← Chapters

အခန်း (၃၉၇)

Vol. 32 Ch. 397

အခန်း (၃၉၇)

Vol. 32 Ch. 397

အပိုင်း (၃၉၇) ကျွန်းနှစ်မြုပ်ခြင်း

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်မှာ...

“စိတ်မပူပါနဲ့ ဆရာကြီး ကျိ... ကျွန်တော် ဗေဒင်တွက်ခကို ပေးပါ့မယ်လို့ ကတိပေးထားပြီးသားပါ... ဒါပေမဲ့၊ ဆရာကြီး အနေနဲ့ နောက်ထပ် ဗေဒင် တစ်ကြိမ်လောက် ထပ်တွက်ပေးလို့ ရမလား...”

ကျိဝူဆွမ်းက ခေါင်းကို တရစပ် ယမ်းလိုက်ပြီး ပြောလိုက်သည်မှာ...

“ဒါကတော့ လမ်းကြောင်း မရှိတဲ့ ကိစ္စပဲလေ... ကျန်းရိုရွှီး လိုမျိုး ပုဂ္ဂိုလ်တစ်ယောက် ဘယ်မှာ ရှိနေသလဲ ဆိုတာကို ရှာဖွေနိုင်တဲ့ အစွမ်း ကျွန်တော့်မှာ မရှိပါဘူး... အရင်တစ်ခေါက် ဗေဒင်တွက်ပေးနိုင်ခဲ့တာကတော့၊ ဆရာကြီး ကူ မှာ တိကျတဲ့ ပန်းတိုင်နဲ့ လမ်းကြောင်း ရှိနေခဲ့လို့သာ တွက်ချက်ပေးနိုင်ခဲ့တာပါ... ကျန်းရိုရွှီး နောက်ကို လိုက်နိုင်တဲ့ အစွမ်း ရှိနေလို့ မဟုတ်ပါဘူး...”

ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး မေးမြန်းလိုက်သည်...

“ဒါဆိုရင်၊ တားမြစ်ချက်ကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကိုရော တစ်ယောက်ယောက်က ရှာတွေ့ခဲ့ကြလား...”

လူတိုင်းက ခေါင်းယမ်းပြလိုက်ကြသဖြင့်၊ လေထုမှာ အတန်ငယ် မွန်းကျပ်သွားတော့သည်။

စုချန်းချိုးက ပြောသည်မှာ..

. “ဒါပေမဲ့လည်း၊ ဘုန်းကြီး လျန်ရှန်း ကတော့ စိတ်ဝိညာဉ် စွမ်းအားတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ ဆရာကြီး တစ်ယောက်ပဲလေ... သူ့မှာ လမ်းညွှန်ချက် တစ်ခု ရှိတယ်လို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒါကို အဖြေရှာဖို့အတွက် အချိန်တစ်ခုတော့ လိုလိမ့်မယ်တဲ့... သူ အဖြေရပြီ ဆိုတာနဲ့ ကျွန်တော်တို့ကို အသိပေးပါလိမ့်မယ်...”

ဆရာကြီး လျန်ရှန်းက လက်အုပ်ချီလျက် ...

“ အစွမ်းကုန် ကြိုးစားပါ့မယ်...”

ကျန်းတာအိုယီက မေးမြန်းလိုက်သည်မှာ...

“ကူမော့... ပထမကျွန်းသခင် နဲ့ ဒုတိယကျွန်းသခင် တို့ရော ဘယ်လို ဖြစ်သွားပြီလဲ...”

“သတ်ပစ်လိုက်ပြီလေ...”

ကူမော့က ...

“အားလုံးပဲ... ကျွန်းက အခု နစ်မြုပ်တော့မှာလေ... အရင်ဆုံး သင်္ဘော တစ်စီးလောက် သွားရှာကြရအောင်... တကယ်လို့ သင်္ဘော မြန်မြန် မရဘူး ဆိုရင်တော့၊ အရှေ့ပင်လယ်ကြီးက ကျယ်ပြောလွန်းလှတာဆိုတော့ ကုန်းပေါ် ပြန်တက်ဖို့က ခက်ခဲပါလိမ့်မယ်...”

လူတိုင်းမှာ ရုတ်တရက် သတိဝင်လာကြပြီး အလုပ်များကို ချက်ချင်း စတင် လုပ်ဆောင်ကြတော့၏။

သိပ်မကြာမီမှာပင်၊ ၎င်းတို့သည် တောင်ကြားတစ်ခုအတွင်း၌ ကောင်းမွန်စွာ ကျန်ရစ်နေသေးသော ဧရာမ သင်္ဘောကြီး တစ်စင်းကို ရှာတွေ့ခဲ့ကြပြီး၊ အသက်ရှင် ကျန်ရစ်သူ အယောက် ရှစ်ဆယ် ကိုးဆယ်ခန့်မှာ သင်္ဘောပေါ်သို့ တက်ရောက်ခဲ့ကြလေ၏။

သို့သော်လည်း၊ ကူမော့ကတော့ သင်္ဘောပေါ်သို့ မတက်ခဲ့ပါချေ။ ကူမော့တွင် ဓားစီးနိုင်သည့် အစွမ်း ရှိနေသည်ကို လူတိုင်း သိထားကြသဖြင့်၊ အားလုံးက သူ့အား ဦးညွှတ် နှုတ်ဆက်ခဲ့ကြလေသည်။

နောက်ဆုံးမှ ထွက်ခွာသွားသူမှာ ဆရာကြီး လျန်ရှန်း ပင် ဖြစ်လေသည်။ သူသည် ကျောက်ဆောင်တစ်ခုပေါ်တွင် ကူမော့နှင့်အတူ ရပ်နေလျက် ဖြည်းညင်းစွာ ပြောလိုက်သည်မှာ...

“မဟာသူရဲကောင်း ကူ... ခင်ဗျား ဆီမှာ မူလဝိညာဉ် တားမြစ်ချက်ကို ဖယ်ရှားဖို့ နည်းလမ်း ရှိရမယ် မဟုတ်လား...”

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်သည်...

“ဆရာကြီး... ဆရာကြီး ဆီမှာလည်း နည်းလမ်း ရှိနေတာပဲ မဟုတ်လား..”

ဆရာကြီး လျန်ရှန်းက ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်မှာ...

“ကျွန်တော့်ဆီမှာတော့ နည်းလမ်း မရှိပါဘူး၊ ဒါပေမဲ့ လူဝင်စားမှန် ဆီမှာတော့ နည်းလမ်း ရှိပါတယ်... ဒါပေမယ့် ကျွန်တော့် ရဲ့ ဗုဒ္ဓတရားတော်တွေအပေါ် နားလည်မှုကတော့ နှံ့နှံ့စပ်စပ် မရှိသေးပါဘူး... ကျွန်တော့်မှာ အတ္တ ဆန္ဒလေး တစ်ခု ရှိနေလို့ပါ”

“ဒီလူတွေ အားလုံးက ကျွန်တော့်အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးကြွေး တစ်ခု တင်သွားစေချင်လို့ပါပဲ... ဘာပဲဖြစ်ဖြစ်၊ တားမြစ်ချက်ကို ဖယ်ရှားရတာက အရမ်း လွယ်ကူနေမယ် ဆိုရင်တော့၊ ဘယ်သူကမှ အဲဒါကို ကြီးမားတဲ့ ကျေးဇူးတရား တစ်ခုလို့ သတ်မှတ်ကြမှာ မဟုတ်ဘူးလေ...”

ပြောပြီးသောအခါ၊ ဆရာကြီး လျန်ရှန်းသည် အပြစ်မကင်းသော အမူအရာဖြင့် ..

. “ရှက်မိပါတယ်... ကျွန်တော် ကျင့်ကြံလာခဲ့တာ ဒီလောက်အနှစ်တွေ ကြာနေပြီ ဖြစ်ပေမဲ့၊ အတ္တ ဆန္ဒတွေ ရှိနေသေးတာကို တကယ်ပဲ ရှက်မိပါတယ်ဘုရား...”

ကူမော့က မျက်လုံးကို လန်ပြလိုက်ပြီး ပြောလိုက်သည်...

“ကျွန်တော်လည်း ကူညီပေးလို့ ရပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ နည်းလမ်းကလည်း စိတ်ဝိညာဉ် စွမ်းအားတွေကို သုံးရတာလေ... အခု အခြေအနေမှာတော့ လူတိုင်းက လန့်နေကြတာဆိုတော့၊ သူတို့ရဲ့ ဝိညာဉ်တွေထဲမှာ ကျွန်တော်က တစ်ခုခု ထပ်ပြီး လုပ်ထားပြန်ပြီလို့တောင် သူတို့က သံသယ ဝင်နေကြဦးမှာပေါ့...”

ဆရာကြီး လျန်ရှန်းက ညင်သာစွာ ဆိုသည်...

“ဆရာကြီး ကူ ရဲ့ လူ့သဘာဝ အပေါ် နားလည်မှုကတော့ တကယ့်ကို နှံ့စပ်လှပါတယ်... ကျွန်တော် လေးစားမိပါတယ်...”

ကူမော့က လက်ဝှေ့ယမ်းပြလျက် ဆိုသည်မှာ...

“မြှောက်ပင့်တာတွေကိုတော့ တော်လိုက်ပါတော့... ဒါနဲ့၊ ဆရာကြီး ပိုင်ယွီကျင်း ဆီကနေ ဘယ်သူမှ မနိုင်တဲ့ သိုင်းပညာကို ရခဲ့ပြီလား...”

“ရခဲ့ပါတယ်...”

ဆရာကြီး လျန်ရှန်းက ဆိုသည်

“ဒါပေမဲ့ ကျွန်တော် အပြင်ကို ထွက်လာတဲ့ အခါကျမှပဲ ဆရာကြီး ကူ ရဲ့ နဂါးအသွင်ပြောင်း အတတ်ကို မြင်တွေ့လိုက်ရတာလေ... အဲဒီအခါကျမှပဲ ကျွန်တော်ဟာ ဘယ်သူ့ကိုမှ မနိုင်တဲ့သူ မဟုတ်ဘဲ ဒုတိယ အဆင့်မှာပဲ ရှိနေနိုင်မယ် ဆိုတာကို သိလိုက်ရတာပါ... ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ ကြာပန်း ၁၂၈ ဘုံ ကျမ်းစာ က အပြည့်စုံဆုံး ဖြစ်နေပြီ ဆိုရင်တောင်မှ၊ အဲဒါက သေမျိုးလောက ရဲ့ သိုင်းပညာ တစ်ခုပဲ ရှိသေးတာလေ...”

“ခင်ဗျား က ကျွန်တော့်ကို တကယ်ပဲ မနိုင်ဘူးလို့ ထင်နေတာလား...”

ကူမော့က ပြုံးလျက် မေးမြန်းလိုက်သည်။

ဆရာကြီး လျန်ရှန်းသည် သူ၏ ဦးခေါင်းကို မော့လျက် ရင်ဘတ်ကို ကော့ကာ မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်...

“ကျွန်တော် ခင်ဗျား ကို မနိုင်ပါဘူး”

ကူမော့က သရော်လိုက်သည်...

“မင်းရဲ့ အမူအရာကတော့ မင်းကိုဘယ်သူ မနိုင်ဘူးလို့ ထင်နေတဲ့ ပုံစံမျိုး မဟုတ်ဘူးနော်...”

ဆရာကြီး လျန်ရှန်းက ဖြီးလျက် ဆိုသည်မှာ...

“ဆရာကြီး ကူ ကို သေချာပေါက် မနိုင်ပါဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာ လူဝင်စားမှန် ရှိနေတာပဲလေ... လူဝင်စားမှန် ဆိုတာက သေမျိုးလောက ရဲ့ စွမ်းအား မဟုတ်တော့၊ ကျွန်တော်လည်း မင်းနဲ့ လက်ရည်စမ်းပြီး တစ်ချက် နှစ်ချက်လောက်တော့ တိုက်နိုင်ဦးမယ် ထင်တာပဲလေ...”

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်သည်...

“ကောင်းပါပြီလေ၊ ဒါဆိုရင်လည်း တစ်နေ့နေ့မှာ လက်ရည်စမ်းကြတာပေါ့... သွားကြစို့၊ ကျွန်းက နစ်မြုပ်တော့မှာလေ... ခင်ဗျား သာ သင်္ဘောပေါ်ကို အခု မတက်ဘူး ဆိုရင်တော့၊ သူတို့တွေ စောင့်နေကြမှာ မဟုတ်ဘူးနော်...”

ဆရာကြီး လျန်ရှန်းက အလျင်အမြန် ပြောလိုက်သည်...

“ဆရာကြီး ကူ... ဒီတစ်ခေါက် ပိုင်ယွီကျင်း ကို တိုက်ခိုက်ဖို့အတွက် လူဝင်စားမှန် ကို သုံးလိုက်ရတာကြောင့်၊ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ အများကြီး ကုန်ခမ်းသွားခဲ့ရတယ်လေ... အဲဒါတွေ ပြန်ပြည့်ဖို့ဆိုရင် အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရလိမ့်မယ်... တကယ်လို့ အဲဒီအချိန်အထိ မင်း ပိုင်ယွီကျင်း ကို ရှာမတွေ့သေးဘူး ဆိုရင်တော့...”

“ခင်ဗျား မဟာ လင်းထိန် ဘုရားကျောင်း ဆီကို လာပြီး ကျွန်တော့်ကို လာရှာလိုက်ပါ... ကျွန်တော် ခင်ဗျား ကို ပိုင်ယွီကျင်း ကို ကိုင်တွယ်ဖို့အတွက် လူဝင်စားမှန် ရဲ့ စွမ်းအားတွေကို ငှားပေးပါ့မယ်...”

“ ဒီတစ်နှစ်အတွင်းမှာတော့ ခင်ဗျား သတိကြီးကြီး ထားပါဦး... လူဝင်စားမှန် ကနေ ကျွန်တော် သိခဲ့ရတာကတော့၊ မူလဝိညာဉ် က ပိုပြီး အစွမ်းထက်လေလေ၊ ပိုပြီး စင်ကြယ်လေလေ၊ ပိုင်ယွီကျင်း အတွက် ပိုပြီး ဆွဲဆောင်မှု ရှိလေလေ ပါပဲ... “

“ဆရာကြီး ကူ အခု ထုတ်ဖော်ပြသခဲ့တဲ့ မူလဝိညာဉ် စွမ်းအားတွေဟာ ပိုင်ယွီကျင်း အတွက် တကယ့်ကို ဆွဲဆောင်မှု ရှိနေမှာဖြစ်လို့၊ သူက ခင်ဗျား ကို ကိုင်တွယ်ဖို့ နည်းလမ်း တစ်ခုခုကို သေချာပေါက် ရှာဖွေပါလိမ့်မယ်... ဒါကြောင့်၊ သတိကြီးကြီး ထားပါဦး... တစ်နှစ်ပဲ၊ တစ်နှစ်လောက်ပဲ စောင့်ပေးပါ... အဲဒီနောက်မှာတော့၊ ပိုင်ယွီကျင်း ကို ကိုင်တွယ်ဖို့အတွက် ကျွန်တော် ခင်ဗျား ကို လူဝင်စားမှန် ငှားပေးပါ့မယ်...”

ကူမော့က ရယ်မောလိုက်သည်...

“ခင်ဗျား က တကယ့်ကို ရက်ရောတာပဲနော်”

ဆရာကြီး လျန်ရှန်းက ပြုံးလျက် ဆိုသည်မှာ...

“သူရဲကောင်း ကူ ဟာ လူဝင်စားမှန် ကို မက်မောမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာနေတာပဲလေ၊ ဒါဆိုမှတော့... မိစ္ဆာတွေကို သုတ်သင်ပြီး ဖြောင့်မတ်မှုကို ကာကွယ်ဖို့အတွက် ခင်ဗျား ကို ဘာလို့ မငှားပေးနိုင်ရမှာလဲ... ဒါက တကယ့်ကို ကုသိုလ်ရမယ့် အလုပ်ပဲ မဟုတ်လား”

ကူမော့က ပြုံးလိုက်ပြီးနောက်၊ လှည့်ထွက်ကာ သူ၏ ဓားကို စီးနင်းလျက် ပျံသန်း ထွက်ခွာသွားခဲ့လေသည်။

ကူမော့သည် တိမ်လွှာများကြား၌ ပျံလွှားဓားကို စီးနင်းကာ မိုင်တစ်ရာခန့်အကွာအဝေးကို လျင်မြန်စွာ ဖြတ်သန်းလာခဲ့သည်။ သူသည် အောက်ဘက် ပင်လယ်ပြင်တွင် ခုတ်မောင်းနေသော လှေငယ်တစ်စင်းကို လှမ်းမြင်လိုက်ရသဖြင့် ချက်ချင်းပင် အောက်သို့ ထိုးဆင်းလိုက်လေသည်။

ထိုလှေပေါ်တွင် လူနှစ်ဦးမှာ တင်ပျဉ်ခွေ ထိုင်နေကြ၏။ ၎င်းတို့မှာ ဖုန်လိုင်ကျွန်း၏ ကျွန်းသခင်များ ဖြစ်ကြသော်လည်း၊ ယခုအခါတွင်မူ အနီရောင်ဝတ်စုံ နှင့် စောင်းဆရာ ဟုသာ လူသိများကြတော့သည်။

ကူမော့သည် လှေပေါ်သို့ ဆင်းသက်လိုက်ပြီးနောက်၊ သူ၏ ထိုက်ရွှီးဓားမှာလည်း ဓားအိမ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

All Chapters