← Chapters

အခန်း (၃၈၅)

Vol. 32 Ch. 385

အခန်း (၃၈၅)

Vol. 32 Ch. 385

အပိုင်း (၃၈၅) ရိုင်းစိုင်းသော ပင်လယ်နတ်ဘုရား

ကူမော့ သင်္ဘောပေါ်သို့ တက်ရောက်ပြီး နောက်တစ်နေ့ နံနက်ခင်းတွင် သင်္ဘောကြီး စတင် ထွက်ခွာခဲ့လေသည်။

သင်္ဘောကြီးသည် ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည် ခုတ်မောင်းခဲ့လေသည်။

၎င်းတို့သည် ပင်လယ်အတွင်း ဆယ်ရက်ခန့် ခရီးနှင်ခဲ့ကြလေ၏။ ။

တစ်ဆယ်ရက်မြောက် နေ့တွင်မူ၊ သင်္ဘောကြီးမှာ ပင်လယ်ပြင်တွင် ရုတ်တရက် ရပ်တန့်သွားပြီး ဝဲလည်နေကာ တစ်နေရာတည်းတွင် ယိမ်းထိုးနေတော့၏။

သင်္ဘောခန်းအတွင်း၌ ကူမော့၊ ကျန်းတာအိုယီ၊ ချီထျန်းရှု နှင့် ကျိဝူဆွမ်း တို့သည် ပြတင်းပေါက်ဘေးရှိ စားပွဲတစ်ခုတွင် ထိုင်လျက်၊ အပြင်ဘက်ရှိ လှိုင်းတံပိုးများကို ကြည့်နေကြလေသည်။ ကျန်းတာအိုယီက ရုတ်တရက် မေးမြန်းလိုက်သည်

"ဆရာကြီး ကူ... ဖုန်လိုင်ကျွန်း တည်ရှိနေတာကို အာရုံခံမိလား..."

ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်

"ကျွန်တော်တို့ ရောက်ပြီလား..."

ကျန်းတာအိုယီက ခေါင်းညိတ်ပြလျက် ဆိုသည်

"ကျွန်တော် တစ်ခါ ရောက်ဖူးတယ်လေ... သူ့ရဲ့ တည်နေရာ အနီးစပ်ဆုံးကတော့ ဒီနားတစ်ဝိုက်မှာပဲ ဆိုတာ မှတ်မိနေသေးတယ်၊ ဒါပေမဲ့ အခုတော့ မမြင်ရတော့ဘူးပေါ့... ပြီးခဲ့တဲ့ အနှစ် သုံးဆယ်အတွင်းမှာ၊ ကျွန်တော် ပင်လယ်ထဲကို ထွက်ပြီး အဲဒါကို အကြိမ်အနည်းငယ်လောက် လာရှာခဲ့ဖူးပေမဲ့၊ ဖုန်လိုင်ကျွန်း ကို ရှာမတွေ့ခဲ့ပါဘူး..."

" ထင်တာတော့၊ ဖုန်လိုင်ကျွန်း ဟာ ပင်လယ်ကို အခြေခံပြီး မန္တန်ဝင်္ကပါ တစ်ခုနဲ့ ပုံရိပ်ယောင်တွေ ဖန်တီးထားလို့ ဖြစ်မှာပေါ့... အဲဒီအပြင်၊ ဖုန်လိုင်ကျွန်း ပေါ်က လူတိုင်းနီးပါးဟာ ချီကျင့်ကြံသူတွေ ဖြစ်ကြတော့၊ သူတို့ဆီမှာ ဖုံးကွယ်ထားမယ့် နည်းလမ်းတွေ အများကြီး ရှိနေမှာပဲလေ... အဲဒါကြောင့်လည်း ငါတို့တွေ မမြင်ရတာပေါ့..."

ချက်ချင်းပင်...

ကူမော့သည် တာအို နှလုံးသား မိစ္ဆာ မျိုးစေ့ နည်းစနစ် ကို အသက်သွင်းလိုက်ပြီး၊ သူ၏ များပြားလှသော စိတ်ဝိညာဉ် စွမ်းအားများကို အရပ်မျက်နှာ အနှံ့အပြားသို့ ထုတ်လွှတ်လိုက်လေသည်။

ခဏအကြာတွင် သူသည် အနောက်ဘက် တည့်တည့်တွင် ထူးခြားလှသော စွမ်းအင် လှုပ်ခတ်မှုများကို အာရုံခံမိလိုက်လေသည်၊ အတွင်းက မြင်ကွင်းမှာ အလွန် ဝေဝါးနေသော်လည်း သူကတော့ ရှင်းလင်းစွာ သိမြင်နိုင်ခဲ့သည်။ သူ... အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်နိုင်သော်လည်း...

ခဏတာမျှသာ အာရုံခံကြည့်ပြီးနောက် ပြန်လည် ရုပ်သိမ်းလိုက်လေသည်။

ခဏအကြာတွင်...

သင်္ဘောကြီးမှာ ဟိုဟိုဒီဒီ ဝဲလည်နေစဉ်အတွင်း၊ ထူထပ်လှသော မြူခိုးများ ရုတ်တရက် ပေါ်ထွက်လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံးကို လုံးဝ လွှမ်းခြုံသွားသဖြင့် ရှေ့တည့်တည့်က လက်ကိုပင် မမြင်နိုင်လောက်အောင် ဖြစ်သွားတော့၏။ သင်္ဘောကြီး ခရီးဆက်လာခဲ့စဉ်အတွင်း၊ ၎င်းတို့သည် အခြား ကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး၊ ကောင်းကင်မှ မိုးများ သည်းထန်စွာ ရွာကျနေသော ကျွန်းတစ်ကျွန်း၏ အစွန်းတွင် ပေါ်လာတော့သည်။

သည်းထန်နေသော မိုးရေစက်များကြားတွင်၊ သင်္ဘောကြီးသည် ကျွန်းဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့လေသည်။

ကျွန်းမှာ အလွန် မကြီးမားလှသော်လည်း၊ သေးငယ်လှသည်တော့လည်း မဟုတ်ပါချေ၊ သာမန် ခရိုင်မြို့နယ် တစ်ခု အရွယ်အစားခန့် ရှိလေသည်။

၎င်းမှာ အပြာရောင် လှိုင်းတံပိုးများပေါ်တွင် မျောလွင့်နေသော မြူခိုးဝေနေသည့် နတ်ဘုရား နယ်မြေတစ်ခုနှင့်ပင် တူနေတော့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင်...

ကျွန်းကြီးမှာ ပျောက်ကွယ်သွားတော့၏။

ကြီးမားသော မိုးရေစက်ကြီးများမှာ လေထဲတွင် ပေါက်ကွဲထွက်သွားကြပြီး၊ တစ်စစီတိုင်းမှာ မျက်စိကျိန်းမတတ်သော ငွေရောင် အလင်းတန်းများအဖြစ် ပွင့်အာလာကြတော့၏။ သည်းထန်လှသော မိုးကန့်လန့်ကာကြီးမှာ ဒေါသတကြီး ဖြစ်နေသော ရေနဂါး တစ်ကောင်အဖြစ် ပြောင်းသွားလေသည်။ ဝဲဂယက် တစ်ခုမှာ၊ သင်္ဘောကြီးကို ဝင်တိုက်လိုက်လေ၏။ သုံးမီတာခန့် မြင့်သော လှိုင်းတံပိုးကြီး တစ်ခုမှာလည်း ရုတ်တရက် မြင့်တက်လာတော့၏။

သင်္ဘောကြီးမှာ ထိုလှိုင်းလုံးကြီးအောက်တွင် အလွန် သေးငယ်ပုံရနေပြီး၊ ဧရာမ လှိုင်းတံပိုးကြီးများက အဝေးကြီးသို့ တွန်းထုတ်ပစ်လိုက်သော သစ်ရွက်လေး တစ်ရွက်အလား ဖြစ်နေတော့၏။

ထိုအခိုက်အတန့်မှာပင်၊ ပင်လယ်ပြင်ကြီးမှာ အောက်ခြေမမြင်နိုင်သော အမည်းရောင် ချောက်နက်ကြီးတစ်ခုအဖြစ် ရုတ်တရက် ကွဲဟသွားတော့၏။ ဝဲလည်နေသော ရေများမှာ မမြင်ရသော ဧရာမ လက်ကြီးတစ်ဖက်ဖြင့် မွှေနှောက်ခံလိုက်ရသည့်အလား၊ ထိတ်လန့်ဖွယ်ရာ ကောင်းသော သဏ္ဌာန် ဝဲဂယက်ကြီး တစ်ခုကို ဖန်တီးလိုက်လေ၏။

ဝဲဂယက်၏ အလယ်ဗဟိုတွင်မူ ရေများမှာ ရုတ်တရက် ဆူပွက်လာပြီး၊ အပြာရောင် ပင်လယ်ရေများ ပေါင်းစပ်မှုမှတစ်ဆင့် ဖန်တီးထားသော ဧရာမ လူသားကြီး တစ်ဦးမှာ မြေပြင်မှ ထိုးထွက်လာတော့၏ ။

သူ၏ ခန္ဓာကိုယ်မှာ မြင့်မားလှပြီး၊ သူ၏ ရေဖြင့် ဖန်တီးထားသော ကြွက်သားများအတွင်း၌ ငွေရောင် လှိုင်းလုံးများမှာ ဆူပွက်နေလျက်၊ ခြောက်ခြားဖွယ်ရာ အပြာရောင် မျက်လုံး နှစ်လုံးကို ဖွင့်လိုက်လေ၏။

သူ၏ လက်မောင်းများကို ဝှေ့ယမ်းလိုက်သည့် အခါတွင်မူ၊ ထွက်ပေါ်လာသော ဆူနာမီ လှိုင်းလုံးကြီးမှာ ကောင်းကင်ကို ခွဲခြမ်းလိုက်သည့် ဧရာမ ပုဆိန်ကြီး တစ်လက်နှင့် တူနေပြီး၊ ရေစက်တိုင်းမှာ ကမ္ဘာကြီးကို ပျက်သုဉ်းစေမည့် ဖိအားများကို သယ်ဆောင်လာတော့၏။

သင်္ဘောကြီးအတွင်း၌...

ဖုန်လိုင်ကျွန်း မှ တပည့်အချို့မှာ ကုန်းပတ်ပေါ်သို့ ပြေးထွက်လာကြပြီး အော်ဟစ်လိုက်ကြသည်

"ပင်လယ်နတ်ဘုရား... ကျွန်တော်တို့ပါ……ကျွန်တော်တို့က ကျွန်းသခင်ကြီးနဲ့ ဒုတိယကျွန်းသခင်တို့ရဲ့ အမိန့်အရ ဧည့်သည်တော်တွေကို ခေါ်လာတာပါ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ပါနဲ့ဦး"

ပင်လယ်နတ်ဘုရားကြီးသည် သင်္ဘောဆီသို့ ရုတ်တရက် လက်ညှိုးထိုးလိုက်ရာ၊ ပါးလွှာသော ရေစီးကြောင်း တစ်ခုမှာ ကူမော့ဆီသို့ တည့်တည့် ပစ်ဝင်သွားတော့၏။

ကူမော့၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွားလေ၏။

ထိုရေစီးကြောင်းမှာ ချက်ချင်းပင် တစ်စစီ ကြေမွ ပျောက်ကွယ်သွားတော့၏။

ပင်လယ်နတ်ဘုရားကြီးသည် နက်ရှိုင်းပြီး ထိုးဖောက်နိုင်စွမ်း ရှိသော အသံဖြင့် ပြောလိုက်သည်

"တခြားသူတွေ အကုန်လုံး ကုန်းပေါ် တက်နိုင်တယ်၊ ဒါပေမဲ့ သူကတော့ မရဘူး..."

ဖုန်လိုင်ကျွန်း မှ တပည့်တစ်ဦးက အလျင်အမြန်ပင် ပြောလိုက်သည်

"သူက ဧည့်သည်တော် တစ်ယောက်ပါ..."

ပင်လယ်နတ်ဘုရားကြီးသည် ထိုတပည့်ကို လျစ်လျူရှုလိုက်ပြီး ကူမော့အား လှမ်းအော်လိုက်သည်

"မင်းကို ကုန်းပေါ်တက်ဖို့ ခွင့်မပြုနိုင်ဘူး... ဖုန်လိုင်ကျွန်း က မင်းကို ကြိုဆိုမှာ မဟုတ်ဘူး... အခုပဲ ထွက်သွားတော့၊ မဟုတ်ရင် ငါ့ကိုတော့ ရိုင်းတယ်လို့ မပြောနဲ့တော့"

သူ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက်၊ ထိုဧရာမ လူသားကြီး၏ ဧရာမ လက်ကြီးသည် ပင်လယ်ပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

သူ၏ လက်ဖဝါး လှိုင်းထိပ်ကို ထိလိုက်သည်နှင့် မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ပင်လယ်ပြင်သည် လက်ဝါးရာကို ဗဟိုပြုကာ ရုတ်တရက် ကျွံဝင်သွားသည်။ ထို့နောက် ကျွံဝင်သွားသော နေရာမှ ပြန်လည်မြင့်တက်လာကာ ဧရာမ ရေတံတိုင်းကြီးတစ်ခု ပေါ်ထွက်လာသည်။

ဆယ်ပေကျော်မြင့်သော ထိုလှိုင်းတံပိုးကြီးသည် ဖျက်ဆီးလိုသော အားအင်များဖြင့် သင်္ဘောကြီးဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်လာသည်။ ကူမော့က တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ကျန်းတာအိုယီက သူ၏လက်ကို ဖိချတားဆီးလိုက်သည်။ ထို့နောက် ကျန်းတာအိုယီက သူ၏ပိတ်စရွက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော စစ်မှန်သောချီက ထိုလှိုင်းတံပိုးကြီးကို ဖြဲချဖျက်ဆီးပစ်လိုက်သည်။

"သူရဲကောင်း ကူ... ဟို အဘိုးကြီး ကျိဝူဆွမ်း ရဲ့ လမ်းညွှန်ချက်တွေကို မမေ့ပါနဲ့ဦး... ကျေးဇူးပြုပြီး ဘာမှ မလုပ်ပါနဲ့ဦး..."

ကျန်းတာအိုယီက ထိုသို့ ပြောဆိုပြီးနောက် သူ၏ ခြေထောက်ဖြင့် သင်္ဘောကို နင်းလိုက်ရာ၊ ယိမ်းထိုးနေသော သင်္ဘောကြီးမှာ ချက်ချင်းပင် တည်ငြိမ်သွားတော့၏။ အဲဒီနောက်မှာတော့ သူသည် သူ၏ အတွင်းအားကို လှည့်ပတ်လိုက်ပြီး ဟောက်လိုက်လေသည်

"ဒါက ဖုန်လိုင်ကျွန်း က ဧည့်သည်တော်တွေကို ဆက်ဆံတဲ့ ပုံစံလား..."

ကျန်းတာအိုယီ၏ အသံမှာ လေဟာနယ်အတွင်း၌ မိုးကြိုးသံအလား ပဲ့တင်ထပ်သွားလေသည်။

ထိုအခိုက်အတန့်မှာပင် ပင်လယ်နတ်ဘုရားကြီးသည် ပင်လယ်အတွင်းသို့ နစ်မြုပ်သွားပြီးနောက်၊ သင်္ဘော၏ ရှေ့တွင် ပြန်လည် ပေါ်ထွက်လာလေသည်။ သူ၏ ဧရာမ မျက်လုံးကြီးများမှာ ပင်လယ်ရေ ဝဲဂယက် နှစ်ခုအလား ဖြစ်နေပြီး ကူမော့ကို စူးစိုက်ကြည့်လျက် ပြောလိုက်သည်

"ဖုန်လိုင်ကျွန်း မှာ ဘယ်လို မိစ္ဆာမျိုးကိုမှ ခြေချခွင့် မပြုဘူး... ဒါက စည်းမျဉ်းပဲလေ... မင်းကို လာဖို့ ခွင့်မပြုနိုင်ဘူး... အခုပဲ ထွက်သွားတော့... ငါ နောက်ဆုံးအကြိမ် ပြောနေတာနော်၊ အခုပဲ ထွက်သွားတော့"

ကျန်းတာအိုယီက ချက်ချင်းပင် ဒေါသတကြီး ပြန်လည် ချေပလိုက်သည်

" ဘာလို့ ဒီလောက်အထိ ရိုင်းစိုင်းနေရတာလဲ..."

ကူမော့က သူ၏ ဝတ်ရုံအတွင်းမှ ဖုန်လိုင်တံဆိပ်ပြား ကို ထုတ်ယူကာ ပြောလိုက်သည်

"ကျွန်တော်က ဖုန်လိုင်ကျွန်း ရဲ့ ဖိတ်ကြားချက်အရ လာခဲ့တာပါ..."

"ဖိတ်ကြားထားတဲ့ သူဆိုရင်လည်း မရဘူး... ငါက မရဘူးလို့ ပြောရင် မရဘူးပဲ... ထွက်သွားတော့..."

ပင်လယ်နတ်ဘုရားကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

ကူမော့သည် လက်ကို ဆန့်ထုတ်ကာ ထိုက်ရွှီး ဓားကို ဆင့်ခေါ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်

"ကျွန်တော် ဒီနေ့ ဖုန်လိုင်ကျွန်း ကို မသွားဘူး ဆိုရင်တောင်မှ၊ မထွက်သွားခင်မှာ မင်းကို သင်ခန်းစာ တစ်ခုတော့ ပေးခဲ့ရဦးမှာပဲ... မဟုတ်ရင် လောကက လူတွေက ငါ ကူမော့ ကို အနိုင်ကျင့်ရတဲ့သူလို့ ထင်သွားကြလိမ့်မယ်"

ကျန်းတာအိုယီ နှင့် ချီထျန်းရှု တို့သည် ကူမော့၏ ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ အလျင်အမြန်ပင် ဆွဲတားလိုက်ကြလေသည်။ ကျန်းတာအိုယီက အလျင်အမြန်ပင် ဖျောင်းဖျလိုက်သည်

"သူရဲကောင်း ကူ... သူက လူသား တစ်ယောက်တောင် မဟုတ်ပါဘူး... စိတ်မဆိုးပါနဲ့ဦး..."

ထိုအခိုက်အတန့်မှာပင်...

လေဟာနယ်ထဲမှနေ၍ ဧရာမ ကြိုးကြာနီ နှစ်ကောင် ပျံသန်း ရောက်ရှိလာကြပြီး၊ တစ်ကောင်စီပေါ်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးစီ ပါဝင်လာကြ၏။ အမျိုးသားမှာ ဆံပင်ဖြူဖြူနှင့် ဖြစ်ပြီး၊ မသေမျိုး တစ်ပါးအလား လောကီနှင့် မသက်ဆိုင်သော အရှိန်အဝါ တစ်ခုကို ဖြာထွက်နေလေသည်။ အမျိုးသမီးမှာမူ အနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး အသက် နှစ်ဆယ်ခန့်သာ ရှိဦးမည် ဖြစ်ကာ၊ သူမ၏ အလှတရားမှာ ပြိုင်ဘက်ကင်းလှသဖြင့် ချူ နိုင်ငံ မှ မင်းသမီး ရှောင်ဇီယင် ထက်ပင် ပိုမို လှပနေတော့၏။

All Chapters