ch. 139

ထူးဆန်းစွာ သေဆုံးသွားကြခြင်း

Vol. 003 Ch. 139

ဓားပျံများသည် အလွန် လျင်မြန်သော်လည်း မြေလွတ်မြောက်ခြင်း နည်းစနစ်လောက် မမြန်ပေ။ ဝမ်လင်းသည် ကျင့်ကြံသူများ၏ နောက်မှ ခပ်ခွာခွာ လိုက်လာ၏။ မကြာမီ ကျင့်ကြံသူများက စိတ်ဝိညာဉ်ကြောဆီသို့ ရောက်သွားကြ၏။

ထိုနေရာတွင် မြေပြင်ပေါ်၌ အားကောင်းသော စိတ်စွမ်းအင်များ ထွက်နေသည့် အပေါက်များ ရှိနေပြီး ခြေပြတ်၊ လက်ပြတ်များကလည်း နေရာအနှံ့တွင် ပြန့်ကျဲနေလေသည်။ ထို့အပြင် သွေးနံ့ကလည်း နေရာတစ်ခုလုံးကို ဖုံးလွှမ်းထား၏။

ကျင့်ကြံသူ ၁၀၀ ကျော်က ထိုနေရာသို့ ရောက်လာသည်နှင့် ဟိုဖန်နိုင်ငံမှ ကျင့်ကြံသူများသည် ထွက်လာပြီး တိုက်ခိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အလင်းတန်း ၈ ခုကလည်း ထိုနေရာသို့ ရောက်လာလေသည်။ ထိုအလင်းတန်း ၈ ခုစလုံးသည် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့က အနားသို့ ကပ်လာသည်နှင့် ကင်းထောက်နေသော ဟိုဖန်နိုင်ငံမှ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက သူတို့ကို ဦးစွာ တိုက်ခိုက်လိုက်သည်။ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ စတင် တိုက်ခိုက်လိုက်သည်နှင့် မြေကြီးများက တုန်သွားပြီး ကောင်းကင်ကြီးက အရောင်များ ပြောင်းလာသည်။

မကြာမီ အဖွဲ့ ၁၀၀ ကျော် ရောက်လာပြီး တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ကြသည်။

ဝမ်လင်းက သူ၏ အေးစက်စက် မျက်လုံးဖြင့် တိုက်ပွဲကို ခဏလောက် ကြည့်ပြီးနောက် နတ်ဘုရား စိတ်အာရုံကို မြေအောက်မှနေပြီး တိုက်ခိုက်နေသည့် နေရာသို့ ပစ်လွှတ်လိုက်၏။

ဟိုဖန်နိုင်ငံမှ ချီစုစည်းခြင်းအဆင့် အလွှာ ၁၅ ကျင့်ကြံသူ တစ်ယောက်ကို သတ်လိုက်သည့် ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ် သန့်စင်အဆင့် ကျင့်ကြံသူသည် နောက်တစ်ယောက်ကို တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် အနီရောင် အလင်းတစ်ခုကို သူ့ကို ဖြတ်သွား၏။ ထိုလူသည် ရုတ်တရက် သူ၏ ခေါင်းကို တူဖြင့် ထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ် ဖျက်ဆီးခံလိုက်ရကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားလေသည်။

ဓားတစ်ချောင်း ဝင်္ကပါကို သုံး၍ ဟိုဖန်နိုင်ငံမှ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူအား ပိတ်လှောင်တိုက်ခိုက်နေသော ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၈ ယောက်သည် ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်များကို တုန်သွားပြီး မျက်လုံးများက မှိန်ကျသွားကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားကုန်၏။

ပိတ်လှောင်ခံထားရသော အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူသည် အလွန် ထိတ်လန့် သွားသော်လည်း ယခုအခြေအနေသည် တွေးတော စဉ်းစားနေရမည့်အချိန် မဟုတ်သောကြောင့် ရန်သူ နောက်တစ်ယောက်ဆီသို့ ခုန်ဝင်သွား၏။

ရွှမ်းဝူနိုင်ငံမှ အယောင်ဆောင် အမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်သည် စဦး စိတ်ဝိညာဉ်အဆင့် ဓားပျံ၏ အကူအညီဖြင့် အဆင့်တူ ကျင့်ကြံသူများ အများအပြားကို သတ်ဖြတ်ခဲ့သည်။ သူက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အမျိုးသမီး ကျင့်ကြံသူ၏ လည်ပင်းကို ဖမ်းဆုပ်ပြီး သူမ၏ အင်္ကျီများကို ဆုတ်ဖြဲလိုက်ရာ သူမ၏ ပန်းရောင်အောက်ခံက ပေါ်လာသည်။ ထိုအခါ သူမက စူးရှစွာ အော်လိုက်၏။ သူမ၏ အော်သံသည် တိုက်ပွဲကြားတွင် ခြင်အော်သံလောက်သာ ရှိ၏။

အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူသည် လျှာသပ်လိုက်ပြီး လူယုတ်မာ အပြုံးဖြင့် အမျိုးသမီး ကျင့်ကြံသူကို ဆွဲခေါ်ပြီး နောက်သို့ ဆုတ်သွား၏။ သို့သော်လည်း ထိုအချိန်တွင် အနီရောင် အလင်းတစ်ခုက သူ့ကို ဖြတ်သွားရာ သူ၏ခန္ဓာကိုယ်က တုန်သွားပြီး အမျိုးသမီး ကျင့်ကြံသူကို လွှတ်၍ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားလေသည်။

သူ သေသွားပြီးနောက် သူ၏ ဓားပျံသည် မြေပြင်ပေါ်ရှိ တစ်နေရာသို့ ဆွဲယူခံလိုက်ရသည်။ ဓားပျံက မြေပြင်နှင့် နီးကပ်လာသောအခါ မြေအောက်မှ လက်တစ်ဖက် ထွက်လာပြီး ဓားကို မြေအောက်ထဲသို့ ဆွဲယူသွား၏။

ထို့နောက် ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် အကြောင်းပြချက် မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။ ထိုအခါ ရွှမ်းဝူနိုင်ငံမှ ကျင့်ကြံသူများက ထိုကိစ္စကို အာရုံစိုက်လာကြ၏။ ခရမ်းရောင် ဝတ်ဆင်ထားသော ရွှမ်းဝူနိုင်ငံမှ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူသည် မြေပြင်ပေါ်ကို ကြည့်ကာ လက်ညှိုးထိုးပြီး အသံမက်ဆေ့တစ်ခု ပို့လွှတ်လိုက်ရာ ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ၁၀ ယောက်သည် ညွှန်ပြသော နေရာကို တစ်ဟုန်ထိုး ပျံသန်းသွားကြ၏။

သူ့ဆီသို့ ကျင့်ကြံသူ ၁၀ ယောက် လာနေသည်ကို မြင်သော်လည်း ဝမ်လင်းက မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် အေးအေးဆေးဆေးပင် ထိုနေရာမှ ထွက်သွားလိုက်၏။ သို့သော်လည်း ကျင့်ကြံသူ ၁၀ ယောက်ထဲမှ တစ်ယောက်က သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားပြီး ဝမ်လင်း၏နောက်သို့ လိုက်သွားကြသည်။

၁၀ ကီလိုမီတာခန့် သွားပြီးနောက်တွင် ဝမ်လင်းက ရပ်တန့်လိုက်ပြီး ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို ပစ်လွှတ်လိုက်၏။ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ ရှေ့တွင် ဝမ်လင်းသည် ဘုရင်ဖြစ်၏။ ကျင့်ကြံသူ ၁၀ ယောက်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူတို့၏ ဝိညာဉ်များ ဖျက်ဆီးခံလိုက်ရသည်။

ယခုအချိန်တွင် ဝမ်လင်းသည် တောရွာလေးတစ်ခုမှ ခပ်ရိုးရိုး ကောင်လေးတစ်ယောက် မဟုတ်တော့ဘဲ သူ့လမ်းတွင် ပိတ်နေသည့် လူများကို အပြတ်ရှင်းမည့် လူတစ်ယောက် ဖြစ်နေလေပြီ။

တိုက်ခိုက်ရာတွင် မှားသည်၊ မှန်သည် မရှိပေ။ သေခြင်းနှင့် ရှင်ခြင်းသာ ရှိ၏။ သူက သနားနေလျှင် ရန်သူက သူ့ကို သတ်သွားပေလိမ့်မည်။ ဂျိနယ်ပယ်ကြောင့်လည်း သူ၏စိတ်များက ပို၍ ကြမ်းတမ်း ခက်ထန်လာသည်။

ဂျိနယ်ပယ် စွမ်းအားနှင့် ကျင့်ကြံသူသည် မိစ္ဆာလမ်းစဉ်ကို လျှောက်လျှင်တောင်မှ ထိုကျင့်ကြံသူသည် မိစ္ဆာဘုရင် ဖြစ်လာပေလိမ့်မည်။

ဂျိနယ်ပယ်၏ လွှမ်းမိုးမှုအောက်တွင် အကောင်းနှင့် အဆိုးကြားတွင် ပြောင်းလဲနိုင်သည့် ပင်ကိုယ်ဗီဇ ရှိရန်မှာ မဖြစ်နိုင်ချေ။

ရိုးသားသည့် ပင်ကိုယ်ဗီဇနှင့် ဝမ်လင်းသည် အင်မော်တယ်တစ်ယောက် ဖြစ်ချင်ပြီး လမ်းမှန်ကို လျှောက်ကာ ဝမ်မိသား၏ ဘိုးဘေးတစ်ယောက် ဖြစ်လာရန် ရည်မှန်းထားသော်လည်း ကံဆိုးစွာဖြင့် စစ်ထူနန်၏ ပေါ်ထွက်လာမှုက သူ၏ ပင်ကိုယ်ဗီဇကို တဖြည်းဖြည်း ပြောင်းလဲစေခဲ့သည်။

သူ၏ မိသားစုတစ်ခုလုံး သတ်ဖြတ် ခံလိုက်ရသည့် အချိန်တွင် ဂျိနယ်ပယ်က သူ၏ ပင်ကိုယ်ဗီဇကို ထပ်မံ ပြောင်းလဲစေခဲ့၏။ ထို့ကြောင့် သူက ဝမ်မိသားစု မျိုးဆက်မှ အင်မော်တယ် သူရဲကောင်းတစ်ယောက် ဖြစ်မလာတော့ဘဲ နတ်ဆိုးဘုရင် တစ်ယောက် ဖြစ်လာပေတော့မည်။

ဝမ်လင်းက ခံစားချက် မရှိသည့် မျက်လုံးများနှင့် ဘေးဘီကို ကြည့်ပြီး သိုလှောင်အိတ်များကို ယူလိုက်သည်။ ထို့နောက် စစ်မြေပြင်သို့ ပြန်သွားပြီး တခြား နေရာတစ်ခုမှ ဝင်ရောက် တိုက်ခိုက်ပြန်သည်။

သို့သော်လည်း မကြာမီ ဝမ်လင်း ပြန်ထွက်လာပြီး စစ်မြေပြင်ကို ကြည့်ကာ စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ်ကို ထုတ်ယူ၍ ဝင်္ကပါ အစီအရင်တစ်ခု တည်ဆောက်လိုက်သည်။ ထို့နောက် ကျင့်ကြံသူ ၁၀ ယောက်၏ အလောင်းကို အထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ ခန္ဓာကိုယ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ သွေးများရဲနေသော အသားနှစ်များ ဖြစ်သွားပြီး ဝင်္ကပါအစီအရင်မှ စုပ်ယူသွား၏။

နောက်ဆုံး ခန္ဓာကိုယ် ပေါက်ကွဲသွားသည့် အချိန်တွင် ဝမ်လင်းက လက်ချောင်းထိပ်ကို ကိုက်ပြီး စိတ်ဝိညာဉ် ကျောက်တုံးပေါ်သို့ သွေးစက်တစ်စက် ချလိုက်သည်။

ထိုအခါ ဝင်္ကပါမှ ခရမ်းရောင်မြူခိုး အမျှင်တန်းလေးတစ်ခု ထွက်ပေါ်လာပြီး ဝင်္ကပါကို တစ်ပတ်ပတ်လိုက်၏။ ထို့နောက် ခရမ်းရောင်မီးခိုးက စိတ်ဝိညာဉ် ကျောက်တုံးနှင့်အတူ ပျောက်ကွယ် သွား၏။ တစ်ယောက်ယောက်ကသာ သေချာမကြည့်လျှင် ထိုနေရာ၌ မည်သည့် ထူးခြားမှုကိုမှ တွေ့ရလိမ့်မည် မဟုတ်ပေ။

အားလုံး ပြီးသွားသောအခါ ဝမ်လင်းက မြေအောက်ထဲသို့ ပြန်ဝင်သွားပြီး စစ်မြေပြင်သို့ ပြန်သွား၏။

တိုက်ပွဲများက တဖြည်းဖြည်း ပိုပိုပြီး ပြင်းထန်လာသည်။ အထူးသဖြင့် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲသည် ပို၍ ပြင်းထန်ပေသည်။ နှစ်ဖက်စလုံးမှ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ကျန်ရှိနေသော ကျင့်ကြံသူများကို မထိခိုက်စေရန် ရှောင်ပြီး တိုက်ိခုက် နေသော်လည်း သူတို့၏ တိုက်ခိုက်မှု စွမ်းအားများသည် အလွန် အားကောင်းလှသည်။

ထိုအချိန်တွင် ရုတ်တရက် ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ထူးဆန်းစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်မှ ပြုတ်ကျသွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် မြေပြင်နှင့် ရိုက်ခတ်မိပြီး မြေပြင်ပေါ်တွင် သွေးစသွေးနများ ပြန့်ကျဲကုန်၏။

ရွှမ်းဝူနိုင်ငံမှ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ထူးဆန်းသော အခြေအနေများနှင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားဖြင့် ရွှမ်းဝူနိုင်ငံမှ ကျင့်ကြံသူများသည် စတင်၍ ကြောက်လန့်လာသည်။ ထိုအခါ ဟိုဖန်နိုင်ငံမှ ကျင့်ကြံသူများသည် အခွင့်ကောင်းယူပြီး တိုက်ခိုက်ကြ၏။

ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၁၀ ယောက်ကို လွှတ်လိုက်သော ခရမ်းရောင်ဝတ် သက်လတ်ပိုင်း လူကြီးသည် မျက်မှောင်ကြုတ်ပြီး သူ့အကြည့်က မြေပြင်ပေါ်ရှိ တစ်နေရာသို့ ရောက်သွား၏။ သူက ထိုနေရာကို လက်ညှိုး ထိုးပြလိုက်ရာ အမြုတေဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ထွက်လာပြီး ညွှန်ပြလိုက်သည့် နေရာသို့ ပျံသန်းသွား၏။

အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ ထွက်လာသည်နှင့် ဝမ်လင်းက ချက်ချင်း ထွက်ပြေးလေသည်။ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူက မြေပြင်ပေါ်သို့ လက်ဝါးဖြင့် ရိုက်လိုက်ရာ အားကောင်းသော ဖိအားတစ်ခုက ဝမ်လင်း၏ အပေါ်သို့ ကျဆင်လားပြီး ဝမ်လင်းကို အပြင်သို့ ခုန်ထွက်လာစေသည်။ ဝမ်လင်းက မြေပေါ်သို့ ရောက်သည်နှင့် ဝင်္ကပါ အစီအရင် ချထားသည့် နေရာဆီသို့ အလျင်အမြန် ပျံသန်းသွား၏။

အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူက သရော်ပြုံး ပြုံးလိုက်သည်။ ဝမ်လင်းက အစွမ်းထက်သော မှော်ရတနာ တစ်ခုကြောင့် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်နိုင်သည်ဟု ယုံကြည်သွားပြီး ဝမ်လင်းကို သူက အတွေးတစ်ချက်နှင့်ပင် သတ်နိုင်သည်ဟု တွေးလိုက်၏။

ထိုသို့ တွေးပြီးသည်နှင့် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် စူးတစ်ချောင်းက သူ့ရှေ့တွင်‌ ပေါ်လာ၏။ သူက ရွှေစူးကို ဝမ်လင်းဆီသို့ ပစ်လွှတ်လိုက်၏။ ရွှေစူ၏ အမြန်နှုန်းက အလွန်မြန်သဖြင့် လေထဲတွင်ပင် လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်။

ဝမ်လင်းက နောက်ကိုပင် လှည့်မကြည့်ဘဲ ဟိုဖန်အဖွဲ့အစည်းမှ ပေးလိုက်သော အမြုတေအဆင့် မှော်ရတနာကို နောက်သို့ ပစ်လိုက်၏။ မှော်ရတနာသည် ငွေရောင် လက်သီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှေစူးကို ထိုးလိုက်သည်။

ငွေရောင်လက်သီးနှင့် ရွှေစူး တိုက်မိသွားသည်နှင့် ရွှေစူးသည် လျင်မြန်စွာ လည်သွားပြီး ငွေရောင်လက်သီးကို ဖောက်ထွက်သွား၏။ ရွှေစူးမှ အရောင်က မှိန်သွားသော်လည်း အရှိန်ကမူ ကျဆင်းမသွားပေ။

ရွှေစူးက သူ့ကို မီလာသည့် အချိန်တွင် ဝမ်လင်းက မြေကြီးထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်သွား၏။ ဝမ်လင်းက မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် မီတာဒါဇင် အနည်းငယ်ခန့် ပြေးပြီးနောက် မြေကြီးထဲမှ ပြန်ထွက်လာပြန်သည်။ ထို့နောက် ဝမ်လင်းက ဝင်္ကပါ အစီအရင် ရှိသည့် နေရာအထိ မြေအောက်ထဲသို့ အကြိမ်ကြိမ် ဝင်လိုက်ထွက်လိုက် လုပ်ပြီး ထွက်ပြေးလေသည်။

အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူက ဝမ်လင်းကို မီလာသောအခါ အထင်သေးစွာဖြင့် အော်ပြောလိုက်သည်။

“သေချင်းဆိုးလေး … မင်းမှာ ချောင်းမြောင်းတိုက်ခိုက်တဲ့ စွမ်းရည်ကလွဲပြီး တခြားဟာ မရှိဘူးလား …“

ဝမ်လင်းက ပြန်မဖြေဘဲ ဝင်္ကပါ အစီအရင် ဆီသို့သာ တစ်ဟုန်ထိုး‌ ပြေးသွား၏။ ဝင်္ကပါထဲသို့ ရောက်သည်နှင့် သူကရပ်ပြီး ဝင်္ကပါအပေါ်မှ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူကို လှည့်ကြည့် လိုက်သည်။

ဝမ်လင်းက သူ့ကို အေးစက်စက် မျက်လုံးနှစ်လုံးဖြင့် စိုက်ကြည့်ပြီး အော်လိုက်သည်။

“ပွင့်စမ်း …“

သူ့ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် ဝင်္ကပါမှ ခရမ်းရောင် မီးခိုးများ ထွက်လာပြီး အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူကို ပိတ်လှောင်လိုက်၏။

ဝမ်လင်းက မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်ပြီး ယန်စန်း ပေးလိုက်သည့် မှော်ရတနာကို ထုတ်ပြီး ပစ်လိုက်သည်။ ရုတ်တရက် မှော်ရတနာမှ စွမ်းအင်အား ထွက်လာပြီး ဝမ်လင်းကို ဝန်းရံသွား၏။ ထိုအခိုက်တွင် ရွှေစူးက ထိုစွမ်းအင်များကို လာမှန်သော်လည်း စွမ်းအင်များက အနည်းငယ်သာ လှုပ်ခတ်သွား၏။

ဝမ်လင်းက ရွှေစူးကို စိတ်ထဲတွင်တောင်မှ ထည့်မထားချေ။ သူက ခရမ်းရောင် မီးခိုးများကို စိုက်ကြည့်နေပြီး သူ၏ဓားပျံကို ထုတ်ယူကာ ဓားကို ထိလိုက်သည်။ ထိုအခါ ဓားမှ အနီရောင် မီးခိုးတစ်ခု ထွက်လာပြီး မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွား၏။ မကောင်းဆိုးဝါးသည် ခရမ်းရောင် မီးခိုးကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးထဲတွင် လိုချင်လောဘစိတ်များ ပြည့်လျှံသွားသည်။ သူက ချက်ချင်း ခရမ်းရောင် မီးခိုးအတွင်းမှ လူကို ဝါးမျိုချင်သော်လည်း ဝမ်လင်းကြောင့် ချီတုံချတုံ ဖြစ်နေရ၏။

ဝမ်လင်းက လေအေးများကို ရှိုက်သွင်းပြီး မျက်လုံးကို မှိတ်လိုက်ရာ သူ၏ အသိစိတ် ပင်လယ်မှ အနီရောင် အလင်းတန်းများ ထွက်လာပြီး အနီရောင်တိမ်တိုက် တစ်ခုအဖြစ် ဖွဲ့စည်းသွား၏။

အသိစိတ်ပင်လယ်မှ ဂျိနယ်ပယ် စွမ်းအင်များအားလုံးကို ခန္ဓာကိုယ်၏ အပြင်သို့ ပထမဦးဆုံး အကြိမ် ထုတ်ဖူးခြင်း ဖြစ်သည်။ မကောင်းဆိုးဝါးသည် အနီရောင်တိမ်တိုက်ကို မြင်လိုက်သည်နှင့် သူ၏ မျက်နှာတွင် ကြောက်လန့်သည့် အမူအရာများ ပေါ်လာပြီး ဘေးသို့ ခုန်ဆုတ်လိုက်၏။

အနီရောင် တိမ်တိုက်သည် ချက်ချင်း စက်ဝိုင်းတစ်ခု ဖြစ်သွားပြီး မကောင်းဆိုးဝါးကို အလယ်တွင် ထားလိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးပါသော စက်ဝိုင်းက ခရမ်းရောင် မီးခိုးထဲသို့ တိုးဝင်သွား၏။ အထဲတွင် သုန်မှုန်နေသည့် မျက်နှာထားနှင့် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူက ခြေချိတ် ထိုင်နေပြီး ဘူးသီးခြောက်တစ်ခုက အနားတွင် ပျံဝဲနေကာ ခရမ်းရောင် မီးခိုးများကို ဖြည်းဖြည်းချင်း စုပ်ယူနေသည်။

ဝမ်လင်းချထားသော ဝင်္ကပါသည် ‘ကောင်းကင်ကို ဝါးမျိုသောနတ်ဆိုး’ ဟု အမည်ရှိသော ဝင်္ကပါဖြစ်သည်။ ဝင်္ကပါမှ အဓိက လိုအပ်သော ပစ္စည်းသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ် ဖြစ်၏။ ဝမ်လင်းက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၁၀ ယောက်၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဝင်္ကပါကို တည်ဆောက်ထား၏။ ထို့ကြောင့် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူကို အချိန်တစ်ခုအထိ ပိတ်လှောင်ထားရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။

သူ့ထံ၌သာ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသာ ရှိပါက အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန် ခန္ဓာကိုယ် ၅ ခုသာ လိုအပ်ပေသည်။ ဝင်္ကပါက ခန္ဓာကိုယ် လိုအပ်မှု မြင့်သော်လည်း ရန်သူကိုမူ ကိုယ်တိုင် သတ်ရပေမည်။ ဝင်္ကပါက ရန်သူကို အနှောင့်အယှက် ပေးရာတွင်သာ အသုံးပြုနိုင်၏။

***

All Chapters