← Chapters

အခန်း (၅၅၇-၅၅၈)

Vol. 38 Ch. 557-558

အခန်း (၅၅၇-၅၅၈)

Vol. 38 Ch. 557-558

အခန်း ၅၅၇ ပိုင်ကျီဟန်နှင့်ဖုန်းရွှမ်ယဲ့

“ဒီလောက်အထိ ယုံကြည်မှုအပြည့် ရှိနေတာလား…”

“ပိုင်ကျီဟန် ဆိုတဲ့အတိုင်းပါပဲ…”

“စောစောတုန်းက ကြက်သွေးရောင်ဆေးလုံး အင်ပါယာကိုတောင် မျက်နှာသာမပေးခဲ့တဲ့သူက ဖုန်းရွှမ်ယဲ့ကို ဘယ်လိုလုပ် မျက်စိထဲထည့်မှာလဲ”

သူတို့အတွက်တော့ ပိုင်ကျီဟန်၏ စကားများသည် မောက်မာဝါကြွားနေခြင်း မဟုတ်ဘဲ အလွန်ပင် သဘာဝကျလှပေသည်။

ဖုန်းရွှမ်ယဲ့ကို အထင်သေးတာလား။

အခြားသူများသာဆိုလျှင် ထိုသို့လုပ်ရန် အရည်အချင်း မပြည့်မီသော်လည်း ပိုင်ကျီဟန်ကမူ ဧကန်မုချ အရည်အချင်း ပြည့်ဝသူ ဖြစ်၏။

သို့သော်လည်း လူတိုင်းက ဖုန်းရွှမ်ယဲ့ကို အရာမသွင်းဘဲ နေကြသည်တော့ မဟုတ်ပေ။

“သူက အခုထိ ဖုန်းရွှမ်ယဲ့ပဲ…”

“ကျင့်ကြံခြင်းက ဗလာသန့်စင်ခြင်းအဆင့်ရှိတဲ့ ပါရမီရှင်တစ်ယောက်လေ။ အရင်ကတည်းက အစွမ်းထက်ခဲ့တာ၊ အခုဆိုရင် ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းနေလောက်ပြီ”

“သူ့မှာ အခွင့်အရေး ရှိနေသေးတာပဲ”

“တကယ်လို့ ပိုင်ကျီဟန်ကသာ ရန်သူကို အထင်သေးမိရင် တကယ်ပဲ ရှုံးသွားနိုင်တယ်”

ထိုအချိန်တွင် တိုက်ပွဲ၏ ဗဟိုချက်မ၌ ရှိနေသော ဖုန်းရွှမ်ယဲ့၏ မျက်နှာမှာမူ အမည်းရောင် သန်းသွားခဲ့ချေပြီ။

ရင်ထဲမှ ဒေါသမီးသည် ဒီရေတက်သကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာသော်လည်း

အားတင်းကာ ဖိနှိပ်ထားလိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် ဤအရာအားလုံးကို အတိုးချ၍ ပြန်ဆပ်ရမည့် အခွင့်အရေး ရောက်လာတော့မည် မဟုတ်ပါလော။

(မင်း အထင်သေးနိုင်သလောက် အထင်သေးထားလိုက်စမ်းပါ။ မင်းကို နောင်တရစေရမယ်)

ဖုန်းရွှမ်ယဲ့ စိတ်ထဲမှ ကြုံးဝါးလိုက်၏။

ပိုင်ကျီဟန်သည် တစ်ဝက်မျှ စားရသေးသော ဝိညာဉ်သစ်သီးကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ရှေ့သို့ တစ်လှမ်း တက်လာခဲ့သည်။

သူသည် လက်ကို အသာအယာ မြှောက်လိုက်ပြီး…

“လာစမ်း”

၎င်းသည် ရိုးရှင်းသော အမူအရာလေး တစ်ခုသာ ဖြစ်သည်။

“မင်းကို အရင် တိုက်ခိုက်ခွင့်ပေးမယ်”

ထိုစကားကြောင့် လူအုပ်ကြီးကြားတွင် ဝေဖန်သံများ တစ်ကျော့ပြန် ဆူညံသွားပြန်သည်။

“သူ့ကို အရင် တိုက်ခိုက်ခွင့် ပေးလိုက်တာလား”

“ဒါက နည်းနည်းတော့ လွန်မသွားဘူးလား”

“တစ်ဖက်က ဖုန်းရွှမ်ယဲ့လေ… ပိုင်ကျီဟန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။ သူက ဖုန်းရွှမ်ယဲ့ကို အခြား သာမန် ကျင့်ကြံသူတွေလိုများ မှတ်နေတာလား”

ပိုင်ကျီဟန်အပေါ် ယုံကြည်မှု ရှိသူများပင်လျှင် ရင်ထဲ၌ စိုးရိမ်စိတ်ကလေး ဝင်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သာမန်ရည်ရွယ်ရုံ ရန်သူမျိုး မဟုတ်သောကြောင့် ဖြစ်၏။

သို့သော်လည်း ပိုင်ကျီဟန်ကမူ ဂရုစိုက်ပုံပင် မရချေ။

ဖုန်းရွှမ်ယဲ့၏ မျက်ဝန်းများ အေးစက်သွား၏

“မင်း နောင်တရစေရမယ်”

ဘုန်း

သူ့ထံမှ ကျင့်ကြံခြင်းစွမ်းအားများ သားရဲတစ်ကောင်ကဲ့သို့ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

“ဗလာသန့်စင်ခြင်း အလယ်အလတ်အဆင့်၊ ဖုန်းရွှမ်ယဲ့က အဆင့်တက်သွားပြီပဲ”

“ကြည့်ရတာ ပိုင်ကျီဟန်တော့ ပြဿနာတက်ပြီ။ သူ ဖုန်းရွှမ်ယဲ့ကို အများကြီး အထင်သေးမိသွားပြီ ထင်တယ်”

ဖုန်းရွှမ်ယဲ့၏ အဆင့်တက်လှမ်းမှုကို မြင်ပြီး လူအများ အံ့အားသင့်သွားကြသည်။

မြင့်မားသော ကျင့်ကြံခြင်း နယ်ပယ်များတွင် အဆင့်တက်ရန် အလွန် ခဲယဉ်းလှရာ ဗလာသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီး နှစ်

ပေါင်းသုံးဆယ်အတွင်း အဆင့်ငယ်တစ်ခု တက်လှမ်းနိုင်ခြင်းသည်ပင် အလွန် လျင်မြန်လှသည်ဟု ဆိုရမည်။

ထိုအရာကို ဖုန်းရွှမ်ယဲ့က နှစ်အနည်းငယ်အတွင်း တက်လှမ်းနိုင်ခဲ့သည်ဆိုလျှင် သူ၏ ကျော်ကြားမှုသည် အလကားသက်သက် မဟုတ်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။

ဝူး…

ဖုန်းရွှမ်ယဲ့၏ ခြေဖဝါးအောက်ရှိ ကြမ်းပြင်များ အက်ကွဲသွား၏

ဝတ်ရုံစများ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံသွားကာ ရှေ့သို့ တစ်လှမ်း တက်လိုက်သည်နှင့် သူ၏ ပုံရိပ်သည် ကွယ်ပျောက်သွားတော့သည်။

“မြန်လိုက်တာ”

ဖုန်းရွှမ်ယဲ့၏ ရွေ့လျားမှုကို မျက်စိဖြင့် မလိုက်နိုင်တော့သဖြင့် လူအတော်များများ၏ မျက်နှာများ ပျက်သွားကြသည်။

နောက်တစ်စက္ကန့်တွင်မူ သူသည် ပိုင်ကျီဟန်၏ ရှေ့တည့်တည့်၌ ပေါ်လာ၏

လက်သီးတစ်ချက်ကို လျှပ်စီးပမာ ထိုးနှက်လိုက်လေသည်။

ထိုလက်သီးချက်၏ ပြင်းအားကြောင့် ဟင်းလင်းပြင်တစ်ခုလုံးပင် တုန်ခါသွားသယောင် ရှိ၏။

၎င်းသည် စမ်းသပ်သည့် တိုက်ကွက် မဟုတ်ပေ။

အားအင်အပြည့် ထည့်သွင်းထားသော သေစေနိုင်သည့် တိုက်ကွက် ဖြစ်သည်။

ဖုန်းရွှမ်ယဲ့သည် ညှာတာရန် စိတ်ကူး လုံးဝမရှိချေ။

ပိုင်ကျီဟန်က သူ့ကို အထင်သေးရဲမှတော့ ဤတစ်ကွက်တည်းနှင့်တင် အမှုန့်ခြေပစ်မည်ဟု ဆုံးဖြတ်ထားသည်။

အကွာအဝေးက မျက်စိတစ်မှိတ်အတွင်း ကျဉ်းမြောင်းသွား၏

လက်သီးချက်က ရောက်ရှိလုနီးနီး ဖြစ်နေပြီ ဖြစ်သော်လည်း ပိုင်ကျီဟန်သည် လှုပ်ပင်မလှုပ်ဘဲ ရပ်မြဲတိုင်း ရပ်နေဆဲ။

သူသည် ရှောင်လည်းမရှောင်၊ ကာကွယ်ရန်လည်း မကြိုးစားဘဲ တည်ငြိမ်စွာဖြင့်သာ စိုက်ကြည့်နေသည်။

ဖုန်းရွှမ်ယဲ့ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။

ပိုင်ကျီဟန် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်ကို မြင်ရသဖြင့် သူ၏ ယုံကြည်မှုများ ဒီရေအလား တက်လာပြီး

(ဟက်… မင်းက ဒီလောက်ပဲ ရှိတာလား)

ပိုင်ကျီဟန်သည် သူ့ကို အထင်သေးမိ၍ ရှုံးနိမ့်တော့မည်ဟု တွေးလိုက်သော်လည်း သူ၏ လက်သီးချက်ကိုမူ မဆိုစလောက်မျှပင် တုံ့ဆိုင်းခြင်း မရှိပေ။

တောင်တန်ပြိုမျှ စွမ်းအားများ သယ်ဆောင်လာသော လက်သီးချက်သည် ပန်းတိုင်သို့ ထိမှန်ခါနီး ဆဲဆဲတွင်…

ဟင်းလင်းပြင်ကိုသာ ထိမှန်သွားတော့သည်။

“…”

သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။

အခြေအနေကို သဘောမပေါက်နိုင်သေးခင်

“ဘာဖြစ်…” ဆိုသည့် စကားလုံးပင် စိတ်ထဲ၌ မရေရွတ်နိုင်သေးမီမှာပင်…

ဘုန်း

သူ၏ ဦးခေါင်းသည် ကြမ်းပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။

“အား…”

ထိုအသံသည် တစ်ခန်းမလုံး မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဟိန်းထွက်သွား၏

ကြမ်းပြင်များ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ဘေးပတ်ပတ်လည်သို့ ပင့်ကူအိမ်သဖွယ် ပြန့်နှံ့သွားသည်။

ထိုခဏ၌ မည်သူမျှ ဘာဖြစ်သွားသည်ကို အက်သရေ မမြင်လိုက်ကြရချေ။

လွန်ခဲ့သည့် တစ်စက္ကန့်က ဖုန်းရွှမ်ယဲ့တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း

နောက်တစ်စက္ကန့်တွင်မူ သူသည် ကြမ်းပြင်ထဲ သို့ ကျမြုပ်ကာ သတိလစ်သွားခဲ့ချေပြီ။

ပိုင်ကျီဟန်ကမူ မူလနေရာ၌ပင် ရပ်နေဆဲ။

သူ၏ လက်ကို အသာအယာ ပြန်ချလိုက်ပြီး မျက်နှာအမူအရာက အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။

မြေမှုန့်တစ်ပွင့်ကို ခါထုတ်လိုက်သကဲ့သို့ အေးဆေးလွန်းလှသည်။

သူသည် မြေပြင်ပေါ်က ဖုန်းရွှမ်ယဲ့ကို တစ်ချက်မျှ ငုံ့ကြည့်ကာ…

“သူ့ဘာသာသူ အစွမ်းအစ မရှိတာပဲ အပြစ်တင်ရမယ်”

သူ၏ လေသံထဲတွင် မောက်မာဝါကြွားမှု အလျဉ်းမရှိပေ

ငြင်းပယ်၍မရသော အမှန်တရားတစ်ခုကိုသာ ရွတ်ဆိုနေသကဲ့သို့ ရှိသည်။

ငြိမ်သက်ကုန်၏

တစ်ခန်းမလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

လူတိုင်းသည် ဆွံ့အလျက် မျက်လုံးအစုံ အေးခဲနေကြ၏။

တုန်လှုပ်ခြင်းနှင့်

မယုံကြည်နိုင်ခြင်းများ။

သူတို့အားလုံးသည် ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ပွဲကို မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားကြ၏

အချို့ဆိုလျှင် ဖုန်းရွှမ်ယဲ့နိုင်ရန်ပင် အခွင့်အရေး ရှိသည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း တိုက်ပွဲသည် မစတင်မီမှာပင် ပြီးဆုံးသွားခဲ့ချေပြီ။

တိုက်ကွက် တစ်ကွက်တည်း။

စတင်ချိန်မှ ပြီးဆုံးချိန်အထိ တစ်စက္ကန့်ပင် မကြာလိုက်ချေ။

မဟာကောင်းကင်အင်ပါယာဘက်မှ လူများမှာမူ တိတ်ဆိတ်နေကြသော်လည်း ၎င်းတို့၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေသည်။

ပိုင်ကျီဟန်သည် ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သိထားပြီး ဖြစ်သော်လည်း

ဤမျှအထိ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိကြပေ။

ဖုန်းရွှမ်ယဲ့သည် အားနည်းသူ မဟုတ်ပေ။

သူသည် အရှေ့ပိုင်းဒေသ၏ ထိပ်သီး ပါရမီရှင်တစ်ယောက်ဖြစ်၏

ဗလာသန့်စင်ခြင်းအဆင့် အလယ်အလတ်အဆင့်

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်ဖူးသူ ဖြစ်သည်။

သို့သော်လည်း ပိုင်ကျီဟန်ကို ဒုတိယတစ်လှမ်း တက်လာအောင်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။

အခြားတစ်ဖက်ရှိ ထျန်းယုအင်ပါယာကိုယ်စားလှယ်အဖွဲ့မှာမူ သစ်ငုတ်တိုများကဲ့သို့ မှင်သက်နေကြတော့သည်။

“ဘယ်လိုလုပ်ပြီး…”

“အဲဒါ… အဲဒါ ဖုန်းရွှမ်ယဲ့လေ…”

မျက်စိတစ်မှိတ်အတွင်း ရှုံးနိမ့်သွားရခြင်းက ဖြစ်နိုင်ချေ မရှိလှပေ။ အကယ်၍ ဖုန်းရွှမ်ယဲ့ရှုံးနိမ့်ခဲ့လျှင်ပင် ပိုင်ကျီဟန်၏ အစွမ်းအစကို အနည်းငယ် ခန့်မှန်းနိုင်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသော်လည်း

ယခုမူ ပိုင်ကျီဟန်သည် အလွန်တရာ အစွမ်းထက် ကြောက်မက်ဖွယ်ကောင်းကြောင်းမှတစ်ပါး မည်သည့်အရာကိုမျှ စုံစမ်း၍ မရလိုက်ချေ။

ထျန်းယုအင်ပါယာ၏ ကိုယ်စားလှယ်သည် ပါးစပ်အဟောင်းသားဖြင့် စကားတစ်လုံးမျှ မဆိုနိုင်တော့ဘဲ ရပ်နေမိသည်။

ဖြစ်ပျက်သွားသောအရာများသည် သူတို့၏ အသိပညာ နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်၏။

ဖုန်းရွှမ်ယဲ့ ရှုံးနိမ့်သည့်တိုင် သူ့စွမ်းရည်ကိုထုတ်ပြနိုင်မည်ဟြ ထင်ခဲ့ကြ၏

ယခုတော့ ချက်ချင်းပြီးသွားချေပြီ

ဖုန်းရွှမ်ယဲ့၏ ဂုဏ်သိက္ခာသည် ယနေ့မှစ၍ မည်သည့်အခါမျှ ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ချေ။

နောင်အနာဂတ်တွင် ပါရမီရှင်များအကြောင်း ပြောဆိုကြသည့်အခါ လူအများက ဖုန်းရွှမ်ယဲ့၏ နာမည်ကို ချန်လှပ်ထားကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ ရှုံးနိမ့်သွားပုံက အလွန်ပင် အရှက်ရဖွယ် ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန်သည် ပတ်ပတ်လည်ကို ဝေ့ကြည့်ကာ…

“ငါ့ကို စိန်ခေါ်ချင်တဲ့သူ ရှိသေးလား”

ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

မည်သူမျှ ပြန်မဖြေဝံ့ကြချေ။

တစ်ယောက်မျှပင် ရှိမနေခဲ့ပေ

မကြာခင်ကမှ ယုံကြည်မှု အပြည့်ဖြင့် ဝေဖန်သုံးသပ်နေကြသော လူအုပ်ကြီးသည် ယခုမူ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်နေကြရသည်။

အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့မှ အမှန်တရားက သူတို့၏ မျှော်လင့်ချက်များကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သောကြောင့် ဖြစ်၏။

ဖုန်းရွှမ်ယဲ့

အရှေ့အလယ်ပိုင်းဒေသ၏ ပါရမီရှင်

ဗလာသန့်စင်ခြင်း အလယ်အလတ်အဆင့်

ပိုင်ကျီဟန်ကို စိန်ခေါ်ခဲ့သောသူသည် လူအများရှေ့တွင် တစက္ကန့်တောင်မကြာဘဲ ရှုံးနိမ့်ခဲ့၏

ထိုအခြေအနေတွင်… မည်သူကများ ရှေ့ထွက်ဝံ့ပါဦးမည်နည်း။

မည်သူက ထိုကဲ့သို့သော အမှားမျိုးကို ထပ်ကျော့ချင်ပါဦးမည်နည်း။

အောက်ကျနောက်ကျ မခံတတ်သော မောက်မာလှသည့် ပါရမီရှင်များပင် ခေါင်းငုံ့သွားကြရသည်။

ထိုအရာကို မြင်ပြီးမှ သွားရောက်စိန်ခေါ်ခြင်းသည်

သတ္တိရှိခြင်း မဟုတ်ပေ

မိုက်မဲခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

ပိုင်ကျီဟန်က ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်

မျက်ခုံးတစ်ချက် ပင့်လိုက်ကာ…

“တကယ်ပဲ မရှိတော့ဘူးလား”

ခန်းမတစ်ခုလုံး

ဆိတ်ငြိမ်ဆဲသာ

ပိုင်ကျီဟန်က နှုတ်ခမ်းကို မဆိုစလောက် စေ့လိုက်၏

“ဒါဆိုရင် နောက်တစ်ခါ ငါ့ကို လာလာပြီး စိန်မခေါ်ကြဖို့ မျှော်လင့်ပါတယ်။ ငါ အခွင့်အရေး ပေးတုန်းက မင်းတို့ ကိုယ်တိုင် မယူခဲ့ကြတာနော်”

“အခုက ငါ ညှာပေးလိုက်တာ။ ဒါပေမဲ့ နောက်တစ်ယောက်ကိုတော့ ငါ ဒီလောက် လျှော့ပေးမှာ မဟုတ်ဘူး”

ထိုစကားများအဆုံးတွင်…

လူအများ၏ အကြည့်များသည် ကြမ်းပြင်ပေါ်၌ သတိလစ် မျောပါနေဆဲ ဖြစ်သော ဖုန်းရွှမ်ယဲ့ထံသို့ အလိုအလျောက် ရောက်ရှိသွားကြတော့သည်။

နှုတ်ခမ်းထောင့်က သွေးစများနှင့် ကွဲအက်နေသော ကြမ်းပြင်မှလွဲ၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကတော့…

ကောင်းမွန်နေဆဲ ဖြစ်ပုံရကာ အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။

ထို့နောက် လူအများက ငါ ညှာပေးလိုက်တာဟု အေးအေးလူလူ ပြောနေသော ပိုင်ကျီဟန်ကို ပြန်လည် ကြည့်လိုက်မိကြသည်။

အကယ်၍ ဤအခြေအနေက ညှာပေးထားခြင်း ဖြစ်သည်ဆိုလျှင်…

မညှာဘဲ တိုက်ခိုက်မည်ဆိုပါက ဘာဖြစ်မည်နည်း

တစ်ဖက်လူသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်လော။

ပိုင်ကျီဟန်၏ စကားသည် အမှန်တရား ဖြစ်စေ၊ မဖြစ်စေကာမူ ထိုအရာကို မည်သူမျှ သံသယဝင်ရဲခြင်း မရှိကြတော့ချေ။

အခန်း ၅၅၈ -ကြေညာချက်

ပိုင်ကျီဟန်သည် တိတ်ဆိတ်ငြိမ်သက်သွားသော ခန်းမကြီးကို နောက်ဆုံးအကြိမ် ဝေ့ကြည့်လိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ လှည့်ထွက်လာခဲ့တော့သည်။

သူသည် မူလင်းယွဲ့ ရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့၏။

သူမ၏ရှေ့တွင် ခြေလှမ်းရပ်လိုက်သည်နှင့် သူသည် လက်ကို ဆန့်ထုတ်လိုက်၏

“ပေးတော့”

မည်သည့်အဓိပ္ပာယ်မှ ရှင်းမပြဘဲ တိုတိုတုတ်တုတ် ဆိုလိုက်သည်။

မူလင်းယွဲ့ကမူ သူ ဘာကိုဆိုလိုသည်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။

သူမ၏ နှုတ်ခမ်းဖျားတွင် ဖျတ်ခနဲ အပြုံးတစ်ခု ပေါ်လာသည်မှာ ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည့်နှယ်။

သူမသည် မည်သည့်ငြင်းဆန်မှုမှမရှိဘဲ ပုံဆောင်ခဲကို ထုတ်ယူ၍ သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ရော့”

ပိုင်ကျီဟန်သည် သူမ၏အမူအရာကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ “ဟွန့်”

သူသည် ထိုကြေးမုံကို ချက်ချင်းပင် သိမ်းဆည်းလိုက်ပြီးမှ

သူမကို သတိပေးသည့်အကြည့်ဖြင့် တစ်ချက် ပြန်ကြည့်

လိုက်သည်။ သို့သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

မူလင်းယွဲ့ကမူ လုံးဝဂရုမစိုက်ဟန်ဖြင့် ပြုံးမြဲပြုံးနေဆဲသာ။

မည်သို့ပင်ဖြစ်စေ၊ ပိုင်ကျီဟန် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိသည်မှာ အမှန်ပင်။ သူမ ကြားခဲ့ရသမျှ ကောလာဟလများသည် တစ်စက်ကလေးမျှ ပုံကြီးချဲ့ထားခြင်း မဟုတ်ပေ။

ထို့အပြင် သူ၏ ဆေးဖော်စပ်ခြင်းပညာအသိပညာများနှင့်ပါ ပေါင်းစပ်လိုက်လျှင် တစ်ချိန်က အသုံးမကျဟု အပြောခံခဲ့ရသော ဤဝမ်းကွဲမောင်လေးသည် မည်သည့်အချိန်ကစ၍ ဤမျှအထိ အစွမ်းထက်သွားခဲ့မှန်း မူလင်းယွဲ့ တွေး၍ပင်မရတော့ချေ။

ထိုအချိန်တွင် ခန်းမကြီးအတွင်းရှိ လေထုမှာလည်း တဖြည်းဖြည်း ပြန်လည်သက်ဝင်လာခဲ့ပြီ ဖြစ်သည်။

စောစောက ရရှိခဲ့သော တုန်လှုပ်မှုများသည် ပျောက်ကွယ်မသွားသေးသော်လည်း အတင်းအကြပ် လုပ်ယူထားသော အပြုံးများနှင့် စကားဝိုင်းသစ်များအောက်တွင် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ချေပြီ။

မည်သို့ဆိုစေ ဤပွဲသည် အောင်ပွဲခံအခမ်းအနားတစ်ခု မဟုတ်ပါလော။

မူထျန်းရွှမ်၏ အဆင့်တက်လှမ်းခြင်း အောင်ပွဲခံပွဲတော်သည် ဆက်လက်စည်ကားနေသော်လည်း ပွဲပြီးခါနီးနေပြီဖြစ်ကြောင်း အားလုံး သိကြသည်။

မူချင်းယွမ်သည် အခြေအနေအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။

ထို့နောက် သူ၏အကြည့်သည်

မူယွဲ့လန်ထံသို့ ရောက်ရှိသွားတော့သည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြ၏

စကားလုံးမပါသော နားလည်မှုတစ်ခုဖြင့်

မူချင်းယွမ်က ခေါင်းအသာအယာ ညိတ်ပြလိုက်သည်။

ထိုအခါ မူယွဲ့လန်သည် ရှေ့သို့ တစ်လှမ်း တက်လာခဲ့၏။

သူမ၏ လှုပ်ရှားမှုသည် လူအများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။

“အားလုံးပဲ ရှင့်”

သူမ၏ လေသံသည် ပြတ်သားကြည်လင်လှရာ ခန်းမအတွင်း ကျန်ရှိနေသော ဆူညံသံများကို အလွယ်တကူပင် ဖြတ်တောက်သွားခဲ့သည်။

လူတိုင်း၏ အကြည့်များက သူမထံသို့ ကျရောက်လာကြ၏။

“ကျမ ကြေညာစရာတစ်ခု ရှိပါတယ်”

သူမ ခေတ္တမျှ စကားရပ်လိုက်ပြီး လာရောက်ကြသော ဧည့်သည်တော်များကို ဝေ့ကြည့်လိုက်သည်။

“ကျမရဲ့ ဖခင်ကြီး အဆင့်တက်လှမ်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာတင်…”

သူမ၏ လေသံမှာ တည်ငြိမ်လျက်ရှိနေဆဲသာ။

“နောက်ထပ် ဝမ်းမြောက်စရာ သတင်းကောင်းတစ်ခုကိုလည်း မျှဝေချင်ပါတယ်”

လူအတော်များများ၏ မျက်နှာတွင် စုစပ်ချင်စိတ်များ ဖြတ်ပြေးသွားကြသည်။

နောက်ထပ် ကြေညာချက်တစ်ခုလား။

မူယွဲ့လန်သည် သူတို့ကို အကြာကြီး အကဲမစမ်းတော့ပေ

“ကျမရဲ့ သားဖြစ်သူ ပိုင်ကျီဟန်က ပိုင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ” ဟု ဆိုလိုက်လေသည်။

ထိုစကားကြောင့် ခန်းမတစ်ခုလုံး အံ့အားသင့်မှု လှိုင်းလုံးကြီး ရိုက်ခတ်သွားတော့၏။

“မျိုးနွယ်စုခေါင်းဆောင် ဟုတ်လား…”

“ဒီလောက် စောစောကြီးလား…”

“ပိုင်ကျီဟန်က အသက် ၁၈ နှစ်ပဲ ရှိသေးတယ် မဟုတ်လား။ ပိုင်မျိုးနွယ်စုခေါင်းဆောင် ပိုင်ထျန်းဟမ် ဘာများ ဖြစ်လို့လဲ…”

ဤကိစ္စသည် သာမန်ကိစ္စမျိုးမဟုတ်ဘဲ ထိုဒေသတွင် အင်အားအကြီးဆုံးဖြစ်သော ပိုင်မျိုးနွယ်စု၏ အပြောင်းအလဲ ဖြစ်သဖြင့် အခြားအင်ပါယာမှ လူများပင် အထူးအလေးထားသွားကြသည်။

၎င်း၏ ဦးဆောင်မှု အပြောင်းအလဲသည် ဧကန်မုချ ကြီးမားသော ဂယက်ရိုက်ခတ်မှုများကို သယ်ဆောင်လာပေလိမ့်မည်။

ထို့အပြင် ထိပ်သီးမျိုးနွယ်စုကြီးများထဲတွင် ဤမျှနုပျိုသော မျိုးနွယ်စုခေါင်းဆောင်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

ယခုနေရာတွင် ရှိနေသော အသက်အငယ်ဆုံး မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် အသက်ရာကျော် ရှိနေပြီ ဖြစ်သည်။

အခုမူ လူပျိုပေါက်အရွယ်လေးသာ ရှိသေးသော လူငယ်တစ်ယောက်က အင်အားအကြီးဆုံး မျိုးနွယ်စုကြီး၏ ခေါင်းဆောင် ဖြစ်လာတော့မည်ဆိုခြင်းမှာ အမှန်ပင် တုန်လှုပ်ဖွယ်ရာ သတင်းကြီး ဖြစ်ပေသည်။

ဟုတ်ပါသည်၊ ပိုင်ကျီဟန်၏ ပါရမီနှင့် အစွမ်းအစအရ သူ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည့်အပေါ် မည်သူမျှ သံသယမရှိကြသော်လည်း

ဤမျှ စောစောစီးစီးနှင့် ရုတ်တရက်ကြီး ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ ပြင်ဆင်မထားမိကြခြင်းသာ။

လူအများက ပိုင်ကျီဟန် ဤမျှရုတ်တရက် မျိုးနွယ်စုခေါင်းဆောင် ခန့်အပ်ခံရခြင်း၏ အကြောင်းအရင်းကို တီးတိုး ဆွေးနွေးနေကြတော့သည်။

အချို့က ပိုင်ကျီဟန်သည် အလွန်အမင်း ပါရမီထူးချွန်ပြီး အစွမ်းထက်လွန်းသဖြင့် တာဝန်ကို စောစောစီးစီး လွှဲပြောင်းပေးခြင်း ဖြစ်သည်ဟု ထင်ကြ၏

အချို့ကမူ ပိုင်ထျန်းဟမ်တစ်ယောက် မဟာကောင်းကင်ဘုံ တက်ခြင်း အဆင့်ကို ကျော်လွန်၍ အင်မော်တယ်နယ်ပယ်သို့ အဆင့်တက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။

“ဂုဏ်ယူပါတယ်… သခင်လေးပိုင်”

“မဟုတ်ဘူးလေ… အခုဆို ပိုင်မျိုးနွယ်စုခေါင်းဆောင်လို့ ခေါ်ရတော့မှာပေါ့”

“တကယ့်ကို မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါပဲ”

ဧည့်သည်တော်များသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်ကာ လက်သီးပူး၍ ဂါရဝပြု နှုတ်ဆက်ကြတော့သည်။

သူတို့၏ လေသံများမှာ လှိုက်လှိုက်လှဲလှဲနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေ၏။

“ပိုင်မျိုးနွယ်စုဟာ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီးတော့ မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ရှိသွားမှာ အသေအချာပါပဲ”

“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီထူးချွန်တဲ့ မျိုးနွယ်စုခေါင်းဆောင်ကို ပိုင်ဆိုင်ထားရတာ တကယ့်ကို အားကျစရာပါပဲ”

“ဒါက တကယ့်ကို ထပ်ဆင့်အောင်ပွဲပဲ”

ရယ်မောသံများ ထွက်ပေါ်လာသော်လည်း ထိုရယ်မောသံများအောက်တွင် တည်ကြည်လေးနက်မှုများ ကိန်းအောင်းနေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေ၏ အဓိပ္ပာယ်ကို လူတိုင်း နားလည်ထားကြသောကြောင့် ဖြစ်၏။

ပိုင်ကျီဟန်သည် ယခုအခါ ထွန်းသစ်စ ပါရမီရှင်တစ်ယောက် မဟုတ်တော့ပေ

အင်အားအကြီးဆုံး မျိုးနွယ်စုကြီးကို အုပ်ချုပ်မည့် အချုပ်အခြာအာဏာကို လက်ဝယ်ပိုင်ဆိုင်သွားခဲ့ချေပြီ။

ပိုင်မျိုးနွယ်စု၏ အနာဂတ်သည် သူ၏လက်ထဲတွင် ရှိနေတော့သည်။

လူအုပ်ကြီးထဲတွင် တော်ဝင်မိသားစုမှ လူများ၏ မျက်နှာအမူအရာမှာ အဆိုးရွားဆုံး ပြောင်းလဲသွားခဲ့သည်။

စောစောက ပြိုင်ဆိုင်နေကြသော မင်းသားများသည် ယခုမူ ငြိမ်သက်သွားကြရ၏။

ယုဝမ်ကျောက်၏ အကြည့်များ တုန်လှုပ်သွား၏

ယုလောင်ရွှမ်လည်း နှုတ်ဆိတ်သွား၏

ပထမမင်းသား ယုကျီတီသည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ပိုင်ကျီဟန်ကို မိမိတို့ဘက်ပါအောင် ဆွဲဆောင်ရန် မည်မျှ ခဲယဉ်းသွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ။

အကယ်၍ မျိုးနွယ်စုခေါင်းဆောင်က အခြားသူသာဆိုလျှင် အခွင့်အရေး ရှိနိုင်သေးသော်လည်း၊ ပိုင်ကျီဟန်ဆိုလျှင်မူ အလွန်ပင် ခက်ခဲသွားချေပြီ။

ထို့အပြင် မင်းသမီးများမှာမူ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏

သူတို့၏ အကြည့်များသည် ပိုင်ကျီဟန်နှင့် ချူကျီယန်ကြားတွင် ကူးလူးနေကြသည်။

သူတို့၏ မျက်ဝန်းများထဲတွင် နောင်တရရိပ်များ ထင်ဟပ်နေ၏။

အကယ်၍သာ ပိုင်ကျီဟန်၏ နာမည်မကျော်ကြားခင်ကတည်းက စောစောစီးစီး လှုပ်ရှားခဲ့ကြလျှင်…

ဖြစ်နိုင်ပါက သူတို့ သေချာပေါက် ဆွဲဆောင်နိုင်ခဲ့လိမ့်မည်။

သို့သော်

ယခုမူ နောက်ကျသွားခဲ့ချေပြီ။

ချူကျီယန်က ထိုနေရာကို အပိုင်ရရှိသွားခဲ့ပြီ မဟုတ်ပါလော။

အင်အားစု အသီးသီးက လုယူချင်နေကြသော အခွင့်အရေးကြီးကို သူမက ရယူသွားနိုင်ခဲ့ပြီ ဖြစ်သည်။

အရင်တုန်းက လူတိုင်းသည် ချူကျီယန်ကို လှောင်ပြောင်ခဲ့ကြပြီး ပိုင်ကျီဟန်ကဲ့သို့ အသုံးမကျသူနှင့် စေ့စပ်ထားရသည့်အတွက် သနားခဲ့ကြသော်လည်း

ယခုမူ မိမိတို့ကိုယ်မိမိ လူမိုက်များသဖွယ် ခံစားနေကြရကာ အကြီးမားဆုံးသော အခွင့်အရေးကြီးကို လက်လွတ် ဆုံးရှုံးခဲ့ရမှန်း သိလိုက်ကြရတော့သည်။

ယခုအခါ ထို အခွင့်အရေးဆိုသည့်အရာသည် လက်လှမ်းမမီနိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။

ခန်းမ၏ ဗဟိုချက်မတွင်မူ ပိုင်ကျီဟန်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့်သာ ဂုဏ်ပြုစကားများကို လက်ခံနေခဲ့သည်။

သူသည် မောက်မာဝါကြွားခြင်းလည်းမရှိ၊ ဟန်ဆောင်နှိမ့်ချခြင်းလည်း မပြသချေ။

သူ၏ ဖခင်သည် မူထျန်းရွှမ်ပေးအပ်သော ဆေးလုံးများဖြင့် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဤအချိန်သည် ရာထူးလွှဲပြောင်းမှုကို ကြေညာရန် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး ၎င်းကို မူမျိုးနွယ်စုနှင့်လည်း ကြိုတင် တိုင်ပင်ထားခဲ့ပြီးသား ဖြစ်သည်။

မူမျိုးနွယ်စုဘက်ကလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး ဝမ်းမြောက်ဝမ်းသာ ထောက်ခံခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော သတင်းကို မူမျိုးနွယ်စုတွင် ကြေညာခြင်းက ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်စု၏ သွေးသားဖြစ်ရုံသာမက မူမျိုးနွယ်စုနှင့်လည်း နက်ရှိုင်းစွာ ဆက်နွှယ်နေကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

မူယွဲ့လန်သည် လက်ကို အသာအယာ ပြန်မြှောက်လိုက်၏

“နောက်ထပ်… သတင်းတစ်ခုလည်း ရှိပါသေးတယ်”

သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး လူအုပ်ကြီးကြားတွင် စိတ်ဝင်စားမှုများ တဟုန်းဟုန်း တောက်လောင်သွားပြန်သည်။

“ကျမတို့ လေလံပွဲတစ်ခုကို ကျင်းပသွားမှာပါ”

ထိုစကားလုံးများ ထွက်လာသည်နှင့်

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

လေလံပွဲ ဟုတ်လား။

လူအတော်များများက အခြေအနေကို ချက်ချင်းပင် ချိတ်ဆက်မိသွားကြပြီး ထိုလေလံပွဲတွင် မည်သည့်အရာများ ပါလာနိုင်ကြောင်း ခန့်မှန်းမိလိုက်ကြ၏

သူတို့၏ မျက်ဝန်းများ တောက်ပလာကာ မျှော်လင့်ချက်များ မြင့်တက်လာတော့သည်။

မူယွဲ့လန်သည် သူတို့ကို အကြာကြီး ပဟေဠိ မလုပ်ထားခဲ့ပေ။

“သေချာတာပေါ့…”

သူမ၏ အကြည့်က ခန်းမတစ်ခုလုံးကို ဝေ့ပျံသွား၏

“…အဲဒီထဲမှာ အဆင့်-၇ ဆေးလုံးတွေ ပါဝင်မှာပါ”

ဝုန်း

လူအများ၏ တုံ့ပြန်မှုက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။

“ထင်တဲ့အတိုင်းပဲ”

“မူမျိုးနွယ်စုက အခုဆို အဆင့်-၇ ဆေးလုံးတွေကို ဖော်စပ်နိုင်ပြီဆိုတော့ ဒီအခွင့်အရေးကို သေချာပေါက် အသုံးချမှာပဲ”

စိတ်လှုပ်ရှားမှုများ လှိုင်းလုံးပမာ ထကြွလာသည်။ ဤအရာသည် သေးငယ်သော ကိစ္စမဟုတ်ပေ။

ယခုအချိန်အထိ မြင့်မားသော အဆင့်ရှိ ဆေးလုံးများ၊ အထူးသဖြင့် အဆင့်-၇ ဆေးလုံးများကို ကြက်သွေးရောင်ဆေးလုံး အင်ပါယာကသာ အဓိက အပိုင်စီးထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို လိုအပ်သော မည်သူမဆို ထိုအင်ပါယာကိုသာ ဖြတ်သန်းပြီး ဝယ်ယူခဲ့ကြရသည်။

သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း အားလုံး ခံစားမိလိုက်ကြသည်။

၎င်းသည် သာမန် လေလံပွဲတစ်ခု မဟုတ်ပေ

ကြေညာချက်သာ

ဆေးဖော်စပ်ခြင်း လောကတွင် မူမျိုးနွယ်စု၏ ထိုးထွက်လာမှုကို ကြေညာလိုက်ခြင်းပင် ဖြစ်၏။

ဘေးတစ်ဖက်တွင်မူ ကြက်သွေးရောင်ဆေးလုံး အင်ပါယာကိုယ်စားလှယ်အဖွဲ့၏ မျက်နှာများ ညိုမှောင်သွားခဲ့ပြီ ဖြစ်သည်။

ဤအခြေအနေသည် သူတို့ အစိုးရိမ်ဆုံးသော ကိစ္စဖြစ်သည့် ပြိုင်ဘက်သစ် ပေါ်လာခြင်းပင် မဟုတ်ပါလော။

သို့သော်လည်း သူတို့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အကယ်၍ ထိုဆေးလုံးများ၏ အရည်အသွေးက အဆင့်မမီဘူးဆိုလျှင် စိုးရိမ်စရာ မရှိလှပေ

မည်သို့ပင်ဖြစ်စေ လေလံတင်မည့် ဆေးလုံးများသည် မူမျိုးနွယ်စု၏ စွမ်းဆောင်ရည်ကို သက်သေပြပေလိမ့်မည်။

မူယွဲ့လန်က တည်ငြိမ်သော လေသံဖြင့် ဆက်လက်၍…

“ဒါတင်မကသေးပါဘူး…”

ခေတ္တမျှ စကားရပ်လိုက်၏

“ကောင်းကင်အဆင့် ရတနာလက်နက်တွေလည်း ပါဝင်ဦးမှာပါ”

စိတ်လှုပ်ရှားမှုများက ဒုတိယအကြိမ် ထပ်မံ ပေါက်ကွဲသွားပြန်သည်။

“ကောင်းကင်အဆင့် ရတနာလက်နက်တွေ ဟုတ်လား”

“သူတို့ အတည်ပြောနေတာလား”

“အဲဒီအဆင့်ရှိတဲ့ ရတနာမျိုးကတော့…”

ခန်းမကြီးအတွင်းရှိ လေထုမှာ မြင့်တက်လာချေသည်။

စိတ်လှုပ်ရှားမှု၊

လောဘဇောများနှင့်

မျှော်လင့်ချက်များဖြင့်

ထပ်မံ၍ ဒီရေအလား တက်ကြွလာတော့သည်။

သာမန် အောင်ပွဲခံပွဲတော်လေးတစ်ခုအဖြစ် စတင်ခဲ့သော ပွဲသည် ယခုအခါ ပိုမိုကြီးမားသော အလှည့်အပြောင်းတစ်ခုဆီသို့ ဦးတည်သွားခဲ့ချေပြီ။

၎င်းသည် ခေတ်တစ်ခေတ်၏ အစပျိုးခြင်းဖြစ်ကြောင်းကိုလည်း

ထိုနေရာရှိ လူတိုင်း ကောင်းကောင်းကြီး သိလိုက်ကြရတော့သည်။

All Chapters