အခန်း (၃၇၉)
Vol. 32 Ch. 379
အပိုင်း (၃၇၉) နောက်ခံ ပေါ်ထွက်လာခြင်း
ထိုအခါ ဥပဒေမဲ့ဓားပြများ သောင်းကျန်းလာပြီး သိုင်းဂိုဏ်းအချို့ပင် တိတ်တဆိတ် ဓားပြတိုက်လာကြသည်။ အခွန်မဆောင်နိုင်၍ လူစုခွဲလိုက်ရသော ဂိုဏ်းသားအချို့မှာလည်း အရပ်ဝတ်လဲကာ နေရာအနှံ့ လုယက်ဖျက်ဆီးမှုများ လုပ်ဆောင်လာကြတော့သည်။
"ကံဆိုးစွာနဲ့ပဲ လုံဟူတောင် မှာလည်း ကိစ္စတစ်ခု ဖြစ်ခဲ့လို့ အခု တောင်ပိတ်ထားရတယ်လေ... သိုင်းဂိုဏ်း အသီးသီးကလည်း ပြဿနာတွေ ရှာနေကြတော့၊ သိုင်းလောကကလည်း ပိုပြီး ကမောက်ကမ ဖြစ်လာသလို စီးပွားရေး လုပ်ရတာလည်း ပိုပြီး ခက်ခဲလာတာပေါ့... အဲဒါကြောင့်လည်း လင်းကျန်းမြို့ ကြီး ခြောက်ကပ်နေတာကို မင်းတို့ မြင်တွေ့ခဲ့ရတာပေါ့..."
ကူချူတုန်းက အံ့သြတကြီးဖြင့် ...
"ကျွန်မ ဒါတွေကို လုံးဝ သတိမထားမိခဲ့ဘူး ဦးလေး ကူ... ဦးလေးက အရင်တုန်းက နိုင်ငံတော် ကိစ္စတွေကို သိပ်မပြောတတ်ဘူးလေ၊ အခုတော့ အတော်လေး နှံ့နှံ့စပ်စပ် ရှိနေတာပဲနော်..."
ကူဟိန်းက လက်ဝှေ့ယမ်းပြလျက် ဆိုသည်...
"ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ထူးခြားနေလို့ မဟုတ်ပါဘူး... သိုင်းလောကက လူတိုင်းကဒီအကြောင်းတွေကိုပဲ ပြောနေကြတာလေ၊ ငါလည်း သူတို့ဆီက ကြားရတာပါ... မကြာသေးခင်က ချန်းဖုန်း အစောင့်အရှောက် လုပ်ငန်း ကို လူအသစ်တွေ အများကြီး ရောက်လာကြတယ်လေ... လူအများကြီးထဲမှာတော့ နိုင်ငံတော် ကိစ္စတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့သူတွေ ပါလာမှာပေါ့..."
ကူချူတုန်းက မေးမြန်းလိုက်သည်...
"ဟုတ်သားပဲ၊ ဘာဖြစ်လို့ ချန်းဖုန်း အစောင့်အရှောက် လုပ်ငန်း ဆီကို လူတွေ သည်လောက်အများကြီး လာနေကြတာလဲ... ကျွန်မ တွေ့ခဲ့တာတော့..."
"ရှဲ့ဇိုက်ယွမ် တောင်မှ ရောက်လာတယ် ဆိုတော့၊ ဖျင်နန် အစောင့်အရှောက် လုပ်ငန်း က သူ့ကို မလိုတော့လို့လား..."
ကူဟိန်းက ပြန်ပြောသည်မှာ...
"ဖျင်နန် အစောင့်အရှောက် လုပ်ငန်း က သူ့ကို မလိုတော့တာ မဟုတ်ပါဘူး၊ ဖျင်နန် အစောင့်အရှောက် လုပ်ငန်း ပြိုလဲသွားပြီမို့လို့ပါ... အခု အခြေအနေက တကယ်ကို ကမောက်ကမ ဖြစ်နေတာလေ... အစောင့်အရှောက် လုပ်ငန်းကြီးတွေ အကုန်လုံးက ဒေဝါလီ ခံရတော့မယ့် အခြေအနေ ရောက်နေကြပြီး ဆက်ပြီး မလည်ပတ်နိုင်ကြတော့ဘူး...”
“ သူတို့တွေက လင်းကျန်းမြို့ ထဲမှာပဲ စီးပွားရေး လုပ်နိုင်ကြတော့တာလေ... အပြင်လောကမှာတော့ ဓားပြတွေနဲ့ ဥပဒေမဲ့ လူတွေက နေရာအနှံ့ပဲ၊ သူတို့က လူကျင့်ဝတ်တွေကိုလည်း ဂရုမစိုက်ကြတော့ဘူးဆိုတော့ စီးပွားရေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့..."
"ဒါပေမဲ့လည်း၊ တစ်မြို့နယ်လုံးမှာ တစ်ခုတည်းသော စီးပွားရေး ဆက်လုပ်နိုင်တာကတော့ ချန်းဖုန်း အစောင့်အရှောက် လုပ်ငန်း ပါပဲ... အဲဒီတုန်းက ဖုန်းမင်ဆိပ်ကမ်း တိုက်ပွဲမှာ မင်း နာမည်ကြီးလာခဲ့တုန်းက၊ ထန်ပုယွီ ဟာ တစ်လောကလုံးနဲ့ ရန်သူ ဖြစ်ရမယ့် အခြေအနေမှာတောင် မင်းဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးခဲ့တာ မဟုတ်လား..." သူ့ရဲ့ လုပ်ရပ်ကြောင့်ပဲ "လင်းကျန်း ရဲ့ အချိန်မီမိုးစက်" ဆိုတဲ့ ဂုဏ်သတင်းကို သူ ရခဲ့တာပေါ့။
"ဒီနှစ်တွေအတွင်းမှာတော့ အဲဒီဂုဏ်သတင်းက ပိုပြီးတော့တောင် ထင်ရှားလာခဲ့တာပေါ့... သူက သိုင်းလောကမှာ မိတ်ဆွေ အများကြီး ဖွဲ့နိုင်ခဲ့သလို၊ မင်းကြောင့်ပဲ လူတွေက သူ့ကို မျက်နှာသာ ပေးခဲ့ကြတာလေ... ထန်ပုယွီ ဟာ အခွင့်အရေးကို အရယူနိုင်တဲ့ နေရာမှာ တကယ်ကို တော်တဲ့သူပဲ၊ တခြားသူတွေက ယဉ်ကျေးရုံသက်သက် ဆက်ဆံနေကြတဲ့ အချိန်မှာ၊ သူကတော့ အဲဒီအခွင့်အရေးတွေကို သုံးပြီး ရင်းနှီးအောင် လုပ်ခဲ့တာပေါ့...”
“သူက ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာ တကယ်ကို ကျွမ်းကျင်တာကြောင့် ယွင်ကျိုး တစ်ခွင်မှာ အဆက်အသွယ်တွေ အများကြီး ရခဲ့သလို ဂိုဏ်းအသီးသီးပေါ်မှာလည်း လွှမ်းမိုးမှု ရှိခဲ့တာပေါ့..."
" "သူက ရလာတဲ့ အမြတ်တွေကို မိတ်ဆွေတွေနဲ့ ရက်ရက်ရောရော ခွဲဝေပေးပြီး စည်းရုံးခဲ့တာ။ နှစ်အနည်းငယ်အတွင်းမှာတင် ချန်းဖုန်းအစောင့်အရှောက်လုပ်ငန်းက တစ်နိုင်ငံလုံးမှာ ဘဏ်ခွဲတွေ အများကြီး ဖွင့်နိုင်ခဲ့တယ်လေ။”
“တခြားလုပ်ငန်းတွေ အသက်ဆက်ဖို့ ရုန်းကန်နေရချိန်မှာ ချန်းဖုန်းက အောင်မြင်နေတာ ဘာလို့လဲဆိုတော့ ဘဏ်ခွဲတစ်ခုချင်းစီရဲ့ အမြတ်အများစုကို ဒေသခံသိုင်းဆရာကြီးတွေကိုပဲ ပေးထားလို့ပဲ”
“အရင်ကတော့ ထန်မိသားစုက ထန်ပုယွီရဲ့လုပ်ရပ်ကို သဘောမတူဘဲ ပြဿနာရှာခဲ့ကြသေးတာ၊ ဒါပေမဲ့ သူကတော့ ဇွတ်တိုးလုပ်ခဲ့တာပဲ။ အခုကျမှပဲ ထန်ပုယွီရဲ့ အမြော်အမြင်က တကယ့်ကို အလှမ်းဝေးခဲ့တာကို အားလုံးက နားလည်သွားကြတော့တယ်။ အခုဆိုရင် တခြားလုပ်ငန်းက အစောင့်တွေပါ ချန်းဖုန်းထဲပဲ ဝင်ချင်နေကြတော့တာပေါ့"
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်...
"ထန်ပုယွီ ကတော့ စီးပွားရေး လုပ်တဲ့ နေရာမှာ တကယ့်ကို ဆရာကြီး တစ်ယောက်ပါပဲ..."
ထိုအခိုက်အတန့်မှာပင် အတွင်းဘက် ဝင်းအတွင်းမှ "ညီအစ်ကို ကူ..." ဟူသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထန်ပုယွီ သည် အလျင်အမြန် ပြေးထွက်လာပြီး ကူမော့ကို တင်းကျပ်စွာ ဖက်လိုက်လေသည်။ သူက ကူမော့၏ ပုခုံးကို ပုတ်လျက် ပြောလိုက်သည်...
"အစ်ကိုကြီး ထွက်သွားတာ တစ်နှစ်ကျော်ပြီနော်... ပြန်မလာတော့ဘူးလို့ ကျွန်တော် ထင်နေတာ..."
ကူမော့ကလည်း ထန်ပုယွီ ကို ပြန်လည် ဖက်လိုက်ရင်း ဆိုသည်...
"ဂုဏ်ယူပါတယ်... အခုဆို မင်းရဲ့ အရည်အချင်းတွေကို မင်းအဖေ သိသွားလောက်ပါပြီ... ရည်မှန်းချက်တွေလည်း အောင်မြင်သွားပြီပေါ့..."
ထန်ပုယွီ က သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း ဆိုသည်...
"ကျွန်တော့်အဖေ ဘယ်လောက်တောင် အပင်ပန်းခံခဲ့ရလဲ ဆိုတာကို အခုမှပဲ ကျွန်တော် နားလည်လာတော့တာပါ..."
ကူမော့မှာ အနည်းငယ် အံ့သြသွားပြီး ထန်ပုယွီ ကို အသေအချာ ကြည့်လိုက်မိသည်။ တစ်နှစ်ခွဲမျှသာ ရှိသေးသော်လည်း ထန်ပုယွီ ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို သူ သတိထားမိလိုက်လေသည်။ သူသည် အရင်ကလို ပေါ့ပျက်ပျက် မရှိတော့ဘဲ၊ အလွန်ပင် တည်ငြိမ် ရင့်ကျက်နေပြီ ဖြစ်လေသည်။
ထန်ပုယွီ သည် ကူချူတုန်း ဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်...
"ချူတုန်း... မတွေ့ရတာ ကြာပြီနော်..."
ကူချူတုန်းက ပြုံးလျက် ဆိုသည်...
"ရှင့်ကို ခုလောက်အထိ တည်ငြိမ်နေတာ မြင်ရတာ ကျွန်မတော့ သိပ်ပြီး အသားမကျသေးဘူး..."
ထန်ပုယွီ က ရယ်မောလျက် ဆိုသည်...
"ဒါဆိုရင်တော့ ချူတုန်း အနေနဲ့ အသားကျအောင် လုပ်ရလိမ့်မယ်... ကျွန်တော်လည်း အရင်ကလို ပေါ့ပေါ့ပါးပါး ပြန်လုပ်နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်..."
"ဘာဖြစ်လို့လဲ..."
ကူချူတုန်းက မေးမြန်းလိုက်သည်။
ထန်ပုယွီ က သဲ့သဲ့မျှ ပြုံးပြလိုက်ပြီးနောက် ပြောလိုက်သည်...
"မင်းတို့ ပြန်လာတာ ကွက်တိပါပဲ... အရေးကြီးတဲ့ ကိစ္စတွေ မရှိရင်တော့ ဒီမာ ခဏလောက် ထပ်နေကြပါဦး... လာမယ့်လမှာ ကျွန်တော် လက်ထပ်တော့မှာမို့လို့ပါ..."
"ဂုဏ်ယူပါတယ်..."
ကူမော့က ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်
"ဘယ်သူ့သမီးလေးကိုများ ဒုက္ခပေးလိုက်ပြန်ပြီလဲ..."
ထန်ပုယွီ က ပြောပြသည်မှာ...
"အစ်ကိုကြီး ကူ... စန်းကျန်းဂိုဏ်း ကို မှတ်မိသေးတယ် မဟုတ်လား..."
ကူမော့က ခေါင်းညိတ်ပြလျက် ဆိုသည်...
"မှတ်မိတာပေါ့... လင်းကျန်းမြို့ မှာ အစွမ်းအထက်ဆုံး သိုင်းအင်အားစု တစ်ခုပဲလေ... ဂိုဏ်းခေါင်းဆောင် က ရှောင်ကျင့်ဟုန် မဟုတ်လား၊ မဟာသိုင်းဆရာကြီး အဆင့်အောက်မှာတော့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်ပေါ့... အရင်တုန်းက ဖုန်းမင်ဆိပ်ကမ်း တိုက်ပွဲမှာ ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ သူတွေထဲမှာ သူလည်း ပါတာပဲလေ..."
ထိုသို့ ပြောရင်း ကူမော့ ခေတ္တ ရပ်လိုက်ပြီးမှ ဆက်မေးသည်
"ဒါဆိုရင်... မင်း လက်ထပ်မှာက သူ့ရဲ့ သမီး လား..."
ထန်ပုယွီ က ခေါင်းညိတ်ပြလျက် ဆိုသည်...
"ဟုတ်ပါတယ်..."
ကူမော့နှင့် ကူချူတုန်းတို့မှာ မှင်သက်သွားကြရတော့၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ထန်ပုယွီ သည် မိဘများ စီစဉ်ပေးသော အိမ်ထောင်ရေးကို လုံးဝ လက်ခံမှာ မဟုတ်ဘဲ၊ မိမိ ချစ်တဲ့သူကိုသာ လက်ထပ်မည်ဟု ကျိန်ဆိုခဲ့သည်ကို ၎င်းတို့ မှတ်မိနေခဲ့ကြသောကြောင့် ဖြစ်လေသည်။
သို့သော်လည်း ယခုအခါတွင်မူ သူသည် ရှောင်ကျင့်ဟုန် ၏ သမီးနှင့် လက်ထပ်တော့မည် ဖြစ်ရာ၊ ၎င်းမှာ မိဘများ စီစဉ်ပေးသော အိမ်ထောင်ရေး တစ်ခု ဖြစ်လိမ့်မည်ဟု တွေးမိရန် မခဲယဉ်းပါချေ။
ထန်ပုယွီ သည် ကူမော့နှင့် ကူချူတုန်းတို့ ဘာတွေးနေသည်ကို ခန့်မှန်းမိသဖြင့် ပြုံးလျက် ပြောလိုက်သည်...
"အဓိက ကတော့ မဟာမိတ် ဖွဲ့တာပါပဲ၊ ဒါပေမဲ့ ကျွန်တော် သူမကို တကယ်ပဲ သဘောကျမိပါတယ်... ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အချိန်တစ်ခုအထိ သိကျွမ်းခဲ့ပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ... မဟာမိတ် အနေနဲ့ စတင်ခဲ့ကြတာ မှန်ပေမဲ့၊ ကံကောင်းထောက်မစွာနဲ့ပဲ ဆုံတွေ့ပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေသွားခဲ့ကြတာပေါ့..."
"ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်..."
ကူမော့က ဆိုသည်
" မင်္ဂလာဆောင်ကို ကျွန်တော် သေချာပေါက် တက်ရောက်မှာပါ..."
ထန်ပုယွီ က ရယ်မောလိုက်သည်...
"ကျွန်တော့်ရဲ့ မင်္ဂလာဆောင်မှာ အစ်ကိုကြီး ကူ နဲ့ ညီမလေး ချူတုန်း တို့ ရှိနေတာနဲ့တင် ကျွန်တော့်အတွက်တော့ တစ်သက်လုံး ကြွားလို့ မကုန်နိုင်တော့ပါဘူး... ဒါနဲ့၊ ဘယ်တုန်းက ပြန်ရောက်ကြတာလဲ..."
"အခုလေးတင် ရောက်တာပါ..."
"လာပါ... လာကြပါ... အထဲကို ကြွကြပါဦး... ပြန်ရောက်လာတဲ့ အတွက် ကျွန်တော် ဧည့်ခံကျွေးမွေးပါရစေ"
စားေသာက်ပြီးနောက်မှာတော့ ကူမော့နှင့် ကူချူတုန်းတို့သည် အိမ်သို့ ပြန်လာခဲ့ကြလေ၏။
အိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကူချူတုန်း ပထမဆုံး လုပ်ဆောင်သည့် အရာမှာ ဝင်းအတွင်းရှိ ရေကန်ဆီသို့ သွားရောက်ကာ သူမ၏ ငါးများနှင့် လိပ်ကို စစ်ဆေးခြင်း ပင် ဖြစ်လေ၏။ ငါးနှစ်ကောင်မှာ အတော်လေး ကောင်ကြီးလာပြီ ဖြစ်သော်လည်း လိပ်ကတော့ သိပ်ပြီး မထူးခြားလှပါချေ။