အခန်း (၃၈၉)
Vol. 32 Ch. 389
အပိုင်း (၃၈၉) ဆန်းကြယ်သော ပိုင်ယွီကျင်း
ကူမော့၏ ဝင်းအတွင်းမှ ထွက်လာပြီးနောက်၊ ရှောင်ပိုင်သည် သူမ၏ ကိုယ်ပိုင် ဝင်းဆီသို့ ပြန်လာခဲ့လေသည်။ သို့သော်လည်း သူမ ပြန်လာသည့် အခါတွင်မူ၊ သူမ၏ လက်ထဲတွင် ဓားတစ်လက် ပါလာလေသည်။ ၎င်းမှာ သာမန်အတိုင်း ထိပ်တုံးပြီး လေးလံသော ဓားတစ်လက် ဖြစ်ကာ၊ ဓားသွားပေါ်တွင်လည်း သံချေးများ ဖုံးလွှမ်းနေလေသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရှောင်ပိုင်သည် ထိုဓားကို စားပွဲပေါ်သို့ တင်လိုက်ပြီး ပြောလိုက်သည်...
"ဒီမှာ ကျွန်မနဲ့အတူ ခဏလောက် နေပါဦး... အပြင်ကို တစ်ယောက်တည်း ထွက်မသွားပါနဲ့... ဖုန်လိုင်ကျွန်း တစ်ခုလုံးက ဧရာမ ဝင်္ကပါကြီး တစ်ခုပဲလေ၊ ဘယ်လို လှုပ်ရှားမှုမျိုးကိုမဆို ကျွန်းသခင် နှစ်ယောက်စလုံးက သိနေမှာပါ..."
ဓားအတွင်းမှ ကျန်းရိုရွှီး ၏ အသံ ထွက်ပေါ်လာလေသည်...
"ကောင်းပါပြီ..."
ရှောင်ပိုင်က ဆက်ပြောသည်...
"ဒါနဲ့၊ ကူမော့ သည်တစ်ခါ ဖုန်လိုင်ကျွန်း ကို လာတဲ့ အဓိက ရည်ရွယ်ချက်က ပိုင်ယွီကျင်း ကို တွေ့ဖို့ မဟုတ်ဘဲ ရှင့်ကို ရှာဖို့ပဲလေ... သူ ရှင့်ကို သတ်ချင်နေတာ..."
ထိုလေးလံသော ဓားမှာ အနည်းငယ် တုန်ခါသွားပြီးနောက် ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာလေသည်။၎င်းမှာ ကျန်းရိုရွှီး ပင် ဖြစ်လေသည်။ သူက တိုးညင်းစွာ မေးလိုက်သည်...
"ဘာဖြစ်လို့ ကူမော့ က ကျွန်တော့်ကို သတ်ချင်နေရတာလဲ..."
"ဘာလို့လဲဆိုတော့ ရှင်က ဝရမ်းပြေး တစ်ယောက် ဖြစ်နေလို့ပေါ့၊ သူကတော့ အဲဒီအမှုကို ကိုင်တွယ်နေတဲ့သူလေ..."
ရှောင်ပိုင်က ဆိုသည်။
"ဒီအကြောင်းပြချက်ကတော့ တကယ်ကို ဖြေရှင်းလို့ မရတဲ့ ကိစ္စပဲပေါ့..."
ကျန်းရိုရွှီးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရှောင်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်...
"ကူမော့ နဲ့ ကူချူတုန်း တို့က ဘယ်သွားသွား အတူတူ ရှိနေကြတာလေ၊ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကူမော့ က ဖုန်လိုင်ကျွန်း ကို တစ်ယောက်တည်း လာခဲ့တာပဲ... ရှင့်ကို သတ်မယ့် သူရဲ့ စိတ်ပိုင်းဖြတ်မှုကတော့ ထင်ရှားနေတာပဲနော်..."
ကျန်းရိုရွှီး ခဏမျှ စဉ်းစားကြည့်ပြီးမှ ဆိုသည်...
"တစ်ယောက်ချင်း တိုက်ရမယ် ဆိုရင်တော့၊ ကျွန်းသခင်ကြီး ဖြစ်ဖြစ်၊ ဒုတိယကျွန်းသခင် ဖြစ်ဖြစ်၊ ကူမော့ ပဲ ဖြစ်ဖြစ်၊ ငါ ဘယ်သူ့ကိုမှ မကြောက်ပါဘူး... ဒါပေမဲ့ သူတို့ သုံးယောက်သာ ပူးပေါင်းသွားမယ် ဆိုရင်တော့၊ ငါလည်း ယုံကြည်မှု မရှိတော့ဘူး..."
ရှောင်ပိုင်က ပြောသည်...
"စိတ်မပူပါနဲ့၊ ရှင်သာ လူကိုယ်တိုင် ထွက်မလာဘူး ဆိုရင်တော့၊ ကူမော့ က ရှင့်ကို ရှာတွေ့မှာ မဟုတ်ပါဘူး... ကျွန်မ စိတ်တွေ ပြန်မှန်လာတဲ့ ကာလအတွင်းမှာ၊ ဖုန်လိုင်ကျွန်း ရဲ့ အခြေအနေတွေကို အသေအချာ စုံစမ်းထားခဲ့ပြီးသားပါ... ကျွန်းသခင် နှစ်ယောက်စလုံးက ပိုင်ယွီကျင်း ပါပဲ... “
“ ပိုင်ယွီကျင်း ပေါ်လာတဲ့ အခါကျရင်၊ သူတို့တွေက တခြား နေရာတွေကို ထွက်သွားကြလိမ့်မယ်... အဲဒီအချိန်ကျရင် ထိန်းချုပ်မှု အတားအဆီး ရှိတဲ့ နေရာမှာတော့ ဗုဒ္ဓသုံးပါးနဲ့ ဧကရာဇ်လေးပါး ထဲက သုံးလေးယောက်လောက်ပဲ စောင့်ကြပ်ဖို့ ကျန်ခဲ့မှာလေ... အဲဒီအချိန်ကျရင်တော့ အထဲကို ဝင်ဖို့အတွက် ရှင့်ရဲ့ အကူအညီ လိုအပ်ပါလိမ့်မယ်..."
"မင်းက သူတော်စင်မိန်းကလေး ဖြစ်နေတာတောင်မှ အထဲကို ဝင်လို့ မရဘူးလား..."
ကျန်းရိုရွှီးက မေးမြန်းလိုက်သည်။ ရှောင်ပိုင်က ခေါင်းယမ်းပြလျက် ဆိုသည်
"ကျွန်းသခင် နှစ်ယောက်ကလွဲရင် ဘယ်သူမှ ဝင်လို့ မရပါဘူး... စောင့်ကြပ်နေတဲ့ ဗုဒ္ဓသုံးပါးနဲ့ ဧကရာဇ်လေးပါး တောင်မှ ဝင်ခွင့် မရှိကြဘူးလေ... ကျွန်မကိုယ်တိုင်လည်း တစ်ခါမှ မရောက်ဖူးပါဘူး... အဲဒီနေရာက တားမြစ်ချက်တွေကို ထိန်းချုပ်တဲ့ နေရာ ဖြစ်ရမယ်လို့ ကျွန်မ ဘာလို့ သေချာနေတာလဲ ဆိုတော့..."
“အထဲမှာ အမျိုးမျိုးသော စိတ်ဝိညာဉ် စွမ်းအားတွေ ရှိနေတာကို ကျွန်မ ခံစားမိလို့ပါပဲ... “
ကျန်းရိုရွှီးက ခေါင်းညိတ်ပြလျက် ဆိုသည်...
"ကောင်းပါပြီ..."
ရှောင်ပိုင်က ထပ်လောင်း ပြောကြားသည်မှာ...
"ဒါပေမဲ့လည်း၊ လုံးဝ ပေါ့ဆလို့တော့ မရဘူးနော်... ဗုဒ္ဓသုံးပါးနဲ့ ဧကရာဇ်လေးပါး ဆိုတာ အစွမ်းတွေက ခန့်မှန်းလို့ မရနိုင်လောက်အောင်ကို ကြီးမားကြတာလေ... သူတို့တွေက အပြင်လောကက သိုင်းအဆင့် အသီးသီးမှာ ရှိတဲ့သူတွေနဲ့ ယှဉ်ရင်တောင်မှ မနိမ့်ကြပါဘူး..."
ကျန်းရိုရွှီးက ဆိုသည်...
"သိုင်းအဆင့် ဆိုတာကတော့၊ ကူမော့ ကလွဲရင် ကျန်တဲ့သူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်လို့ ရတဲ့ ကိစ္စပါပဲ..."
ရှောင်ပိုင်က...
သူမ၏ နှုတ်ခမ်းကို တွန့်လိုက်ရင်း ဆိုသည်...
"သတိထားတာကတော့ အကောင်းဆုံး ပေါ့လေ... ကျွန်မတို့မှာ အချိန်အများကြီး မရှိဘူးလေ... ကျွန်းသခင် နှစ်ယောက်သာ သတိဝင်သွားမယ် ဆိုရင်တော့၊ ကျွန်မတို့အတွက် အချိန်က သိပ်ကျန်တော့မှာ မဟုတ်ဘူး..."
ကျန်းရိုရွှီးက ပြောလိုက်သည်...
"ဒါကြောင့်မို့လို့၊ ကူမော့ ကိုလည်း အကူအညီတောင်းဖို့ ကျွန်တော် အကြံပေးခဲ့တာပေါ့..."
ရှောင်ပိုင်က ဆိုသည်...
"ကူမော့ ကို ကျွန်းသခင် နှစ်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် ဖျောင်းဖျဖို့ နည်းလမ်း ကျွန်မတို့မှာ မရှိဘူးလေ... ဆန့်ကျင်ဘက် အနေနဲ့၊ ရှင်ကသာ သူ့အတွက် တကယ့် ဆွဲဆောင်မှု ဖြစ်နေတာပေါ့... တကယ်လို့ ကျွန်မတို့က သူ့ကို ဖိတ်ခေါ်လိုက်မယ် ဆိုရင်တော့၊ ပိုင်ယွီကျင်း မပေါ်လာခင်မှာတင် ကျွန်မတို့ရဲ့ အစီအစဉ်တွေ ပေါက်ကြားသွားနိုင်တယ်လေ... ကူမော့ ဟာ ဖုန်လိုင်ကျွန်း ရဲ့ စည်းမျဉ်းတွေကို အမြဲတမ်း လိုက်နာမယ့်သူမျိုး မဟုတ်တာတော့ သေချာတယ်..."
ကျန်းရိုရွှီးသည် သည်အကြောင်းအရာကို ဆက်မပြောတော့ဘဲ မေးမြန်းလိုက်သည်...
"ဘာဖြစ်လို့ ပိုင်ယွီကျင်း ဆိုတာ မရှိဘူးလို့ မင်း ထင်နေတာလဲ.."
ရှောင်ပိုင်က ပြောပြသည်မှာ...
"ကျွန်းသခင် နှစ်ယောက်ဟာ ကျွန်းပေါ်က လူတိုင်းရဲ့ စိတ်ထဲမှာ အယူအဆ တစ်ခုကို ထည့်သွင်းထားကြတယ်လေ ။ အဲဒါကတော့၊ ကျွန်မတို့တွေ တက်လှမ်းခြင်း နယ်ပယ် ကို ရောက်တဲ့ အခါကျရင်၊ ပိုင်ယွီကျင်း က ကျွန်မတို့ကို ကောင်းကင်တံခါးကို ခေါက်စရာ မလိုဘဲ၊ အတွင်းမိစ္ဆာ တွေကိုလည်း တိုက်စရာ မလိုဘဲ နတ်ဘုရား နယ်မြေ ဆီကို ခေါ်သွားလိမ့်မယ် ဆိုတဲ့ အယူအဆ ပေါ့..."
"ဒါပေမဲ့ ပြဿနာကတော့၊ ဘယ်သူမှ ပိုင်ယွီကျင်း ကို မမြင်ဖူးကြတာပဲလေ... ကျွန်မ ကောင်းကင်ကျွန်း ကို အကြိမ်ကြိမ် ရောက်ဖူးပေမဲ့၊ အဲဒီမှာ ဘာထူးခြားတဲ့ အမှတ်အသားမှ မတွေ့ခဲ့သလို၊ ဘယ်သူမှ နတ်ဘုရား နယ်မြေ ဆီကို တက်လှမ်းသွားတာကိုလည်း မမြင်ဖူးပါဘူး... ဒါပေမဲ့လည်း၊ အဲ့အချက်တွေက အထင်ရှားဆုံး သက်သေတွေတော့ မဟုတ်သေးပါဘူး..."
ကျန်းရိုရွှီးက မေးမြန်းလိုက်သည်...
"ဒါဆို ဘယ်အရာက အထင်ရှားဆုံးလဲ..."
ရှောင်ပိုင်က ဆိုသည်...
"ကျွန်မတို့ ဖုန်လိုင်ကျွန်း ပေါ်မှာ လူတိုင်းဟာ သိုင်းကျမ်းတွေကို အမြဲတမ်း ဖန်တီးနေကြတာလေ..."
"အမျိုးမျိုးသော လျှို့ဝှက် ကျမ်းစာတွေပေါ့... တကယ်တော့၊ အဲဒီကျမ်းစာ အတော်များများက အပြင်လောကက သိုင်းပညာတွေထက်တောင် သာလွန်နေကြတာလေ... ဒါပေမဲ့၊ အလွန် ထူးဆန်းတာက၊ ဖုန်လိုင်ကျွန်း က လူတွေဟာ ဘယ်သူ့ကိုမှ ပိုင်ယွီကျင်း နဲ့ တွေ့ခွင့် မပေးတာပဲ..."
"အဲဒါက တကယ်တော့ ယုတ္တိမရှိတဲ့ ကိစ္စပဲလေ... တကယ်လို့ သူတို့ရဲ့ ရည်ရွယ်ချက်က ပိုပြီး ပြည့်စုံတဲ့ သိုင်းပညာတွေကို ဖန်တီးဖို့ ဆိုရင်၊ ဘာဖြစ်လို့ ပိုင်ယွီကျင်း က ကျွန်းပေါ်က လူတွေ ဖန်တီးထားတဲ့ သိုင်းပညာတွေကို ပိုပြီး မြင့်မားတဲ့ အဆင့်ရောက်အောင် မတွက်ချက်ပေးရတာလဲ..."
"ဒါကြောင့်၊ ပိုင်ယွီကျင်း ဆိုတာ တကယ်တော့ ကျွန်းသခင် နှစ်ယောက်က အပြင်လောကက သိုင်းသမားတွေကို လှည့်စားဖို့အတွက် ဖန်တီးထားတဲ့ မုသား တစ်ခုပဲလို့ ကျွန်မ ယုံကြည်မိတာပေါ့... ပိုင်ယွီကျင်း ပေါ်လာတဲ့ ပုံရိပ်ယောင်ကို ဖန်တီးဖို့ဆိုတာ အားအင်တွေ အများကြီး ကုန်မှာလေ... “
“အဲဒီပုံရိပ်ယောင်ကတစ်ဆင့် သူတို့ဟာ ခေတ်အဆက်ဆက်က ပါရမီရှင်တွေကို တားမြစ်ချက်တွေ ထည့်သွင်းနိုင်သလို၊ သူတို့ကို ဖုန်လိုင်ကျွန်း ပေါ်မှာပဲ ပြန်ပြီး လူဝင်စား လာအောင် လုပ်နိုင်ကြတာပေါ့..."
ကျန်းရိုရွှီးက ဆိုသည်...
"ဆိုလိုတာက၊ ပိုင်ယွီကျင်း ဆိုတာ တကယ်တော့ ကျွန်းသခင် နှစ်ယောက်က သူတို့ရဲ့ အစွမ်းထက်တဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ ဒါမှမဟုတ် မန္တန်ဝင်္ကပါတွေကို သုံးပြီး၊ ကျွန်းပေါ်ကို ရောက်လာတဲ့ ပါရမီရှင် တစ်ဦးချင်းစီအတွက် ဖန်တီးပေးလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် တစ်ခု သက်သက်သာ ဖြစ်ပြီး၊ သိုင်းကျမ်းတွေကို တွက်ချက်ပေးတယ် ဆိုတာကလည်း သူတို့ကိုယ်တိုင်ပဲ လုပ်နေကြတာ ပေါ့လေ..."
"အတိအကျပါပဲ..."
ရှောင်ပိုင်က ဆိုသည်
"ဒါမှမဟုတ်ရင်တော့ ကျွန်မလည်း နားမလည်နိုင်တော့ဘူးလေ... ပိုင်ယွီကျင်း ဆိုတာ လူသား တစ်ယောက် မဟုတ်ဘူးဆိုမှတော့၊ ဘာဖြစ်လို့ ကျင့်စဉ်တွေကို လိုအပ်နေရမှာလဲဟင်... ဒါပေမဲ့၊ တကယ်လို့ ကျွန်းသခင် နှစ်ယောက်သာ ပိုင်ယွီကျင်း ဖြစ်ခဲ့မယ် ဆိုရင်တော့၊ အရာရာတိုင်းက ယုတ္တိရှိသွားပြီလေ... "
“ သူတို့က လူသားတွေ ဖြစ်နေတော့၊ ခေတ်အဆက်ဆက်က ပါရမီရှင်တွေရဲ့ ဉာဏ်ပညာကို သုံးပြီးတော့၊ လောကမှာ အစွမ်းထက်ဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်မယ့် နတ်ဘုရား ကျင့်စဉ်တွေကို သူတို့အတွက် ဖန်တီးခိုင်းနေတာပေါ့..."
ကျန်းရိုရွှီးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်...
"ထားလိုက်ပါတော့လေ၊ ပိုင်ယွီကျင်း ဆိုတာ ဘာလဲဆိုတာကို ငါ စိတ်မဝင်စားပါဘူး... တားမြစ်ချက်တွေကို ဖယ်ရှားနိုင်ဖို့ပဲ လိုတာပါ..."
ထိုသို့ ပြောပြီးနောက်၊ ကျန်းရိုရွှီးသည် အလင်းတစ်စအဖြစ် ပြောင်းလဲသွားကာ ဓားအတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ကူမော့ အိပ်ရာမှ နိုးနိုးချင်းမှာပင်၊ တံခါးအပြင်ဘက်၌ ဖုန်လိုင်ကျွန်း မှ တပည့်တစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။ ထိုတပည့်မှာ ကူမော့အား ဖုန်လိုင်ကျွန်း ၏ ပတ်ဝန်းကျင်နှင့် ရင်းနှီးသွားစေရန် လမ်းပြပေးဖို့အတွက် အမိန့်ရရှိထားသူ ဖြစ်လေသည်။
၎င်းတို့သည် တစ်နေ့လုံးနီးပါး အချိန်ကုန်ဆုံးခဲ့ကြလေသည်။
ကူမော့သည် ဖုန်လိုင်ကျွန်း အကြောင်းကို အနည်းငယ် သိရှိလာခဲ့ရလေသည် ။ လေးထောင့် ပုံသဏ္ဌာန်ရှိသော ကျွန်းငယ်လေး တစ်ကျွန်း ဖြစ်ပြီး၊ အနံရော အလျားပါ လေးမိုင်ခန့်သာ ရှိလေသည်။ ကျွန်းပေါ်တွင် တပည့်ပေါင်း ရာနှင့်ချီ၍ ရှိနေကြပြီး၊ အားလုံးမှာ ချီ သန့်စင်ခြင်း ကို ကျင့်ကြံထားကြသူများ ဖြစ်ကြသလို ကျင့်ကြံမှုလည်း အတော်လေး မြင့်မားကြသူများ ဖြစ်ကြလေသည်။ ၎င်းတို့ထဲမှ မည်သူမဆို အပြင်လောကတွင်တော့ သိုင်းဆရာကြီးများ ဖြစ်နိုင်ကြသူများ ပင် ဖြစ်လေသည်။
ကျွန်းပေါ်တွင် လုံဟူတောင် တက်လှမ်းခြင်း စင်မြင့် နှင့် ဆင်တူလှသော၊ ဉာဏ်အလင်းရရန် အထောက်အကူပြုသည့် နေရာများစွာ ရှိနေလေသည်။ အဲဒီအပြင်၊ ရှားပါးလှသော အသီးအနှံများနှင့် ဆေးဖက်ဝင် အပင်များမှာလည်း ကျွန်းပေါ်တွင် နေရာအနှံ့ ပေါက်ရောက်နေကြလေသည်။ ထို့ကြောင့် ကျွန်းပေါ်က လူများမှာ ကျင့်ကြံမှု အဆင့် မြင့်မားနေကြခြင်းမှာ သဘာဝကျလှပေသည်။
နောက်ဆုံးတွင်...
အမှောင်ထု ကျရောက်လာသောအခါ၊ ကူမော့အား ကျွန်းပေါ်ရှိ တာအိုဆွေးနွေးရာတောင်ဟု ခေါ်သော နေရာဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ထိုတောင်ပေါ်တွင် မြင့်မားလှသော အဆောက်အဦးများဖြင့် ပြည့်နှက်နေပြီး၊ ၎င်းမှာ ဖုန်လိုင်ကျွန်း ၏ ဉာဏ်အလင်းရယူရာ နေရာ ပင် ဖြစ်လေသည်။ အဆောက်အဦး တိုင်းတွင် နယ်ပယ် အသီးသီးမှ လျှို့ဝှက် ကျမ်းစာ အမျိုးမျိုးကို ထားရှိလေသည်။
ထိုကျမ်းစာများကို မည်သူမဆို လွတ်လွတ်လပ်လပ် ဖတ်ရှုနိုင်လေသည်။ အထပ်တိုင်းတွင်လည်း ဧည့်သည်များကို ဆီးကြိုရန်အတွက် ဖုန်လိုင်ကျွန်း တပည့်များ ရှိနေကြလေသည်။ သတ်မှတ်ထားသော နေရာများတွင်မူ၊ ကျွန်းသခင်ကြီး၊ ဒုတိယကျွန်းသခင် နှင့် ဗုဒ္ဓသုံးပါးနှင့် ဧကရာဇ်လေးပါး ထဲမှ ကျပန်း ရွေးချယ်ထားသော လူအချို့မှာ တာအို လမ်းစဉ် အကြောင်းကို အတူတူ ဆွေးနွေးလေ့ ရှိကြ၏။ တစ်ခါတစ်ရံတွင်မူ ၎င်းတို့ အားလုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာတတ်ကြသည်။
ကူမော့သည်လည်း တာအိုဆွေးနွေးရာတောင် ပေါ်သို့ တက်ရောက်ကာ ကျမ်းစာများကို လေ့လာခဲ့သလို၊ နိုင်ငံအသီးသီးမှ ရောက်ရှိနေကြသော ကျွမ်းကျင်သူများနှင့်လည်း ရင်းနှီးအောင် လုပ်ဆောင်ခဲ့လေသည်။
ကျွန်းပေါ်တွင် လောက၏ ထိပ်တန်း ချီကျင့်ကြံသူများ ရှိနေကြပြီး သူတို့၏ ဗဟုသုတများကို တွန့်ဆုတ်မှုမှ မရှိဘဲ မျှဝေပေးနေကြသလို၊ လောကအရပ်ရပ်က ဆရာကြီးများမှာလည်း တာအို အကြောင်းကို အတူတူ ဆွေးနွေးနေကြလေသည်။ ဖုန်လိုင်ကျွန်း ပေါ်က အစားအသောက်များနှင့် လက်ဖက်ရည်များမှာပင် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်မည့် ရှားပါးပြီး အဖိုးတန်လှသော ပါဝင်ပစ္စည်းများ ပါဝင်နေ၏။
အပြင်လောကတွင် ဂိုဏ်းကြီးများ၏ ရတနာများအဖြစ် သတ်မှတ်ခံထားရမည့် ထိပ်တန်း သိုင်းကျမ်းများကိုပင်လျှင်၊ စာအုပ်စင်များပေါ်မှာ မည်သူမဆို ဖတ်ရှုနိုင်ရန် တင်ထားခဲ့ကြသည်။
၎င်းတို့ထဲတွင် ကူမော့ အရင်က တွေ့ဖူးခဲ့သော ထျန်းယွမ်၏ မျိုးပြုတ်သုတ်သင်ခြင်း ခုနစ်ချက် နှင့် လကိုကိုးကွယ်သည့်ဂိုဏ်း ၏ ရွှံ့နှင့်သဲ ကျင့်စဉ် စသည့် နတ်ဘုရား ကျင့်စဉ်များကိုပါ သူ တွေ့မြင်ခဲ့ရလေသည်။