အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း(235)
စုဝေ့ချင်းတစ်ယောက် သူ့ဘက်မှ အမှားလုပ်မိသွားသည်ကို သိရှိသောကြောင့် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး လော်ယွီရှို့၏ ပုခုံးပေါ်သို့လက်တင်ကာ ပြောလိုက်လေသည်။
“ကောင်းပါပြီ အမေ၊ ကျွန်တော် အမေ့ကို နားလည်မှုလွဲသွားတာ၊ အမေက မြေးရချင်တဲ့ စိတ်ဆန္ဒတွေက အရမ်း သိသာနေတော့ တကယ်လို့ သမီးလေးမွေးလာတဲ့အချိန် သူမ ကြားသွားခဲ့ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ”
“မင်းက သမီးလေးမှန်း ဘယ်လိုသိတာလဲ”
လော်ယွီရှို့က ဂုဏ်ယူသော အမူအရာဖြင့် ပြောလိုက်လေသည်။
“တကယ်လို့ မြေးယောက်ျားလေး ဖြစ်နေရင်ရော၊ ငါ့မြေးက မင်းပြောတာကိုကြားရင် စိတ်မကောင်း မဖြစ်ဘဲမနေဘူးလား”
“သူ စိတ်မကောင်းဖြစ်ရင်လည်း ဖြစ်ပါစေပေါ့၊ သူက လူဆိုးလေးပဲလေ”
လော်ယွီရှို့ : “...”
သူမက အနည်းငယ် စိတ်တိုသွားရသော်လည်း ရယ်လည်း ရယ်ချင်သွားရ၏။
ဤတတိယသားက မကြာမီမှာပင် ဖခင်တစ်ဦး ဖြစ်လာတော့မည် ဖြစ်သော်လည်း ယခုအထိပြဿနာရှာတတ်သူအဖြစ်ရှိနေဆဲပင်။
အချိန်တွေက တကယ့်ကို ကုန်တာမြန်လွန်းတာပဲ။
လီရှန်းကတော့ မည်သည့်စကားကိုမှမပြောဘဲ ဆိုဖာပေါ်တွင် ထိုင်လျက် ပြုံးနေခဲ့လေ၏။
လော်ယွီရှို့က ယောက်ျားလေး သို့မဟုတ် မိန်းကလေးဟူသော အချက်ကို အမှန်တကယ်ပင် ဂရုမစိုက်ကြောင်းကို သူမ သိရှိထားသည်။
ပြန်လည်၍ တွေးတောကြည့်လျှင်လည်း ထိုအရာကလည်း ယုတ္တိရှိလွန်း၏။
ဤဇနီးမောင်နှံနှစ်ဦးတွင် မြေးယောက်ျားလေး သုံးဦးရှိနှင့်ပြီးသား ဖြစ်သော်လည်း မြေးမိန်းကလေး တစ်ဦးမျှမရှိသေးသောကြောင့် မည်သည့်ကလေးကို မွေးဖွားလာသည်ဖြစ်စေ သူတို့အားလုံးက ပျော်ရွှင်ကြမည်ပင်။
“ငါ ဟင်းတွေ ဝယ်လာခဲ့ပြီ”
ထိုအချိန်တွင် စုဝေ့မင်၏ အသံက တံခါးဝမှ ထွက်ပေါ်လာခဲ့ပြီးနောက် ဝူလီကလည်း နှီးခြင်းတောင်းကို သယ်ဆောင်လျက် လိုက်ပါလာခဲ့လေတော့၏။
ဝူလီက နေ့ခင်းက ဝတ်ဆင်ထားသော အလုပ်ဝတ်စုံကို ယခုထိ ဝတ်ထားဆဲဖြစ်၍ သူမက အလုပ်ဆင်းသည်နှင့် ချက်ချင်းပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းကို ထင်ရှားလေသည်။
“အဖေ၊ ယောက်မ..”
လီရှန်းက ဝူလီကိုပော နှုတ်ဆက်လိုက်လေ၏။
ဝူလီက လီရှန်းကို တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်ပြီးနောက် ခြင်းတောင်းကို ယူကာ လော်ယွီရှို့ရှိရာဘက်သို့ လျှောက်သွားပြီး ပြောလိုက်လေသည်။
“အမေ၊ ကျွန်မ ငန်းဥတွေ ဝယ်လာခဲ့ပြီ၊ တစ်လုံးကို ရှစ်ဆင့်ပေးရတာဆိုတော့ အလုံးနှစ်ဆယ် ဝယ်လာခဲ့တယ်”
လော်ယွီရှို့က အမြန်ပင် လက်ကို သန့်စင်အောင်သုတ်လိုက်ပြီး ပြောလိုက်လေ၏။
“ဘယ်လောက်ကျလဲ၊ ငါ မင်းကို ငွေချက်ချင်း ပြန်ရှင်းပေးမယ်”
“တစ်ယွမ်နဲ့ ခြောက်ဆယ်ဆင့်ပါအမေ”
ဤငန်းဥများက လီရှန်း စားသုံးရန်အတွက်ဖြစ်သောကြောင့် ဝူလီက အားနာခြင်းမရှိဘဲ ဈေးနှုန်းကို တိုက်ရိုက်ပင် ပြောဆိုလိုက်၏။
သို့သော် သူမက အနည်းငယ် ကြွားလာခဲ့သည်။
“ကျွန်မ ရောင်းတဲ့လူကို ပြောထားခဲ့တယ်၊ ဒါတွေကုန်ရင် သူ့ဆီကနေ ထပ်ပြီး အများကြီး ဝယ်ဦးမယ်လို့”
“ကောင်းပြီ၊ ကောင်းပြီ၊ အခုပဲ ငွေထုတ်ပေးမယ်”
လော်ယွီရှို့က ချက်ချင်းပင် သူမ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်လေ၏။
စုဝေ့ချင်းက မိခင်ဖြစ်သူ၏ လက်ကို ချက်ချင်းပင် လှမ်းကိုင်လိုက်ပြီး အလျင်အမြန် ပြောလိုက်လေသည်။
“ကျွန်တော် ပေးပါ့မယ် အမေ၊ ကျွန်တော်ပဲ ပေးလိုက်မယ်၊ တစ်ကျပ်နဲ့ ခြောက်ဆယ်ဆင့်ထဲပဲကို၊ ကျွန်တော့်ဇနီးအတွက် ကျွန်တော် ပေးနိုင်ပါတယ်”
လော်ယွီရှို့က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း ဇွတ်အတင်း မငြင်းတော့ပေ။
သူမက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်းပဲ ပေးလိုက်တော့”
စုဝေ့ချင်းက ဝူလီကို ပြုံးပြလိုက်ရင်း ပြောလိုက်လေ၏။
“မရီး၊ ပင်ပန်းသွားပြီ၊ ဒီမှာ တစ်ယွမ်နဲ့ ခြောက်ဆယ်ဆင့်ပါ၊ ရေတွက်ကြည့်ပါဦး”
“မိသားစုတွေပဲ ဘာတွေရေတွက်နေဦးမှာလဲ”
ဝူလီက ငွေကိုယူကာ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်လေ၏။
စုဝေ့ချင်းကတော့ ဝူလီကို လူချင်း မျက်နှာချင်းဆိုင်၍ ရေတွက်စေချင်လွန်းသည်။
မည်သို့ပင်ဖြစ်စေ ညီအစ်ကိုများပင်လျှင် စာရင်းရှင်းရန် လိုအပ်သည်မဟုတ်ပါလေား။
သေးသိမ်သော စရိုက်ရှိသည့် မရီးဖြစ်သူနှင့်ဆိုလျှင် ပို၍ပင် လိုအပ်လွန်းသည်။
အကယ်၍ သူမက အိမ်သို့ ပြန်ရောက်မှ တစ်ဆင့်နှစ်ဆင့်မျှ လိုနေသည်ကို တွေ့ရှိပါက နှုတ်က ထုတ်ပြောလျှင်လည်း ဆက်ဆံရေး ထိခိုက်မည်ဖြစ်၏။
မပြောဘဲနေလျှင်လည်း သူမဘက်က အနစ်နာခံရသည်ဟု ခံစားနေရလိမ့်မည်။
သို့သော် သူက စကားပြောရန် ပြင်လိုက်ချိန်မှာပင် ခြေထောက်ကို နင်းခြင်း ခံလိုက်ရတော့သည်။
လော်ယွီရှို့က သူ၏ ခြေထောက်ကို မသိမသာ လှမ်းနင်းလိုက်ပြီး ဝူလီကို လှမ်း၍ ခေါ်လိုက်လေ၏။
“ဒီနေ့ည ညစာကို ချက်မနေနဲ့တော့၊ မင်းအဖေကို ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့ကို သွားကြိုခိုင်းလိုက်မယ်၊ လူတိုင်း အတူ စားကြတာပေါ့”
“ကောင်းပါပြီအမေ”
ညစာကို မချက်ရလျှင် မည်သူက မပျော်ဘဲ နေပါမည်နည်း။
ထို့ကြောင့် စုဝေ့မင်က ဟင်းချက်စရာများကို အိမ်သို့ သယ်ဆောင်လာပြီးကာစ ရှိသေးသော်လည်း မြေးဖြစ်သူများကို ကြိုဆိုရန်အတွက် အပြင်သို့ ထပ်မံ၍ ထွက်ခွာခဲ့ရပြန်၏။
သေချာပေ၏။
သူသည်လည်း ပျော်ရွှင်နေခဲ့သည်။
မြေးနောက်တစ်ယောက်ကို ထပ်ရဦးမည်ဟူသော အတွေးက စုဝေ့မင်ကို အလွန်ပျော်စေခဲ့၏။
သူက စိတ်ထဲမှ တတိယသားဇနီးမောင်နှံတွင် မြေးမိန်းကလေးတစ်ဦးရရှိရန်ပင် တိတ်တဆိတ် မျှော်လင့်နေမိ၏။
ထိုဇနီးမောင်နှံငယ်နှစ်ဦးလုံးက အသားဖြူပြီး ရုပ်ရည်ချောမောကြသူများဖြစ်၍ မွေးဖွားလာမည့် ကလေးငယ်ကလည်း အလွန်ပင် လှပနေဦးပေလိမ့်မည်။
သို့သော် စိတ်ထဲကသာ တွေးရုံသက်သက်ဖြစ်ပြီး သူတစ်ပါးကိုတော့ ထုတ်ပြော၍ မရပေ။
မည်သို့ပင်ဖြစ်စေ ယခုခေတ်ကာလတွင် သားယောက်ျားလေးများများမွေးခြင်းက ပို၍ ကောင်းမွန်ပြီး သားများမှသာ လာဘ်လာဘများပြားသည်ဟု ယူဆနေကြဆဲပင်။
စုဝေ့မင်က စက်ရုံမူကြိုကျောင်းသို့ ရောက်ရှိချိန်တွင် စုချန်နှင့် စုကျွင့်တို့က စားပွဲပေါ်၌ စာရေးနေကြလေ၏။
စုချန်က သင်္ချာပုစ္ဆာများကို တွက်ချက်နေပြီး စုကျွင့်ကတော့ စာလုံးများကို တစ်လုံးချင်း လိုက်လံကူးယူနေခဲ့လေသည်။
စုချန်က ညီဖြစ်သူမကြာခဏ လှမ်းကြည့်လေ့ရှိပြီး သူ၏ ပုံစံက စုဝေ့ဟိုင်နှင့် စုဝေ့ချင်းတို့ ငယ်စဉ်က ညီဖြစ်သူပျင်းရိနေမည်ကို စိတ်ပူနေရသော စုဝေ့ဟိုင်၏ပုံစံနှင့် အလွန်ပင်တူလွန်း၏။
စုဝေ့မင် : “...”
နောက်ပိုင်းကျရင်တော့ စုကျွင့်ကို သေသေချာချာ စောင့်ကြည့်ရတော့မှာပဲ။
မိန်းကလေးတိုင်းက တတိယသား၏ ဇနီးကဲ့သို့ ရိုးသားဖြူစင်ကြသည် မဟုတ်ပေ။
တကယ်လို့ စုကျွင့်မှာ စုဝေ့ချင်းလို ကံကောင်းမှုမျိုး မရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဒီလိုဆိုရင် အိမ်ထောင်မကျဘဲ လူပျိုကြီးအဖြစ်နေသွားကြရလိမ့်မယ်။
“အဘိုး”
စုကျွင့်က မစောင့်နိုင်တော့ဘဲလှည့်ကြည့်ချိန်၌ ပြတင်းပေါက်တွင် ရပ်နေသော စုဝေ့မင်ကို မြင်လိုက်ရသောကြောင့် ခန္ဓာကိုယ်ကိုမတ်၍ အကျယ်ကြီး လှမ်းအော်တော့၏။
စုချန်ကလည်း ချက်ချင်းပင် ဘောပင်ကိုချလိုက်ပြီး စုဝေ့မင်ကို အံ့ဩသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိ၏။
စုဝေ့မင်ကိုယ်တိုင် သူတို့ကို လာရောက်ကြိုဆိုခြင်းအပေါ် သူ အနည်းငယ် နားမလည် ဖြစ်နေပုံရသည်။
စုဝေ့မင်က မည်သည့်စကားမှမပြောဘဲ သူတို့ကို လက်ပြလိုက်လေ၏။
ညီအစ်ကိုနှစ်ဦးက သဘောပေါက်သွားကြပြီး လွယ်အိတ်များကို အမြန်သိမ်းပြီး အတန်းထဲမှ လေပြင်းမုန်တိုင်းကဲ့သို့ အပြေးထွက်လာခဲ့ကြတော့သည်။
“အဘိုး၊ ဒီနေ့ ဘာလို့ အဘိုးကိုယ်တိုင် လာကြိုတာလဲ၊ အဒေါ်ဝူရော ဘယ်ရောက်နေလို့လဲ”
“အိမ်မှာရှိတယ်၊ ဒီနေ့ည အဘိုးတို့ရဲ့အိမ်မှာ အတူ ညစာစားကြမယ်”
ကလေးနှစ်ဦးလုံး၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားရသည်။ စုကျွင့်ကမေးလိုက်လေသည်။
“တတိယအဒေါ်၊ ဆီချက်ခေါက်ဆွဲ လုပ်ပေးမှာလား”
သူက ဆီချက်ခေါက်ဆွဲကို စားချင်နေသည်မှာ ကြာခဲ့လေပြီ။
“မင်းအဒေါ်က ဒီနေ့ နေလို့ မကောင်းဘူး၊ ဒါကြောင့် အဘွားချက်တာကိုပဲ စားရလိမ့်မယ်”
ကောင်းပါပြီ။
သူ အနှစ်သက်ဆုံးဖြစ်သော ဆီချက်ခေါက်ဆွဲ မဟုတ်သော်လည်း အဘွားချက်သော ဟင်းလျာများကလည်း အရသာရှိလွန်းသောကြောင့် ရဲဘော် စုကျွင့်ကတော့ ပျော်ရွှင်နေဆဲပင်။
စုချန်ကတော့ စကားမပြောသော်လည်း သူ၏ မျက်ဝန်းထဲမှ အရောင်များက သိသာစွာ ညှိုးငယ်သွားခဲ့ရ၏။
သူက ဆီချက်ခေါက်ဆွဲကို အမှန်တကယ် စားချင်နေခဲ့ပုံရသည်
။
“ဟင်၊ အဲဒါ ရှောင်ကျိ မဟုတ်ဘူးလား”
ရုတ်တရက် စုကျွင့်က လမ်းဘေး ရေကန်နားတွင် ဒူးထောက်လျက် ပန်းများကို ကြည့်နေသော ကလေးငယ်တစ်ဦးကို လက်ညှိုးထိုးပြလိုက်လေသည်။
စုဝေ့မင်က ရှောင်ကျိဆိုသည်က မည်သူဖြစ်ကြောင်းကို မသိသော်လည်း အလိုအလျောက် လှည့်ကြည့်လိုက်မိ၏။
နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူက ကလေးနှစ်ဦးကို မလှုပ်ရှားရန်အတွက် အမြန်ပြောဆိုလိုက်ပြီးနောက် ရေကန်ထဲသို့ လှမ်းဝင်တော့မည့် တစ်ကဖ်လူ၏ အနားသို့ အပြေးသွားပြီး အနောက်ဘက်ရှိ ပန်းခင်းလေးဘက်သို့ အပြင်းအထန် ဆွဲခေါ်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
“မင်း ဘာလုပ်နေတာလဲ!”
ဘေးသို့ လွင့်စင်သွားရသော တစ်ဖက်လူ၏ လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက်တွင်ပင် သူ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများက ပြည့်နှက်နေခဲ့၏။
သူ ဘာလုပ်မိလို့လဲ။
စုဝေ့မင်က တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ထူလိုက်ပြီးနောက်မှသာ သူက အကြီးအကျယ် အမှားလုပ်မိသွားကြောင်းကို သဘောပေါက်သွားတော့၏။
ကျန်းရိကော်၏ ရှင်းပြချက်ကို ကြားရသည့်အချိန်တွင် သူက ပို၍ပင် ရှက်သွားရ၏။
တကယ်တမ်းတွင် ထိုလူက ရေကန်ဘေးတွင် စာရွက်စာတမ်းများကို အာရုံစိုက်ဖတ်ရှုရင်း လမ်းလျှောက်နေခဲ့၍ သူ့ကိုယ်သူ မသိလိုက်ဘဲ ရေကန်အစွန်းသို့ ရောက်ရှိသွားခြင်းသာ ဖြစ်လေသည်။
သူ၌ သူ့ကိုယ်သူ သေကြောင်းကြံစည်ရန် စိတ်ကူး လုံးဝမရှိပေ။
စုဝေ့မင်က တွေးတောမိသည်ကို သိရှိသွားပြီးနောက် ကျန်းရိကော်က မရယ်ဘဲ မနေနိုင်တော့ပေ။
“ကျွန်တော်က ဘာလို့ အဲဒီလို လုပ်ရမှာလဲ၊ အရင်က ပြည်နယ်မြို့တော်မှာ ဒုက္ခရောက်တုန်းကတောင် သေဖို့ မတွေးခဲ့တာ၊ အခုလို အချိန်မျိုးမှာ ဘာလို့ သေရမှာလဲ”
“ငါ အမှားလုပ်မိသွားတာပဲ၊ တကယ်ကို တောင်းပန်ပါတယ်”
စုဝေ့မင်က အလွန်ပင် ရှက်ရွံ့စွာဖြင့် ပြောလိုက်ရလေ၏။
သူတို့က စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ခိုင်မာကြသူများ ဖြစ်ကြသောကြောင့် မိသားစုအတွင်း အပြောင်းအလဲများ ရှိခဲ့သော်လည်း စိတ်ဓာတ်ကျခြင်း လုံးဝမရှိကြပေ။
ဆန့်ကျင်ဘက်အားဖြင့် သူတို့က ပညာရပ်အပေါ်တွင် စိတ်အားထက်သန်မှု မြင့်မားကြဆဲဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် နေ့စဉ် စာရွက်စာတမ်းများကို ဖတ်ရှုသည့် အလေ့အကျင့်ကောင်းကို ထိန်းသိမ်းထားကြဆဲ ဖြစ်၏။
ကျန်းကျိကို ကြည့်လိုက်သည့်အချိန်တွင်တော့ သူက စုမိသားစုမှ ညီအစ်ကိုနှစ်ဦးဖြစ်သော စုချန်၊ စုကျွင့်တို့နှင့် အဖွဲ့ကျသွားခဲ့လေပြီ။
*
အခန်း(236)
“အစ်ကိုရှောင်ကျိ၊ ဒီရက်ပိုင်း ဘာလို့ ကျွန်တော်တို့နဲ့ လာမဆော့တော့တာလဲ”
စုကျွင့်က ကလေးဆန်သော အမူအရာဖြင့် ခေါင်းလေးကိုစောင်းပြီး မေးလိုက်လေသည်။
ကျန်းကျိက ခေါင်းလေးကို ငုံ့လျက် အလွန်ပင် ရှက်ရွံ့စွာဖြင့် ဖြေလေ၏။
“ငါက နေ့ဘက်မှာ အဘိုးနဲ့အတူ စာသင်နေရလို့ ဆော့ဖို့ အချိန်မရှိတော့ဘူးလေ”
ယခုအချိန်တွင် သူက အပြင်သိုထွက်၍ စာဖတ်နေခြင်းကပင် အဘိုးဖြစ်သူ ကျန်းရိကော်က သတ်မှတ်ပေးထားသော အနားယူချိန် ဖြစ်သည်။
“အစ်ကို့ရဲ့ ဘဝကတော့ တကယ်ကို ခက်ခဲမှာပဲ”
ကျန်းကျိ၏ နေ့စဉ်ဘဝအကြောင်းကို ကြားရသည့်အချိန်တွင် စုကျွင့်က မနေနိုင်ဘဲ ပြောလိုက်လေသည်။
“ကျွန်တော်တို့ကတော့ မူကြိုကျောင်းပဲ သွားရတာလေ”
ကျန်းကျိက အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“ငါကတော့ စာဖတ်ရတာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တာပဲ”
ကံမကောင်းစွာဖြင့် သူက နာမကျန်းဖြစ်နေသောကြောင့် ကျောင်းမတက်နိုင်ဘဲ အိမ်၌သာ အဘိုးဖြစ်သူနှင့်အတူ စာသင်ကြားနေရလေသည်။
သို့သော် သူက အဘိုးဖြစ်သူကို အလွန်ချစ်သည်။
အဘိုးဖြစ်သူက သူ နေမကောင်းဖြစ်နေခြင်းအပေါ် အထူးတလည် ဂရုစိုက်နေရမည့်သူအဖြစ် မသတ်မှတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် သူ့ကို သာမန်ကလေးတစ်ဦးကဲ့သို့ ဆက်ဆံပြီး ပြတ်သားရမည့်အချိန်တွင် ပြတ်သားပြီး ချီးမွမ်းရမည့်အချိန်တွင် ချီးမွမ်းပေးတတ်သည်။
သို့သော် အဘိုးဖြစ်သူက သူ့အပေါ် မည်မျှပင် ကောင်းမွန်စေသော်လည်း သူက အဘွားဖြစ်သူ ရှုရှင်းလန်ကို လွမ်းဆွတ်နေမိဆဲ ဖြစ်၏။
ထို့ကြောင့်...
“စုချန်၊ မင်းတို့အဘိုးက ဒုတိယစက်ရုံမှူးဆိုတော့ စက်ရုံထဲက ကိစ္စအသေးအမွှားလေးတွေကိုပါ သိမှာပဲမဟုတ်ဘူးလား၊
ဒါဆိုရင် ငါ့အဘွား ဘယ်ရောက်သွားလဲဆိုတာ မင်းသိလား”
ကျန်းကျိက စုချန်၏ အဘိုးက ဒုတိယစက်ရုံမှူးဖြစ်သောကြောင့် စက်ရုံထဲတွင် ဖြစ်ပျက်သမျှကို သိရှိနိုင်သည့်အတွက် သူ၏ အဘွားဖြစ်သူ မည်သည့်နေရာသို့ရောက်ရှိသွားသည်ကို သိရှိလိမ့်မည်ဟု ထင်မှတ်နေလေသည်။
ကံမကောင်းစွာဖြင့် စုချန်က ခေါင်းကို ခါပြလိုက်ပြီး နားမလည်သည့်အမူအရာဖြင့် ပြန်မေးလိုက်မိ၏။
“မင်းအဘွားက အိမ်မှာမရှိဘူးလား”
ကျန်းကျိ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုများက ထွက်ပေါ်လာခဲ့ရ၏။
စုချန်က ရိုးသားစွာ ပြောဆိုခြင်း ဖြစ်သည်။ သူက ရှုရှင်းလန် အဖမ်းခံရသည်ကို အမှန်တကယ်ပင် မသိရှိပေ။
မည်သို့ပင်ဖြစ်စေ ဝူလီအနေဖြင့် မည်မျှပင် ငြိမ်ငြိမ်မနေတတ်သူဖြစ်ပါစေ ကလေးငယ်နှစ်ဦး၏ အရှေ့တွင်တော့ ဤကဲ့သို့သောအကြောင်းအရာများကို ပြောဆိုလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ရှုရှင်းလန် အဖမ်းခံရချိန်တွင် ကလေးနှစ်ဦးက မူကြိုကျောင်း၌ ရှိနေခဲ့သောကြောင့် ထိုမြင်ကွင်းကို မတွေ့လိုက်ရခြင်းလည်း ပါဝင်၏။
“အခု မင်းက အဘိုးကျန်းနဲ့ပဲ အတူနေတာလား”
စုချန်က ထပ်မံ၍ မေးမြန်းလိုက်လေသည်။
“အင်း”
ကျန်းကျိက ခေါင်းလေးကို ငုံ့လျက် နှုတ်ခမ်းစူပြီး စိတ်မကောင်းစွာဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။
“ဒီရက်ပိုင်း အိမ်မှာ အဘိုးတစ်ယောက်တည်းပဲ ရှိတာ”
“ငါ့အထင်တော့ မင်းအဘွားက သူမရဲ့ မိဘတွေအိမ်ကို ပြန်သွားတာ ဖြစ်မှာပါ”
စုကျွင့်က ကလေးဆန်သော်လည်း လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်တို့ရဲ့ ကြယ်နီအတန်းထဲက ဟူပန်ရဲ့ အမေလည်း မနေ့ကတင် သူမရဲ့ မိဘတွေအိမ်ကို စိတ်ဆိုးပြီး ပြန်သွားတာလေ၊
သူမက ကားနဲ့လာမကြိုရင် ဘယ်တော့မှ ပြန်မလာဘူးလို့တောင် သူမအဖေကို ပြောသွားသေးတယ်”
“တကယ်လား”
ကျန်းကျိ၏ မျက်လုံးလေးများက တောက်ပသွားရလေတော့၏။
သူက အဘွားဖြစ်သူ ထွက်သွားချိန်တွင် အမျိုးသားနှစ်ဦးက ကားပေါ်သို့ တွဲတင်ပေးသွားသည်ကို မှတ်မိနေခဲ့သည်။
ထိုလူများက အဘွားဖြစ်သူ၏ မိသားစုဝင်များ ဖြစ်နိုင်သည်လား။
“သေချာတာပေါ့”
စုကျွင့်က ရင်ဘတ်လေးကို လက်နှစ်ဖက်ဖြင့် ပိုက်လျက် လေးနက်စွာ ခေါင်းကို ညိတ်ပြလိုက်လေ၏။
ကျန်းကျိ၏ မျက်ဝန်းလေးများက နီရဲလာခဲ့ပြီး နှာခေါင်းကို တစ်ချက်ရှုံ့လိုက်မိသည်။
မှန်ပေသည်။ သူ၏ အဘွားက မိဘများ၏ အိမ်သို့ ပြန်သွားခြင်းသာ ဖြစ်သည်။ သူမက လူဆိုးတစ်ဦး လုံးဝမဟုတ်ပေ။
“ဒီကလေးက.. ဘာမှမသိသေးတာလား”
စုဝေ့မင်က အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်နေရင်း ကျန်းရိကော်ကို ခပ်တိုးတိုး မေးမြန်းလိုက်လေ၏။
ကလေးများ၏ ကလေးဆန်သော စကားများကို နားထောင်ရင်း စုဝေ့မင်က ကျန်းကျိတစ်ယောက် လူဖမ်းဆီးချိန်တွင် မတွေ့လိုက်ရခြင်းဖြစ်မည်ဟု ထင်မှတ်နေခဲ့သည်။
သို့သော် သူ မှတ်မိသလောက် ထိုအချိန်က ကျန်းကျိက ထိုနေရာ၌ပင် ရောဂါထဖောက်ခဲ့ရပြီး အစ်မလျို့က ရှေးဦးသူနာပြုစုပေးခဲ့ရသည် မဟုတ်ပါလား။
“သူ သိပါတယ်၊ သူ့ကိုယ်သူ ပြန်ပြီး လှည့်စားနေတာသက်သက်ပါပဲ”
ကျန်းရိကော်က လက်ကို အနောက်သို့ ပစ်လိုက်ရင်း ပြောလိုက်လေသည်။
“အရင်တုန်းက ရှုရှင်းလန်ကပဲ သူ့ကို အမြဲ ပြုစုပေးခဲ့တာလေ၊ သူမ ထွက်သွားတာနဲ့ ချက်ချင်း မေ့ပစ်လိုက်ရင်လည်း တကယ့်ကို အသည်းမာရာ ရောက်လိမ့်မယ်၊
အခုလိုနေတာကမှ သာမန်ကလေးတစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်နေမှာပဲ”
“မင်းလည်း အရမ်း ပြတ်သားလွန်းပါတယ်”
ကျန်းကျိက ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ရှိသေးသည် မဟုတ်ပါလား။
သာမန်ကလေးဆိုလျှင် မူလတန်းပင် မတက်ရသေးသော အရွယ် ဖြစ်၏။
“ကျွန်တော် ပြတ်သားတာ မဟုတ်ပါဘူး၊ ရှုရှင်းလန် လုပ်ခဲ့တဲ့ အမှားက ခွင့်လွှတ်လို့မရနိုင်တဲ့အရာ ဖြစ်လို့ပါ”
တခြားအမှားမျိုး၊ အိမ်ထောင်ရေး ဖောက်ပြန်မှုမျိုးဆိုလျှင်ပင် သူက အေးဆေးတည်ငြိမ်စွာ လက်ခံနိုင်ပြီး သူမအတွက် ဆုတောင်းပေးနိုင်သေးသည်။
အိမ်ထောင်သက်တန်း နှစ်ပေါင်းများစွာကြာလာခဲ့သော်လည်း သူ့အနေဖြင့် ရှုရှင်းလန်အပေါ် ကောင်းကောင်း မဆက်ဆံနိုင်ခဲ့သောကြောင့် သူမအပေါ် အမြဲတစေ အားနာစိတ် ရှိနေခဲ့၏။
သို့သော် သူမအနေဖြင့် နိုင်ငံတော်ကို သစ္စာဖောက်ပြီး အပြင်အင်အားစုများနှင့် မပူးပေါင်းသင့်ပေ။
“သူ့ကို နှစ်ပေါင်းများစွာကြာအောင် နားလည်မှုလွဲစေပြီး နောက်ပိုင်းကျမှ အမှန်တရားကို ရုတ်တရက် သိရှိသွားပြီး စိတ်ဒဏ်ရာရစေမဲ့အစား အခုကတည်းက ဖြည်းဖြည်းချင်း လက်ခံတတ်အောင် သင်ကြားပေးတာက ပိုပြီး ကောင်းမွန်ပါတယ်”
ထို့အပြင် ကျန်းကျိက ဤအကြောင်းကို သိရှိနေပြီးသားလည်းဖြစ်နိုင်သည်။
သူက ငယ်ရွယ်သော်လည်း အလွန်ထက်မြက်သူ ဖြစ်လေ၏။
အထူးသဖြင့် ဤရက်ပိုင်းအတွင်း သုတေသနဌာန၏ လုပ်ငန်းများတွင် ပါဝင်ခွင့်မရသောကြောင့် ကလေးကို စာပြပေးရင်း သူ ကျန်းကျိအကြောင်းကို ပိုသိလာသည်။ ထိုကလေးက ကိုယ်ခန္ဓာသာ နာမကျန်းဖြစ်သော်လည်း ဉာဏ်ပညာပိုင်းက လုံးဝ ပုံမှန်အတိုင်း ထက်မြက်နေသည်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။
စုဝေ့မင်ကတော့ မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။ ကလေးငယ်က ဤအကြောင်းများကို သိရှိရန် ငယ်ရွယ်လွန်းသေးသည်ဟုသာ သူ ခံစားရ၏။
သို့သော် ကျန်းကျိက သူ၏ မြေးအရင်း မဟုတ်သကဲ့သို့ ကျန်းရိကော်ကိုယ်တိုင်က ဤနည်းလမ်းက ပိုကောင်းသည်ဟု ယူဆထားသောကြောင့် သူက စကားအများကြီး မပြောတော့ပေ။
ကျန်းရိကော်ကလည်း စောင့်ကြည့်ခံနေရသူဖြစ်သောကြောင့် သုတေသနဌာန၏ စီမံကိန်းများအကြောင်းကို ဆွေးနွေးရန် အဆင်မပြေပေ။
ထို့ကြောင့် စုဝေ့မင်က စကားအနည်းငယ် ထပ်မံ၍ ပြောဆိုပြီးနောက် မြေးနှစ်ဦးကို ခေါ်ဆောင်ပြီး အိမ်သို့ ပြန်ခဲ့တော့၏။
အိမ်သို့ ပြန်ရောက်သည့်အချိန်တွင်လော်ယွီရှို့က နားမလည်နိုင်စွာဖြင့် မေးမြန်းလာတော့၏။
“ကလေးသွားကြိုတာကို ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ”
စုဝေ့မင်က မီးဖိုချောင်အပြင်ဘက်သို့ အရင်ဆုံး တစ်ချက်ကြည့်လိုက်လေသည်။
မည်သူကမျှ သတိမထားမိသည်ကို မြင်ရသည့်အချိန်မှ လမ်းတွင် ကျန်းရိကော်နှင့် ဆုံတွေ့ခဲ့သည့် အကြောင်းကို ခပ်တိုးတိုး ပြောပြလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။
“ငါက သူ တကယ်ပဲ စိတ်ဒဏ်ရာရပြီး တစ်ခုခု လုပ်တော့မယ် ထင်နေတာ”
“လောင်ကျန်းက အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် လော်ယွီရှို့က ချက်ချင်းပင် ခေါင်းကို ခါလျက် ငြင်းဆိုလိုက်လေသည်။
“လောင်ကျန်းရဲ့ စိတ်နဲ့ နှလုံးသားထဲမှာ သုတေသနတစ်ခုပဲ ရှိတာ၊ ရှုရှင်းလန်က ကလေးတွေကို ပြုစုနေတုန်းကလည်း သူက တစ်ခွန်းတောင် ဝင်ပြောဖူးတာ မဟုတ်ဘူး”
ထို့ကြောင့် ကျန်းရိကော်အနေဖြင့် ရှုရှင်းလန်ကြောင့်နှင့် ဤမျှအထိ စိတ်ပျက်အားလျော့နေရန် မဖြစ်နိုင်ပေ။
စုဝေ့မင်တစ်ယောက် ချောင်းအနည်းငယ် ဆိုးလိုက်ပြီးနောက် ပို၍ပင် အရှက်ရသွားပြီး ပြောလိုက်လေသည်။
“ငါကလည်း သူ့မှာ ဒုက္ခပေါင်းစုံ ကြုံတွေ့နေရလို့ တွေးမိသွားတာပါ”
တခြားလူသာဆိုလျှင် ကျန်းရိကော် ကြုံတွေ့ရသကဲ့သို့သော ဒုက္ခမျိုးနှင့်ဆိုလျှင် အကြိမ်ကြိမ် သေဆုံးသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။
လော်ယွီရှို့က သက်ပြင်းချလိုက်မိပြီးပြောလိုက်လေ၏။
“ဒါလည်း ဟုတ်တာပဲ၊ သူက အတော်လေး စိတ်ဓာတ်ခိုင်မာတာ”
ဇနီးမောင်နှံအိုနှစ်ဦးလုံးက စိတ်မကောင်းဖြစ်နေရပြီး ကျန်းရိကော်၏ ဘဝက ဒုက္ခပေါင်းစုံဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအထိ ဤမျှအထိ ခိုင်မာစွာ နေထိုင်နိုင်ခြင်းက အမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။
“ဒါနဲ့ ရှုရှင်းလန်ရဲ့ စုံစမ်းစစ်ဆေးမှုကရော ဘာတွေကြားလဲ”
လော်ယွီရှို့က ထပ်မံ၍ညမေးမြန်းလိုက်လေ၏။
“အတည်ဖြစ်သွားပြီ၊ အမှားအယွင်းတွေ ရှိခဲ့တာ မှန်ပေမဲ့ နိုင်ငံတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုအထိတော့ မဖြစ်ခဲ့ပါဘူး၊
သူမကို အနောက်မြောက်ဘက်ကို ပို့လိမ့်မယ်လို့ ထင်တယ်၊ လောင်ကျန်းကိုတော့ နောက်ထပ် ခဏလောက် ထပ်ပြီး စောင့်ကြည့်ရဦးမယ်၊
သူတို့ ကွာရှင်းပြတ်စဲပြီးရင်တော့ အဖွဲ့အစည်းက သူ့ကို အလုပ်ပြန်လုပ်ခွင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်”
ကျန်းရိကော်၏ မျိုးချစ်စိတ်ဓာတ်အပေါ်တွင် မည်သူကမျှ သံသယမရှိကြပေ။
သို့မဟုတ်လျှင် နိုင်ငံတော်၏ အခက်ခဲဆုံး အချိန်ကာလတွင် သူက ပြန်လာခဲ့မည် မဟုတ်ပေ။
သို့သော်လည်း...
“လောင်ကျန်းသာ ကွာရှင်းပြီးရင်တော့ မကြာခင် အိမ်ထောင်ထပ်ပြုရလိမ့်မယ်လို့ ထင်တယ်၊ ကလေးကို ပြုစုပေးမယ့်လူ ရှိဖို့ လိုအပ်တာကိုး”
ကျန်းရိကော်က အလုပ်ပြန်လုပ်သည်နှင့် ကျန်းကျိကို မည်သူက ပြုစုစောင့်ရှောက်မည်ဟူသော အချက်က ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဒါတွေက ငါတို့ကိစ္စ မဟုတ်ပါဘူး၊ ငါတို့တွေက ကိုယ့်ကလေးတွေကိုပဲ ကောင်းကောင်း ပြုစုပေးကြတာပေါ့”
လော်ယွီရှို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများက ရှိနေဆဲဖြစ်ပြီး အမျိုးသမီးငယ်များက အမှန်တကယ်ပင် နှင်းပွင့်များကဲ့သို့ နုနယ်လွန်းသည်ဟု တွေးမိနေခဲ့သည်။
ဤသို့ဖြင့် မကြာမီမှာပင် ညစာ အဆင်သင့် ဖြစ်သွားလေခဲ့လေ၏။
*