← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း(237)

လီရှန်းက ထမင်းစားပွဲတွင် ထိုင်လိုက်သော်လည်း ဟင်းရည်တစ်ငုံမျှ မသောက်ရသေးမီမှာပင် အဆက်မပြတ် သမ်းဝေလာခဲ့ပြီး မျက်လုံးများကိုပင် မဖွင့်နိုင်တော့ပေ။

သူမက ထမင်းနှစ်လုပ်မျှကိုပင် အနိုင်နိုင်စားခဲ့ရပြီးနောက် လော်ယွီရှို့၏ တိုက်တွန်းမှုဖြင့် အိပ်စက်ရန် သွားခဲ့လေတော့၏။

ထို့နောက် လော်ယွီရှို့က ကြွေအိုးအသေးလေးထဲသို့ ဟင်းရည်များကို ထည့်ပြီး မီးဖိုပေါ်တွင် အပူပေးထားလိုက်လေ၏။

သို့မှသာ လီရှန်း နိုးလာသည့်အချိန်တွင် အဆင်သင့် သောက်သုံးနိုင်ပေလိမ့်မည်။

ကျန်ရှိနေသော လူများအတွက်တော့..

လော်ယွီရှို့တစ်ယောက် ပုံမှန်နှင့်မတူစွာဖြင့် ဝူလီအတွက် ဟင်းရည်တစ်ပန်းကန်ကို ကိုယ်တိုင်ခပ်ပေးလိုက်လေသည်။

ဝူလီလည်း အလွန်ပင် မြှောက်ပင့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

တကယ်တမ်းတွင် လော်ယွီရှို့အနေဖြင့် ရှုရှင်းလန်၏ ရလဒ်ကို မြင်တွေ့လိုက်ရပြီးနောက်တွင် ဝူလီအပေါ်တွင်လည်း အနည်းငယ် သနားစိတ် ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

ဝူလီက မူလက အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သော်လည်း ဟင်းရည်တစ်ပန်းကန်ကို သောက်လိုက်ရပြီးနောက်တွင် သူမ၏ ယောက္ခမများက ကောင်းမွန်ကြသည်ဟု ခံစားလိုက်ရတော့၏။

မည်သို့ပင်ဖြစ်စေ သူမ၏ မိခင်အရင်းပင်လျှင် သူမကို ဤကဲ့သို့ ဟင်းရည် ခပ်ပေးဖူးခြင်း မရှိခဲ့ပေ။

လီရှန်း၏ ကိုယ်ဝန်ဆောင် တုံ့ပြန်မှုများက သိပ်ပြီးမပြင်းထန်လွန်းဘဲ သူမ၏ နေ့စဉ်ဘဝကလည်း အလွန်ပင် ကျန်းမာလွန်းသည်။

သို့သော် သူမက နေ့ဘက်တွင် အားအင်ပြည့်ဝနေသော်လည်း မိုးချုပ်သည်နှင့် အိပ်ချင်လာတတ်၏။

စုမိသားစုက များသောအားဖြင့် ညစာကို နောက်ကျမှ စားလေ့ရှိသည်။

ထို့ကြောင့် လီရှန်းက ထမင်းစားရင်း တူကို ကိုင်ဆောင်လျက်ပင် အိပ်ပျော်သွားတတ်လေ၏။

နောက်ဆုံးတွင်တော့ မတတ်နိုင်တော့ဘဲ မိသားစုတစ်ခုလုံးက ညစာစားချိန်ကို အစောပိုင်းသို့ ပြောင်းလဲလိုက်ကြရတော့သည်။

လီရှန်းက သူမ၏ ကိုယ်ဝန်သတင်းကို လျှို့ဝှက်ထားနိုင်သော်လည်း ဘေးပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

ရက်အနည်းငယ်ခန့် စောင့်ကြည့်ပြီးနောက် လုချင်းလန်က ညနေခင်းတစ်ခုတွင် စုမိသားစု၏ ပြတင်းပေါက်ကို မှီလျက် နေကြာစေ့များကို စားရင်း လော်ယွီရှို့ကိုလှမ်းမေးလေတော့သည်။

“ရှင်တို့အိမ်က ကောင်မလေး ကိုယ်ဝန်ရှိနေပြီ မဟုတ်ဘူးလား”

“သိသွားပြီလား”

လော်ယွီရှို့က မျက်မှောင်ကြုတ်လိုက်လေ၏။

“ဒါပေါ့၊ ကျွန်မမျက်လုံးက ဘယ်လောက် စူးရှလဲ၊ သူများတွေမှာ တစ်စုံပဲရှိပေမဲ့ ကျွန်မမှာ နှစ်စုံရှိတာ၊ ကျွန်မ မမြင်နိုင်တာ ဘာမှမရှိဘူး”

လုချင်းလန်က ဂုဏ်ယူစွာဖြင့် မေးစေ့ကို ပင့်လိုက်ပြီး ပြောလိုက်လေသည်။

“ရှင်တို့မိသားစုက ဒီရက်ပိုင်း ညစာကို အတော်လေး စောစော စားနေကြတာကိုး”

“နင်ကတော့ တကယ်ပဲ အပြောခံချင်နေတာပဲ၊ တစ်နေ့လုံး ငါတို့အိမ်ကိုပဲ စောင့်ကြည့်နေတာလား”

လော်ယွီရှို့က တံမြက်စည်းကို ကိုင်၍ သူမ၏ အနားသို့ ချက်ချင်းပင် ပြေးလာခဲ့လေတော့၏။

သို့သော် သူမက စိတ်မဆိုးမီမှာပင် လုချင်းလန်က အမြန်တားဆီးလိုက်ပြီး ပြောလိုက်လေသည်။

“သူမ ဘာတွေ စားချင်နေလဲ၊ အစပ်ကြိုက်လား၊ အချဉ်ကြိုက်လား၊ အချဉ်ကြိုက်ရင် ယောက်ျားလေး၊

အစပ်ကြိုက်ရင် မိန်းကလေးလေ၊ တကယ်လို့ သူမ အစပ်ကြိုက်ရင်တော့ သေချာပေါက် မိန်းကလေး ဖြစ်လိမ့်မယ်”

“မိန်းကလေးဖြစ်တော့ ဘာဖြစ်လဲ၊ ငါက မိန်းကလေးကို ပိုတောင် ချစ်သေးတယ်”

လော်ယွီရှို့က မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြန်ပြောလိုက်လေ၏။

“ငါ့အိမ်မှာ ယောက်ျားလေး သုံးယောက် ရှိနှင့်ပြီးသားပဲ၊ ဒီသမီးလေးက ပထမဆုံးမလို့ ငါ သေချာပေါက် ချစ်မြတ်နိုးမှာ”

“ဒါလည်း ဟုတ်တာပဲ”

လုချင်းလန်က ပြန်လည် တွေးတောကြည့်ကာ ယုတ္တိရှိလွန်းသည်ဟု ခံစားလိုက်ရသည်။

သူမကိုယ်တိုင်တွင် သားများစွာရှိသောကြောင့် သမီးလေးတစ်ဦးလောက် လိုချင်ခဲ့သော်လည်း သူမ၏ ဝမ်းဗိုက်က မကူညီပေးခဲ့ဘဲ မွေးသမျှ ကလေးတိုင်းက ယောက်ျားလေးများသာ ဖြစ်ခဲ့ရ၏။

“ရှင်တို့မှာ ယောက်ျားလေးတွေ များနေပြီဆိုတော့ သမီးမိန်းကလေးတစ်ယောက်ပဲ လိုအပ်နေတာပဲ”

ဤကလေးက လော်ယွီရှို့၏ အနားတွင်နေထိုင်သော တတိယသားမှ မွေးဖွားလာမည့် ကလေးဖြစ်၍ သူမအနေဖြင့် ပိုမို၍ ချစ်မြတ်နိုးပေလိမ့်မည်။

“ဒါနဲ့၊ စက်ရုံက လာမယ့်နှစ်ကျရင် တိုက်ခန်းအသစ်တွေ ဆောက်တော့မယ်လို့ ကြားတယ်၊ ဟုတ်လား”

ထိုကိစ္စက လုချင်းလန် လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်ပင်။

“အလုပ်သမားသစ်တွေ ပိုပိုများလာပြီး သူတို့လည်း အိမ်ထောင်ကျလာကြတော့ လုပ်သက်ပြည့်ရင် အိမ်ရာတွေ ခွဲဝေပေးရတော့မှာပေါ့”

ထို့ကြောင့် ဆေးဝါးစက်ရုံက မြေကွက်တစ်ခုကို ဝယ်ယူထားပြီးဖြစ်ပြီး တိုက်ခန်းအသစ်များကို ဆောက်လုပ်ရန် ပြင်ဆင်နေခဲ့သည်။

“ဒါဆိုရင် ကျွန်မတို့တွေ ပိုပြီးကြီးတဲ့ အိမ်ကို ပြောင်းလို့ရမလား”

“ဘာလဲ၊ နင်က ငါနဲ့ အိမ်နီးနားချင်း မလုပ်ချင်တော့ဘူးလား”

“မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး၊ အဓိက ပြဿနာက ကျွန်မရဲ့အိမ်မှာ ကလေးတွေ များလွန်းလို့ပဲလေ၊

နောက်ပိုင်းကျရင် ကလေးတွေကို ပြည်နယ်မြို့တော်မှာ မထားတော့ဘဲ ဒီမှာပဲ ကျောင်းပြန်တက်ခိုင်းဖို့ စီစဉ်နေတာ၊

အခုရှိတဲ့အိမ်က အရမ်းသေးလွန်းလို့ ပိုကြီးတဲ့အိမ်နဲ့ လဲချင်တယ်၊ ရှင်လည်း သိတဲ့အတိုင်း ကျွန်မရဲ့ လုတုန်းရှန်က ရာထူးအဆင့်အတန်းလည်းရှိသလို ကျွန်မမှာလည်း လုပ်သက်တွေ အများကြီးရှိတာပဲ၊

အိမ်အကြီးနဲ့ လဲဖို့က ပြဿနာမရှိနိုင်ပါဘူး မဟုတ်ဘူးလား၊ ကျွန်မရဲ့အိမ်လွတ်သွားရင် ရှင့်ရဲ့ခင်ပွန်းသည် စုဝေ့မင်ကတစ်ဆင့် ရှင်တို့ ဝေ့ချင်းတို့ မိသားစုကို ဒီဘေးအိမ်ကို ပေးလိုက်လို့ ရတာပေါ့၊

သူတို့ ဘေးအိမ်မှာ နေထိုင်မယ်ဆိုရင် ဝရန်တာက အကာကို ဖယ်ပြီး တံခါးဖွင့်ထားမယ်ဆိုရင် အိမ်တစ်လုံးတည်းလိုမျိုး ဖြစ်သွားတာပေါ့၊ ပိုပြီးတော့လည်း ကျယ်ဝန်းသွားတာပေါ့ မဟုတ်ဘူးလား”

လော်ယွီရှို့်အနေဖြင့် မူလက အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း လုချင်းလန်၏ စကားများကို ကြားလိုက်ရချိန်တွင် သူမ၏ စိတ်ထဲသို့ ထိမှန်သွားခဲ့ရလေတော့သည်။

သူမက မူလကတည်းက တတိယသားနှင့်အတူ အသက်ကြီးချိန်အထိ နေထိုင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

အကယ်၍ ဘေးအိမ်တွင်သာ နေထိုင်ခွင့်ရပါက နီးလည်းနီးသကဲ့သို့၊ အလွန်လည်း ကပ်မနေသောကြောင့် အဆင်ပြေလွန်းသည်။

သူတို့က အသက်ကြီးလာချိန်တွင် ဒုတိယသားက စစ်တပ်ကနေ မထွက်ဘဲ ထိုနေရာမှာပင် ဆက်နေခဲ့လျှင် ယခုနေသည့် အိမ်ကို သားအကြီးနဲ့ တတိယသားတို့ကို ပေးလိုက်မည်ဖြစ်ပြီး သူမက တခြားနှစ်ယောက်အတွက် ငွေကြေးတချို့ ထောက်ပံ့ပေးမည် ဖြစ်၏။

အကယ်၍ သားအလတ်က စစ်တပ်က ထွက်လာလျှင်လည်း ပြန်လာချိန်က နေစရာအိမ် မရှိဘဲ မဖြစ်နိုင်ပေ။

သူ့ကို ငွေတချို့ကို စိုက်ခိုင်းပြီး ဤအိမ်ကို ပေးလိုက်မည်။

ထိုသို့ တွေးတောမိသည့်အချိန်တွင် လော်ယွီရှို့က ထိုကိစ္စကို ချက်ချင်းပင် အလေးအနက် ထားသွားတော့၏။

“နင် တကယ်ပဲ အိမ်ပြောင်းချင်တာလား”

ထွက်ပေါက်တစ်ခုရှိသည်ကို မြင်ရသည့်အချိန်တွင် လုချင်းလန်ကလည်း သူမ၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်ဆောင်သွားပြီး ပြောလိုက်လေသည်။

“ကျွန်မသာ အမှန်တကယ် စိတ်မပါရင် ရှင့်ဆီ လာပါ့မလား”

ဤစကားများက လုချင်းလန်၏ စရိုက်နှင့် ကိုက်ညီလွန်းသည်။

“ကောင်းပြီ၊ ငါ သတင်းရတာနဲ့ နင့်ကို ချက်ချင်း ပြောပြပါ့မယ်၊ ဒါပေမဲ့ နင်လည်းပဲ အိမ်ကိစ္စကို ငါ့ကို အရင်ပြောပြရမယ်နော်”

“အဲဒါ ပြောနေစရာ လိုသေးလို့လား”

သူမနှင့် လော်ယွီရှို့ကြားတွင် ပဋိပက္ခအနည်းငယ် ရှိခဲ့သော်လည်း အရေးကြီးသော ကိစ္စရပ်များတွင်တော့ ပြဿနာမရှိပေ။

လော်ယွီရှို့၏ ခင်ပွန်းက ဒုတိယစက်ရုံမှူးဖြစ်ပြီး သူမ၏ ခင်ပွန်းက ဒါရိုက်တာတစ်ဦးသာ ဖြစ်သော်လည်း သူတို့က အမှန်တကယ့် ရန်သူများ မဟုတ်ကြပေ။

တိတ်တဆိတ် ဆွေးနွေးပြီးနောက် လုချင်းလန်က စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ပြီး လော်ယွီရှို့ကတော့ စုဝေ့ချင်းနှင့် လီရှန်းတို့ကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်လေတော့သည်။

စုဝေ့ချင်းအနေဖြင့် မိဘများနှင့် အနီးအနားတွင် နေထိုင်ရမည်ဖြစ်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော်လည်း လီရှန်း၏ သဘောထားကိုတော့ ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသည်။

တကယ်လို့ လီရှန်းက ဒီအဆောက်အအုံအဟောင်းမှာ မနေချင်ဘဲ တိုက်ခန်းအသစ်ဆီသို့ သွားချင်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။

“ရတာပေါ့၊ တကယ်လို့ ဒါရိုက်တာလုနဲ့ အဒေါ်လုတို့က သဘောတူတယ်ဆိုရင် ကျွန်မလည်း သဘောတူပါတယ်၊ ကျွန်မလည်း မိဘတွေနဲ့ နီးနီးနားနား နေချင်တာပေါ့”

လီရှန်းက သူမ၏ ဆံပင်များကို သပ်လိုက်ရင်း ထပ်မံ၍ စဉ်းစားခြင်းမရှိဘဲ ပြန်ဖြေလိုက်လေ၏။

ထို့နောက် သူမက လော်ယွီရှို့နှင့် စုဝေ့ချင်းတို့၏ မျက်ဝန်းထဲတွင် အံ့ဩသော အကြည့်များကို ပြိုင်တူ မြင်တွေ့လိုက်ရသည်။

လီရှန်းတစ်ယောက် စကားမဲ့သွားရ၏။

သူမက အိမ်ပြောင်းချင်နေသည့် လူတစ်ဦးနှင့် တူနေလို့လား။

“ကောင်းပြီ၊ ဒါဆိုရင် ငါတို့တွေ ဝရန်တာက အကာကို ဖယ်လိုက်ကြတာပေါ့”

လော်ယွီရှို့က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်ပြီးနောက် ထရပ်ကာ ဝရန်တာဘက်သို့ အပြေးသွားတော့၏။

ဤအဆောက်အအုံလေးကို ဆောက်လုပ်ချိန်က ဝရန်တာကို အိမ်ထောင်စုနှစ်စုက အတူ အသုံးပြုကြရခြင်းဖြစ်ပြီး မူလကတည်းက ဆက်သွယ်ထားခြင်း ဖြစ်သည်။

သို့သော် နေထိုင်သူများက ရောက်ရှိလာကြသည့်နောက်တွင် ဝရန်တာကို နည်းလမ်းမျိုးစုံဖြင့် ပိုင်းခြားလိုက်ကြလေတော့၏။

ဆက်ဆံရေးကောင်းမွန်သူများက ဝရန်တာ၏ တစ်ဝက်ကိုသာ ခွဲခြားထားသောကြောင့် အပေါ်ဘက်မှ အိမ်နီးနားချင်းကို မြင်တွေ့နိုင်ဆဲ ဖြစ်သည်။

ဆက်ဆံရေးမကောင်းသူများကတော့ သံတံခါးများကိုသာ တိုက်ရိုက် ဂဟေဆော်ထားကြတော့သည်။

စုမိသားစုနှင့် လုမိသားစုကြားတွင်လည်း လက်ရှိတွင် ပိုင်းခြားထားလေ၏။

သို့သော် သူတို့ကြားတွင် ပါးလွှာသော သစ်သားပြားတစ်ခုသာ ခြားထားခြင်းဖြစ်၍ အမှန်တကယ် ဖြတ်သန်းချင်ပါက တွန်းဖွင့်လိုက်ရုံမျှသာ ဖြစ်၏။

သို့သော် လော်ယွီရှို့က ဝရန်တာပေါ်တွင် မီးဖိုချောင်အသေးစားလေးတစ်ခုကို ထားရှိထားသောကြောင့် ဟင်းချက်ချိန်တွင် ဆီနံ့များက ထွက်ပေါ်နေဆဲပင်။

အကယ်၍ မီးဖိုချောင်ကို ဖွင့်လိုက်ပါက မိသားစုနှစ်စုလုံး၏ ဖွဲ့စည်းပုံကို ပြန်လည်၍ ပြင်ဆင်ရလိမ့်မည်။

သို့မဟုတ်ပါက ဆီနံ့များက ဘေးအိမ်၏ နောက်တံခါးနှင့် ပြတင်းပေါက်များကို ထိခိုက်စေနိုင်သည်။

“ငါတို့တွေ ဝရန်တာကို အလုံပိတ်ပြီးတော့ ပြတင်းပေါက်တွေ တပ်လိုက်လို့ ရတာပေါ့၊

ဒါဆိုရင် အခန်းအသေးစားလေး တစ်ခန်း ထပ်ရလာမှာ၊ အဲဒါကို စာကြည့်ခန်းအဖြစ် သုံးလို့ရတယ်”

လော်ယွီရှို့က ဝရန်တာအသေးစားလေး၏ အသုံးပြုမှုကို စိတ်လှုပ်ရှားစွာဖြင့် စီမံကိန်းချနေတော့၏။

အမှန်စင်စစ် သူမက စုဝေ့မင်အတွက် စာကြည့်ခန်းအကြီးတစ်ခုကို ပြုလုပ်ပေးချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း အိမ်တွင် အခန်းလေးခန်းသာ ရှိနေလေ၏။

ကံကောင်းစွာဖြင့် သားအကြီးဆုံးဇနီးမောင်နှံက အပြင်သို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။

သို့မဟုတ်လျှင် လှုပ်ရှားသွားလာရန်ပင် နေရာရှိလိမ့်မည် မဟုတ်ပေ။

*

အခန်း(238)

စုဝေ့ဖင်း အိမ်ထောင်ကျသွားပြီဖြစ်၍ သူတို့အနေဖြင့် စုဝေ့ဖင်း၏ အခန်းကို လွှဲပြောင်းယူနိုင်ပေ၏။ သို့သော်လည်း ထိုကလေးက မင်္ဂလာဆောင်ရန် ပြန်မလာရသေးသောကြောင့် သေချာပေါက် ပြန်လာဦးမည်ပင်။

သူမအနေဖြင့် သမီးနှင့် သမက် ပြန်လာချိန်တွင် ဧည့်ရိပ်သာတွင် သွားအိပ်ခိုင်းရန် မဖြစ်နိုင်ပေ။

သူမက သားမက်နှင့် ချွေးမများ၏ နေရာကို ယူမည်မဟုတ်ပေ။ ထို့ကြောင့် သူမက ဝရန်တာ၏ တစ်ဝက်ကိုသာ အသုံးပြုကာ စုဝေ့မင်အတွက် စာကြည့်ခန်းအကြီးတစ်ခု ပြုလုပ်ပေးရန်တွေးထားသည်ပင်။

ထို့အပြင် ဤစာကြည့်ခန်းက စုဝေ့မင်တစ်ဦးတည်းအတွက် မဟုတ်ပေ။

စုဝေ့ချင်းနှင့် လီရှန်းတို့သည်လည်း အသုံးပြုနိုင်ကြလိမ့်မည်။

“ကောင်းပါပြီအမေ၊ အမေပဲ အဆင်ပြေအောင်ပဲ စီစဉ်လိုက်ပါ၊ ကျွန်မနဲ့ ဝေ့ချင်းကတော့ အမေ့စကားကိုပဲ နားထောင်ပါ့မယ်”

လီရှန်း၏ စကားကို ကြားရသည့်အချိန်တွင် လော်ယွီရှို့က ပျားရည်ကို သောက်လိုက်ရသကဲ့သို့ပင်ဖြစ်ရကာ စိတ်ထဲတွင် အလွန်ကြည်နူးဝမ်းမြောက်သွားရတော့သည်။

သူမက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပြီး ပြောလိုက်လေ၏။

“အဲဒါကြောင့် ငါက တတိယသားဇနီးမောင်နှံကို အချစ်ဆုံးပေါ့၊ ကြည့်စမ်း၊ စကားပြောတာ ဘယ်လောက်တောင် ချိုသာလိုက်သလဲ၊

ကျန်တဲ့နှစ်ယောက်သာ ဒီလောက်အထိ စကားပြောကောင်းရင် ငါ အခုချက်ချင်း ဘုရားမှာ အမွှေးတိုင် သွားထွန်းပြီး ကျေးဇူးတင်လိုက်မယ်”

ဟမ်း.. ဒါပေမဲ့ ဒီလိုအရာတွေကို စည်းကမ်းမရှိ တွေးလို့မရဘူးလေ။

ယခုခေတ်တွင် အမွှေးတိုင်ထွန်းခြင်းကို ခွင့်မပြုပေ။

ဇနီးမောင်နှံငယ်၏ သဘောထားကို အတည်ပြုပြီးနောက် လော်ယွီရှို့တစ်ယောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ဆက်သွားခဲ့လေတော့၏။

ထိုအချိန်တွင် အဆောက်အအုံ၏ အပေါက်ဝတွင် နေထိုင်သော လောင်ဟဲက ပြန်ရောက်လာလေသည်။

ထိုလူက လော်ယွီရှို့ကို ထမင်းစားဆောင်တွင် ယနေ့ ဝက်လက်စတူး လုပ်ထားကြောင်းကို လှမ်းပြောလာခဲ့၏။

လော်ယွီရှို့လည်း ချက်ချင်းပင် အိမ်သို့ ပြန်၍ ကူပွန်များနှင့် ပန်းကန်လုံးများကို ယူပြီး ထမင်းစားဆောင်ဘက်သို့ အပြေးအလွှား ထွက်ခွာခဲ့လေတော့သည်။

“ငါ့ရဲ့ ချွေးမလေးက ကိုယ်ဝန်ရှိနေတာဆိုတော့ ကောင်းကောင်းစားဖို့ လိုတာပေါ့”

လော်ယွီရှို့တစ်ယောက် ထွက်သွားသည်နှင့် စုဝေ့ချင်းက လီရှန်းကို တင်းကျပ်စွာ လှမ်းဖက်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်”

“ဘာလို့ ကျွန်မကို ကျေးဇူးတင်နေတာလဲ”

လီရှန်းက သဘောကျစွာ ရယ်မောလိုက်ရင်း လက်ကိုမြှောက်၍ စုဝေ့ချင်း၏ လက်မောင်းကို ပုတ်ပြီး လွှတ်ပေးရန်အတွက် အချက်ပြလိုက်လေ၏။

သူမက ယခုအချိန်တွင် ဤမျှအထိ အင်အားပြင်းပြင်း ဖက်ထားသည်ကို မခံနိုင်ပေ။

အဓိကအားဖြင့် သူမ၏ နောက်ကျောက အနည်းငယ် ကိုက်ခဲနေခြင်းကြောင့် ဖြစ်၏။

“ဘာပဲဖြစ်ဖြစ် မင်းကို ကိုယ် တကယ်ပဲ ကျေးဇူးတင်တယ်”

စုဝေ့ချင်းက သူ၏ မေးစေ့ဖြင့် လီရှန်း၏ ပုခုံးကို တစ်ချက်ပွတ်သပ်လိုက်ပြီးနောက်မှ ခန္ဓာကိုယ်ကိုမတ်၍ လီရှန်းကို ဆိုဖာပေါ်တွင် ထိုင်ရန် ကူညီပေးလိုက်လေတော့သည်။

သူက ငယ်စဉ်ကတည်းက မိဘများနှင့်အတူ စက်ရုံပိုင် တိုက်ခန်းများတွင်သာ ကြီးပြင်းခဲ့ရသူ ဖြစ်လေ၏။

ယခင်က ပြည်နယ်မြို့တော်တွင် နေထိုင်ခဲ့ကြပြီး ယခုအချိန်တွင် ခရိုင်မြို့လေးသို့ ရောက်ရှိနေခဲ့ကြသည်။

ကွာခြားချက်က ထိုနေရာ၏ စည်ကားမှု အဆင့်အတန်းသာဖြစ်ပြီး သူတို့၏ ပတ်ဝန်းကျင်ရှိ နေ့စဉ် မိသားစုဘဝများက တူညီကြသည်။

သူက ပစ္စည်း ခွဲဝေမှုကြောင့် မိသားစုဝင်များ ရန်ဖြစ်ကြေကွဲကြရသည့် အခြေအနေများကို များစွာ မြင်တွေ့ခဲ့ဖူးသည်။

သက်ကြီးရွယ်အို မိဘများက ကျန်းမာသန်စွမ်းပြီး အလုပ်လုပ်နိုင်ချိန်တွင် ချွေးမများက ပြိုင်တူ ပြုစုပေးချင်ကြသော်လည်း အသက်ကြီး၍ အလုပ်မလုပ်နိုင်တော့ချိန်တွင်တော့ သားတစ်ယောက်မှပင် ပြန်လည်၍ မကြည့်ရှုကြသည့် ဖြစ်ရပ်များကိုလည်း ကြားဖူးခဲ့၏။

သို့သော် ယခုခေတ်တွင် ဝင်ငွေနှစ်ခုရှိနေသော မည်သည့် ငယုရွယ်သောဇနီးမောင်နှံမဆို သက်ကြီးရွယ်အိုများနှင့် အတူနေထိုင်ရန် လုံးဝ မလိုလားကြတော့ပေ။

ထို့ကြောင့် လီရှန်းအနေဖြင့် ဘေးအိမ်တွင် နေထိုင်ရန်အတွက် အလွယ်တကူ သဘောတူလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

“အဲဒါက ဘာဆန်းလို့လဲ၊ ကျွန်မရဲ့ယောက္ခမတွေက တကယ်ကို သဘောကောင်းကြတာပဲလေ၊

ကျွန်မမှာ ကိုယ်ပိုင်မိဘတွေနဲ့ ဆက်ဆံရေး မကောင်းပေမဲ့ အခုလိုမျိုး ချစ်စရာကောင်းတဲ့ ယောက္ခမတွေနဲ့ တွေ့ရတာပဲ၊

သူတို့ကို ထားခဲ့ဖို့ ကျွန်မ လုံးဝ မတွေးပါဘူး”

ထို့အပြင် ရှေးလူကြီးများပြောသကဲ့သို့ ကလေးအတွက် ပတ်ဝန်းကျင်ကောင်းရှိဖို့အတွက် အိမ်ကို သုံးကြိမ်တောင် ပြောင်းရွှေ့ခဲ့ရသည် မဟုတ်ပါလား။

ဤအဆောက်အအုံလေး၏ ပတ်ဝန်းကျင်က အလွန်ပင် ကောင်းမွန်လွန်းသည်။

နေထိုင်သူအများစုက စက်ရုံဝန်ထမ်းများဖြစ်ကြပြီး နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်ခဲ့ကြသူများ ဖြစ်လေ၏။

လူတိုင်းက တစ်ဦးကိုတစ်ဦး သေသေချာချာ သိရှိထားကြသည်။

တိုက်ခန်းအသစ်များတွင်တော့ ထိုသို့မဟုတ်ပေ၊ လူမျိုးစုံ ရောနှောနေမည့်အပြင် မည်သူက မည်သို့သော စရိုက်ရှိသည်ကို မသိရှိနိုင်ပေ။

တကယ်လို့ စရိုက်ဆိုးတဲ့လူနဲ့ တွေ့ရင် ရှောင်လို့တောင် ရမှာမဟုတ်ဘူး။

သူမက တိုက်ခန်းအသစ်သို့ သွားရောက်နေထိုင်ခြင်းထက် ဤအဆောက်အအုံဟောင်းလေးမှာပင် ဆက်နေရန် ပိုမို၍ ဆန္ဒရှိသည်။

ဒါတင်မကသေးဘူး...

သူမတွင် ကလေးရှိလာပြီဖြစ်၍ ဤအဆောက်အအုံဟောင်းလေးတွင် နေထိုင်ခြင်းဖြင့် ကလေးထိန်းရန် ကူညီပေးမည့်သူ ရှိနေခဲ့လေပြီ။

သူမ၏ ယောက္ခမ စုဝေ့မင်က အမြော်အမြင်ရှိပြီး ဗဟုသုတကြွယ်ဝသော လူကြီးတစ်ဦးဖြစ်သကဲ့သို့ သူ၏ သားသုံးယောက်လုံးကိုလည်း အလွန်ထူးချွန်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သူ မဟုတ်ပါလား။

မိဘများနှင့် အနီးအနားတွင် နေထိုင်ခြင်းက ကောင်းကျိုးများသာရှိပြီး ဆိုးကျိုး လုံးဝမရှိပေ။

လီရှန်းတွင်လည်း သူမ၏ ကိုယ်ပိုင် အတွေးအမြင်လေး ရှိနေခဲ့သည်။

ညဘက်တွင် စုဝေ့ချင်းက လီရှန်းကို ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီး ဘေးအိမ်ရှိ စုဝေ့မင်တို့ဇနီးမောင်နှံက ပုံမှန်အတိုင်း ညဉ့်နက်သန်းခေါင် စကားပြောနေကြလေ၏။

လော်ယွီရှို့က လီရှန်းကို အထပ်ထပ်အခါခါ ချီးမွမ်းလိုက်ပြီးနောက် နောက်ဆုံးတွင် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

“ကျွန်မ တတိယသားဇနီးမောင်နှံနဲ့ အတူနေရလို့သာ အခုလိုမျိုး သက်တောင့်သက်သာ ရှိနေတာ၊

တကယ်လို့ ကျန်တဲ့နှစ်ယောက်နဲ့သာ အတူနေရရင် ကျွန်မ အသက်တိုပြီး သေတာ ကြာပလောာာပြီ”

ဝူလီက စရိုက်သေးသိမ်ပြီး မကောင်းသည့် အတွေးလေးများ ရှိတတ်သည်။ သူမက နေ့တိုင်း ပြဿနာရှာတတ်ပြီး စကားလည်း များတတ်သည်ပင်။

သူမနဲ့သာ အတူနေပါက သူတို့စိတ်တိုပြီး သေမှာ သေချာတယ်။

သားလတ်၏ဇနီး ကျန်းဝမ်ကျန့်ကတော့ လူဆိုးမဟုတ်သော်လည်း အလွန်အေးစက်ပြီး လုံးဝ မပြုံးတတ်ပေ။ သူမကို ကြည့်ရုံနှင့် စိတ်ညစ်စေနိုင်သည်။

ဒုတိယသားတစ်ယောက်တည်းကသာ သူ့ဇနီး၏ စရိုက်ကို သည်းခံနိုင်ပြီး အဆင်ပြေအောင် နေနိုင်ပေ၏။ သူတို့တွင် သားတစ်ယောက်တောင် ရနေလေပြီ။

စုဝေ့မင်က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ပြောလိုက်လေ၏။

“တတိယသား ဇနီးမောင်နှံက ဘေးအိမ်မှာ နေဖို့ သဘောတူတာ ကောင်းပါတယ်၊

ဒါပေမဲ့ မင်းလည်း မျှော်လင့်ချက်တွေ အရမ်း မကြီးပါနဲ့ဦး၊ လူကြီးတွေပြောသလို နီးလွန်းရင် အမြင်ကတ်တတ်တယ်တဲ့၊

နောက်ပိုင်းကျရင် သူတို့နဲ့အတူ နေရင်တောင် ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်တာ အကောင်းဆုံးပဲ”

“ဒီအကြောင်းတွေကို ရှင့်က ကျွန်မကို လာရှင်းပြနေဖို့ လိုသေးလို့လား၊ ကျွန်မ ယောက္ခမလုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီပဲ၊ ကျွန်မ မသိဘူးလို့ ထင်နေတာလား”

လော်ယွီရှို့က မျက်စောင်းထိုးလိုက်လေ၏။

လောင်စုက အရာရာတွင် ကောင်းမွန်သော်လည်း လူအများက စိတ်ကူးယဉ်နေချိန်တွင် ရေအေးဖြင့် လှမ်းပက်တတ်သည့် အကျင့်ဆိုးတစ်ခု ရှိနေခဲ့သည်။

ဇနီးဖြစ်သူ စိတ်ဆိုးသွားသည်ကို မြင်လျှင် စုဝေ့မင်က အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်တော့၏။

“ဒါပေမဲ့ ရှောင်လီက တကယ့်ကို ကောင်းမွန်တဲ့ ကလေးပဲ၊ သူမက ရိုးသားဖြူစင်ပြီး အလုပ်လုပ်နိုင်စွမ်းလည်း မြင့်မားသလို အလုပ်ကိုလည်း သေသေချာချာ လုပ်တတ်တယ်၊

လောင်ဝမ်က ငါ့ကို သူမအကြောင်းကို ခဏခဏ ချီးမွမ်းဖူးတယ်၊တကယ်လို့ ရှောင်လီသာ ကိုယ်ဝန်မရှိခဲ့ရင် သူမကို သူရဲ့ လက်ရုံးတစ်ဦးဖြစ်အောင် ပျိုးထောင်ပေးချင်တယ်လို့ ပြောတာပဲ”

“တော်ပါတော့၊ ရှောင်လျို့တစ်ယောက် ဘယ်လောက်တောင် နှိပ်စက်ခံရလဲဆိုတာ ကြည့်ဦး”

လော်ယွီရှို့အနေဖြင့် ယခင်က နည်းပညာဌာန၏ အကြောင်းကို မည်သည့်အရာမှမသိခဲ့ပေ။

သို့သော် အစ်မလျို့နှင့် သိကျွမ်းပြီးနောက်တွင်မှ နည်းပညာဌာန၏ နေ့စဉ်လုပ်ငန်းများကို အနည်းငယ် သိရှိလာခဲ့ရသည်။

နည်းပညာဌာနက ထွက်ခွာလာကတည်းက လောင်လျို့ရဲ့ မျက်နှာလေးက ပိုမိုပြည့်ဖြိုးလာတာကို ရှင်မမြင်ဘူးလား!

ထိုအရာကိုကြည့်ခြင်းအားဖြင့် လောင်ဝမ်က အလွန်ပင် ပေါင်းသင်းရခက်သူတစ်ဦး ဖြစ်ကြောင်း ထင်ရှားလွန်းသည်။

“ဒီလူက အိမ်ထောင်လည်းမရှိဘဲနဲ့ ဘာလို့ ဒီလောက်တောင် စရိုက်ဆိုးနေရတာလဲ မသိဘူး”

လော်ယွီရှို့က ဒါရိုက်တာဝမ်ကို ကလေးဆိုးကြီးတစ်ဦးအဖြစ်သာ ခံစားရသည်။

“အဲဒီလိုတော့ ပြောလို့မရပါဘူး၊ နည်းပညာဌာနက တကယ်ကို အလုပ်ရှုပ်တာ၊

လောင်ဝမ်ကိုယ်တိုင်လည်း အမြဲတမ်း အလုပ်ရှုပ်နေခဲ့တယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် သူ အချိန်ပိုဆင်းပြီး အလုပ်လုပ်နေခဲ့ရတာလေ”

စုဝေ့မင်က သူ၏ သူငယ်ချင်းအတွက် အားနည်းစွာဖြင့် ကာကွယ်ပြောဆိုလိုက်လေ၏။

ကံမကောင်းစွာဖြင့် လော်ယွီရှို့က ဒါရိုက်တာဝမ်၏ မိခင်အပေါ်တွင် သဘောမကျဖြစ်နေခဲ့သောကြောင့် ဒါရိုက်တာဝမ်အပေါ်တွင်ပါ အမြင်မကြည် ဖြစ်လာခဲ့သည်။

“တော်ပြီ၊ နောက်ပိုင်းကျရင် ရှင်လည်း သူနဲ့ အတူအသွားအလာ မလုပ်တာ အကောင်းဆုံးပဲ”

လော်ယွီရှို့က နှာခေါင်းရှုံ့လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ပြီး စုဝေ့မင်ကို ကျောခိုင်းလိုက်တော့သည်။

စုဝေ့မင် : “...”

လီရှန်း၏ ကိုယ်ဝန်ဆောင် တုံ့ပြန်မှုများက ကိုယ်ဝန်သုံးလ ရောက်ရှိချိန်တွင် အလိုအလျောက် ပျောက်ကွယ်သွားခဲ့လေ၏။

ဇွန်လသို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ ရာသီဥတုက တဖြည်းဖြည်းနှင့် ပိုမို၍ ပူပြင်းလာခဲ့သည်။

အပူဒဏ်ကို ကြောက်လန့်ကြသော လူများက အစောကြီးကတည်းက အင်္ကျီအပါးများနှင့် လက်တိုစွပ်ကျယ်များကို ဝတ်ဆင်နေကြပြီဖြစ်၏။

အပူဒဏ်ကို မကြောက်သော လူများကလည်း လက်ရှည်အင်္ကျီအပါးများကိုသာ ဝတ်ဆင်ထားကြတော့သည်။

အင်္ကျီအပါးများကို ဝတ်ဆင်လာကြသည့်နောက်တွင် လီရှန်း၏ ကိုယ်ဝန်က ဖုံးကွယ်ထားရန်အတွက် မဖြစ်နိုင်တော့ပေ။

ကိုယ်ဝန်သုံးလအတွင်း သူမ၏ ဗိုက်လေးက သိပ်မကြီးသေးဘဲ အနည်းငယ်မျှသာ ပူထွက်နေသော်လည်း အသားအရေက တင်းမာလာခဲ့သည်။

ညတိုင်း စုဝေ့ချင်းက ထိုဗိုက်လေးကို မသိမသာ လာရောက်ပွတ်သပ်လေ့ရှိပြီး အလွန်ပင် ထူးဆန်းသည်ဟု ခံစားနေရ၏။

ဤကဲ့သို့သော ပြားချပ်လွန်းသည့် ဗိုက်လေးထဲ၌ ကလေးငယ်တစ်ဦးက ရှိနေသည်တဲ့လား။

“ကောင်းပြီ၊ လာမပွတ်ပါနဲ့တော့၊ အစ်မလျို့ ပြောထားတယ်လေ၊ ကလေးကို အရမ်း သွားပြီး မလှုံ့ဆော်ပါနဲ့တဲ့”

လီရှန်းက စုဝေ့ချင်း၏ လက်ကို ပုတ်ဖယ်လိုက်ပြီး ပြောလိုက်လေသည်။

“ကလေးလည်း ပင်ပန်းတတ်တာပဲလေ”

တကယ်လို့ ရှင်က ဒီလိုမျိုး အမြဲတမ်း လာပြီးနှောင့်ယှက်နေရင် ကလေးငယ်က ပင်ပန်းနေလိမ့်မယ်။

သူက ကြွက်လေးတစ်ကောင်မျှသာ အရွယ်အစားရှိသေး၍ မည်သည့်နေရာမှ အားအင်များ ရှိနေပါမည်နည်း။

စုဝေ့ချင်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်မိ၏။

“အဲဒီလို မျိုးလည်း ရှိလို့လား”

“ကျွန်မ ရှိတယ်ဆိုရင် ရှိတာပေါ့”

လီရှန်းက သူ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်လေ၏။

“ကောင်းပါပြီ”

စုဝေ့ချင်းက ချောင်းအနည်းငယ် ဆိုးလိုက်ပြီး သူက အရှုံးပေးလိုက်ကြောင်းကို ပြသလိုက်ရလေတော့၏။

*

All Chapters