← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း(231)

သူမက ငယ်ရွယ်လွန်းသေးသည့်အပြင် သူမ၏ အလုပ်အကိုင်ကလည်း စတင်ကာစသာ ရှိသေးသည်။

ယခုအချိန်တွင် ကိုယ်ဝန်ရရှိခြင်းက ကောင်းသောအချက် မဟုတ်ပေ။

သို့သော်လည်း လက်ရှိတွင် (၁၉၇၂) ခုနှစ် ဖြစ်သည်။

တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို

(၁၉၇၇) ခုနှစ်တွင် ပြန်လည်၍ ကျင်းပမည်ကို သူမ မှတ်မိနေခဲ့၏။

ထို့ကြောင့် ယခုအချိန်တွင် ကလေးယူခြင်းက မကောင်းသောအရာတော့ မဟုတ်ပေ။

ထိုအချိန်ကျလျှင် ကလေးက ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် ရှိနေပြီဖြစ်သောကြောင့် မူကြိုကျောင်းသို့ တက်ရောက်နိုင်လေပြီ။

သူမက နေ့ဘက်တွင် ကလေးကို မူကြိုကျောင်းသို့ ပို့ထားနိုင်ပြီး ညနေခင်းတွင် ပြန်ခေါ်နိုင်ကာ မိခင်နှင့် ကလေးက အတူတကွကျောင်းတက်နိုင်ကြမည်ဖြစ်၍ အတော်လေး ကောင်းမွန်လွန်း၏။

သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် နယ်ချဲ့နေချိန်မှာပင် လော်ယွီရှို့၏ တွဲပေးမှုဖြင့် အိမ်သို့ ပြန်လာခဲ့ကြလေ၏။ သူတို့က လမ်းတွင် လုချင်းလန်နှင့် ဆုံတွေ့ခဲ့ကြသည်။

“နင်တို့ ဝေ့ချင်းက စောစောက ဘာဖြစ်လို့လဲ၊ အဲဒီလောက်တောင် အပြေးအလွှားနဲ့”

စုဝေ့ချင်းတစ်ယောက် အိမ်၌ အဆုတ်ကွဲမတတ် အော်ဟစ်နေသည်ကို သူမ ကြားရသောကြောင့် စိုးရိမ်စိတ်ဖြင့် ထွက်ကြည့်ခြင်း ဖြစ်ပေသည်း။

“ဘာမှမဖြစ်ပါဘူး၊ အဲဒီကောင်လေးက အရက်နည်းနည်း သောက်လာပြီး တစ်ခုခုနဲ့ တိုက်မိသွားလို့ ထင်တယ်၊

အော်ဟစ်နေလို့ ငါလည်း ရေချိုးခန်းသွားပြီး ရေချိုးခိုင်းလိုက်တာ”

လော်ယွီရှို့က အပြုံးတစ်ခုနှင့် ပြောဆိုပြီး လီရှန်း၏ အခြေအနေကိုတော့ လုချင်းလန်ကို မပြောပြခဲ့ပေ။

အစစအရာရာက မသေချာသေးသောကြောင့် အကယ်၍ အမှားအယွင်းဖြစ်ပြီး သတင်းသာပြန့်နှံ့သွားပါက လူရယ်စရာဖြစ်သွားမည်ကို သူမက စိုးရိမ်နေခဲ့၏။

“ အရက်သောက်ထားတာလား”

“ဘာမှမဟုတ်ပါဘူး၊ သူက လောင်ယိုနဲ့အတူ ဝိုင်နှစ်ခွက် သောက်ခဲ့တာပါ၊ နင်လည်း လောင်ယိုကို သိတာပဲမဟုတ်ဘူးလား၊ သူက စီးပွားရေးအရ ထမင်းစားပွဲတွေကလွဲရင် အများကြီး သောက်တတ်တာ မဟုတ်ဘူး၊

ဝေ့ချင်း အိမ်ထောင်ကျတာကို မြင်ပြီးတော့ ဝမ်းသာလို့ ဝေ့ချင်းနဲ့အတူ ဝိုင်နှစ်ခွက် သောက်ခဲ့တာလေ”

လုချင်းလန်က ဥက္ကဋ္ဌယိုလည်း ရောက်ရှိနေသည်ဟု ကြားလိုက်ရသည့်အချိန်မှ သဘောပေါက်သွားပြီး ပြောလိုက်လေ၏။

“ဒါနဲ့ ပြောရဦးမယ်၊ ရှတို့ ဝေ့ချင်း လက်ထပ်တုန်းကတောင် လောင်ယို ပြန်မလာနိုင်ခဲ့ဘူးနော်၊

အခု သူပြန်လာတာက ဘာအကြောင်းကြောင့်လဲမသိဘူး၊ ငါတို့စက်ရုံမှာ လက်တလော ဘာကိစ္စမှ မရှိပါဘူးမလား”

မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စကြီးတစ်ခုမှာ သူမ၏ ခင်ပွန်းဖြစ်သူက သူခိုးကို ရဲဝံ့စွာ နှိမ်နင်းခဲ့သောကြောင့် ရဲစွမ်းသတ္တိဆု ချီးမြှင့်ခြင်းကို ခံခဲ့ရသည့် ကိစ္စသာ ရှိသည်။

“ဘယ်ကိစ္စရှိရမှာလဲ၊ စက်ရုံက ပုတီလန် ဆေးတွေကို ထုတ်လုပ်နေတာလေ၊ လောင်ယိုက ပြည်နယ်မြို့တော်မှာ အဲဒီဆေးကို အတော်လေး ကောင်းကောင်း ရောင်းနေရတာ၊

လက်ရှိ ထုတ်လုပ်မှုလိုင်းက မမီတော့လို့ စက်ရုံကို ကိုယ်တိုင်ပြန်လာပြီး စက်ပစ္စည်းတွေဝယ်ပြီး အသစ်စက်စက် ထုတ်လုပ်မှုလိုင်းတစ်ခုကို တည်ဆောက်မလို့တဲ့။

ဒီဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြှင့်တင်ဖို့ စီမံနေတာပေါ့”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လုချင်းလန်၏ မျက်လုံးများက အံ့ဩမှုကြောင့် ဝိုင်းသွားရပြီး ပြောလိုက်လေသည်။

“ဒါက တကယ့် သတင်းကောင်းပဲ၊ ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ ငါတို့တွေ နှစ်ကုန်ကျရင် လူအင်အား ပိုပြီး ခေါ်ရတော့မှာပေါ့”

“မလိုပါဘူး၊ စက်ရုံမှာ လက်ရှိ အလုပ်သမား အင်အားက လုံလောက်ပါတယ်”

ဆေးဝါးစက်ရုံက နှစ်စဉ် အလုပ်သမားသစ် ခေါ်ယူလေ့ရှိသည်။

သို့သော် အရေအတွက်က အမြဲတစေ နည်းပါးလွန်းသောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိ၏။

ထို့အပြင် စုဝေ့မင်က အလွန်ပင် ဇီဇာကြောင်သူ ဖြစ်လေသည်။

စက်ရုံတွင် နေရာလွတ်များ ရှိနေလျှင်ပင် အရည်အချင်းမရှိသော သို့မဟုတ် အမှတ်ကောင်းကောင်းမရသော ကိုယ်စားလှယ်များကို သူက လက်ခံရန် မလိုလားပေ။

လုချင်းလန်က ထိုသတင်းကို ကြားပြီးနောက် အတွေးတစ်ခုဖြင့် မျက်လုံးများက လှုပ်ရှားနေသည်ကို မြင်လျှင် လော်ယွီရှို့က ချက်ချင်းပင် စကားဖြတ်လိုက်လေသည်။

“ပုတီလန်က တရုတ်တိုင်းရင်းဆေး ဖြစ်တဲ့အတွက် ဒီတစ်ကြိမ် အလုပ်သမားခေါ်ရင် တရုတ်တိုင်းရင်းဆေးဗဟုသုတ စာမေးပွဲလည်း ပါဝင်လိမ့်မယ်”

ထိုစကားကို ကြားရသည့်အချိန်တွင် လုချင်းလန်တစ်ယောက် ချက်ချင်းပင် စိုးရိမ်သွားရတော့သည်။

“ဘာလို့ တရုတ်တိုင်းရင်းဆေး ဗဟုသုတတွေ လိုအပ်ရတာလဲ”

ယခုခေတ်ကာလတွင် အပြင်ဘက်ကမ္ဘာကြီးက အလွန်ပင် ကမောက်ကမ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

မိသားစုရိုးရာ ဆေးပညာအမွေအနှစ် မရှိဘဲနှင့် ဤတရုတ်တိုင်းရင်းဆေးဗဟုသုတကို မည်သည့်နေရာတွင် သင်ယူနိုင်ပါမည်နည်း။

မည်သူမဆို ဆရာဝန်လုပ်ရန်အတွက် တောင်းဆိုရဲပါက နှစ်ရက်အတွင်း ကွယ်ရာတွင် တိုင်တန်းခြင်းကို ခံရမည်ပင်။

“ငါလည်း ဘယ်သိမှာလဲ၊ ငါက ထုတ်လုပ်မှုပိုင်းကို တာဝန်ယူထားတာမှ မဟုတ်တာ”

လော်ယွီရှို့က လက်ကာပြလိုက်လေ၏။

လုချင်းလန်က စိတ်ထဲမှ တွေးလိုက်လေသည်။

နင်က ထုတ်လုပ်မှုပိုင်းကို တာဝန်မယူပေမဲ့ ထုတ်လုပ်မှုပိုင်းကို တာဝန်ယူထားတဲ့လူကိုတော့ ထိန်းချုပ်ထားနိုင်တာပဲ။

ဒီစုဝေ့မင်ကတော့ တကယ့်ကို ဇီဇာကြောင်တဲ့လူပဲ။ ဘာလို့ ဒီလောက်တောင် စည်းကမ်းကြီးနေရတာလဲ။

သို့သော် စုဝေ့မင်က ထိုအလုပ်အကဲဖြတ်မှု စံနှုန်းကို ထုတ်ပြန်ပြီးကတည်းက သူမခင်ပွန်း၏ မိသားစုမှ ဦးလေး၊ အဒေါ်များက သူမ၏ လုတုန်းရှန်ကို လာရောက် မနှောင့်ယှက်ကြတော့ပေ။

ထို့ကြောင့် စုဝေ့မင်၏ နည်းလမ်းက ကောင်းမွန်ပြီး အနည်းဆုံးတော့ ပြဿနာများစွာကို သက်သာစေသည်ဟု သူမ ခံစားလိုက်ရ၏။

လော်ယွီရှို့က လုချင်းလန်က မည်သို့တွေးနေသည်ကို အပြည့်အဝ သိရှိနေခဲ့သည်။

သူမက အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။

“ဆွေမျိုးတွေကြားထဲမှာ တစ်ဦးကိုတစ်ဦး စည်းကမ်းမရှိဘဲ ကူညီတာက အဆိုးဆုံးပဲ၊

ကူညီရာကနေ ရန်သူဖြစ်သွားတတ်တယ်၊ ငါတို့အနေနဲ့ အချိန်ကျလာရင် လိုအပ်ချက်တွေကိုပဲ တိတိကျကျ ပြောပြလိုက်ရင်ရပြီပဲ၊

သူတို့ စာမေးပွဲအောင်ရင်တော့ ကောင်းတာပေါ့၊ မအောင်ရင်တော့ အဲဒါက သူတို့ပြဿနာပဲ၊ နင်နဲ့ ဘာဆိုင်လို့လဲ၊

ဒါတင်မကသေးဘူး၊ နင့်ရဲ့ သားကြီးကိုလည်း ပြန်တွေးကြည့်ဦး၊ သူက ယူနန်ပြည်နယ်မှာ ..အခုထိ ဒုက္ခရောက်နေတုန်းပဲ မဟုတ်ဘူးလား”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လုချင်းလန် သဘောပေါက်သွား၏။

သူမ၏ အဖိုးတန် သားကြီးက ဒုက္ခရောက်နေဆဲဖြစ်နေချိန်တွင် သူမ၏ ယောက်မများနှင့် အဒေါ်များ၏ သားသမီးများကို အဘယ်ကြောင့် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ခွင့် ပေးရပါမည်နည်း။

လူတိုင်း ကျေးလက်ဒေသကိုသာ ဆင်းကြတာ ပိုကောင်းတာပေါ့။

“ရှင်ကတော့ တကယ့်ကို ထက်မြက်တာပဲ၊ ”

လုချင်းလန်က လော်ယွီရှို့၏ ပုခုံးကို ပုတ်ပေးလိုက်ကာ အိမ်ပြန်သွားခဲ့လေ၏။ အပြင်တွင် ကြောင်အန်းနေသော လော်ယွီရှို့သာ ကျန်ရစ်ခဲ့တော့၏။

သူမက သူမ၏ ပုခုံးကို ကြည့်လိုက်ပြီး လုချင်းလန်က ထွက်သွားသည့် ဘက်ကို ကြည့်ပြီး လီရှန်းကို နားမလည်သည့်အမူအရာဖြင့် မေးလိုက်လေ၏။

“သူမက ငါ့ကို ရွဲ့တာလား”

သူမတွင် မကောင်းသောအကြံအစည်များက ရှိနေသည်လား။

လီရှန်း : “...”

“မဟုတ်ပါဘူး၊ ကျွန်မထင်တာတော့ သူမက ဒီအတိုင်း သာမန်ပဲ ပြောလိုက်တာထင်တယ်”

လုချင်းလန်က ကျေနပ်နေသော အမူအရာရှိနေသောကြောင့် မကောင်းသောအကြံ မရှိနေလောက်ပေ။

လော်ယွီရှို့လည်း နှာခေါင်းရှုံ့လိုက်မိ၏။ သူမက ဤနေ့တွင် စိတ်အခြေအနေ ကောင်းမွန်နေသောကြောင့် လုမျိုးနွယ်အပေါ် စိတ်ဆိုးနေမည် မဟုတ်ပေ။

တစ်ချိန်က သူမကို နာပြောင်မည်ပေးခဲ့သည့် ကိစ္စကိုတော့ ယခုထိ စိတ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

သို့သော် လက်ရှိတွင် အရေးကြီးဆုံးအရာက လီရှန်းပင် ဖြစ်၏။

စောစောက သူမ၏ ပြင်းထန်သော တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူမတွင် အမှန်တကယ်ပင် ကလေးရှိနေခြင်း ဖြစ်နိုင်သည်ဟု တွေးမိသည်။

အကယ်၍ ရှိနေခဲ့လျှင် ထိုကလေးက အတော်လေးဆိုးမည့်ပုံရှိပြီး မမွေးခင်ကတည်းက မိခင်ဖြစ်သူကို ဒုက္ခပေးနေခဲ့လေပြီ။

အိမ်သို့ ပြန်ရောက်သည်နှင့် လော်ယွီရှို့က မေးလိုက်လေ၏။

“အခုထိ ပျို့အန်ချင်နေတုန်းပဲလားအေ”

“မရှိတော့ပါဘူး၊ ကျွန်မ ထမင်းချက်တုန်းက ဆီနံ့တွေရယ်၊ ဝေ့ချင်းဆီက အရက်နံ့ရယ်ကြောင့် နည်းနည်း မအီမသာ ဖြစ်သွားလို့ပါ”

“ရှန်းရှန်း၊ မင်း ကိုယ်ကိုယ်ကိုယ် ဘာဖြစ်နေလဲဆိုတာ သိရဲ့လား”

လီရှန်းက ခေါင်းကို ခါပြလိုက်လေသည်။ သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်ရှိနေသော်လည်း ဆေးပညာကို မည်သည့်အရာမှမသိသော ဇနီးငယ်လေးတစ်ဦးအနေဖြင့် ဤကဲ့သို့သောအရာများကို မသိနားမလည်ဟန် ဆောင်နေခြင်းက သဘာဝကျလေ၏။

လီရှန်းက ခေါင်းကို ခါပြနေသည်ကို မြင်ရသည့်အချိန်တွင် လော်ယွီရှို့ သက်ပြင်းချလိုက်မိ၏။

သူတို့က ကလေးတွေပဲ ရှိသေးတာကိုး။

“မင်း ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တယ်၊ ငါ ဝေ့ဟိုင်တို့ကို ကိုယ်ဝန်ဆောင်တုန်းကလည်း ဒီလို တုံ့ပြန်မှုမျိုး ရှိခဲ့တာ”

လော်ယွီရှို့က လီရှန်း၏ လက်ကို ကိုင်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် မဖုံးကွယ်နိုင်သော ဝမ်းသာမှုများက ပြည့်နှက်နေခဲ့လေ၏။

လီရှန်းတွင် ကိုယ်ဝန်ရှိနိုင်ခြေရှိခြင်းက သူမကို အလွန်ပင် ပျော်ရွှင်စေခဲ့သည်က ထင်ရှားလွန်းသည်။

လီရှန်းက အံ့ဩဟန်ဆောင်လိုက်ပြီးနောက် မယုံကြည်နိုင်သော အမူအရာဖြင့် ခေါင်းကို ခါပြလျက် ပြောလိုက်လေ၏။

“မဖြစ်နိုင်တာ၊ မဖြစ်နိုင်ပါဘူးအမေ”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ မင်းတို့ ဇနီးမောင်နှံနှစ်ယောက်က ဆက်ဆံရေးလည်းကောင်းတယ်၊ နှစ်ယောက်လုံးကလည်း ငယ်ရွယ်ပြီး ကျန်းမာရေးလည်း ကောင်းကြတာပဲ၊ ကိုယ်ဝန်ရတာက ပုံမှန်ပဲမဟုတ်လား”

လော်ယွီရှို့က လီရှန်း၏ လက်ကို ပုတ်လျက် စိတ်အေးအောင် ဖျောင်းဖျလိုက်လေသည်။

“မကြောက်ပါနဲ့၊ မနက်ဖြန်မနက်ကျရင် အမေ မင်းနဲ့အတူ စက်ရုံဆေးရုံကို သွားပြီး စစ်ဆေးကြည့်ပေးမယ်၊

တကယ်လို့ ကိုယ်ဝန်ရှိတယ်ဆိုရင်တော့ ငါတို့တွေ ပြန်လာပြီး အာဟာရတွေ ကောင်းကောင်း ဖြည့်ရမှာပေါ့၊ ကိုယ်ဝန်မရှိဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး”

လော်ယွီရှို့က ထိုသို့ပြောဆိုသော်လည်း သူမ၏ စိတ်ထဲတွင် လီရှန်းတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို အပြည့်အဝ အတည်ပြုထားခဲ့ပြီ ဖြစ်သည်။

လီရှန်းက မျက်နှာလေး နီရဲလျက် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့၏။

ထို့နောက်မှသာ လော်ယွီရှို့က သူမကို အခန်းထဲသို့ ပြန်၍ အိပ်ခိုင်းလိုက်လေတော့သည်။

*

အခန်း(232)

စုဝေ့ချင်းက သူကိုယ်သူ သန့်စင်အောင် ဆေးကြောပြီးနောက် ဇနီးဖြစ်သူကို ပွေ့ဖက်ရန်အတွက် ပြန်လာခဲ့၏။

သို့သော် တံခါးဝသို့ ရောက်ရှိသည်နှင့် မိခင်ဖြစ်သူ၏ တားဆီးခြင်းကို ခံလိုက်ရပြီး လီရှန်းတွင် ကိုယ်ဝန်ရှိနိုင်ခြေရှိသည်ဟူသော သတင်းကောင်းကို ကြားလိုက်ရတော့သည်။

စုဝေ့ချင်းက ကြောင်အန်းသွားပြီးနောက် ရေရွတ်လိုက်မိ၏။

“ဘာလို့ ဒီလောက်တောင် အမြန် ကိုယ်ဝန်ရသွားရတာလဲ”

သူ့အနေဖြင့် ဇနီးဖြစ်သူနှင့်အတူ နှစ်ယောက်တည်း ကမ္ဘာလေးကို ဖြတ်သန်းချင်သေးသည် မဟုတ်ပါလား။

“ဒီကလေးကတော့၊ ကိုယ်ဝန်ရတာ ဘာဖြစ်လို့လဲ၊ စောစောမွေးတော့ စောစော သုခခံစားရတာပေါ့၊ မင်းက ဘာမှမသိသေးပါဘူး”

စုဝေ့ချင်းက နှုတ်ခမ်းကို ဆူလိုက်မိ၏။ သူတို့က စောစီးစွာ မိဘဖြစ်လာကြသည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။

သူနှင့် လီရှန်းက ထိုမျှလောက် မကြီးသေးသောကြောင့် နောက်ထပ်နှစ်အနည်းငယ်ကြာမှ မိဘဖြစ်လာခြင်းက ပို၍ အဆင်ပြေနိုင်၏။

သို့သော်လည်း...

အကယ်၍ ရဲဘော် လီရှန်းသာ အမှန်တကယ် ကိုယ်ဝန်ရှိခဲ့လျှင်လည်း သူက လုံးဝ မုန်းတီးလိမ့်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ ချစ်ခြင်းမေတ္တာအသွေးအသားလေးက လီရှန်း၏ ဗိုက်ထဲတွင် ကြီးပြင်းနေပြီဟု တွေးမိရုံမျှဖြင့် စုဝေ့ချင်း၏ နှလုံးသားက ဗုံတီးသကဲ့သို့ အပြင်းအထန် ခုန်လာခဲ့ပြီး လက်နှစ်ဖက်လုံးပင် ထုံကျင်သွားခဲ့ရသည်။

စုဝေ့ချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်ရသည််အချိန်တွင် လော်ယွီရှို့အနေဖြင့် မျက်စောင်းမထိုးဘဲ မနေနိုင်တော့ပေ။

“ရှန်းရှန်းကို မလိုအပ်တဲ့ စကားတွေ သွားမပြောနဲ့ဦး၊ သူမကို စိတ်ဖိစီးမှု မပေးနဲ့၊

မနက်ဖြန်မနက်ကျရင် ငါ ရှန်းရှန်းကို စက်ရုံဆေးရုံကို သွားပြီး စစ်ဆေးပေးမယ်၊ ရုံးခန်းထဲက တခြားသူတွေကိုလည်း မပြောနဲ့ဦးနော်၊ ဟုတ်ပြီလား”

ကိုယ်ဝန်ရှိစ ရက်ပိုင်းတွင် အနည်းဆုံး နှစ်လခန့်လျှို့ဝှက်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။

စုဝေ့ချင်းက အဆက်မပြတ် ခေါင်းကို ညိတ်ပြလိုက်လေ၏။

သို့သော်လည်း...

“အစ်ကိုနဲ့ မရီးကိုလည်း ဘာမှမပြောပါနဲ့ဦး”

ဝူလီက မနက်ဖြန်တွင် တူနှစ်ယောက်ကို ခေါ်ပြီး လာဦးမည် ဖြစ်သည်။

“ဘာမှမပြောပါဘူး”

လော်ယွီရှို့က သူမ၏ ချွေးမကြီး၏ သေးသိမ်သော စရိုက်ကို တွေးမိရုံမျှဖြင့် ခေါင်းခဲသွားရတော့၏။

ဝူလီက စုဝေ့ဟိုင်နှင့်အတူ ကလေးရရန်အတွက် အပြင်းအထန် ကြိုးစားနေခဲ့သည်။

သို့သော် စုဝေ့ဟိုင်က နှစ်လခန့်ကြာအောင် အိမ်သို့မပြန်ဘဲ အပြင်ထွက်နေခဲ့သည် မဟုတ်ပါလား။

ဝူလီတွင် လယ်ကွင်းရှိသော်လည်း ထွန်ယက်မည့် နွားမရှိသကဲ့သို့ပျိုးကြဲမည့် မျိုးစေ့လည်း မရှိပေ။

အကယ်၍ တတိယချွေးမတွင် ကလေးရှိနေပြီကို သူမတို့က သိသွားပါက အကြီးအကျယ် မနာလိုဖြစ်ကြဦးမည်က သေချာသည်။

နောက်တစ်နေ့မနက်တွင် လီရှန်းက ရုံးခန်းသို့သွား၍ တာဝန်သတင်းပို့လိုက်ပြီး ဒါရိုက်တာဝမ်ကို အခြေအနေကို ရှင်းပြလိုက်လေ၏။

ဒါရိုက်တာဝမ်၏ အံ့ဩနေသော အကြည့်အောက်တွင် သူမက လော်ယွီရှို့နှင့်အတူ စက်ရုံဝင်းထဲရှိ ဆေးရုံသို့ ထွက်ခွာခဲ့တော့သည်။

စက်ရုံဆေးရုံက အလွန်မကြီးသော်လည်း မသေးလွန်းပေ။

ထိုဆေးရုံတွင် ဝန်ထမ်း ခုနစ်ဦး ရှိသည်။

ငွေကိုင်တစ်ဦး၊ ဆေးပေးဝေသူတစ်ဦး၊ သူနာပြု သုံးဦးနှင့် တာဝန်ခံဆရာဝန် နှစ်ဦးရှိလေ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။

ဆရာဝန်နှစ်ဦးလုံးက အထွေထွေရောဂါကုဆရာဝန်များ ဖြစ်ကြလေ၏။

သို့သော် အမျိုးသမီးဆရာဝန်က ကိုယ်ဝန်ဆောင်စစ်ဆေးမှုနှင့် မွေးဖွားမှုများကိုပါ တာဝန်ယူပြီး အမျိုးသားဆရာဝန်က ကလေးရောဂါပညာရပ်ကို တိုးမြှင့်သင်ယူနေခဲ့သူ ဖြစ်သည်။

သူတို့နှစ်ဦးက အပြန်အလှန် ဖြည့်ဆည်းပေးလျက် စက်ရုံဆေးရုံကို ပိုမို၍ ကြီးမားပြီး ခိုင်မာလာအောင် ပူးပေါင်းလုပ်ဆောင်နေကြခြင်း ဖြစ်၏။

လီရှန်းက ဆေးရုံထဲသို့ ဝင်လိုက်သည်နှင့် ဆေးရုံ၏ ပတ်ဝန်းကျင်ကို အတော်လေး သဘောကျသွားမိသည်။

ဤနေရာကမှ သူမ အလုပ်လုပ်ချင်သော နေရာမျိုး ဖြစ်၏။

ကံမကောင်းစွာဖြင့် လက်ရှိတွင် သူမက ဆေးပညာကို မည်သည့်အရာမှမသိဘဲ ဆေးဝါးဗေဒ ဗဟုသုတ အနည်းငယ်သာရှိသော အလုပ်သင်အသစ်တစ်ဦးသာ ဖြစ်သည်။

သူမအနေဖြင့် ဆေးရုံတွင် ဆရာဝန်ဖြစ်လာရန်အတွက် မဖြစ်နိုင်သကဲ့သို့ သူနာပြုတစ်ဦးဖြစ်ရန်ပင် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

အကယ်၍ ဆေးညွှန်းများကို အလွတ်ကျက်မှတ်နိုင်ပါက ဆေးပေးဝေသူတစ်ဦးတော့ ဖြစ်လာနိုင်ပေလိမ့်မည်။

သို့သော် ဆေးပေးဝေခြင်းထက် နည်းပညာဌာနမှာနေ၍ အခြေအနေများကို စောင့်ကြည့်နေခြင်းက ပို၍ ကောင်းမွန်လေသည်။

လော်ယွီရှို့က အရင်ဆုံး ငွေပေးချေလိုက်ပြီးနောက် လီရှန်းကို အမျိုးသမီးဆရာဝန်ဖြစ်သော ဆရာဝန်မကြီးနှင့် သွားရောက်ပြသပေးခဲ့၏။

ဆရာဝန်မကြီးက အသက်ငါးဆယ်ခန့်ရှိပြီဖြစ်ပြီး ဆံပင်များဖြူကာ ကိုယ်ခန္ဓာပိန်ပါးသူ ဖြစ်သည်။

သူမက မျက်မှန်အထူကြီးကို တပ်ထားပြီး မျက်နှာအမူအရာက အနည်းငယ် တည်ကြည်လွန်း၏။

သူမတို့က ရောက်ရှိချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦးက သူမတို့၏ အရှေ့တွင် စစ်ဆေးမှု ခံယူနေခဲ့သည်။

အခြေအနေက အလွန် ကောင်းမွန်ပုံမရပေ။

ထိုကိုယ်ဝန်ဆောင်အမျိုးသမီးက နေမကောင်းဟန်ရှိပြီး ဖောင်ကို ကိုင်ထားသော လက်များကလည်း အနည်းငယ် တုန်ရင်နေခြင်းကြောင့် ဖြစ်၏။

ဆရာဝန်မကြီး၏ လေသံက ညင်သာဆဲဖြစ်ပြီး ခပ်တိုးတိုးဖျောင်းဖျလိုက်လေသည်။

“အိမ်ကို ပြန်ပြီး မိသားစုနဲ့ သေသေချာချာ တိုင်ပင်ကြည့်ပါဦး၊

ကလေးရဲ့ အနေအထားက နည်းနည်း ပြောင်းပြန်ဖြစ်နေလို့ ခရိုင်ဆေးရုံမှာ သွားမွေးတာ အကောင်းဆုံးပဲ၊

အဲဒီမှာ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေ ပိုများတယ်လေ၊ စက်ရုံဆေးရုံက ဆေးခန်းအသေးစားလေးပဲဆိုတော့ တကယ်လို့ ခွဲစိတ်မွေးဖွားရမယ့် အရေးပေါ်အခြေအနေမျိုး ဖြစ်လာရင် ကျွန်မတို့တွေဆီမှာ ပြင်ဆင်ထားတဲ့ စက်ပစ္စည်းတွေ မရှိဘူး”

“တကယ်ပဲ ခရိုင်ဆေးရုံအထိ သွားရမှာလား”

“ကျွန်မရဲ့ အကြံပြုချက်ကတော့ ဒါက အကောင်းဆုံးနည်းလမ်းပါပဲ၊

မင်းလည်း အသက်မငယ်တော့သလို ဒါက ပထမဆုံး ကလေးလည်း ဖြစ်တယ် မဟုတ်ဘူးလား၊

မွေးဖွားရမဲ့ လုပ်ငန်းစဉ်က နည်းနည်း ကြာမြင့်နိုင်တယ်၊ ခရိုင်ဆေးရုံမှာ သွားမွေးတာက ပိုပြီးတော့ စိတ်ချရတာပေါ့”

ကိုယ်ဝန်ဆောင် အမျိုးသမီး၏ စိတ်အခြေအနေက ချက်ချင်းပင် ကျဆင်းသွားရတော့၏။

အကယ်၍ စက်ရုံဆေးရုံတွင် မွေးဖွားပါက စက်ရုံက ကုန်ကျစရိတ် တချို့ကို ပြန်လည်၍ ထုတ်ပေးမည့်အပြင် စက်ရုံ၏ ဆေးဝါးများကိုလည်း အခမဲ့ အသုံးပြုနိုင်သည်။

သို့သော် ခရိုင်ဆေးရုံသို့ သွားရောက်ပါက စက်ရုံက ကုန်ကျစရိတ်ကို ပြန်မပေးနိုင်သည့်အပြင် စက်ရုံနှင့် ခရိုင်ဆေးရုံက အတော်လေး ဝေးလံလွန်းသောကြောင့် သွားရလာရသည်ကလည်း အလွန်ပင် အဆင်မပြေပေ။

“ဒေါက်တာ၊ ကျွန်မ..”

ကိုယ်ဝန်ဆောင်အမျိုးသမီးက အနည်းငယ် ထပ်မံ၍ ကြိုးစားကြည့်ချင်သေး၏။

“မင်းရဲ့ ကိုယ်ဝန်လကလည်း အရမ်း မရင့်သေးတော့ နောက်ပိုင်းကျရင် ကလေးက အနေအထား ပြန်မှန်သွားနိုင်ပါတယ်၊

တကယ်လို့ အနေအထား ပြန်မှန်သွားရင်တော့ စက်ရုံဝင်းထဲမှာပဲ မွေးလို့ရတာပေါ့”

ဆရာဝန်မကြီးတင်းက အဆိုးဆုံး အခြေအနေကို အရင်ပြောပြပြီးမှ စိတ်သက်သာရာရစေမည့် စကားကို ထပ်ပေါင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကောင်းပါပြီ၊ ကျွန်မ ဒေါက်တာ ပြောတဲ့အတိုင်း အိမ်ပြန်ပြီး ဒူးထောက်လေ့ကျင့်ခန်း လုပ်ပါ့မယ်”

ထိုစကားကို ကြားလိုက်ရသည့်အချိန်မှသာ ကိုယ်ဝန်ဆောင်အမျိုးသမီးက လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူမက ကျေးဇူးတင်သော မျက်နှာအမူအရာဖြင့် အထပ်ထပ် ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ဆရာဝန်မကြီးက တခြားစကားများကို ထပ်ပြောမည်ကို စိုးရိမ်ဟန်ဖြင့် အမြန်ပင် နှုတ်ဆက်၍ ထွက်ခွာသွားတော့၏။

ဆရာဝန်မကြီးက သက်ပြင်းချလျက် ခေါင်းကို ခါလိုက်ပြီး လူနာ၏ မှတ်တမ်းကို ဆက်လက်၍ ရေးသားနေသည်။

အမျိုးသမီးအဖွဲ့ချုပ်၏ ဒါရိုက်တာတစ်ဦးအနေဖြင့် လော်ယွီရှို့က ဆရာဝန်မကြီးနှင့် မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြ၏။

သူမက အခြေအနေကို မြင်သည်နှင့် မည်သို့ဖြစ်သည်ကို သဘောပေါက်သွားပြီး လီရှန်းကို အထဲသို့ ခေါ်ဆောင်သွားပြီး မေးလိုက်လေ၏။

“သူက လရင့်နေပြီကို အခုထိ ဒူးထောက်ပြီး မလေ့ကျင့်ချင်သေးဘူးလား”

ခုတင်ပေါ်တွင် ဒူးထောက်ခြင်း ဆိုသည်က ကလေး၏ အနေအထား မမှန်ခြင်းကို ကုသသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

(T/n : knee-chest position)

ဤအမူအရာကို အသုံးပြု၍ ပြောင်းပြန်ဖြစ်နေသော ကလေးကို အနေအထား ပြန်မှန်လာအောင် တွန်းပို့ပေးခြင်းဖြင့် သဘာဝအတိုင်း မွေးဖွားနိုင်မည် ဖြစ်၏။

“ကလေး အနေအထား မမှန်တာကို သိသိကြီးနဲ့ ဘာလို့ ကုတင်ပေါ်မှာ ဒူးမထောက်တာလဲ၊

ဆရာဝန်တွေကို တကယ်ပဲ နတ်ဘုရားတွေလို့ ထင်နေကြတာလား မသိဘူး”

ဒေါက်တာတင်းက ခေါင်းကို မဖော်ဘဲ စာကိုသာ အပြင်းအထန် ဆက်လက်၍ ရေးသားနေရင်း တခြားလက်တစ်ဖက်ဖြင့် ဘေးရှိ ထိုင်ခုံကို ညွှန်ပြပြီး ပြောလိုက်လေသည်။

“ထိုင်ကြလေ”

လော်ယွီရှို့အနေဖြင့် ထိုင်ခြင်းမပြုဘဲ လီရှန်းကို ဆွဲခေါ်ပြီး သူမ၏ ပုခုံးကို ဖိလျက် အရင်ထိုင်ခိုင်းလိုက်လေ၏။

ဒေါက်တာတင်းက အံ့ဩခြင်းမရှိပေ။ အမှန်စင်စစ် သူမက ကျင့်သားရနေခဲ့လေပြီ။

လော်ယွီရှို့က စရိုက်ဆတ်သော်လည်း အမှန်တကယ်တွင် အလွန်ပင် အလိုက်သိတတ်သူတစ်ဦးဖြစ်၍ ဤသို့ ပြုလုပ်ခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေ။

“ရှင်ကတော့ ကိစ္စမရှိရင် ဒီကို လာတတ်တဲ့လူ မဟုတ်ပါဘူး၊ ဒီနေ့ရော ဘယ်သူ့ရဲ့ ဇနီးကို ခေါ်လာပြီး ပြသတာလဲ”

“ငါ့ရဲ့ ချွေးမလေ”

လော်ယွီရှို့က သူမ၏ ရင်ဘတ်ကို ပင့်လိုက်ပြီး သူမ၏ လေသံတွင် ဂုဏ်ယူမှုများက မဖုံးကွယ်နိုင်ဘဲ ပြောလိုက်လေ၏။

“သူမကလည်း ငါတို့စက်ရုံရဲ့ နည်းပညာဌာနက ဝန်ထမ်းတစ်ဦးပဲ”

ထိုအချိန်မှ ဒေါက်တာတင်းက ခေါင်းကို မော့ကြည့်လိုက်တော့သည်။

သူမက မျက်မှန်ကို ပင့်တင်လိုက်ပြီး လီရှန်း၏ မျက်နှာကို သေသေချာချာ အကဲခတ်လိုက်ကာ လော်ယွီရှို့ကို ကြည့်၍ မေးလိုက်လေ၏။

“ရှင့်သား သားသုံးယောက်လုံး အိမ်ထောင်ကျသွားပြီလို့ ကျွန်မကြားထားတာ၊

ရှင့်ရဲ့ အသစ်စက်စက်ချွေးမတွေကို ဘယ်တော့ခေါ်လာမလဲလို့တောင် ကျွန်မတွေးနေသေးတယ်၊

ဒီလောက်တောင် မြန်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒါက သားကြီးရဲ့ ဇနီးလား၊ သားငယ်ရဲ့ ဇနီးလား”

“တတိယသားရဲ့ ဇနီးပါ”

လော်ယွီရှို့က ဒေါက်တာတင်း၏ စကားပြောပုံကို ကျင့်သားရနေခဲ့ပြီဖြစ်၍ ရောဂါလက္ခဏာများကို တိုက်ရိုက်ပင် ရှင်းပြလိုက်လေသည်။

“မနေ့ညက တုံ့ပြန်မှုတချို့ ရှိခဲ့လို့ရောက်လာကြတာ”

“ရှင်တို့ကလည်း လောလိုက်တာ”

သူတို့က အနည်းငယ်မျှသာ တုံ့ပြန်မှုရှိသေးသည်ကို လာရောက်စစ်ဆေးနေလေသည်။

သူမကို တကယ့် အံ့ဖွယ်ဒေါက်တာလို့ ထင်နေကြတာလား မသိဘူး။

သို့သော် သူမက ဘေးရှိ ခေါင်းအုံးလေးကို လက်ဖြင့် ပုတ်လိုက်ပြီး ပြောလိုက်လေ၏။

“လက်ကို ဒီပေါ်တင်လိုက်ပါဦး၊ ကျွန်မ သွေးခုန်နှုန်း စမ်းကြည့်ရအောင်”

လီရှန်းက အနည်းငယ် အံ့ဩသွားပြီး လော်ယွီရှို့ကို မော့ကြည့်လိုက်လေ၏။

လော်ယွီရှို့က လီရှန်းတစ်ယောက် ကြောက်လန့်နေသည်ဟု ထင်မှတ်သောကြောင့် အမြန်ပင် ဖျောင်းဖျလိုက်လေသည်။

“လောင်တင်းရဲ့ ပညာက မိသားစုရိုးရာအမွေအနှစ်ပဲ၊ သုံးနှစ်သမီးကတည်းက ဆေးကျမ်းတွေကို ရွတ်ဖတ်ခဲ့တာ၊

သူများတွေ ဘာပြောပြော ငါတို့တွေ ဂရုစိုက်နေစရာ မလိုပါဘူး၊ ဒီလိုပညာမျိုးက ငါတို့စက်ရုံမှာ မရှိဘူးလေ၊ လောင်တင်းရဲ့ ဆေးပညာက တကယ့်ကို ထူးချွန်တယ်”

“ကျွန်မက နည်းနည်း အံ့ဩသွားရုံသက်သက်ပါပဲ”

လီရှန်းက ခပ်တိုးတိုး ပြန်ပြောလိုက်ရင်း မည်သည့် အဓိပ္ပာယ်မျှ မရှိကြောင်းကို ပြသလိုက်လေ၏။

ထို့နောက် သူမက သူမ၏ လက်ကို ခေါင်းအုံးလေးပေါ်သို့ တင်လိုက်၏။

*

All Chapters