← Chapters

အခန်း (၃၉၃)

Vol. 32 Ch. 393

အခန်း (၃၉၃)

Vol. 32 Ch. 393

အပိုင်း (၃၉၃) ဘုန်းကြီးရဲ့ လှည့်စားမှု

တစ်ချိန်တည်းမှာပင်၊ ဒုတိယကျွန်းသခင်၏ လက်ချောင်းထိပ်များမှ ဂီတသံစဉ်များမှာ ရုတ်တရက် ပိုမို စူးရှလာတော့သည်။ ကျောက်ဝေစောင်း မှ အလင်းကြိုးများ ထွက်ပေါ်မလာတော့ဘဲ၊ အမည်းရောင် လျှပ်စီး ပုံစံများ ဖုံးလွှမ်းနေသော အသံလှိုင်း ဓားသွား ထောင်ပေါင်းများစွာ အဖြစ် ပြောင်းလဲသွားကြပြီး၊ နဂါးကြီး၏ ခါးနှင့် ဝမ်းဗိုက်ဆီသို့ ပန်းပွင့်များအလား တဟုန်ထိုး ပစ်ဝင်သွားကြတော့။

ထိုအခိုက်အတန့်တွင် နဂါးကြီးသည် သူ၏ အမြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်လေသည်။ အကြေးခွံများ ဖုံးလွှမ်းနေသော သူ၏ အမြီးရှည်ကြီးက လေထုကို ခုတ်ပိုင်းသွားစဉ်၊ လေထုမှာ တွန့်လိမ်နေသော လေဟာနယ် တစ်ခုအဖြစ် ဖိသိပ်ခံလိုက်ရတော့၏။

အသံလှိုင်း ဓားသွားများသည် နဂါးအမြီးနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ခရမ်းရောင် ပေါက်ကွဲသွားကြသော်လည်း၊ အကြေးခွံများကို အနည်းငယ်မျှပင် အရာမထင်နိုင်ခဲ့ချေ။ ဆန့်ကျင်ဘက် အနေဖြင့် ဒုတိယကျွန်းသခင်မှာမူ နဂါးအမြီး၏ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရလေသည်။

ထိတ်လန့်ဖွယ်ရာ ကောင်းသော တုန်ခါမှုလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ နန်းဆောင်များနှင့် တိုင်လုံးကြီးများမှာ နားစည်ကွဲမတတ်သော အသံကြီးများနှင့်အတူ ပြိုကျ ပျက်စီးကုန်ကြပြီး၊ အပျက်အစီးများမှာ ရေတံခွန်အလား ကျဆင်းလာတော့သည်။

"ဝူးးးး..."

နဂါးကြီး၏ ပုံရိပ်ယောင်မှာ ဟောက်သံနှင့်အတူ အောက်သို့ ဆင်းသက်လာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကူမော့ အဖြစ် ပြန်လည် ပြောင်းလဲသွားတော့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင်...

ကူမော့သည် သူ၏ ဝိညာဉ်ကိုပင် ထိုးဖောက်သွားနိုင်မည့် အအေးဓာတ် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး၊ ၎င်းမှာ သူ၏ ခြေဖျားမှနေ၍ ကျောရိုး တစ်လျှောက် တက်လာခြင်း ဖြစ်လေသည်။

သူ ကြည့်လိုက်သောအခါ...

နဂါးအမြီးဒဏ်ကြောင့် ကြေမွသွားသော ဒုတိယကျွန်းသခင်သည် သွေးများနှင့် အသားစများပြန်လည်စုစည်းကာ နဂိုအတိုင်း ပြန်ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ရေခဲရုပ်တုအလား အေးစက်ဖြူဖွေးနေသည်။

တစ်ချိန်တည်းမှာပင် ကျွန်းသခင်ကြီးသည်လည်း ရေခဲသံချပ်ကာနှင့် ရေခဲဆံနွယ်များဖြင့် မြေအောက်ကျင်းထဲမှ ပြန်ထွက်လာပြီး ဒဏ်ရာများမှာလည်း သက်သာသွားပြီဖြစ်သည်။

ကျွန်းသခင်နှစ်ဦး မြေပြင်ပေါ်သို့ နင်းလိုက်သည်နှင့် ကျွန်း၏အူတိုင်မှ ပြင်းထန်သော အပြာရောင်အအေးလှိုင်းများ ပေါက်ကွဲထွက်လာသည်။ ထိုအအေးဓာတ်ကြောင့် လောင်ကျွမ်းနေသော အပျက်အစီးများ၊ လဲကျနေသော တိုင်လုံးများနှင့် လေထဲတွင် လွင့်ပျံ့နေသော အုတ်ခဲများအားလုံးမှာ ခဏချင်းအတွင်း ရေခဲပြင်ကြီးအဖြစ်သို့ ပြောင်းလဲခဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကောင်းကင်ကျွန်း တစ်ခုလုံးမှာ ခဲနေသော ငရဲဘုံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

တစ်ချိန်က လောကီနှင့် မသက်ဆိုင်ဘဲ လှပခဲ့သော နန်းဆောင်များနှင့် ပြာသာဒ်များမှာ၊ ယခုအခါ ရေခဲများအတွင်း ပိတ်မိသွားကြ၏။

"ပြန်လည်မွေးဖွားခြင်း လား..."

ကူမော့က တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျွန်းသခင်ကြီးက ပြန်မဖြေဘဲ ကူမော့ကို စူးစိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်...

"ရှင့်ရဲ့ နယ်ပယ်က တက်လှမ်းခြင်း နယ်ပယ် ဖြစ်နေတာတောင်မှ၊ ဘာဖြစ်လို့ ကောင်းကင်တံခါးကို မခေါက်ခဲ့တာလဲ ဆိုတာ အံ့သြစရာ မရှိတော့ဘူးပဲ... ရှင်က တကယ်ပဲ လူသား တစ်ယောက် မဟုတ်တာကိုး... ကောင်းကင်တံခါး ကလည်း ဒါကို အာရုံခံမိလို့ထင်တယ်၊ ဒါကြောင့် ရှင့်ဆီကို လာမတွေ့ခဲ့တာပေါ့..."

ကူမော့က အံ့သြစွာဖြင့် မေးမြန်းလိုက်သည်...

"မင်းဆိုလိုတာက ကောင်းကင်တံခါး ဆိုတာ သက်ရှိသတ္တဝါ တစ်ကောင်လား... သူကရော အသိစိတ် ရှိလို့လား..."

ကျွန်းသခင်ကြီးက အနည်းငယ် ခေါင်းညိတ်ပြသော်လည်း၊ ကောင်းကင်တံခါး အကြောင်းကို ဆက်လက် ပြောဆိုခြင်း မရှိပါချေ။ ဆန့်ကျင်ဘက် အနေဖြင့် သူမသည် ကူမော့ကို သေသေချာချာ အကဲခတ် ကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်...

"အဲဒါကတော့ နည်းနည်း ထူးဆန်းနေတယ်နော်... ရှင်က နဂါးတစ်ကောင် ဖြစ်နေပေမဲ့၊ သူ့ရဲ့ စိတ်ဝိညာဉ်ပဲ ရှိပြီး ရုပ် ပုံသဏ္ဌာန်တော့ မရှိဘူးလေ... ရှင်က အရင်တုန်းက အဲဒီ မိုးပြာ နဂါး ရဲ့ လူဝင်စား များ ဖြစ်နေမလား..."

"မိုးပြာ နဂါး ဆိုတာ ဘာလဲ..."

ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်။

ကျွန်းသခင်ကြီးက ပြောပြသည်..

"လောကမှာ ထူးခြားလှတဲ့ နတ်သားရဲ ငါးကောင် ရှိတယ်လေ ။ မိုးပြာ နဂါး၊ ကျားဖြူ၊ အရောင်ခုနစ်မျိုးရှိသော ဒေါင်း၊ လိပ်နက် နဲ့ မီးချီလင် တို့ ပေါ့... ကျားဖြူ ကတော့ ပေါ်လာတာမျိုး မရှိသလောက် ရှားတာကြောင့်၊ သူ့အကြောင်း မှတ်တမ်းတွေလည်း မရှိပါဘူး...

“မိုးပြာ နဂါး ကတော့ လွန်ခဲ့တဲ့ အနှစ် ထောင်ကျော်က အသတ်ခံခဲ့ရတာလေ၊ သူက နဂါးအကြေးခွံပြောင်းပြန် တစ်ခုကိုပဲ ချန်ထားခဲ့ပြီး အဲဒီအကြေးခွံက ဓားတစ်လက်နဲ့ ပေါင်းစပ်သွားရာကနေ၊ တားမြစ်ချက် ဆယ့်သုံးခု ထဲက တစ်ဆယ့်တစ် ခုမြောက် တားမြစ်ချက် ဖြစ်တဲ့ နဂါးအကြေးခွံပြောင်းပြန် ဓား ဖြစ်လာခဲ့တာပေါ့... ဒါပေမဲ့၊ နတ်သားရဲ တစ်ကောင် ဖြစ်နေတော့၊ သူက အလွယ်တကူ ပျက်စီးသွားမှာ မဟုတ်ပါဘူး... “

“ဒါပေမဲ့လည်း၊လောကမှာ နိယာမ တစ်ခု ရှိနေတယ်၊ နတ်သားရဲတွေ ဆိုတာ တစ်ကောင်တည်းသာ ရှိရမှာဖြစ်ပြီး၊ အတူတူ ယှဉ်တွဲ နေထိုင်လို့ မရပါဘူး... အရောင်ခုနစ်မျိုးရှိသော ဒေါင်း၊ မီးချီလင် နဲ့ လိပ်နက် တို့ဟာ ဥတွေ အများကြီး အုခဲ့ကြပေမဲ့၊ သူတို့ ကိုယ်တိုင် မသေသေးသရွေ့တော့ အဲဒီဥတွေက ဘယ်တော့မှ ပေါက်လာမှာ မဟုတ်ဘူး... “

“နဂါးတွေအတွက်လည်း ဒီအတိုင်းပါပဲ၊ လောကမှာ နဂါးနှစ်ကောင် အတူတူ ရှိနေလို့ မရပါဘူး... မိုးပြာ နဂါး အသတ်ခံရတုန်းကတော့ သူက လူကြီး မဖြစ်သေးတာကြောင့်၊ သူ့မှာ နဂါးဥတွေ ရှိနေဖို့ မဖြစ်နိုင်ပါဘူး... ဒါကြောင့် ရှင်ဟာ အဲဒီ အပြာရောင် နဂါး ရဲ့ လူဝင်စား ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ ရှင့်ရဲ့ မှတ်ဉာဏ်တွေကတော့ ပြန်ပြီး မနိုးထသေးတဲ့ ပုံပဲနော်..."

ကူမော့က သံသယဖြင့် ...

"မင်းက ဒီလောက်အထိ သိနေရတာလဲ..."

"ဘာလို့လဲဆိုတော့ ကျွန်မက ပိုင်ယွီကျင်း မို့လို့ပေါ့..."

ကျွန်းသခင်ကြီးက ဆိုသည်။

ကူမော့က လက်ကို ဆန့်ထုတ်လိုက်ရာ၊ ထိုက်ရွှီးဓား သည် သူ၏ လက်အတွင်းသို့ ပျံသန်း ရောက်ရှိလာလေသည်။

ကျွန်းသခင်ကြီးက ဆက်ပြောသည်...

"ကူမော့... ကျွန်မက ပိုင်ယွီကျင်း ပါ၊ ဒါပေမဲ့ ပိုင်ယွီကျင်း ဆိုတာ ကျွန်မ တစ်ယောက်တည်း မဟုတ်ပါဘူး... ရှင်က ပိုင်ယွီကျင်း ကို သတ်လို့လည်း မရသလို၊ ပိုင်ယွီကျင်း ကို ရှာတွေ့ဖို့လည်း မဖြစ်နိုင်ပါဘူး... ရှင်က မိုးပြာ နဂါး ရဲ့ လူဝင်စား ဖြစ်နေတာကြောင့်၊ ရှင်နဲ့ ပိုင်ယွီကျင်း ဟာ တည်ရှိမှု အမျိုးအစားချင်း တူညီကြတာပေါ့... “

“ တစ်ယောက်နဲ့တစ်ယောက် အသေအလဲ တိုက်နေဖို့ မလိုပါဘူး... ရန်စတွေကို ရပ်တန့်လိုက်ပြီး ငြိမ်းချမ်းရေး ယူကြရင် ဘယ်လိုလဲ... ပိုင်ယွီကျင်း က ရှင့်ကို မိုးပြာ နဂါး အဖြစ်က မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကူညီပေးနိုင်သလို၊ ရှင့်ရဲ့ နဂါး ပုံသဏ္ဌာန် ကို ပြန်ပြီး ရှာတွေ့နိုင်အောင်လည်း ကူညီပေးနိုင်လိမ့်မယ်နော"

"ကောင်းပါပြီလေ"

ကူမော့သည် ထိုက်ရွှီးဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ...

"ရှာလို့ မရဘူး ဟုတ်လား... ဒါဆိုရင်လည်း ငါ ဒီနေ့ ဖုန်လိုင်ကျွန်း ကြီးကို ပင်လယ်ထဲ နစ်မြုပ်သွားအောင် လုပ်ပစ်မယ်၊ အဲဒီအခါကျမှ ခင်ဗျား ပိုင်ယွီကျင်း အပြင်ထွက်လာမလားဆိုတာ ကြည့်ကြတာပေါ့"

သူ စကားမဆုံးမီမှာပင်၊ သူ၏ ဓားဖြင့် ကျွန်းသခင်ကြီးကို ခုတ်ချလိုက်တော့သည်။

ထိုသူသုံးဦးမှာ ချက်ချင်းပင် တိုက်ခိုက်ကြတော့သည်။

ကျွန်းသခင်ကြီးနှင့် ဒုတိယကျွန်းသခင်တို့မှာ၊ မျှော်လင့်ထားသည့်အတိုင်း အနှစ် ရာနှင့်ချီ၍ အသက်ရှင်လာခဲ့ကြသလို အနှစ် ရာနှင့်ချီသော ကျင့်ကြံမှုများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြရာ၊ ကူမော့ကိုပင် အံ့အားသင့်သွားစေလောက်သည့် ထူးခြားလှသည့် နည်းလမ်းများကို ထုတ်ဖော်ပြသခဲ့ကြလေသည်။

အရေးအကြီးဆုံး အချက်မှာ သူတို့မှာ အလွန်ပင် ခံနိုင်ရည် ရှိကြခြင်း ပင် ဖြစ်လေသည်။ ထိုသူသုံးဦး၏ တိုက်ပွဲအောက်တွင်၊ ကောင်းကင်ကျွန်း သည် ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိနေတော့သည်။

၎င်းတို့ သုံးဦး တိုက်ခိုက်နေကြစဉ်အတွင်း...

ပိုင်ယွီကျင်း ၏ လမ်းညွှန်မှုကို ခံယူရန် လာခဲ့ကြသော ကျန်းတာအိုယီ၊ စုချန်းချိုး နှင့် အခြားသော လူအများအပြားမှာမူ၊ ထူးခြားလှသော ပုံရိပ်ယောင် နေရာလွတ်တစ်ခုအတွင်း၌ မဟာတာအို လမ်းစဉ်နောက်ကို လိုက်နေကြဆဲ ဖြစ်ကာ၊ တစ်ဦးချင်းစီမှာလည်း ကိုယ်စီ အခွင့်အရေးများနှင့် သိမြင်မှုများကို ရရှိနေကြလေသည်။

တစ်ချိန်တည်းမှာပင်၊ ဘယ်သူမှ မနိုင်သည့် သိုင်းပညာကို ရရှိရန် ရည်မှန်းထားခဲ့သော ဆရာကြီး လျန်ရှန်း မှာမူ၊ ယခုအခါ ဗုဒ္ဓဘာသာ၏ စင်ကြယ်သော နယ်မြေ တစ်ခုအတွင်း ရောက်ရှိနေပြီ ဖြစ်ကာ၊ ထိုနေရာတွင် မရေမတွက်နိုင်သော ဗုဒ္ဓမြတ်စွာဘုရားများက တရားတော်များကို ရွတ်ဆိုနေကြပြီး၊ ဗုဒ္ဓမြတ်စွာဘုရားသည်လည်း ကြာပန်း ပလ္လင်ပေါ်၌ မြင့်မားစွာ စံပယ်နေတော်မူ နေ၏။

"ဒါကပဲ ကျွန်တော် မျှော်လင့်နေခဲ့တဲ့ အရာ လား..."

ဆရာကြီး လျန်ရှန်းသည် သူ၏ လက်နှစ်ဖက်ကို ပူးကပ်လျက် ဆုတောင်းလိုက်ပြီးနောက်၊

အလေးအနက် ဦးညွှတ်လိုက်ကာ ပြောလိုက်သည်...

" လျန်ရှန်း ဟာ၊ ဗုဒ္ဓမြတ်စွာဘုရားထံကနေ တရားတော် တစ်ပုဒ်ကို ပေးသနားတော်မူဖို့ တောင်းခံပါတယ်ဘုရား"

ကြာပန်း ပလ္လင်ပေါ်က ဗုဒ္ဓမြတ်စွာဘုရားသည် အလွန်ပင် သနားကြင်နာတတ်သော အမူအရာ ရှိတော်မူပြီး၊ ကိုယ်တော်မှ ထွက်ပေါ်နေသော အလင်းတန်းများမှာလည်း စင်ကြယ်ပြီး မြင့်မြတ်လှပေသည်။ ကိုယ်တော်သည် လျန်ရှန်း ကို ကြည့်ကာ၊ လေထုအတွင်း ပဲ့တင်ထပ်သွားသော အသံဖြင့် ဖြည်းညင်းစွာ မိန့်ကြားတော်မူသည်...

"လျန်ရှန်း... ငါ့ဆီမှာ သည် ကြာပန်း ကောင်းကင် ကျမ်းစာ အဆင့် ၄၀ ရှိတယ်၊ အဲဒါကို မင်းဆီကို လွှဲပြောင်းပေးနိုင်တယ်... မင်း အဲဒါကို ကျင့်ကြံပြီးသွားတဲ့ အခါမှာတော့၊ ရဟန္တာ အဆင့်ကို ရောက်ရှိလိမ့်မယ်!"

လျန်ရှန်းသည် ရုတ်တရက် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လျှောက်တင်လိုက်သည်...

"ဗုဒ္ဓမြတ်စွာဘုရား... ကျွန်တော့်ဆီမှာ ကြာပန်း ကောင်းကင် ကျမ်းစာ အဆင့် ၄၀ ရှိနေခဲ့ပြီးသားပါဘုရား... ကျေးဇူးပြုပြီး တခြား နည်းလမ်း တစ်ခုကို ပေးသနားတော်မူပါဘုရား..."

ကြာပန်း ပလ္လင်ပေါ်က ဗုဒ္ဓမြတ်စွာဘုရားသည် ထပ်မံ၍ မိန့်ကြားတော်မူသည်မှာ...

"ဒါဆိုရင်တော့ ငါ မင်းဆီကို ကောင်းကင် ကျမ်းစာ အဆင့် ၄၃ ကို လွှဲပြောင်းပေးပါ့မယ်..."

လျန်ရှန်းသည် နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်ပြီးမှ လျှောက်တင်လိုက်သည်မှာ...

"ဗုဒ္ဓမြတ်စွာဘုရားကို လျှောက်တင်ပါတယ်ဘုရား... ကျွန်တော့်ဆီမှာ ကောင်းကင် ကျမ်းစာ အဆင့် ၄၃ လည်း ရှိနေခဲ့ပြီးသားပါဘုရား... ကျေးဇူးပြုပြီး တခြား နည်းလမ်း တစ်ခုကိုပဲ ပေးသနားတော်မူပါဘုရား..."

ဗုဒ္ဓမြတ်စွာဘုရားသည် အနည်းငယ် အံ့သြသွားပုံရပြီး၊ ကိုယ်တော်၏ မျက်ဝန်းများအတွင်း ဇဝေဇဝါ ဖြစ်မှုများ တစ်ချက် လက်သွားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ အဲဒီနောက်မှာတော့ ကိုယ်တော်သည် မိန့်ကြားတော်မူပြန်သည်မှာ...

"ဒါဆိုရင်တော့ ငါ မင်းဆီကို ကောင်းကင် ကျမ်းစာ အဆင့် ၄၇ ကို လွှဲပြောင်းပေးပါ့မယ်..."

"ကျွန်တော့်ဆီမှာ ကောင်းကင် ကျမ်းစာ အဆင့် ၄၇ ရှိနေခဲ့ပြီးသားပါဘုရား..."

"ဒါဆိုရင်တော့ ငါ မင်းဆီကို ကောင်းကင် ကျမ်းစာ အဆင့် ၅၀ ကို လွှဲပြောင်းပေးပါ့မယ်..."

"ကျွန်တော့်ဆီမှာ ရှိနေခဲ့ပြီးသားပါဘုရား..."

"ဒါဆိုရင်တော့ ငါ မင်းဆီကို..."

"ကျွန်တော်..."

"..."

ထိုမြင်ကွင်းမှာ ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။ ဗုဒ္ဓမြတ်စွာဘုရားနှင့် လျန်ရှန်း တို့မှာ တစ်ဦးနှင့်တစ်ဦး ထပ်တူညီလှသော စကားလုံးများကိုသာ အပြန်အလှန် ပြောဆိုနေကြတော့သည်။

၎င်းတို့၏ ဆွေးနွေးမှုမှာ ပိုမို ပြင်းထန်လာသည်နှင့်အမျှ၊ ဗုဒ္ဓဘာသာ၏ နတ်ဘုရား နယ်မြေဟု ခေါ်သော ထိုနေရာမှာလည်း တဖြည်းဖြည်းနှင့် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားတော့သည်။

အချိန်တစ်ခုသို့ ရောက်သောအခါ...

ဗုဒ္ဓဘာသာ နယ်မြေကြီးမှာ ပုံရိပ်ယောင် တစ်ခုအလား တစ်စစီ ပြိုကွဲသွားခဲ့ပြီ ဖြစ်ကာ၊ ကြာပန်း ပလ္လင်ပေါ်၌ မြင့်မားစွာ စံပယ်နေတော်မူသော ဗုဒ္ဓမြတ်စွာဘုရားမှာလည်း တဖြည်းဖြည်းနှင့် အသက်မဲ့သော အသွင် ဆောင်လာခဲ့ပြီး၊ ကိုယ်တော်မှ ထွက်ပေါ်နေသော အလင်းတန်းများမှာလည်း ပျောက်ကွယ်သွားတော့သည်။ ကိုယ်တော်သည် ဖြည်းညင်းစွာဖြင့် လျန်ရှန်း နှင့် အတိအကျ တူညီလှသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။

"ငါ မင်းဆီကို ကောင်းကင် ကျမ်းစာ အဆင့် ၁၂၈ ကို သင်ကြားပေးပါ့မယ်..."

လျန်ရှန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ရုတ်တရက် ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်...

"မဟုတ်ပါဘူး... ခင်ဗျား ဆီမှာ ကောင်းကင် ကျမ်းစာ အဆင့် ၁၂၈ မရှိပါဘူး"

ထို "ဗုဒ္ဓ" မှာ အနည်းငယ် အံ့သြသွားပြီး မေးမြန်းလိုက်သည်

"ခင်ဗျား ဘယ်လိုလုပ် သိတာလဲ..."

လျန်ရှန်းက ရုတ်တရက် သဲ့သဲ့မျှ ပြုံးလိုက်ရင်း ဆိုသည်...

"ဒါပေမဲ့လည်း၊ ကျွန်တော့်ဆီမှာတော့ ကောင်းကင် ကျမ်းစာ အဆင့် ၁၂၈ ရှိပါတယ်..."

"မဖြစ်နိုင်တာ..."

All Chapters