← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း(233)

ဒေါက်တာတင်းက ဆယ်မိနစ်ခန့်ကြာအောင် စမ်းသပ်ပြီးနောက်မှ လက်ကို ပြန်ရုပ်လိုက်ပြီး လူနာမှတ်တမ်းကို ဆက်လက်၍ ရေးသားလေတော့၏။

“သူမမှာ ကိုယ်ဝန်ရှိနေပြီ၊ အစောပိုင်း အဆင့်ပဲရှိသေးတယ်၊ ခန္ဓာကိုယ်က နည်းနည်း အားနည်းနေသလို သွေးအားလည်း နည်းနည်းနည်းနေပုံရတယ်၊

အိမ်ပြန်ရောက်ရင် အာဟာရဖြစ်မယ့် အစားအစာကောင်းတွေကို ဝယ်ကျွေးလိုက်ပါ၊

ဒါပေမဲ့ အရမ်းတော့ မဖြစ်စေနဲ့ပေါ့၊ တကယ်လို့ ငန်းဥတွေရှိရင် ပိုကောင်းတာပေါ့၊ သူမကို တစ်နေ့ ဥတစ်လုံး စားခိုင်းလိုက်ပါ”

“ကောင်းပါပြီ၊ ကျွန်မ အခုချက်ချင်း ငန်းဥတွေရအောင် နည်းလမ်းရှာလိုက်ပါ့မယ်”

လော်ယွီရှို့က ဝမ်းမြောက်ဝမ်းသာဖြင့် သဘောတူလိုက်လေ၏။

လက်ရှိတွင် ငန်းဥများကို ဝယ်ယူရန်အတွက် ခက်ခဲလွန်းသော်လည်း လီရှန်း၏ ကျန်းမာရေးကို ကောင်းမွန်လာစေရန်အတွက် သူမက အတတ်နိုင်ဆုံး ရှာဖွေပေးရမည်ပင်။

ဒေါက်တာတင်းက လီရှန်းအတွက် မည်သည့်ဆေးမျှ မညွှန်းခဲ့ပေ။

ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိသည်ဟု သူမက ယုံကြည်ထား၏။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ခန္ဓာကိုယ်ကို နွေးထွေးအောင်ထားပြီး ဖျားနာခြင်းမရှိအောင် နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်

သည်။

နောက်ဆုံးတွင် သူမက ပြက္ခဒိန်ကို အထပ်ထပ် လှန်ကြည့်ရင်း လီရှန်း၏ မွေးဖွားမည့်ရက်ကို တွက်ချက်ပေးလိုက်ပြီး (10)လမြောက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ၏။

“တကယ်လို့ ထူးခြားတဲ့ အပြောင်းအလဲမရှိရင်တော့ ဒီလရဲ့ ဆယ့်ငါးရက်ဝန်းကျင်မှာ ဖြစ်လိမ့်မယ်”

လီရှန်းက ဒေါက်တာတင်းက ညွှန်ပြလိုက်သော အချိန်ကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက်များက ပိုမို၍ ကြီးစိုးလာခဲ့ရ၏။

လှန်လိုက်ရသော ရက်စွဲများက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီးနောက် အရာအားလုံး ပြီးဆုံးသွားသည့်အချိန်တွင် သူမ၏ ကလေးငယ်က ဤကမ္ဘာမြေပေါ်သို့ မွေးဖွားလာပေလိမ့်မည်။

ထိုကလေးက မစ်ရှင်ကမ္ဘာများထဲရှိ ကြေကွဲစရာကောင်းသော ကလေးဘဝကို ဖြတ်သန်းခဲ့ရပြီးမှ အောင်မြင်လာမည့် ဇာတ်လိုက်များကဲ့သို့ မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်နှင့် သွေးသားချင်း တော်စပ်ပြီး သူမနှင့် အပြည့်အဝ သက်ဆိုင်နေမည့် ကလေးငယ် ဖြစ်သည်။

သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုက တိုးဝှက်လာခဲ့ကာ လီရှန်းတစ်ယောက် သူ၏ ဗိုက်လေးကို အလိုအလျောက် ပွတ်သပ်လိုက်မိတော့၏။

“ဘယ်လိုလဲ၊ ထူးဆန်းနေလို့လား”

လော်ယွီရှို့က သူမ၏ ပုံမှန် တည်ငြိမ်လွန်းသော ချွေးမဖြစ်သူက ယခုကဲ့သို့ ငေးမှိုင်နေသည်ကို မြင်ရသောကြောင့် အနည်းငယ် ရယ်ချင်စိတ် ဖြစ်သွားရ၏။

သို့သော် သူမက လီရှန်း၏ တုံ့ပြန်မှုကို နားလည်ထားလေသည်။ သူမကိုယ်တိုင်လည်း ယခင်က ဤသို့ ဖြစ်ခဲ့ဖူးခြင်းကြောင့် ဖြစ်၏။

သူမက သက်ပြင်းချလိုက်မိပြီး ပြောလိုက်လေသည်။

“ငါ ဝေ့ဟိုင်ကို ကိုယ်ဝန်ဆောင်တုန်းကလည်း ငါ့ဗိုက်ထဲမှာ ကလေးရှိနေတယ်ဆိုတာကို လုံးဝ မယုံနိုင်ခဲ့ဘူး၊

သူ့ကို မွေးလာတဲ့အထိတောင် နေ့တိုင်း သူ့ကို စိုက်ကြည့်ရင်း ငါက လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာ တကယ့်ကို အံ့ဩစရာပဲလို့ တွေးနေမိတာ”

“ဖူး!”

အစောပိုင်းက ထူးဆန်းသော ခံစားချက်များကြောင့် ငေးမှိုင်နေခဲ့သော လီရှန်းသည်ကား လော်ယွီရှို့၏ ပြောဆိုပုံကြောင့် ရယ်မောမိသွားရတော့၏။

လော်ယွီရှို့ကလည်း လိုက်လံရယ်မောရင်း ပြောလိုက်လေသည်။

“ကောင်းပြီ၊ အမေ မင်းကို ရုံးခန်းအထိ လိုက်ပို့ပေးမယ်၊ ဒီရက်ပိုင်းအတွင်း အစစအရာရာ သတိထားဦး၊

ခန္ဓာကိုယ်ကို အရမ်း အပင်ပန်းမခံနဲ့နော်၊ လောင်ဝမ်ကိုလည်း သွားပြောပြထားလိုက်၊

သူ မင်းကို အလုပ်ပင်ပန်းတာတွေ ခိုင်းမှာ မဟုတ်ပါဘူး”

“ကျွန်မတို့ဌာနက အတော်လေး အေးဆေးပါတယ် အမေ၊ ကိုယ်လက်လှုပ်ရှား အပင်ပန်းခံရတဲ့ အလုပ်မျိုးတွေလည်း အတော်လေး ရှားပါတယ်”

နည်းပညာဌာနတွင် အဓိကအားဖြင့် စာရေးမှတ်ရသည့်အလုပ်များသာ ရှိကြသောကြောင့် ပင်ပန်းကြီးစွာ လုပ်ကိုင်ရသော အလုပ်မျိုးက သိပ်မရှိပေ။

သို့သော် လော်ယွီရှို့၏ အမြင်တွင် အလုပ်ပင်ပန်းခြင်းဆိုသည်က ကိုယ်လက်လှုပ်ရှား အလုပ်လုပ်ရခြင်းသက်သက်ကို ဆိုလိုခြင်း မဟုတ်ပေ။

အနည်းဆုံးတော့ အလုပ်ရုံဘက်သို့ ဆင်းရခြင်းက ကိုယ်လက်လှုပ်ရှားမှု ဖြစ်သည့်အပြင် အလုပ်ရုံထဲ၌လည်း ဆေးဝါးမျိုးစုံက ရှိနေသောကြောင့် လီရှန်းအနေဖြင့် ထိုအရာများနှင့် ထိတွေ့ခြင်းမရှိအောင် ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်သည်။

လီရှန်းက အနည်းငယ် ရယ်လည်းရယ်ချင်သွ သူမ၏ ယောက္ခမဖြစ်သူက အနည်းငယ် အစိုးရိမ်လွန်နေသည်ဟုပင် ခံစားလိုက်ရလေ၏။

ဤအလုပ်ရုံထဲရှိ အမျိုးသမီးအလုပ်သမားများစွာကလည်း ကိုယ်ဝန်ဆောင်ထားကြသူများ ဖြစ်ကြသည်မဟုတ်ပါလား။

လူတိုင်းက ဗိုက်ကြီးတကားကားဖြင့် အလုပ်လုပ်နေကြတာပဲလေ။ သူမကျမှ ဘာလို့ ဆေးနံ့တွေ ရလို့မရမှာလဲ။

ထို့အပြင် ယခုခေတ်ကာလတွင်ပင် ဆေးဝါးထုတ်လုပ်မှုကို ပိုးသတ်သန့်စင်ထားသော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ကြသောကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေရန် မဖြစ်နိုင်ပေ။

ကံမကောင်းစွာဖြင့် လော်ယွီရှို့က ထိုအချက်ကို ဇွတ်အတင်း ပိတ်ပင်နေခဲ့သည်။

လီရှန်းကလည်း ယောက္ခမဖြစ်သူက သူမ၏ ကောင်းကျိုးအတွက် ပြုလုပ်ပေးခြင်းဖြစ်သည်ကို သိထားသောကြောင့် ထပ်မံ၍ မဖျောင်းဖျတော့ဘဲ သူမ၏ ဌာနသို့သာ ပြန်လာခဲ့တော့၏။

လော်ယွီရှို့က ငန်းဥများကို ဝယ်ယူရန်အတွက် အပြင်သို့ ထွက်ရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးတွင် သူမလည်း မတတ်နိုင်တော့ဘဲ သူမ၏ ချွေးမကြီးဖြစ်သူ ဝူလီကို အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။

ဝူလီတစ်ယောက် အလုပ်လုပ်နေချိန်တွင် ကုန်တိုက်ထဲသို့ လော်ယွီရှို့က ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရလေ၏။

သူမက ထိတ်လန့်သွားပြီး နေကြာစေ့များကို အိတ်ကပ်ထဲသို့ အလျင်အမြန်ပင် ထိုးထည့်လိုက်ကာ ရေသောက်၍ ပါးစပ်ကို ပလုတ်ကျင်းလိုက်ရသည်။

နောက်ဆုံးတွင် မှန်အသေးလေးဖြင့် နှုတ်ခမ်းတစ်ဝိုက်တွင် အစွန်းအထင်းများ ရှိမရှိကို သေသေချာချာ စစ်ဆေးပြီးနောက်မှသာ ကောင်တာထောင့်စွန်းသို့ ပြေးသွားပြီး တံခါးဝရှိ လော်ယွီရှို့ကို လှမ်း၍ လက်ပြနှုတ်ဆက်လိုက်လေ၏။

“အမေ၊ ကျွန်မ ဒီမှာ”

တံခါးဝတွင် ရပ်လျက် လိုက်လံ၍ ကြည့်ရှုနေသော လော်ယွီရှို့မှာလည်း ထိုအသံကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ဝူလီရှိရာဘက်သို့ လျှောက်လာခဲ့တော့သည်။

“အမေ၊ အလုပ်မလုပ်ဘဲ ကုန်တိုက်ကို ဘာကိစ္စနဲ့ ရောက်လာတာလဲ၊ တစ်ခုခု ဝယ်စရာ ရှိလို့လား”

ဝူလီက သူမ၏ အရည်အချင်းကို ယောက္ခမဖြစ်သူကို သက်သေပြချင်နေသောကြောင့် အလိုက်တသိ မေးမြန်းလိုက်လေ၏။

အိမ်တွင်ရှိချိန်က လီရှန်းကိုသာ လူကြီးများက ချီးမွမ်းနေကြသည်ကို သူမက အမြဲ ကြားရလေ့ရှိသည်။

ပြောရလျှင် လီရှန်းက စက်ရုံဝင်းထဲ၌ နေထိုင်သူဖြစ်သောကြောင့် သူမ၏ အပြုအမူတိုင်းကို ယောက္ခမဇနီးမောင်နှံက မြင်တွေ့နေရသည့်အတွက် စကားပြောစရာ အကြောင်းအရာများက ပိုမို၍ များပြား၏။

သူမအနေဖြင့် ထိုအကြောင်းပြချက်ကို သိထားသော်လည်း စိတ်ထဲတွင် သဘောထားတစ်ခုရှိနေဆဲပင်။

လူတိုင်းက ချွေးမတွေချည်းပဲကို။ ဘာလို့ လူကြီးတွေက ဒီလောက်တောင် ဘက်လိုက်နေရတာလဲ။

“ငါ ဒီကို ပစ္စည်းဝယ်ဖို့ လာတာမဟုတ်ဘူး၊ မင်းနဲ့ တွေ့ဖို့ သက်သက် လာတာ”

လော်ယွီရှို့က အပိုစကားများကို ပြောဆိုခြင်းမရှိဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောချင်နေခဲ့သည်။

ဝူလီတစ်ယောက် အတော်လေး စိတ်လှုပ်ရှားသွားရ၏။

သူမနှင့် တွေ့ရန် သက်သက် လာခြင်းလား။

ဤသို့ဆိုလျှင် အမေက သူမက မည်မျှအထိ တော်သော ချွေးမတစ်ဦးဖြစ်ကြောင်းသိရှိသွားပြီ ဖြစ်ရမည်။

သူမက ချက်ချင်းပင် ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်လေ၏။

“အမေ၊ တစ်ခွန်းသာ ပြောလိုက်ပါ၊ ကျွန်မ တတ်နိုင်သမျှ အောင်မြင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်”

“မင်း ဒီလို စိတ်အားထက်သန်တာ ကောင်းပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ တကယ့်ကို အလေးအနက် ထားပေးရမယ်၊

ဒီနေ့ ငါ ရှန်းရှန်းကို စက်ရုံဆေးရုံကို ခေါ်သွားပြီး စစ်ဆေးပေးခဲ့တယ်၊ ဒေါက်တာတင်းက သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောတယ်၊ဒါပေမဲ့ ကိုယ်ခန္ဓာက နည်းနည်း အားနည်းနေလို့ ငန်းဥတွေ စားပေးရမယ်တဲ့၊

အခုအချိန်မှာ ငန်းဥဝယ်ရတာက အတော်လေး ခက်ခဲတယ် မဟုတ်ဘူးလား၊ မင်းက ကုန်တိုက်မှာဆိုတော့ လူသိသူသိ များမှာပဲလို့ ငါတွေးမိလို့ပါ၊ ငန်းဥရောင်းတဲ့နေရာ ရှိမရှိ ငါ့အတွက် တစ်ချက်လောက် စုံစမ်းပေးပါဦး”

သေချာပေ၏။

လော်ယွီရှို့က လူများကို ဇွတ်အတင်းခိုင်းစေတတ်သော အကျိုးအကြောင်းမရှိသည့် ယောက္ခမမျိုး မဟုတ်ပေ။

သူမက ထမင်းမချက်မီ လီရှန်း၏ သဘောထားကို အရင်မေးလေ့ရှိသကဲ့သို့ ယခု ဝူလီ၏ အလှည့်တွင်လည်း သူမ၏ သဘောထားကို မေးမြန်းခြင်း ဖြစ်သည်။

“မင်း ရှာပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ တကယ်လို့ မရရင်လည်း ထားလိုက်ပါတော့”

ဝူလီ : “...”

ဤကဲ့သို့သော စကားလုံးများက သူမကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေခဲ့၏။

လီရှန်းတွင် ကိုယ်ဝန်ရှိနေပြီဟု ကြားလိုက်ရခြင်းကတည်းက သူမ၏ အစာအိမ် အထိုးခံလိုက်ရသကဲ့သို့ မနာလိုစိတ်များ ဖြစ်ပေါ်စေခဲ့ရလေပြီ။

ယခုအချိန်တွင် ယောက္ခမဖြစ်သူက သူမကို ငန်းဥများကို ဝယ်ပေးရန်အတွက် ထပ်မံ၍ တောင်းဆိုလာပြန်သည်။

အကယ်၍ သူမသာ မကူညီပါက ယောက္ခမဖြစ်သူက သူမကို တတိယသား၏ မိသားစုအပေါ် မနာလိုဖြစ်နေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။

“ကျွန်မ ရှာကြည့်ပေးပါ့မယ်အမေ၊ စိတ်မပူပါနဲ့၊ သေချာပေါက် ဝယ်နိုင်အောင် ကြိုးစားပေးပါ့မယ်”

သူမ၏ စိတ်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်နေသော်လည်း ဝူလီက အံကိုကြိတ်ပြီး ထိုတောင်းဆိုမှုကို သဘောတူလိုက်ရလေတော့၏။

သူမတွင် အခက်အခဲမရှိသည်ကို မြင်ရသည့်အချိန်တွင် လော်ယွီရှို့ကလည်း ဝမ်းသာသွားရလေ၏။

သူမက ဝူလီ၏ လက်ကို ကိုင်လျက် ပုတ်ပေးပြီး ပြောလိုက်လေသည်။

“ဒါဆိုရင်တော့ မင်းကိုပဲ လွှဲလိုက်ပြီနော်၊ ရှန်းရှန်းရဲ့ ကိုယ်ဝန်ကိစ္စကိုလည်း မမေ့နဲ့ဦး၊ အကြီးဆုံးသားကလည်း တစ်နှစ်မှာ ရက်နည်းနည်းလောက်ပဲ အိမ်ပြန်လာနိုင်တာလေ၊

သူ စီမံကိန်းပြီးလို့ ပြန်လာရင် မင်းတို့နှစ်ယောက်လည်း မကြာခင် ကလေးရမှာပါ၊စိတ်မပူပါနဲ့၊ ငါ မင်းတို့ကို ဘယ်တော့မှ အတင်းအကျပ် မတိုက်တွန်းပါဘူး၊

အပြစ်တင်ရမယ်ဆိုရင်လည်း ငါ့ရဲ့ သားအရင်းကိုပဲ အပြစ်တင်မှာပဲ၊ ကိုယ်ကိုယ်ကို စိတ်ဖိစီးမှုတွေ အများကြီး မပေးပါနဲ့ဦး”

လော်ယွီရှို့က ဝူလီ၏ ကလေးရချင်နေသော စိတ်ဆန္ဒကို အစောကြီးကတည်းက သတိပြုမိထားလေသည်။

သူမက သူမ၏ ချွေးမကြီးကို ဖျောင်းဖျလိုက်သည်ဟု ထင်မှတ်နေခဲ့သော်လည်း ဝူလီ၏ အမြင်တွင် သူမ၏ ရင်ဝကို ဓားနှင့် အပြင်းအထန် ထိုးစိုက်လိုက်ခြင်းပင်။

စုမိသားစုကတော့ မလောဘူးပေါ့လေ။

ဘာပဲဖြစ်ဖြစ် စုဝေ့ဟိုင်တွင် သားနှစ်ယောက် ရှိနှင့်ပြီးသား မဟုတ်ပါလား။

*

အခန်း(234)

လီရှန်းက သူမ၏ ကိုယ်ဝန်သတင်းကို အလွန်ပင် လျှို့ဝှက်ထားခဲ့ပြီး ဒါရိုက်တာဝမ်နှင့် ဖန်ထုံကိုသာ ပြောပြထားခဲ့လေ၏။

ဒါရိုက်တာဝမ်က လူပျိုကြီးတစ်ဦး ဖြစ်သော်လည်း ဗဟုသုတ ကြွယ်ဝသူဖြစ်သည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်စောစောပိုင်းတွင် အလွန်အပင်ပန်းမခံသင့်ကြောင်းကို သိရှိထားလေ၏။

သို့သော် သူက အနည်းငယ် စိတ်ပျက်ဟန်ဖြင့် မကျေမနပ် ညည်းတွားလိုက်မိသည်။

“မင်းတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တကယ့်ကို စီစဉ်ထားကြတာပဲ၊ အစ်မလျို့က အပြင်ကိုထွက်သွားပြီးတာနဲ့ လောင်စုကလည်း သူမကို ငါ့ဆီ ပြန်မလွှတ်တော့ဘူး၊

အခုကျတော့ မင်းကလည်း ကိုယ်ဝန်ရှိပြန်ပြီ၊ ငါက မင်းကို သုံးပြီး အစ်မလျို့ရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်ထားတာလေ”

လီရှန်း : “...”

မလုပ်ပါနဲ့။

အစ်မလျို့၏ အလုပ်ကို မည်သူမဆို လုပ်ဆောင်နိုင်သည် မဟုတ်ပေ။

အနည်းဆုံးတော့ သူမ၌ အစ်မလျို့ကဲ့သို့သော သည်းခံနိုင်စွမ်းမရှိပါချေ။

အကယ်၍ သူမသာ ထိုအလုပ်ကို လွှဲပြောင်းယူခဲ့ပါက နှစ်ရက်အတွင်း ဒါရိုက်တာဝမ်ကို အော်ဟစ်ဆဲဆိုနေမိလိမ့်မည်။

ဤတစ်ခဏအတွင်း သူမက သူမတွင် ကိုယ်ဝန်ရှိနေခြင်းအတွက် ကံကောင်းသည်ဟုပင် ခံစားလိုက်ရလေ၏။

မည်သို့ပင်ဖြစ်စေ ဒါရိုက်တာဝမ်မှာ အမှန်တကယ်ကို ကိုင်တွယ်ရခက်ခဲလွန်းသော လူတစ်ဦး ဖြစ်သည်။

“ကောင်းပြီ၊ ငါလည်း အဲဒီလောက်အထိ အသည်းမာတဲ့လူ မဟုတ်ပါဘူး၊ ပြန်တော့ ပြန်တော့”

ဒါရိုက်တာဝမ်က အားအင်မရှိဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏ တစ်ကိုယ်လုံးက ညှိုးငယ်သွားရပြီး စိတ်ပျက်အားလျော့မှု များ ထွက်ပေါ်နေခဲ့သည်။

ဖန်ထုံကတော့ ထိုသတင်းကို ကြားလိုက်ရချိန်တွင် သူမအတွက် များစွာ ဝမ်းသာပေးခဲ့၏။

မည်သို့ပင်ဖြစ်စေ...

“ဇနီးမောင်နှံနှစ်ယောက်က နေ့တိုင်း အတူရှိနေတော့ ကလေးက အမြန်ရတာပေါ့၊

ငါ့ခင်ပွန်းကတော့ သုတေသနဌာနထဲ ဝင်သွားတာနဲ့ ပျောက်ခြင်းမလှ ပျောက်သွားတာပဲ၊ ငါ့မှာ သူ့ကို တွေ့တောင် မတွေ့ရဘူး၊ ကိုယ်ဝန်ရဖို့ဆိုတာ ဝေးရောပဲ”

လီရှန်းက နားလည်မှုရှိစွာဖြင့် ခေါင်းကို ညိတ်ပြလိုက်ပြီး ပြောလိုက်လေ၏။

“ကျွန်မရဲ့ ခဲအိုနဲ့ ယောက်မတို့လည်း ဒီလိုပါပဲ၊ နှစ်လ သုံးလလောက် ဆက်တိုက် လူချင်းမတွေ့ရတာမျိုးတွေ ရှိတယ်”

ဝူလီနှင့် စုဝေ့ဟိုင်တို့အကြောင်းကို ပြောဆိုမိသည့်အချိန်တွင် သူမက မူရင်းဝတ္ထုထဲရှိ ကလေးငယ်အကြောင်းကို သတိရသွားမိ၏။

ထိုကလေးက ယခုအထိ ပေါ်မလာသေးခြင်းကို ကြည့်ခြင်းအားဖြင့် ဇာတ်ကွက်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းထင်ရှားပေသည်။

ဖန်ထုံက ခေါင်းညိတ်လိုက်ပြီးပြောလိုက်လေ၏။

“နင့်ခဲအိုက ငါ့အမျိုးသားထက်တောင် ပိုပြီး အလုပ်ရှုပ်သေးတယ်၊

ဒါရိုက်တာကျန်းက အိမ်ပြန်ပြီး မြေးကို ပြုစုကတည်းက အရေးကြီးတဲ့ တာဝန်တွေအားလုံးက စီမံကိန်းအဖွဲ့ခေါင်းဆောင်ပေါ် ကျရောက်သွားတာလေ၊

အစ်ကိုစုကလည်း အဖွဲ့ခေါင်းဆောင်ရဲ့ အရည်အချင်းရှိတဲ့ လက်ထောက်တစ်ဦး ဖြစ်နေတာကိုး၊

ငါ့အမျိုးသားကတော့ သာမန် သုတေသနပညာရှင်တစ်ဦးပဲဆိုတော့ အခြေအနေချင်း မတူဘူးပေါ့”

“ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အိမ်ပြန်မလာနိုင်ကြတာချင်းတော့ တူတူပါပဲ”

ဖန်ထုံက ထိုအရာများကို ဂရုမစိုက်ပေ။ သူမက သိထားသည်က သူမ၏ ခင်ပွန်းက စီမံကိန်းအဖွဲ့ထဲသို့ ဝင်ရောက်သွားခဲ့သည့် ပြီးခဲ့သည့် ခြောက်လအတွင်း အိမ်သို့ နှစ်ကြိမ်သာ ပြန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမအတွက်တော့..

“အမှန်အတိုင်းပြောရရင်၊ ငါကတော့ တစ်ယောက်တည်းနေရတာ အတော်လေး အေးချမ်းတယ်လို့ ခံစားရတယ်”

လီရှန်းက သူမကို အနည်းငယ် နားမလည်သည့်အမူအရာဖြင့် ကြည့်လိုက်မိသည်။

ဖန်ထုံက လီရှန်းကို အနည်းငယ် ရှက်ရွံ့စွာ ပြုံးပြလိုက်လေသည်။

“ငါက တစ်ယောက်တည်းနေရတာ ကျင့်သားရနေလို့ပါ”

ဖန်ထုံက လွန်ခဲ့သော နှစ်အနည်းငယ်က စာမေးပွဲအောင်မြင်၍ ဆေးဝါးစက်ရုံတွင် အလုပ်ရရှိခဲ့ပြီး ပိုင်မားခရိုင်သို့ တစ်ဦးတည်း လာရောက်အလုပ်လုပ်ကိုင်ခဲ့သည်။

သူမက ပြည်နယ်မြို့တော်၏ မြို့ဟောင်းထဲ၌ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အဘိုးအဘွားများကလည်း ကျန်းမာရေး ကောင်းမွန်ကြဆဲ ဖြစ်၏။

သူမတွင် ညီအစ်ကို မောင်နှမများစွာ ရှိသောကြောင့် မွေးဖွားကတည်းက တစ်ဦးတည်း နေထိုင်ရသည့် အတွေ့အကြုံမျိုး တစ်ခေါင်မှ မရှိခဲ့ပေ။

နောက်ပိုင်းတွင် စက်ရုံသို့ ရောက်ရှိလာချိန်၌ လေးယောက်ခန်း အိပ်ဆောင်ကို ချပေးခြင်းကို ခံခဲ့ရသည်။

ယခုအချိန်တွင် အိမ်ထောင်ကျသွားခဲ့ပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူက အလုပ်တွင် အဆင်ပြေလွန်းသောကြောင့် တိုက်ခန်းတစ်ခန်း ချပေးခြင်းကို ခံခဲ့ရ၏။

ဇနီးမောင်နှံနှစ်ဦးက သက်တောင့်သက်သာ နေထိုင်ခဲ့ကြသော်လည်း လက်ထပ်ပြီး မကြာမီမှာပင် သူမ၏ ခင်ပွန်းက စီမံကိန်းတစ်ခုတွင် အလုပ်လုပ်ရန်အတွက် ထွက်ခွာသွားခဲ့ပြီး နှစ်လခန့်ကြာအောင် အိမ်သို့ ပြန်မလာခဲ့ပေ။

ဖန်ထုံက သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်ဦးတည်း နေထိုင်ရခြင်း၏ ပျော်ရွှင်မှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင်...

ဖန်ထုံက သူမ၏ ခင်ပွန်းကို ပိုမို၍ အလုပ်ရှုပ်စေချင်ပြီး နောက်ထပ် နှစ်လခန့်ကြာမှ အိမ်သို့ ပြန်လာစေရန် မျှော်လင့်နေမိခြင်း ဖြစ်၏။

“တကယ်တော့ တစ်ယောက်တည်းနေရတာလည်း အတော်လေး လွတ်လပ်ပါတယ်”

လီရှန်းကလည်း ယခင်က တစ်ဦးတည်း နေထိုင်ခဲ့ဖူးသူဖြစ်၍ ထိုကဲ့သို့သော လွတ်လပ်မှုမျိုးကို သိရှိထားသည်။

သို့သော် သူမကတော့ ထိုသို့မရွေးချယ်ပေ။ တစ်ဦးတည်း နေထိုင်ခြင်းထက်စာလျှင် သူမက စည်ကားပြီး အသက်ဝင်သော ဘဝမျိုးကို ပိုမို၍ နှစ်သက်ခြင်းကြောင့် ဖြစ်၏။

ဖန်ထုံက အပြုံးတစ်ခုနှင့် စကားဆက်၍ ပြောလေသည်။

“ဒါတင်မကသေးဘူး၊ ငါက မိခင်တစ်ယောက်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူး”

ထိုအရာကလည်း အမှန်တရားပင် ဖြစ်သည်။

ဖန်ထုံ၏ စိတ်ထဲတွင် သူမကိုယ်တိုင်ပင် ကလေးတစ်ယောက်ကဲ့သို့ ရှိနေဆဲ ဖြစ်၏။

ဗိုက်ကြီးတကားကားဖြင့် ကလေးမွေးဖွားရမည့်အရေးကို တွေးမိရုံမျှဖြင့် သူမ၏ ဦးရေပြားများက ပူထူသွားရလေတော့သည်။

ထို့ကြောင့်ပင် သူမက လီရှန်းကို အမှန်တကယ့် စစ်သည်တော်ကြီးတစ်ဦးကဲ့သို့ လေးစားသော အကြည့်ဖြင့် ကြည့်နေခြင်း ဖြစ်၏။

သို့သော် မည်သူကရော အပြည့်အဝ အဆင်သင့် ဖြစ်နေပါမည်နည်း။

လီရှန်းက စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

သူမကလည်း နောက်ထပ် နှစ်အနည်းငယ်ကြာမှ ကလေးယူရန် စီစဉ်ထားခဲ့သည် မဟုတ်ပါလား။

ကောင်းပြီလေ၊ ရောက်လာမှတော့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ရုံပေါ့။

ယခုအချိန်တွင် ကလေးငယ်က ရောက်ရှိလာပြီဖြစ်၍ ကလေးကို ကောင်းမွန်စွာ ဆက်ဆံရမည် ဖြစ်၏။

သူမက စီမံကိန်းပစ်မှတ်ပေါင်းများစွာကို ပြုစုပျိုးထောင်ခဲ့ဖူးပြီး အတွေ့အကြုံများစွာကို စုဆောင်းထားခဲ့ပြီ မဟုတ်ပါလား။

ယခု သူမ၏ ကလေးအရင်းကို ပြုစုပျိုးထောင်ရမည်ဖြစ်၍ သူမအနေဖြင့် ပိုမို၍ ကျွမ်းကျင်နေဦးမည် မဟုတ်ပါလား။

ထိုသို့ တွေးတောမိသည့်အချိန်တွင် လီရှန်းက သူမကိုယ်သူမ ပိုမို၍ ယုံကြည်မှု ရှိလာခဲ့ရ၏။

ဒါရိုက်တာဝမ်က သူ၏ ကတိအတိုင်း ဆောင်ရွက်ခဲ့သည်။

လီရှန်းအနေဖြင့် အလုပ်ရုံဘက်တွင် လုပ်ဆောင်ရမည့် တာဝန်အများအပြားကို တခြားသော လုပ်ဖော်ကိုင်ဖက်များထံသို့ လွှဲပြောင်းပေးခဲ့၏။

သို့သော် လီရှန်းက ထိုလုပ်ဖော်ကိုင်ဖက်များအတွက် စာရွက်စာတမ်း လုပ်ငန်း အများအပြားကို ကူညီပေးခဲ့သည်။

ဒါရိုက်တာဝမ်က ဌာနထဲရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စရိုက်ကို နားလည်ထားသူ ဖြစ်၏။

ဤကဲ့သို့ ခွဲဝေပေးလိုက်ခြင်းကြောင့် မူလက ငြိမ်ငြိမ်မနေတတ်သော ဝန်ထမ်းများက ဝမ်းသာအားရဖြင့် အပြင်သို့ ပြေးလွှားအလုပ်လုပ်ကြပြီး လီရှန်းက ရုံးခန်းထဲ၌ ထိုင်ပြီး အနားယူနိုင်ခဲ့တော့သည်။

လီရှန်းက အလုပ်ဆင်း၍ အိမ်သို့ပြန်ရောက်ချိန်တွင် လော်ယွီရှို့ထံမှ နွေးထွေးသော ဂရုစိုက်မှုများကို ရရှိခဲ့၏။

“ငြိမ်ငြိမ်ထိုင်နေ၊ ဘာမှမလုပ်နဲ့ဦး၊ ငါ မင်းအဖေကို ထမင်းစားဆောင်ကနေ ဟင်းသွားယူခိုင်းထားတယ်၊

ဒီနေ့ သူတို့က ငါးခေါင်းနဲ့ တို့ဟူးဟင်းရည် လုပ်ထားတာ၊ အာဟာရ အတော်လေးရှိတယ်၊

ဒီနေ့ည သုံးပန်းကန်လောက် ကုန်အောင် သောက်နော်၊ အမေ မင်းအတွက် ထမင်းကို ချက်ပေးမယ်”

လီရှန်း : “...”

ဒါက သူမအတွက် သီးသန့် အိုးအသေးလေးနဲ့ ထမင်းချက်ပေးမည့် ပုံစံမျိုးလား။

“အပင်ပန်းမခံပါနဲ့အမေ၊ ကျွန်မ အားလုံးနဲ့အတူပဲ စားပါ့မယ်”

လီရှန်းက လော်ယွီရှို့၏ အပြုအမူကို အမြန်ပင် တားမြစ်လိုက်ရ၏။

ဤကဲ့သို့သော ထူးခြားသည့် ဂရုစိုက်မှုများက စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသော်လည်း သူမအတွက် စိတ်ဖိစီးမှုများစွာ ဖြစ်ပေါ်စေခဲ့ရသည်။

လော်ယွီရှို့အနေဖြင့် ထူးခြားသော တောင်းဆိုချက်မျိုး၊

ဥပမာ မြေးယောက်ျားလေး ရချင်သည်ဟူသော ကိစ္စမျိုးကို အတင်းအကျပ် တောင်းဆိုလာမည်ကို သူမက စိုးရိမ်ခြင်းကြောင့် ဖြစ်လေ၏။

“အဲဒီလိုတော့ မရဘူး၊ မင်း အာဟာရဖြစ်မယ့် အရာတွေကို စားရမှာပေါ့”

“အမေ၊ အမေက အရမ်း စိတ်အားထက်သန်လွန်းနေပြီ၊ ရှန်းရှန်းကို ကြောက်လန့်သွားအောင် မလုပ်ပါနဲ့ဦး”

စုဝေ့ချင်းက အခန်းထဲသို့ လှမ်းဝင်လာရင်း သူ၏အိတ်ကို ဘေးရှိ အင်္ကျီချိတ်တွင် ချိတ်လိုက်ပြီး ဓာတ်ဘူးထဲမှ ရေကိုလောင်းကာ မျက်နှာနှင့် လက်များကို ဆေးကြောလေတော့သည်။

ထိုအပြုအမူက သူ၏ အကျင့်တစ်ခု ဖြစ်လေသည်။ အိမ်ထောင်မကျမီကတည်းက သူက အိမ်ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်ဆောင်သည့် အလုပ်က မျက်နှာနှင့် လက်များကို ဆေးကြောခြင်း ဖြစ်လေ၏။

သေချာပေ၏။

လော်ယွီရှို့ကတော့ ထိုအချက်ကို သဘောမကျဘဲ စုဝေ့ချင်းကို ဇီဇာကြောင်တတ်သော လူအဖြစ် အကြိမ်ကြိမ် စနောက်ခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင် စုဝေ့ချင်း၏ ထိုသို့ ဇီဇာကြောင်မှုက တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားခြင်းအဖြစ် လော်ယွီရှို့က မြင်တွေ့လိုက်ရသောကြောင့် သူမကို များစွာ ကျေနပ်စေခဲ့ရ၏။

သို့သော် သူမက စုဝေ့ချင်း၏ ပြောစကားကို လုံးဝ မကျေမနပ် ဖြစ်သွားပြီး ပြန်ပြောလိုက်လေသည်။

“ငါက သူမကို ထမင်းစားခိုင်းတာပါ၊ အလုပ်ခိုင်းနေတာ မဟုတ်ပါဘူး၊ ဘာလို့ သူမကို ကြောက်အောင် လုပ်ရမှာလဲ”

“ဟုတ်တယ်လေ၊ အမေက အရမ်း စိတ်အားထက်သန်နေတော့ တကယ်လို့ အမေက ကျွန်တော်တို့ကို ထွားကြိုင်းတဲ့ မြေးယောက်ျားလေးတစ်ယောက် မွေးပေးဖို့ တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ၊

ကျွန်တော်တို့က ဗိုက်ကို ဖောက်ပြီး မမြင်နိုင်ဘူးလေ၊ ကျွန်တော့်မှာ X-ray မှ မရှိတာ”

“သွားစမ်းပါ၊ ငါ့မှာ မြေးသုံးယောက် ရှိပြီးသားပဲ၊ ငါက သားယောကျာ်းလေး ရှားပါးနေလို့လား၊

ငါ လော်ယွီရှို့ကတော့ ရင်ဘတ်ကို လက်နဲ့ကိုင်ပြီး ကျိန်ရဲပါတယ်၊

မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ငါကတော့ အကုန်ချစ်မှာပဲ၊

မင်းက ရှန်းရှန်း ငယ်သေးတယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ အဲဒါကြောင့် သူမ အစားများများစားပြီး အာဟာရ ပြည့်ဝလာရင် ပိုပြီး ကျန်းမာလာလိမ့်မယ်လို့ ငါတွေးမိလို့ပါ”

အဆုံးစွန်တွင် စုဝေ့ချင်းက လော်ယွီရှို့ကို အစောကြီးကတည်းက ကြိုတင်၍ သတိပေးထားခဲ့ခြင်းကြောင့် ဖြစ်သည်။

စုဝေ့ချင်းက သူတို့အနေဖြင့် ကလေး စောစောမရနိုင်သေးဟု ယူဆထားသောကြောင့် လော်ယွီရှို့ကို အစောကြီးကတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးရန်အတွက် ကြိုးစားခဲ့ခြင်း ဖြစ်၏။

သို့သော် သူ အလွန် ပြောဆိုခဲ့သောကြောင့် လော်ယွီရှို့အနေဖြင့် လီရှန်း၏ ကျန်းမာရေးအတွက် အလွန် စိုးရိမ်ပူပန်သွားခဲ့ရသည်။

သူမအနေဖြင့် ကလေးမွေးလာပြီးနောက်တွင် ကလေးကို ပစ်ထား၍ မရနိုင်ပေ။

*

All Chapters