အခန်း (၃၈၃)
Vol. 32 Ch. 383
အပိုင်း (၃၈၃) - သဘောတူညီချက်တစ်ခု ပြုလုပ်ခြင်း
"ပျက်စီးခြင်း ဟုတ်လား..."
ကူမော့က မေးမြန်းလိုက်သည်
"ဘယ်လို ပျက်စီးခြင်းမျိုးလဲ... ဆရာကြီး ကျိ... ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါဦး..."
ကျိဝူဆွမ်းက ဆိုသည်
"ဒါက ကျွန်တော် မြင်နိုင်သမျှ အစွမ်းကုန်ပါပဲ... ကျွန်တော် မြင်ရတဲ့ မြင်ကွင်းကတော့ ဖုန်လိုင်ကျွန်း တစ်ခုလုံးမှာ အလောင်းတွေ ပြည့်နှက်နေပြီး သွေးတွေနဲ့ စိုရွှဲနေတာပဲ... တခြား ဘာမှ မမြင်ရတော့ဘူး..."
ကျန်းတာအိုယီက ချက်ချင်းပင် လှောင်ပြောင်လိုက်သည်
"အဘိုးကြီး... မင်းလည်း မစွမ်းလှပါလား... မင်းတပည့် ချန်ရှောင်လုံ လောက်တောင် မတော်ဘူးပဲ... မနှစ်က ကျွန်တော့်ရဲ့ လုံဟူတောင် မှာ တစ်ခုခု ဖြစ်တော့မယ့် အချိန်တုန်းက၊ အဲဒီကလေးက ကြိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သားပဲ..."
ကျိဝူဆွမ်းက ခေါင်းယမ်းလျက် ပြောသည်
"အဘိုးကြီး... မင်း ဘာသိလို့လဲ... ဒီနှစ်ခုက ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ... မင်းရဲ့ လုံဟူတောင် က ဘယ်လောက် ကြီးလို့လဲ... ဖုန်လိုင်ကျွန်း ရဲ့ အခြေအနေက ဘယ်လိုမျိုးလဲ... ဖုန်လိုင်ကျွန်း ဆိုတာ လောကမှာ အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု ဖြစ်သလို၊ ချီကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေပြီး ကောင်းကင်လျှို့ဝှက်ချက်တွေ ကမောက်ကမ ဖြစ်နေတဲ့ နေရာလေ...”
“ အနှစ် သုံးဆယ်မှာ တစ်ခါပဲ ပွင့်တဲ့ ကျွန်းပွင့်ချိန်မှာ လူဘယ်လောက်များများ ရောက်နေမလဲဆိုတာ စဉ်းစားကြည့်စမ်း... အဲဒါက နတ်ဘုရားတွေ စုဝေးနေသလိုပဲ..."
" ထိပ်တန်း ပုဂ္ဂိုလ်တွေ အားလုံး ရှိနေတဲ့ နေရာလေ..."
"မင်းဘာသာ တွက်ကြည့်လိုက်ဦး... မဟာ အခမ်းအနား တုန်းက ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ အပြင်ဘက်မှာ ရှိနေတာက မင်းရယ်၊ သူရဲကောင်း ကူ ရယ်၊ ကုန်းဆွန်ကျွယ် နဲ့ လင်ရှောင်း တို့ပဲ ရှိတာလေ... မင်းရဲ့ စီနီယာ အစ်ကို ကျန်းရှီဆု ကို ထည့်ပေါင်းရင်တောင်မှ အလွန်ဆုံး ငါးယောက်ပဲ ရှိတာပေါ့..."
"ဒါပေမဲ့ ဖုန်လိုင်ကျွန်း မှာကျတော့ရော... ကျွန်းသခင်ကြီး၊ ဒုတိယကျွန်းသခင် ရယ်၊ သူတို့အောက်က ဗုဒ္ဓသုံးပါးနဲ့ ဧကရာဇ်လေးပါး ရယ်ဆိုရင် ကိုးယောက် ရှိနေပြီလေ... အဲဒီအပြင် နိုင်ငံအသီးသီးက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ သူရဲကောင်း ကူ၊ စုချန်းချိုး၊ မင်းရယ်၊ ဂိုဏ်းချုပ် ချီ ရယ်ဆိုရင် အနည်းဆုံး အယောက် နှစ်ဆယ် ရှိနေပြီ...”
“ အဲဒီအဓိပ္ပာယ်က ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ အပြင်ဘက်မှာ ရှိနေတဲ့သူက အနည်းဆုံး အယောက် သုံးဆယ် ရှိနေတာပေါ့... ဒီလို အခြေအနေမှာ ငါ့ကို သွားခိုင်းတာက အသက်နဲ့ လောင်းခိုင်းနေတာ မဟုတ်ဘူးလား..."
ဘေးတွင် ရှိနေသော ချီထျန်းရှုက ပြောသည်
"ခရီးစဉ်က အရမ်း အန္တရာယ် များမှန်း သိနေသလို၊ ရလဒ်ကိုလည်း မမြင်နိုင်ဘူးဆိုမှတော့၊ ဆရာကြီး ကျိ အနေနဲ့ သင်္ဘောပေါ်ကနေ ဘာလို့ ပြန်မဆင်းတာလဲ.."
ကျိဝူဆွမ်းက လက်ဝှေ့ယမ်းပြလျက် ခပ်ဖွဖွ ရယ်မောလိုက်သည်
"ဂိုဏ်းချုပ် ချီ... မင်းလည်း ဒီခရီးစဉ်က အန္တရာယ် များမှန်း သိနေတာပဲလေ၊ ဘာလို့ ပြန်မဆင်းတာလဲ..."
ချီထျန်းရှုက ဆိုသည်
"မနှစ်ကတည်းက ကျွန်တော် ဂိုဏ်းချုပ် ရာထူးကို တပည့်ကြီး ရှန်ပုယွီ ဆီ လွှဲပြောင်းပေးခဲ့ပြီလေ... ဂိုဏ်းရဲ့ ကိစ္စတွေ အားလုံးကိုလည်း ရှင်းပြခဲ့ပြီးပြီ... အခုတော့ ကျွန်တော်က တာအို လမ်းစဉ်နောက်ကိုပဲ စိတ်နှစ်ပြီး လိုက်နေတာဆိုတော့ သေခြင်းတရားကို မကြောက်တော့ပါဘူး..."
"တိုက်ဆိုင်လိုက်တာ..."
ကျိဝူဆွမ်းက ပြောသည်
"ငါလည်း အဲဒီလိုပဲ တွေးထားတာလေ... လောင်းကစားကို အမြဲတမ်း ဝါသနာပါခဲ့သူဆိုတော့ ဒီလို အခွင့်အရေးကောင်းကို လက်လွှတ်မခံနိုင်ပါဘူး... ဘေးဒုက္ခကနေ ငါ ရှောင်တိမ်းနိုင်မလားဆိုတာကို လောင်းကြေးထပ်ထားတာလေ..."
ကျန်းတာအိုယီက ခပ်ဖွဖွ ရယ်မောလိုက်သည်
"တော်ကြပါတော့... ဒီသင်္ဘောပေါ်ကို လာကြတဲ့သူတိုင်းဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ဆရာကြီးတွေချည်းပါပဲ၊ သူတို့တွေဟာ ကိုယ့်နယ်ပယ်မှာ အထွတ်အထိပ်ကို ရောက်နေကြသူတွေမို့လို့ ရှေ့ဆက်ဖို့ ခက်ခဲနေကြတာလေ... ဒါပေမဲ့ ဖုန်လိုင်ကျွန်း ကို လာရတာက သူတို့ကို ရှေ့ဆက်ဖို့ အခွင့်အရေး ပေးနိုင်တယ်လေ... "
“အန္တရာယ်တွေနဲ့ ပြည့်နှက်နေမယ် ဆိုရင်တောင်မှ၊ ဘယ်သူမှ နောက်ဆုတ်ကြမှာ မဟုတ်ပါဘူး... 'နံနက်ခင်းမှာ လမ်းစဉ်ကို ကြားသိရရင်၊ ညနေခင်းမှာ သေရမယ် ဆိုရင်တောင် ကျေနပ်နိုင်တယ်' ဆိုတဲ့ စကားအတိုင်းပေါ့လေ..."
ချီထျန်းရှု နှင့် ကျိဝူဆွမ်း တို့က ကျန်းတာအိုယီ ပြောသည်ကို ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။
ကျန်းတာအိုယီက ကူမော့ကို ကြည့်ကာ ဆိုသည်
"ဒါပေမဲ့ ကူမော့... မင်းကတော့ ချွင်းချက် ဖြစ်လိမ့်မယ်... ငါ သိသလောက်ဆိုရင်တော့၊ မင်းရဲ့ အဓိက ရည်ရွယ်ချက်က ကျန်းရိုရွှီး ဘယ်မှာ ရှိနေလဲဆိုတာ ရှာဖို့ မဟုတ်လား..."
ကူမော့က အနည်းငယ် ခေါင်းယမ်းလိုက်ရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်
"လောကမှာ စိတ်ဝင်စားစရာတွေ အများကြီး ရှိတာ မှန်ပေမဲ့၊ လောကရဲ့ နိုင်ငံတွေ အားလုံးကို အကူအညီမဲ့အောင် လုပ်ခဲ့တဲ့ ကျန်းရိုရွှီး လို ဝရမ်းပြေး တစ်ယောက်ကို သုတ်သင်ရတာနဲ့ ဘာက ယှဉ်နိုင်မှာလဲ... တစ်နည်းပြောရရင်တော့၊ ဒါက ကျွန်တော့်ရဲ့ အကန့်အသတ်တွေကို ဖောက်ထွက်ဖို့ အခွင့်အရေး ရှာတာလည်း မဟုတ်ဘူးလား..."
ကျန်းတာအိုယီက ခပ်ဖွဖွ ရယ်မောလိုက်သည်
"တကယ့်ကို ပြင်းထန်တဲ့ စကားလုံးတွေပါပဲလား..."
ကူမော့က ဆက်လက် ပြောကြားသည်
"အဲဒီအပြင်၊ ကျွန်တော့်ရဲ့ အတွင်းမိစ္ဆာတွေကို ကိုင်တွယ်မယ့် နည်းလမ်းကိုလည်း ဖုန်လိုင်ကျွန်း ကနေ ရှာဖွေချင်ပါသေးတယ်..."
ထိုသို့ ပြောဆိုရင်း ကူမော့သည် ကျိဝူဆွမ်းကို ကြည့်ကာ မေးမြန်းလိုက်သည်
"ဆရာကြီး ကျိ... ဗေဒင်တွက်ခက ဘယ်လောက် ပေးရမလဲဆိုတာ သိပါရစေ..."
ကျိဝူဆွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လျက် ဆိုသည်
"သူရဲကောင်း ကူ က ဒီအဘိုးကြီးကို ဗေဒင်တွက်ခိုင်းချင်လို့လား..."
"ဟုတ်ပါတယ်..."
ကူမော့က မေးမြန်းလိုက်သည်
"ကျွန်တော့်ရဲ့ ခရီးစဉ် ရည်ရွယ်ချက်က အောင်မြင်ပါ့မလားဆိုတာ ပြောပြပေးပါဦး..."
ကျိဝူဆွမ်း ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်
"သူရဲကောင်း ကူ ရဲ့ သည်ခရီးစဉ်မှာ ရည်ရွယ်ချက် နှစ်ခု ရှိတာဆိုတော့၊ ကျွန်တော်က ဗေဒင် နှစ်ကြိမ် တွက်ပေးရမှာပေါ့... ပထမ တစ်ကြိမ်အတွက် ငွေစ သုံးရာ ပေးရမှာဖြစ်ပြီး၊ ဒုတိယ တစ်ကြိမ်အတွက်ကတော့ နောင်တစ်ချိန်မှာ ကျွန်တော့်အတွက် ကိစ္စ တစ်ခု လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်... သေချာတာပေါ့၊ သူရဲကောင်း ကူ ရဲ့ သစ္စာရှိမှုကို ထိခိုက်စေမယ့် ကိစ္စမျိုးကိုတော့ ကျွန်တော် ခိုင်းမှာ မဟုတ်ပါဘူး..."
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်
"ဒါဆိုရင်တော့ ဆရာကြီး ကျိ ရဲ့ လမ်းညွှန်မှုကို ခံယူရမှာပေါ့..."
"သေချာတာပေါ့... ပထမဆုံး ဗေဒင်က မင်းရဲ့ အတွင်းမိစ္ဆာ အကြောင်း ဖြစ်လိမ့်မယ်..."
ကျိဝူဆွမ်းသည် သူ၏ ပိတ်စရွက်ကို ကျန်းတာအိုယီထံ ချက်ချင်း ပေးအပ်လိုက်ပြီးနောက်၊ သူ၏ ခါးမှ ကြေးအကြွေစေ့များကို ယူကာ မန္တန်များကို ရွတ်ဆိုတော့၏။ ခဏအကြာတွင် သူသည် ၎င်းတို့ကို မြေပေါ်သို့ ပစ်ချလိုက်ပြီး၊ အချိန်အတော်ကြာအောင် ကြောင်အအ စိုက်ကြည့်နေပြီးမှ သတိပြန်ဝင်လာကာ ပြောလိုက်သည်
"ဆရာကြီး ကူ... အဲ့ကိစ္စကတော့ ဘာမှ မထူးခြားဘဲနဲ့ပဲ ပြီးဆုံးသွားဖို့ များပါတယ်... ဒါပေမဲ့လည်း၊ အရာရာတိုင်းက ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ မဟုတ်ဘူးလေ... ကောင်းကင်ရဲ့ အလိုတော် ဆိုတာ ခန့်မှန်းရ ခက်လွန်းလှသလို၊ အမြဲတမ်းလည်း ချွင်းချက်တွေ ရှိနေတတ်တာပဲ... ဆရာကြီး ကူ... ရှေ့ကိုပဲ တည့်တည့် ဆက်သွားပါ၊ မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိလာပါလိမ့်မယ်..."
ကူမော့က ဆိုသည်
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး..."
ကျန်းတာအိုယီက နှုတ်ခမ်းတွန့်လိုက်ရင်း ပြောသည်
"အဘိုးကြီးကတော့ လျှောက်လုပ်နေပြန်ပြီလို့ ကျွန်တော် သံသယ ရှိမိတယ်... သူက ကောင်းတာရော ဆိုးတာရော အကုန် ပြောနေတာလေ၊ ဘာမှ အသုံးမဝင်ပါဘူး..."
ကူမော့က သဲ့သဲ့မျှ ပြုံးလိုက်လေသည်။
ကျိဝူဆွမ်းသည် ကြေးအကြွေစေ့များကို ပြန်လည် ကောက်ယူလိုက်ပြီး ပြောလိုက်သည်
"အခုတော့ ဆရာကြီး ကူ အတွက် ဒုတိယမြောက် ဗေဒင်ကို တွက်ပေးပါ့မယ်... အဲဒါက ကျန်းရိုရွှီး အကြောင်းပေါ့!"
ကျိဝူဆွမ်းသည် အကြွေစေ့ အားလုံးကို ပစ်ချလိုက်ရာ၊ ထိုအခိုက်အတန့်တွင် အကြွေစေ့ တစ်ဆယ့်သုံးစေ့ စလုံးမှာ မြေပြင်ပေါ်တွင် ထောင်လျက်သား ဖြစ်နေတော့၏။
ကျိဝူဆွမ်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် ဖြူရော်သွားတော့၏။ ကူမော့နှင့် အခြားသူများ၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များအောက်တွင်၊ ကျိဝူဆွမ်း ၏ ဒွာရာခုနစ်ပေါက်မှ သွေးများ စတင် စီးကျလာသည်ကို မြင်တွေ့လိုက်ရပြီး၊ သူ၏ တစ်ကိုယ်လုံးလည်း တုန်တုန်ယင်ယင် ဖြစ်လာတော့၏။
ကျန်းတာအိုယီသည် ကျိဝူဆွမ်းအား ကုသပေးရန် သူ၏ အတွင်းအားကို အသုံးပြုရန် ပြင်လိုက်သော်လည်း၊ ကျိဝူဆွမ်း က လက်ဝှေ့ယမ်းကာ တားမြစ်လိုက်လေသည်။ ကျိဝူဆွမ်း လက်ဝှေ့ယမ်းလိုက်သည့် အခိုက်အတန့်မှာပင်၊ ကူမော့သည် ကျိဝူဆွမ်း ၏ လက်မောင်းပေါ်တွင် အစက်အပြောက်များ ပေါ်လာသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရပြီး၊ သူ၏ အရေပြားများမှာလည်း ချက်ချင်းပင် တွန့်လိမ်သွားတော့၏။
မူလကတော့ ကျိဝူဆွမ်းသည် အသက် ခြောက်ဆယ်ခန့်သာ ရှိပုံရသော်လည်း၊ ထိုခဏတာအတွင်းမှာပင် သူသည် အနည်းဆုံး အနှစ် နှစ်ဆယ်ခန့် ပို၍ အိုမင်းသွားသည့်အသွင် ဆောင်သွားတော့၏။