← Chapters

အခန်း (၃၈၄)

Vol. 32 Ch. 384

အခန်း (၃၈၄)

Vol. 32 Ch. 384

အပိုင်း (၃၈၄) သဘောတူညီချက် ၂

ကူမော့သည်လည်း ကျိဝူဆွမ်း ၏ ခန္ဓာကိုယ်မှ သေမင်းတမန် အရှိန်အဝါ တစ်စ ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်လေသည်။

"ကျွန်တော် ဘာတွေ မြင်ခဲ့လဲဆိုတာ မမေးပါနဲ့ဦး..."

ကျိဝူဆွမ်းသည် သူ၏ လည်ချောင်းအတွင်းမှ တက်လာသော သွေးများကို အတင်းအကျပ် မျိုချလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်

"ဆရာကြီး ကူ... ကျွန်တော့်ရဲ့ သက်တမ်း ဆယ်နှစ် နဲ့ မင်းဆီက အကူအညီ တစ်ကြိမ် ကို ကျွန်တော် လဲလိုက်တာပါ... မင်းအတွက်ရော ကျွန်တော့်အတွက်ပါ ဘယ်သူမှ မရှုံးပါဘူး... ဒါက ကံကြမ္မာ စီမံရာ အတိုင်းပါပဲ၊ အဖိုးအခကိုလည်း ကောင်းကင်က သတ်မှတ်ထားပြီးသားလေ... ဒီဗေဒင်နဲ့ ပတ်သက်ပြီး အကူအညီ တောင်းလိုက်တဲ့ အချိန်ကတည်းက၊ ကျွန်တော့်ရဲ့ သက်တမ်း ဆယ်နှစ် ကို ပေးဆပ်ဖို့ ကံပါလာခဲ့တာပါ..."

ပြောပြီးသောအခါ၊ ကျိဝူဆွမ်းသည် နောက်ထပ် အောင့်မထားနိုင်တော့ဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်တော့၏။ သူသည် ခဏမျှ အမောတပြေ အသက်ရှူလိုက်ပြီးနောက် ဆက်ပြောသည်

"ဆရာကြီး ကူ... မင်းရဲ့ ခရီးစဉ်က ဘာမှ မထူးခြားဘဲနဲ့ပဲ ပြီးဆုံးသွားမှာပါ... ဒါပေမဲ့လည်း၊ ကျွန်တော် ကျန်းရိုရွှီး ရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်... ကျွန်တော့်ကို ယုံကြည်ပါ၊ အရှေ့ဘက် ခရီးစဉ် တစ်လျှောက်မှာမငအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ရှိနေသရွေ့၊ ပြီးတော့ မောက်မာတာမျိုးနဲ့ စိတ်မရှည်တာမျိုးတွေကို ရှောင်ရှားပြီး ဘယ်သူနဲ့မှ တိုက်ခိုက်တာမျိုး မလုပ်ဘူး ဆိုရင်တော့၊ မင်း ကျန်းရိုရွှီး ကို တွေ့ရပါလိမ့်မယ်... ဒါပေမဲ့ မငအနေနဲ့ တစ်ယောက်ယောက်ကို တိုက်ခိုက်လိုက်မယ် ဆိုရင်တော့၊ ကိစ္စက ပြန်ပြင်လို့ မရတော့တဲ့ အခြေအနေ ရောက်သွားမှာပါ!"

"ဘာဖြစ်လို့လဲဟင်..."

ကူမော့က မေးမြန်းလိုက်၏။

ကျိဝူဆွမ်းက ခပ်ဖွဖွ ရယ်မောလိုက်သည်

"ကျွန်တော် ပြောပြလိုက်မယ် ဆိုရင်တော့၊ အဲဒါက ထိရောက်မှာ မဟုတ်တော့ဘူးလေ..."

ကူမော့က ဆိုသည်

"ကျွန်တော် နားလည်ပါပြီ၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး..."

ထိုသို့ ပြောဆိုရင်း ကူမော့သည် ပိုက်ဆံအိတ်ကို နှိုက်လိုက်သော်လည်း၊ သူ ခရီးသွားသည့်အခါ ပိုက်ဆံ တစ်ခါမှ သယ်မသွားခဲ့ဖူးသည်ကို ရုတ်တရက် သတိရလိုက်မိသည်။ ပိုက်ဆံ ကိစ္စတွေကို ကူချူတုန်း ကသာ အမြဲတမ်း ကိုင်တွယ်ခဲ့သည် မဟုတ်လား။

ကူမော့သည် အတန်ငယ် အနေရခက်သော အမူအရာဖြင့် ပြောလိုက်သည်

"ဆရာကြီး ကျိ... ကျွန်တော် သည်တစ်ခါ အလောတကြီး ထွက်လာခဲ့ရလို့ ပိုက်ဆံ ယူလာဖို့ မေ့သွားခဲ့ပါတယ်... ကျွန်တော် ကန် နိုင်ငံ ကို ပြန်ရောက်တဲ့ အခါကျရင်တော့ ဗေဒင်တွက်ခ ငွေစ သုံးရာ ကို ပေးပါ့မယ်... ဗေဒင် တစ်ကြိမ် တွက်ပေးတဲ့အတွက် အကူအညီ တစ်ကြိမ် နဲ့ ပတ်သက်ရင်တော့၊ အလိုရှိတဲ့ အချိန်တိုင်း ကျွန်တော့်ကို အသိပေးလိုက်ပါ..."

ကျိဝူဆွမ်းက ဆိုသည်

"တကယ်တမ်းကျတော့၊ ကျွန်တော် ဘာအကူအညီ လိုချင်တယ် ဆိုတာကို သိနေခဲ့ပြီးသားပါ..."

"ဘာကိစ္စလဲ..."

ကူမော့က မေးလိုက်၏။

ကျိဝူဆွမ်း ခဏမျှ စဉ်းစားကြည့်ပြီးမှ ပြောလိုက်သည်

"ကျွန်တော် အမှန်အတိုင်း ပြောပြပါ့မယ်... ဒီနှစ် အစပိုင်းမှာတုန်းက၊ ကျွန်တော် ကောင်းကင်လျှို့ဝှက်ချက်တွေကို ချောင်းကြည့်မိခဲ့ရာကနေ သိခဲ့ရတာကတော့... လွန်ခဲ့တဲ့ အနှစ် ခုနစ်ရာ တိုင်အောင် ကြာမြင့်ခဲ့တဲ့ ကမောက်ကမ ခေတ်ကြီးဟာ ဒီခေတ်မှာပဲ အဆုံးသတ်သွားလိမ့်မယ် ဆိုတာပါပဲ... ဘာလို့လဲဆိုတော့၊ နှစ်ပေါင်း ထောင်ချီ ပျောက်ကွယ်နေခဲ့တဲ့ လူ့လောက ရဲ့ နဂါးသွေးကြော ဟာ ပြန်ပြီး ပေါ်ထွက်လာတော့မှာ မို့လို့ပါပဲ"

သူ ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက်...

ကျန်းတာအိုယီ၊ ချီထျန်းရှု နှင့် ကူမော့ တို့ အားလုံးမှာ မှင်သက်သွားကြရတော့၏။

ကျိဝူဆွမ်းက ဆက်လက် ပြောကြားသည်မှာ...

" ကမောက်ကမ ဖြစ်နေတဲ့ လောကမှာ၊ ဘယ်သူက အာဏာကို ရယူနိုင်မလဲ ဆိုတာကိုတော့ ကျွန်တော် မသိနိုင်သလို မမြင်နိုင်ပါဘူး... ဒါပေမဲ့လည်း၊ နဂါးသွေးကြော က ရွေးချယ်တဲ့ သူကသာ ရွေးချယ်ခံရတဲ့သူ ဖြစ်လိမ့်မယ် ဆိုတာကိုတော့ ကျွန်တော် သိပါတယ်... ဒါကြောင့်၊ နိုင်ငံအသီးသီးက နဂါးသွေးကြော ကို ရယူဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ၊ ဆရာကြီး ကူ အနေနဲ့ ကန် နိုင်ငံ ဘက်ကနေ ကူညီပေးစေချင်တာပါ"

ကူမော့သည် ကျိဝူဆွမ်း ကို ကြည့်ကာ မေးမြန်းလိုက်သည်

"ဆရာကြီး ကျိ က ကန် နိုင်ငံ တော်ဝင်မျိုးနွယ်စုတွေနဲ့ အတိတ်မှာ ပတ်သက်ခဲ့တာမျိုး ရှိလို့လား..."

"မရှိပါဘူး..."

ကျိဝူဆွမ်း က ဆိုသည်

"ကျွန်တော်က ကန် နိုင်ငံ သား တစ်ယောက် ဖြစ်နေလို့ပါ၊ အဲဒီအပြင် လက်ရှိ ကန် ဧကရာဇ် ဟာ အတော်လေး ကောင်းမွန်တဲ့ ဧကရာဇ် တစ်ပါး ဖြစ်နေသလို၊ အခုလည်း သူက အင်အား ကောင်းနေတဲ့ အချိန်လေ... တကယ်လို့ သူသာ လောကကြီးကို စည်းလုံးအောင် လုပ်နိုင်မယ် ဆိုရင်တော့၊ ပြည်သူတွေလည်း ကောင်းမွန်တဲ့ ဘဝကို ရနိုင်ကြမှာမို့လို့ပါ..."

ကူမော့က သဲ့သဲ့မျှ ပြုံးပြလျက် ဆိုသည်

"ကျွန်တော်က သာမန်လူ တစ်ယောက်မို့လို့ လောကီရေးရာ ကိစ္စတွေကိုတော့ နားမလည်ပါဘူး... ဒါပေမဲ့လည်း၊ ဒီကိစ္စက သစ္စာရှိမှုကို ထိခိုက်စေမယ့် ကိစ္စမျိုး မဟုတ်တာတော့ သေချာပါတယ်... ဗေဒင်တွက်ခ အနေနဲ့ အကူအညီ တစ်ကြိမ် ပေးဖို့ ကျွန်တော် သဘောတူထားပြီးသား ဆိုမှတော့၊ သေချာပေါက် ကူညီပေးပါ့မယ်... တကယ်လို့ နဂါးသွေးကြော သာ တကယ် ပေါ်လာခဲ့မယ် ဆိုရင်တော့၊ အဲဒါကို ရယူဖို့အတွက် ကျွန်တော် ကန် နိုင်ငံ ဘက်ကနေ ကူညီပေးပါ့မယ်..."

ထို့နောက်...

ကျန်းတာအိုယီ နှင့် ချီထျန်းရှု တို့သည် ကျိဝူဆွမ်း အား သင်္ဘောခန်းအတွင်းသို့ ကူညီ တွဲခေါ်သွားခဲ့ကြလေသည်။

သင်္ဘောကြီးမှာ အလွန်ပင် ကြီးမားလှပြီး၊ အထပ် နှစ်ထပ် ခွဲခြားထားလေ၏။ အောက်ထပ်တွင် အခန်းများ ရှိနေပြီး၊ အပေါ်ထပ်မှာမူ ကျယ်ဝန်းလှသော ခန်းမဆောင်ကြီး တစ်ခု ဖြစ်လေသည်။ ဖုန်လိုင်ကျွန်း မှ တပည့် အများအပြားမှာ စားပွဲထိုးများအဖြစ် အလုပ် လုပ်နေကြပြီး၊ ခန်းမအတွင်း၌မူ လူများက အုပ်စုငယ်များဖွဲ့လျက် စားပွဲများတွင် ထိုင်ကာ သောက်စားကြ၊ စားသောက်ကြ၊ စကားပြောကြ နှင့် အချို့မှာမူ ကဗျာများ ရွတ်ဆိုနေကြလေသည်။

ကျန်းတာအိုယီသည် ကျိဝူဆွမ်း အား အနားယူရန်အတွက် အောက်ထပ်သို့ ခေါ်သွားရန် ရည်ရွယ်ခဲ့သော်လည်း၊ ကျိဝူဆွမ်း ကတော့ အရက်သောက်ရန်သာ ဇွတ်ပြောနေခဲ့လေသည်။

ကျန်းတာအိုယီ နှင့် ကျိဝူဆွမ်း တို့မှာ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသလို၊ ကျိဝူဆွမ်း ၏ လောင်းကစားခြင်းနှင့် သောက်စားခြင်း ဝါသနာများကို သိထားကြသဖြင့် ဖျောင်းဖျ၍ မရနိုင်ကြောင်း သိရှိသွားကာ စားပွဲ တစ်ခုဆီသို့သာ တွဲခေါ်သွားခဲ့ရလေသည်။

ကူမော့နှင့် ချီထျန်းရှုတို့သည်လည်း ထိုင်လိုက်ကြလေသည်။

ကူမော့သည် ခန်းမအတွင်း၌ လူများစွာ ရှိနေသော်လည်း၊ ၎င်းတို့အား မည်သူကမျှ တုံ့ပြန်ခြင်း မရှိသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့သြသွားမိလေသည်။ သူတို့၏ တုံ့ပြန်မှု ကင်းမဲ့ခြင်းမှာ နားလည်ပေးနိုင်သော်လည်း၊ ကျန်းတာအိုယီသည် ကန် နိုင်ငံ ၏ အင်ပါယာ ဆရာကြီး တစ်ဦး ဖြစ်သလို တာအိုဂိုဏ်း၏ ခေါင်းဆောင်လည်း ဖြစ်ကာ သူ၏ သရုပ်မှန်ကို လူသိများနေရမည် ဖြစ်သော်လည်း မည်သူကမျှ လာရောက် နှုတ်ဆက်ခြင်း မရှိကြပါချေ။

ကျန်းတာအိုယီသည် ဖုန်လိုင်ကျွန်း တပည့်များထံမှ အရက် နှစ်အိုး တောင်းယူလိုက်ပြီး၊ ကူမော့နှင့် သူ၏ အပေါင်းအပါများအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်လေ၏။

ကူမော့က အရက်ကို တစ်ငုံ သောက်လိုက်ပြီးနောက် မေးမြန်းလိုက်သည်

"အင်ပါယာ ဆရာကြီး... သင်္ဘောပေါ်က လူတွေက မင်းကို မသိကြဘူးလား..."

"သိကြပါတယ်..."

ကျန်းတာအိုယီက ပြုံးလျက် ဆိုသည်၊ သူသည် ကူမော့၏ သံသယကို သိရှိပုံ ရလေ၏ ။

"ဒါပေမဲ့ သူတို့ရဲ့ မျက်လုံးထဲမှာတော့၊ ကျွန်တော့်ရဲ့ အဆင့်အတန်းက သာမန်လူ တစ်ယောက်နဲ့ ဘာမှ မကွာခြားပါဘူး... ဒီလူတွေ အားလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ထိပ်တန်း ပုဂ္ဂိုလ်တွေချည်းပါပဲ..."

ကျန်းတာအိုယီသည် ပြတင်းပေါက်ကို မှီလျက် မူးနေသော အဘိုးအို တစ်ဦးကို လက်ညှိုးထိုးပြရင်း ဆိုသည်

"ဟိုလူကတော့ ဆူးရန် လို့ ခေါ်တဲ့ စာပေပညာရှင်ကြီး ပါ၊ ကန် နိုင်ငံ ရဲ့ စာပေလောက ခေါင်းဆောင်တွေထဲက တစ်ယောက်ပေါ့... သူက အရင်တုန်းက နန်းတွင်းမှာ မယ်တော်ကြီး ကို ဝေဖန်ခဲ့သလို၊ အခုလည်း ဧကရာဇ်မင်း ကို ဝေဖန်နေတာလေ... သူ မကြိုက်တဲ့သူ မှန်သမျှကို သူက ဝေဖန်နေတာပဲ... သူက ကျွန်တော့်ရဲ့ အဆင့်အတန်းကို ဂရုစိုက်လိမ့်မယ်လို့ မင်း ထင်နေတာလား..."

အဲဒီနောက်မှာတော့၊ သူသည် ပစ္စည်းလေး တစ်ခုကို စိတ်ဝင်တစား ပြုပြင်နေသော အခြား လူတစ်ဦးကို လက်ညှိုးထိုးပြရင်း ဆက်ပြောသည်

"စက်မှုအတတ်ပညာရှင်ကြီး ကုန်းရှုယွီ ပေါ့၊ အခု ကန် နိုင်ငံ စစ်တပ်မှာ သုံးနေတဲ့ ရွှေရောင် ဝတ်စုံကျပ် နဲ့ နတ်ဘုရား လေးမြား တွေကို သူကပဲ တီထွင်ခဲ့တာလေ... အမှန်အတိုင်း ပြောရရင်တော့၊ ကျွန်တော့်ရဲ့ မြင့်မားလှတဲ့ သိုင်းပညာတွေကို ဖယ်လိုက်မယ် ဆိုရင်တော့၊ ကန် နိုင်ငံ အပေါ် ကျွန်တော့်ရဲ့ စွမ်းဆောင်မှုဟာ သူ့ရဲ့ ဆယ်ပုံတစ်ပုံတောင် ရှိမှာ မဟုတ်ပါဘူး..."

အဲဒီနောက်တွင်မူ ကျန်းတာအိုယီသည် အခြား လူအတော်များများကိုလည်း တစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့လေသည်။ ၎င်းတို့ တစ်ဦးစီတိုင်းမှာ ထူးခြားလှသော နောက်ခံများ ရှိကြသလို သက်ဆိုင်ရာ နယ်ပယ်များတွင်လည်း ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။

၎င်းတို့၏ နယ်ပယ်များအတွင်း ရရှိထားသော အောင်မြင်မှုများမှာလည်း ကူမော့နှင့် ကျန်းတာအိုယီ တို့ သိုင်းပညာအတွင်း ရရှိထားသော အောင်မြင်မှုများထက် နိမ့်ကျနေလိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း၊ နှိုင်းယှဉ်ချက်အရ ပြောရမည်ဆိုလျှင်၊ လောကတွင် သိုင်းပညာမှာ အဓိက အရာ ဖြစ်နေသဖြင့်၊ ကူမော့နှင့် ကျန်းတာအိုယီ တို့မှာ သည်လူများထက် ပိုပြီး နာမည်ကျော်ကြားနေကြခြင်း ဖြစ်လေသည်။

ကူမော့က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်

"ဖုန်လိုင်ကျွန်း က တကယ်ပဲ အဲ့လောက် အံ့သြစရာ ကောင်းလို့လား... နယ်ပယ် အသီးသီးက လူတွေဟာ အဲ့ဒီနေရာမှာ တစ်ခုခု ရနိုင်ကြလို့လား..."

ကျန်းတာအိုယီက ခေါင်းညိတ်ပြလျက် ဆိုသည်

"လွန်ခဲ့တဲ့ အနှစ် သုံးဆယ်တုန်းက၊ ကျွန်တော်လည်း သံသယတွေနဲ့ပဲ ဖုန်လိုင်ကျွန်း ဆီကို လာခဲ့တာလေ... နောက်ပိုင်းမှာတော့၊ ဖုန်လိုင်ကျွန်း မှာ အရာရာတိုင်း ရှိနေတယ် ဆိုတာကို ကျွန်တော် သိခဲ့ရတာပေါ့... သိုင်းပညာ ဆိုတာက အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတာလေ...”

“ သူတို့ဆီမှာ ဆေးပညာတွေ၊ စက်မှုအတတ်ပညာတွေ လိုမျိုး အမျိုးမျိုးသော အဆင့်မြင့် အတွေးအခေါ်တွေ ရှိနေကြတာ... သူတို့တွေက လူတွေရဲ့ အမြင်ကို ပွင့်လင်းသွားစေမယ့် သီအိုရီတွေနဲ့ လမ်းညွှန်ချက် အများကြီးကို အမြဲတမ်း ဖော်ထုတ်ပေးနိုင်ကြတယ်လေ... "

“သူတို့တွေဟာ အမျိုးမျိုးသော လျှို့ဝှက် ကျမ်းစာတွေကိုလည်း စုစည်းထားကြပြီး၊ အဲဒါတွေကိုလည်း လိုချင်တဲ့သူတိုင်း ကြည့်နိုင်အောင် ရက်ရက်ရောရော မျှဝေပေးကြတာပေါ့..."

All Chapters