← Chapters

အခန် (၅၆၅-၅၆၆)

Vol. 38 Ch. 565-566

အခန် (၅၆၅-၅၆၆)

Vol. 38 Ch. 565-566

အခန်း ၅၆၅ - ဘယ်သူ ဆေးဖော်စပ်နေတာလဲ

ကောင်းကင်ပြင်ကြီး၏ ထူးခြားဆန်းပြားသော ပြောင်းလဲမှုကြီးကို လူတိုင်း သတိမပြုမိဘဲ မနေနိုင်ခဲ့ကြချေ။

ဝေးကွာလှသော အရပ်ဆီမှ စတင်လာသည့် ထစ်ချုန်းမြည်ဟီးသံသည် ခဏတွင်းချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်ခတ်သွားစေသည့် ပွက်လောရိုက်ခတ်မှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

မူမျိုးနွယ်စုအတွင်းရှိ မရေမတွက်နိုင်သော လူအပေါင်းတို့သည် ၎င်းတို့၏ ခေါင်းများကို မော့လိုက်ကြ၏

ကောင်းကင်ယံထက်ဆီသို့ မျက်တောင်မခတ်တမ်း ကြည့်မိသွားကြသည်။

ကောင်းကင်ထက်မှ ဖိနှိပ်ချုပ်ချယ်လွန်းသော အရှိန်အဝါကြီးသည် လူတိုင်း၏ ရင်ဝကို လာရောက်ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရ၏။

ဆေးဖော်စပ်ဆောင်နှင့် အလှမ်းဝေးကွာသော နေရာ၌ ရှိနေကြသူများပင်လျှင် ထို ဖိအားကို အတိုင်းသား အထင်အရှား ခံစားနေရသည်။

"ဒါ... ဒါက ဘယ်လိုမျိုး ဆေးဘေးဒုက္ခကြီးလဲ..."

"အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်လွန်းတယ်”

"ဒီနေ့ ဘယ်အဆင့်မြင့်ဆရာကြီးက ဆေးလုံးဖော်စပ်နေလို့လဲ?”

မျိုးနွယ်စုတစ်ခုလုံးတွင် ရှုပ်ထွေးဝေခွဲမရမှုများ ပျံ့နှံ့သွား၏

အသံဗလံများ ဆူညံသွားတော့သည်။

အကယ်၍ ၎င်းတို့သည် အဆင့်-၇ ဆေးလုံး များ အမြဲမပြတ် ဖော်စပ်မှုကြောင့် ဖြစ်ပေါ်လာတတ်သော ဆေးဘေးဒုက္ခများနှင့် ရိုးအီမနေခဲ့ပါက ယခုဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာမည့် ရိုက်ခတ်မှုမှာ ယခုထက်မက ပိုမိုကြီးမားသွားပေလိမ့်မည်။

အဓိက ခန်းမဆောင်ကြီးအတွင်းမှ မူချင်းယွမ် သည် အပြင်သို့ လှမ်းထွက်လာပြီး သူ၏အကြည့်ကို ကောင်းကင်ယံထက်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။

သူ၏ မျက်ခုံးအစုံက အနည်းငယ် တွန့်ချိုးသွား၏။

"အဆင့်-၇ ဆေးလုံးလား?"

သူ့ဘာသာသူ တိုးတိုးရေရွတ်လိုက်သော်လည်း တစ်ခုခုတော့ လွဲချော်နေသည်ဟု စိတ်ထဲက ခံစားနေရသည်။

သူသိထားသလောက်မူ ယနေ့တွင် ဆရာကြီးများထဲမှ မည်သူမျှ ဆေးဖော်စပ်ရန် အစီအစဉ် မရှိကြချေ။

အကယ်၍ ဆေးဖော်စပ်မည့်သူ ရှိခဲ့ပါက ဆေးဖော်စပ်မှုကို မနှောင့်ယှက်မိစေရန်သာမက ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန်အတွက်ပါ သူကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားရမည် မဟုတ်ပါလား။

ထို့အပြင် ယခုကျရောက်လာမည့် ဘေးဒုက္ခ၏ ပြင်းထန်မှုအရှိန်အဟုန်က...

သူ ယခင်က ကြုံတွေ့ဖူးသမျှ အရာ

အားလုံးထက် သိသိသာသာ ပိုမိုပြင်းထန် အားကောင်းနေသည်။

သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ စိတ်ထဲမှ တွေးတောလိုက်မိသည်

(တစ်စုံတစ်ယောက်က ကျင့်စဉ်အဆင့် တက်လှမ်းဖို့ ကြိုးစားနေတာလား?)

တစ်စုံတစ်ယောက်သည် အဆင့်တက်လှမ်းရန်အတွက် ပိုမိုမြင့်မားသောအဆင့်ရှိ ဆေးလုံးကို စမ်းသပ်ဖော်စပ်နေခြင်း ဖြစ်နိုင်သည်ဟု သူ စဉ်းစားမိ၏

သို့သော်လည်း ထိုအတွေးကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်ရသည်။

ထိုအရာက မဖြစ်နိုင်ပေ။

၎င်းတို့သည် အဆင့်-၇ ဆေးဆရာ နယ်ပယ်ထဲသို့ ခြေချနိုင်ခဲ့သည်မှာ မကြာသေးချေ။

တစ်နှစ်ပင် မပြည့်သေးသည့် အချိန်ကာလအတွင်း နောက်ထပ်အဆင့်တစ်ခုကို ထပ်မံကျော်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟု သူ မထင်မိပေ။

တစ်ကယ်၍ ထိုသို့ အဆင့်တက်ရန် ကြိုးစားမည်ဆိုပါကလည်း သူ့ကို ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။

မူချင်းယွမ်၏ မျက်နှာအမူအရာက ပိုမိုလေးနက် တည်ကြည်သွားတော့သည်။

အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ဒါက သေးငယ်တဲ့ကိစ္စတော့ မဟုတ်တာ သေချာသည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ယခုကဲ့သို့ ကောင်းကင်မြေပြင် တုန်ဟည်းစေမည့် လှုပ်ခတ်မှုကြီးက အခြားသူများ၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်မိတော့မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏သမီးဖြစ်သူ တောင်းဆိုထားခဲ့မှုကြောင့် မျိုးနွယ်စု၏ ကာကွယ်ရေး အစီအရင်များကို ကြိုတင် အင်အားဖြည့်တင်းထားခဲ့ပြီးသား ဖြစ်သည်။

"သူမက အစီအရင်တွေကို အားဖြည့်ထားဖို့ ပြောခဲ့လို့ တော်သေးတာပေါ့..."

မူချင်းယွမ်သည် တစ်စက္ကန့်မျှပင် အချိန်မဆိုင်းတော့ဘဲ ဆေးဘေးဒုက္ခ၏ အရင်းအမြစ် တည်ရှိရာ အရပ်ဆီသို့ လျှင်မြန်လှစွာသော ခြေလှမ်းများဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။

ဤသို့ လှုပ်ရှားသွားသူမှာ သူတစ်ဦးတည်းတင် မဟုတ်ခဲ့ချေ။

အခြားသော ဝင်းခြံတစ်ခုအတွင်း၌ မူထျန်းရွှမ်သည်လည်း သူ၏မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်သည်။

ထိုအရှိန်အဝါကို ခံစားမိလိုက်သည့် ခဏ၌ပင် သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဒီဖိအားက..."

သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားရသည်။

ဤဖိနှိပ်မှုက သူကိုယ်တိုင် ထုတ်ဖော်နိုင်သည့် အဆင့်ထက် များစွာ ကျော်လွန်နေသည်။

"တစ်ယောက်ယောက်က အဆင့်မြင့်မဟာဆေးဆရာကြီး တစ်ယောက်ကို ဖိတ်ခေါ်လိုက်တာလား...?"

မူထျန်းရွှမ်သည် တွန့်ဆုတ်မနေတော့ဘဲ ဝတ်ရုံကိုခါကာ ချက်ချင်း ထရပ်လိုက်တော့သည်။

မကြာမီအချိန်အတွင်းမှာပင် ပိုင်ကျီဟန်၏ ဆေးဖော်စပ်ဆောင် အပြင်ဘက်သို့ လူများ အလျှိုလျှို ရောက်ရှိလာကြသည်။

မူချင်းယွမ်၊ အဆင့်မြင့်ဆရာကြီး သုံးဦး နှင့် မကြာမီမှာပင် မူယွဲ့လန်ပါ ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း လူတိုင်းကို ထိုနေရာသို့ ချဉ်းကပ်ခွင့် မပြုခဲ့ချေ။

အခြားသော မျိုးနွယ်စုဝင်များ နောက်ကွယ်မှ လိုက်ပါလာရန် ကြိုးစားသည့်အခါတွင်

ချက်ချင်းပင် တားဆီးခြင်း ခံလိုက်ရသည်။

ဆေးဖော်စပ်ဆောင် တံခါးရှေ့တွင် ရပ်နေကြသော အုပ်စုသည် ခဏမျှ တိတ်ဆိတ်သွားကြပြီး ၎င်းတို့၏ စိတ်ထဲတွင် ဝေခွဲမရမှုများက ပိုမိုနက်ရှိုင်းလာခဲ့သည်။

၎င်းတို့၏ အကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း မြင်တွေ့ရသည့်အရာက ဇဝေဇဝါ ဖြစ်စရာသာ...။

အဆင့်မြင့်ဆရာကြီး အားလုံးက ဤနေရာတွင် ရှိနေကြပြီဖြစ်ရာ ဆေးလုံးကို အထဲတွင် မည်သူက ဖော်စပ်နေသနည်း?

ထိုဆေးအရှိန်အဝါက ဤအခန်းအတွင်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်မှာ သေချာသော်လည်း ယခုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူ အားလုံးမှာ အပြင်ဘက်တွင် ရပ်နေကြသည်။

မူချင်းယွမ်၏ မျက်ခုံးများ ပိုမိုတွန့်ချိုးသွား၏

"မင်းတို့အားလုံး မဟုတ်ဘူးဆိုရင်”

မူထျန်းရွှမ်နှင့် အခြားသူများကို လှည့်ကြည့်လိုက်ပြီး...

“ဒါဆို ဘယ်သူလဲ?" ဟု မေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် အတွေးတစ်ခုက ခေါင်းထဲသို့ ဝင်ရောက်လာ၏။

"ပိုင်ကျီဟန်က မျိုးနွယ်စုထဲကို တစ်စုံတစ်ယောက်သော မဟာပညာရှင် ကို ဖိတ်ခေါ်ထားတာလား?"

ကျန်ရှိနေသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုအရာက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

အမှန်တကယ်တော့ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဆေးဘေးဒုက္ခကြီးကို ဆွဲဆောင်နိုင်စွမ်းရှိသူကို ရှင်းပြရန်အတွက် ဒါက တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် အဖြေ ဖြစ်ပေလိမ့်မည်။

သူ၏ ထိတ်လန့်ဖွယ်ရာ ပါရမီနှင့် သူရရှိထားသော အမွေအနှစ် များအရ ပိုင်ကျီဟန်သည် တစ်စုံတစ်ယောက်သော ဆေးဖက်ဆိုင်ရာ မဟာပညာရှင်ကြီးကို ဆရာအဖြစ် ဆည်းကပ်ထားခြင်းလည်း ဖြစ်နိုင်သည်။

မူချင်းယွမ်သည် တွန့်ဆုတ်မနေတော့ဘဲ

ရှေ့သို့တိုးကာ တံခါးကို ခေါက်လိုက်သည်။

ဒေါက် ဒေါက်

တစ်စုံတစ်ယောက် ဆေးဖော်စပ်နေစဉ်အတွင်း သွားရောက်နှောင့်ယှက်ခြင်းသည် ဆေးဆရာလောက၏ ကြီးမားလှသော ကန့်သတ်ချက် ဖြစ်ပြီး ရိုင်းပျရာကျသည်ကို သူသိသော်လည်း...

ယခုအခြေအနေတွင်မူ ၎င်းတို့၌ ရွေးချယ်စရာ မရှိတော့ချေ။

အမှန်တရားကို ၎င်းတို့ သိရှိရန် လိုအပ်သည်။

အခန်းတွင်း၌မူ မူလင်းယွဲ့သည် အရာအားလုံးကို မေ့လျော့ကာ စိတ်အာရုံ အပြည့်အဝ နစ်မြောနေဆဲ ဖြစ်သည်။

သူမ၏ မျက်ဝန်းများသည် ပိုင်ကျီဟန်ပေါ်သို့လည်းကောင်း

ဆေးဖော်စပ်သည့် ဖိုကန်သို့လည်းကောင်း၊

ရုပ်လုံးပေါ်လာတော့မည့် ဆေးလုံးပေါ်သို့လည်းကောင်း စူးစိုက်ကြည့်နေမိသည်။

သူမ၏ စိတ်အာရုံများမှာ ရရှိလိုက်သော တုန်လှုပ်မှုများကြောင့် ကွက်လပ်ဖြစ်ကာ ကာလအတန်ကြာ ဆွံ့အလို့နေခဲ့ပြီ ဖြစ်သည်။

ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် သူမ သတိပြန်ဝင်လာ၏

မျက်တောင်တစ်ချက်ခတ်ကာ တံခါးဆီသို့ အမြန် လျှောက်လှမ်းသွားလိုက်သည်။

ကျွီ

တံခါးပွင့်သွားသည်နှင့် မူချင်းယွမ်နှင့် အခြားသူများသည် သူမကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

"လင်းယွဲ့အာ”မူချင်းယွမ်က လှမ်းခေါ်လိုက်၏။

မူလင်းယွဲ့သည် အံ့အားသင့်စွာဖြင့် မျက်တောင်လေးခတ်ရင်း...

"အဖေ? အဒေါ်? ဆရာကြီးတို့ပါလား? အားလုံးက ဒီမှာ ဘာလုပ်နေကြတာလဲ?" ဟု မေးလိုက်သည်။

၎င်းတို့အားလုံး ယခုကဲ့သို့ စုရုံးရောက်ရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

မူချင်းယွမ်က အချိန်ဆွဲမနေဘဲ... "အထဲမှာ ဘယ်သူ ဆေးဖော်နေတာလဲ?"

လေးနက်တည်ကြည်သော်လည်း အလောတကြီး ဖြစ်နေသောအသံဖြင့် မေးလိုက်သည်။

မူလင်းယွဲ့က ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီးနောက် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ သူမ၏လက်ကို မြှောက်ကာ အထဲသို့ ညွှန်ပြလိုက်လေသည်။

သူမ ညွှန်ပြရာကို မြင်လိုက်ရသည့်အခါတွင်မူ ရောက်ရှိနေသူအားလုံး လုံးဝ ဆွံ့အသွားကြရတော့သည်။

အခန်းတွင်း၌ ဆေးမီးတောက်များသည် ပြီးပြည့်စုံသော ထိန်းချုပ်မှုအောက်တွင် ကပြကခုန်နေကြ၏

ထိုအရာအားလုံး၏ အလယ်ဗဟိုတွင် ရပ်တည်နေသူမှာ ပိုင်ကျီဟန်ပင် ဖြစ်သည်။

အချိန်ကာလကြီးတစ်ခုလုံး အေးခဲရပ်တန့်သွားသကဲ့သို့ ရှိတော့သည်။

မည်သူမျှ စကားမဆိုရဲကြပေ။

မည်သူမျှ မလှုပ်ရှားရဲကြေပ။

၎င်းတို့ ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာခဲ့ရသော ကောင်လေးကိုသာ ငေးစိုက်ကြည့်နေမိကြသည်။

တစ်ချိန်က ဆိုးသွမ်းပြီး ပြဿနာရှာတတ်ခဲ့သော ထိုကလေးငယ်သည် ယခုအခါတွင် ယခုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဆေးဘေးဒုက္ခကြီးကို ဆွဲဆောင်နိုင်သည့် ဆေးလုံးကို ကိုယ်တိုင်ဖော်စပ်နေသည် မဟုတ်ပါလား။

ထာဝရကာလကဲ့သို့ ရှည်လျားလှသော တိတ်ဆိတ်မှုအပြီးတွင် တုန်ရင်နေသော အသံတိုးတိုးလေးတစ်ခုက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ကျီဟန်အာ..."

မူယွဲ့လန်၏ မျက်ဝန်းများတွင် မယုံကြည်နိုင်ခြင်း အတိ ပြည့်နှက်နေသည်။

မူထျန်းရွှမ်သည် သူ၏မုတ်ဆိတ်မွေးကို ဖြည်းညှင်းစွာ သပ်လိုက်၏

ပိုင်ကျီဟန်ကို နက်ရှိုင်းစွာ တွေးတောသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"သူရခဲ့တဲ့ အမွေအနှစ်က... ငါတို့ ထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ကြီးမားနေတာများလား?"

ဒါက လက်ရှိမြင်ကွင်းကို ရှင်းပြနိုင်မည့် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် အဖြေဖြစ်သည်။

သို့သော် ထိုအဖြေကပင် လုံလောက်မှု မရှိသကဲ့သို့ ခံစားရသည်။

အကြောင်းမူကား လူတစ်ယောက်ကို အဆင့်-၇ ဆေးလုံးကို ဖော်စပ်နိုင်ရုံတင်မက ထိုအထက်ကိုပါ ကျော်လွန်စေနိုင်မည့် ဆေးဖက်ဆိုင်ရာ အမွေအနှစ်မျိုးကို ၎င်းတို့ တစ်ခါမျှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။

ကျန်ရှိသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

ဤအချက်က အရာအားလုံးကို အပြည့်အဝ မရှင်းပြနိုင်သေးသော်လည်း ၎င်းတို့ လက်ရှိမြင်တွေ့နေရသည့် အရာကို စိတ်ထဲက လက်ခံနိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

မူထျန်းရွှမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ...

"သူ အခု ဘယ်လိုဆေးလုံးကို ဖော်စပ်နေတာလဲ?"

သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာက ၎င်းတို့ဘဝတွင် တစ်ခါမျှ မမြင်ဖူးခဲ့သည့် အဆင့်အတန်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

တံခါးဝတွင် ရပ်နေဆဲဖြစ်သော မူလင်းယွဲ့က တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။

"အဆင့်-၈ ဆေးလုံးတဲ့”

ချက်ချင်းဆိုသလိုပင် တစ်လောကလုံး တိတ်ဆိတ် ခြောက်ကပ်သွားတော့သည်။

"အဆင့်-၈”

၎င်းတို့၏ အသံများ ထပ်တူထွက်ပေါ်လာ၏

မျက်လုံးများ ပြူးကျယ်ကာ အမူအရာများ အေးခဲသွားရသည်။

တုန်လှုပ်မှုလှိုင်းလုံးကြီးက ၎င်းတို့၏ စိတ်အာရုံကို ထပ်မံရိုက်ခတ်သွားပြန်သည်။

၎င်းတို့အနေဖြင့် အဆင့်-၇ အလယ်အလတ်

သို့မဟုတ် အဆင့်-၇ အထူးအဆင့်အထိ မျှော်လင့်ထားခဲ့ကြသော်လည်း

အဆင့်-၈ ဟူသည်ကား

လုံးဝကို ကွဲပြားခြားနားလှသော နယ်ပယ်အသစ်တစ်ခု ဖြစ်သည်။

၎င်းတို့၏ သိနားလည်မှုအရ ထိုအဆင့်သည် ဤ မဟာကောင်းကင်အင်ပါယာအတွင်း၌ မတည်ရှိနိုင်သောအဆင့် ဖြစ်သည်။

မူထျန်းရွှမ်၏ မုတ်ဆိတ်မွေးကို အေးဆေးစွာ သပ်နေသော လက်သည် လေထဲတွင်တင် တောင့်တင်းရပ်တန့်သွား၏

သူ၏ စိတ်အာရုံများ ခဏမျှ ဗလာဖြစ်သွားရသည်။

"အဆင့်... ၈ လား?"

သူ ကြားလိုက်ရသည့် စကားလုံးကို မှန်ကန်မှု ရှိမရှိ အတည်ပြုသည့်အလား

ဖြည်းညှင်းစွာ ပြန်လည်ရေရွတ်လိုက်မိသည်။

အခြားသူများလည်း ထူးမခြားနားပေ။

၎င်းတို့၏ အကြည့်များသည် ပိုင်ကျီဟန်ထံသို့လည်းကောင်း၊

ဆေးဖိုကန်ထံသို့လည်းကောင်း၊

ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ရာ ဆေးဘေးဒုက္ခကြီးထံသို့လည်းကောင်း ဒုန်းစိုင်းပြန်လည် ရောက်ရှိသွားကြတော့သည်။

တစ်ကယ်လို့ အဆင့်-၈ ဆေးလုံးသာ အမှန်အကန်ဆိုပါက အဆင့်-၇ ဆေးလုံးများ ဖော်စပ်စဉ်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းပြင်းထန်နေသည့် ဆေးဘေးဒုက္ခကြီး ဖြစ်နေတာ မဆန်းတော့ပေ။

"လင်းယွဲ့... မင်း သေချာလို့လား?" မူချင်းယွမ်က လှမ်းမေးလိုက်သည်။

မူလင်းယွဲ့သည် ယခုကဲ့သို့ ကိစ္စမျိုးကို လိမ်ညာပြောဆိုမည့်သူ မဟုတ်မှန်း သူသိသော်လည်း ဤကိစ္စက သေချာစွာ အတည်ပြုရန် လိုအပ်လှသည်။

အဘယ်ကြောင့်ဆိုသော် အဆင့်-၈ ဆေးလုံးဟူသည်မှာ စိတ်ကူးပေါက်တိုင်း လွယ်လွယ်ကူကူ ပြောဆို၍ရသော အရာမျိုး မဟုတ်သောကြောင့် ဖြစ်သည်။

မူလင်းယွဲ့က ခေါင်းခါပြ၏

"ပိုင်ကျီဟန် ကိုယ်တိုင်ပြောတာပါ၊ သမီးလည်း အသေအချာတော့ မသိဘူး" ဟု ဆိုလိုက်သည်။

ထိုအခါမှသာ ၎င်းတို့အားလုံး စိတ်အနည်းငယ် ပြန်လည်တည်ငြိမ်သွားကြတော့သည်။

၎င်းတို့အားလုံးက ပိုင်ကျီဟန်သည် မူလင်းယွဲ့ကို စနောက်ကျီစယ်နေခြင်းသာ ဖြစ်ပြီး သူ အမှန်တကယ် ဖော်စပ်နေသည်မှာ အဆင့်-၇ ဆေးလုံးသာ ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ကြသည်။

သို့သော်ငြားလည်း... အဆင့်-၇ ဆေးလုံးကို ဖော်စပ်နိုင်ခြင်းကပင်လျှင် မယုံကြည်နိုင်လောက်စရာ ကောင်းလှသည့် ကြီးမားလွန်းလှသော အောင်မြင်မှုကြီး တစ်ခုပင် ဖြစ်နေပါတော့သည်။

အခန်း ၅၆၆ - ရွှေအမြုတေ အင်မော်တယ် ဆင်းသက်လာခြင်း

မကြာမီမှာပင် ဆေးဘေးဒုက္ခကြီးက ကောင်းကင်ယံထက်မှ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။

မိုးလျှပ်စီးများသည် အတွေ့အကြုံရင့်ကျက်လှသော ကျင့်ကြံသူများကိုပင် ကြက်သီးဖြန်းဖြန်းထသွားစေမည့် ဖျက်ဆီးခြင်းအရှိန်အဝါများကို သယ်ဆောင်လျက် ကောင်းကင်ပြင်ကြီးကို ခွဲခြမ်းမတတ် ထစ်ချုန်းမြည်ဟီးနေတော့သည်။

သို့သော်ငြားလည်း ပိုင်ကျီဟန်ကမူ ထိုနေရာတွင်ပင် တည်ငြိမ်အေးဆေးစွာ ရပ်တန့်နေဆဲ ဖြစ်သည်။

သူသည် မည်သည့်ကာကွယ်ရေး အစီအရင်ကိုမျှ ပြင်ဆင်မထားသလို၊ ယခုဘေးဒုက္ခအတွက် သီးသန့်ရည်ရွယ်သော ကာကွယ်ရေးရတနာ များကိုလည်း ထုတ်ဖော်ထားခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ၏မျက်လုံးထဲတွင်မူ ယခုကဲ့သို့သော ဘေးဒုက္ခအဆင့်အတန်းမှာ စာဖွဲ့လောက်သည့်အရာ မဟုတ်သောကြောင့်ပင်။

သူသည် ယခုထက်မက အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကောင်းကင် ဘေးဒုက္ခများကိုပင် ကြံ့ကြံ့ခံ ကျော်ဖြတ်ဖူးခဲ့ပြီးသား ဖြစ်သည်။

ထိုအရာများနှင့် နှိုင်းယှဉ်ပါက ယခုဆေးဘေးဒုက္ခမှာ သေးငယ်လွန်းလှပြီး၊ စွမ်းအားပြင်းထန်လှသည်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်မျှ လေ့ကျင့်ပျိုးထောင်ပေးရုံသာ တတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဘေးမှကြည့်ရှုနေကြသူများအတွက်မူ အခြေအနေက လုံးဝဥဿုံ ကွဲပြားခြားနားနေသည်။

မူယွဲ့လန်၏ မျက်နှာအမူအရာက

လေးနက်တည်ကြည်သွားပြီး...

"သူ ဘာတစ်ခုမှ ကြိုတင်ပြင်ဆင်မထားဘူးလား?"

သူမ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားကာ စိတ်ထဲမှလည်း တွေးလိုက်မိသည်။

(သူ ဆေးဘေးဒုက္ခကို အထင်သေးနေတာများလား?)

ကျန်ရှိနေသူများလည်း ထိုနည်းတူပင် ခံစားနေကြရသည်။

ထိုကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုတည်းနှင့်တင် ၎င်းတို့၏ နှလုံးသားများကို တုန်လှုပ်ခြောက်ခြားစေရန် လုံလောက်နေပြီဖြစ်သော်လည်း ပိုင်ကျီဟန်ကမူ မည်သည့်

အရာကိုမျှ ရင်ဆိုင်နေရခြင်း မရှိသည့်အလား

အေးအေးလူလူ ရပ်နေဆဲ ဖြစ်သည်။

ခဏမျှအတွင်း ၎င်းတို့အားလုံး ဝင်ရောက်ကူညီရန် ပြင်ဆင်လိုက်ကြသော်လည်း...

ပိုင်ကျီဟန်က လက်တစ်ဖက်ကို မြှောက်ကာ ၎င်းတို့ကို တားဆီးသည့် အချက်ပြ

လိုက်သည်။

၎င်းတို့၏ ခြေလှမ်းများ ချက်ချင်းပင် ရပ်တန့်သွား၏။

သူတို့ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း ပိုင်ကျီဟန် တောင်းဆိုသည့်အတိုင်း လိုက်နာလိုက်ကြသည်။

အကြောင်းမူကား အစွမ်းသတ္တိပိုင်းကို ပြောရလျှင် ပိုင်ကျီဟန်သည် ၎င်းတို့ထဲတွင် ငြင်းပယ်၍မရအောင် အားအကောင်းဆုံး ပညာရှင် ဖြစ်နေသောကြောင့်ပင်။

ဖြစ်နိုင်သည်မှာ သူ၌ တစ်ခုခုကို လျှို့ဝှက်ပြင်ဆင်ထားပြီးသား ရှိနေ၍ ၎င်းတို့၏ အကူအညီကို မလိုအပ်ခြင်းလည်း ဖြစ်

နိုင်သည်။

ဝုန်းးး

ပထမဦးဆုံးသော ဘေးဒုက္ခမိုးကြိုးလုံးကြီးက ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

၎င်းသည် လေထုကို ဆွဲဖြဲလျက် မည်သူမျှ တားဆီး၍မရနိုင်သော စွမ်းအားများဖြင့် ထိုးစိုက်ကျလာတော့သည်။

ထို့နောက် ၎င်းသည် ပိုင်ကျီဟန်ကို... သို့မဟုတ် ပိုမိုတိကျစွာ ပြောရလျှင် သူဖော်စပ်နေသည့် ဆေးလုံးဆီသို့ ဦးတည်ကာ ရိုက်ခတ်သွားတော့သည်။

မိုးကြိုးအလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ပိုင်ကျီဟန်သည် သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအနာတရ စိုးစဉ်းမျှမရှိဘဲ ထိုနေရာတွင်ပင် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။

ဘာမှမဖြစ်ခဲ့သည့်အလား...

ဒဏ်ရာအနည်းငယ်မျှပင် မရရှိခဲ့သလို

မျက်နှာအမူအရာပင် ပျက်ယွင်းသွားခြင်း မရှိချေ။

"သတိထား”

"ဂရုစိုက်ဦး”

အသံများက တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာကြသည်။

လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။

ထိုမိုးကြိုးလုံးကြီးက သာမန်ဆေးဘေးဒုက္ခများထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လွန်းလှသည်။

၎င်းတို့သည် ထိုအရာမှ ကြီးမားလှသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ပိုင်ကျီဟန်ကမူ ကာကွယ်ရေး အလွှာအတားအဆီးတစ်ခုကိုမျှပင် ထုတ်ဖော်ခြင်း မရှိခဲ့ချေ။

သူသည် ဒီအတိုင်းသာ ရပ်နေခဲ့သည်။

ဤအချက်က ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပိုမိုပြင်းထန်လာစေသည်။

သို့သော် မည်သူမျှ မလှုပ်ရှားနိုင်မီမှာပင် နောက်ထပ်မိုးကြိုးတစ်လုံးက ထပ်မံကျဆင်းလာခဲ့ပြန်သည်။

ဂျိမ်း

နားကွဲလုမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏

စူးရှလှသောအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမြိုသွားတော့သည်။

ခဏမျှသော အချိန်အတွင်း ထိုတောက်ပလှသော အလင်းစက်ဝန်းကြီးထဲတွင် အရာအားလုံး ပျောက်ကွယ်သွားခဲ့ရ၏။

ထို့နောက် အလင်းတန်းများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည့်အခါ

၎င်းတို့၏မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း ဆွံ့အမှင်တက်သွားကြရတော့သည်။

ပိုင်ကျီဟန်သည် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပေ။

နဂိုအတိုင်း ရပ်နေဆဲ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အမှတ်အသားမျှပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။

အနည်းငယ်မျှအကြင်က ကျရောက်ခဲ့သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကြီးမှာ တစ်ခါမျှ မတည်ရှိခဲ့ဖူးသည့်အလားပင်။

အားလုံးက သက်ပြင်းတစ်ချက်ကို အတူတကွ ချလိုက်ကြ၏

စိတ်သက်သာရာရမှုများက ရင်ထဲသို့ လျှံတက်လာတော့သည်။

ထိုအခါမှသာ ၎င်းတို့အားလုံး စိုးရိမ်တကြီးဖြင့် အသက်အောင့်ထားမိခဲ့ကြမှန်း သတိပြုမိကြတော့သည်။

၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကြ၏

၎င်းတို့၏ အကြည့်များက ဆေးဖိုကန်နှင့် ဆေးလုံးဆီသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

မူချင်းယွမ်က အရင်ဆုံး စကားစတင်လိုက်၏

"ပိုင်ကျီဟန်... ဆေးလုံးက... အောင်မြင်သွားပြီလား?" ဟု မေးလိုက်သည်။

ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက်

လက်ကိုတစ်ချက် ခါလိုက်ရာ သူ၏လက်ဖဝါးထက်တွင် ဆေးလုံးတစ်လုံး ရုတ်တရက် ပေါ်ထွက်လာသည်။

ရွှေရောင်အလင်းတန်းများက တဖိတ်ဖိတ် တောက်ပနေ၏

ထူထပ်လှ၍ ခန့်ညားထည်ဝါလှသော အရှိန်အဝါများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။

“ ရွှေအမြုတေ ကောင်းကင်ပျံဆေးလုံး"

လူတိုင်း၏ အကြည့်များက ထိုဆေးလုံးပေါ်သို့သာ စုပြုံကျရောက်သွားကြသည်။

ဤဆေးအရှိန်အဝါက လုံးဝကို ကွဲပြားခြားနားလှပေသည်။

၎င်းတို့ ယခင်က ကြုံတွေ့ဖူးသမျှသော မည်သည့် အဆင့်-၇ ဆေးလုံးနှင့်မျှ မတူညီချေ။

အဆင့်-၇ ထိပ်တန်းဆေးလုံးများပင်လျှင် ဤဆေးလုံးနှင့် နှိုင်းယှဉ်ပါက အရာမသွင်းလောက်စရာ ဖြစ်သွားရသည်။

ဒါက ထိုအဆင့်အားလုံးကို ကျော်လွန်နေသည့် အရာဖြစ်၏

၎င်းတို့အနေဖြင့် နှိုင်းယှဉ်စရာ နမူနာပင် မရှိချေ။

မူယွဲ့လန်၏ နှုတ်ခမ်းအစုံက အနည်းငယ် ပွင့်သွား၏

သူမ၏ မျက်ဝန်းများက တုန်ရီနေသည်။

သူမသည် မူလင်းယွဲ့ အစောပိုင်းက ပြောခဲ့သော စကားလုံးများကို ပြန်လည်အမှတ်ရသွားပုံရ၏

"ဒါက... အဆင့်-၈ ဆေးလုံးလား?"

တုန်လှုပ်ချောက်ချားစွာ မေးလိုက်မိသည်။

သူမကိုယ်တိုင် မေးမြန်းနေသော်လည်း ဤအရာကို သူမကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန်က တွန့်ဆုတ်မနေပေ။

"ဟုတ်ပါတယ်”

တစ်လောကလုံး တိတ်ဆိတ်သွားပြန်သည်။

၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကြ၏

လူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများက ပျံ့နှံ့သွားတော့သည်။

၎င်းတို့အနေဖြင့် ဤအရာကို သံသယဝင်ချင်ကြသည်။

ဒါက နောက်ပြောင်မှုတစ်ခုသာ ဖြစ်

လိမ့်မည်ဟု တွေးတောချင်ကြသည်။

သို့သော်လည်း ပိုင်ကျီဟန်သည် ယခုကဲ့သို့သော ကိစ္စမျိုးကို သူ၏ မိခင်အရင်းအပေါ် လိမ်ညာပြောဆိုလိမ့်မည် မဟုတ်ပေ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ဆေးလုံးကိုယ်တိုင်ကပင် အမှန်တရားကို သက်သေပြနေခြင်း ဖြစ်သည်။

၎င်း၏ ဆေးအရှိန်အဝါ၊ ၎င်း၏ တည်ရှိမှုနှင့် ယခုလေးတင် ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့သော ဆေးဘေးဒုက္ခ...

ဤအရာအားလုံးက ကောက်ချက်တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။

ဒါက အဆင့်-၇ ဆေးလုံး မဟုတ်ပေ။

၎င်းထက် ပိုမိုမြင့်မားလှသောအဆင့်...

ဤအရပ်ဒေသအတွင်း၌ မတည်ရှိနိုင်သောအဆင့်...

အဆင့်-၈ ဆေးလုံး အစစ်အမှန်ပင် ဖြစ်သည်။

၎င်းတို့၏ အကြည့်များက ပိုင်ကျီဟန်ထံသို့ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိသွားကြသည်။

သူတို့၏ ရှေ့မှောက်တွင် တည်ငြိမ်စွာ ရပ်နေသော ဤလူငယ်လေးက

အသက်တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း...

အဆင့်-၈ ဆေးဆရာတစ်ဦး ဖြစ်နေခဲ့ပြီ။

ခဏချင်းမှာပင် လူတိုင်း ရှေ့သို့ တိုးဝှေ့တက်လာကြတော့သည်။

"ကျီဟန်၊ မင်း ဘယ်တုန်းကတည်းက အဆင့်-၈ ဆေးလုံးတွေကို ဖော်စပ်နိုင်ခဲ့တာလဲ?”

"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?တကယ်ပဲ အောင်မြင်သွားတာလား?”

"မင်း နောက်ထပ် ဖော်စပ်နိုင်ဦးမလား?”

အသံများက ရောထွေးဆူညံစွာဖြင့် ထပ်တူထွက်ပေါ်လာကြသည်။

မေးခွန်းတစ်ခုပြီးတစ်ခုက မရပ်မနား သွန်ချလာကြတော့သည်။

ပုံမှန်အားဖြင့် တည်ငြိမ်လှသော အဆင့်မြင့်ဆရာကြီးများပင်လျှင် ၎င်းတို့၏ တည်ငြိမ်မှုများကို ဆုံးရှုံးကုန်ကြပြီ ဖြစ်သည်။

၎င်းတို့၏ မျက်ဝန်းများသည် ပိုင်ကျီဟန်ကို စူးစိုက်ကြည့်နေကြပြီး နောက်တစ်စက္ကန့်တွင် သူ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြသည့်အလား ပြင်းပြလွန်းလှသည်။

ပိုင်ကျီဟန်က မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်၏

"စိတ်အေးအေးထားကြပါဦး-"

သို့သော်လည်း မည်သူမျှ နားမထောင်ကြချေ။

၎င်းတို့ မည်သို့ စိတ်အေးအေးထားနိုင်မည်နည်း?

ဤအရာက လောကကြီးတစ်ခုလုံးကို တုန်ခတ်သွားစေမည့် ကိစ္စကြီး မဟုတ်ပါလား။

မူမျိုးနွယ်စုသည် အဆင့်-၇ ဆေးဆရာတစ်ဦး ပေါ်ထွက်လာစေရန်အတွက် နှစ်ပေါင်းများစွာတိုင်အောင် ခက်ခဲပင်ပန်းစွာ ကြိုးပမ်းခဲ့ကြရခြင်း ဖြစ်သည်။

၎င်းတို့သည် မိမိတို့၌ ရှိသမျှအရာအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့ကြရ၏

ဆုတ်ယုတ်မှုများကို ကြံ့ကြံ့ခံကြ၏

ကန့်သတ်ချက်များစွာကို ရင်ဆိုင်ခဲ့ကြရသည်။

ထို့နောက် မကြာသေးမီကမှ ပိုင်ကျီဟန် ပေးအပ်ခဲ့သော အဆင့်-၇ ဆေးနည်းလမ်းညွှန် အကူအညီဖြင့် ထိုနယ်ပယ်ထဲသို့ ခြေချနိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူက အဆင့်-၈ ဆေးလုံးများကိုပါ ဖော်စပ်နိုင်နေပြီ ဖြစ်ရာ ၎င်းတို့ မည်သို့လျှင် တည်ငြိမ်စွာ နေနိုင်ပါတော့မည်နည်း။

၎င်းက ရိုးရိုးရှင်းရှင်း အဆင့်တက်လှမ်းမှုတစ်ခုတင် မဟုတ်ပေ

၎င်းတို့သိနားလည်ထားသမျှသော လောကီစည်းမျဉ်းများကိုပါ လုံးဝဥဿုံ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

"ကျီဟန်၊ ငါ့ကို အရင်ဖြေဦး”

"မင်း အဆင့်-၈ ဆေးနည်းကို ဘယ်ကရတာလဲ? အရင်အမွေအနှစ်ထဲကပဲလား?”

"ဆေးဖော်စပ်ဖို့ ဆေးဖက်ဝင်ပစ္စည်းတွေ ထပ်ရှိသေးလား? နောက်တစ်လုံး ထပ်ဖော်စပ်နိုင်ဦးမလား?”

မေးခွန်းများက မရပ်မနား ဆက်တိုက် တိုးဝှေ့ဝင်ရောက်လာဆဲ ဖြစ်သည်။

ပိုင်ကျီဟန်၏ မျက်နှာအမူအရာက အနည်းငယ် ညိုမှောင်သွားသော်လည်း

မေးခွန်းများကမူ ရပ်တန့်မည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။

၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး စကားဖြတ်ပြောနေမိကြသည်ကိုပင် သတိမပြုမိကြပေ

တစ်ခန်းလုံး ဆူညံပွက်လောရိုက်လို့နေတော့သည်။

ဤသို့ဖြင့် မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်တွင်မှ

၎င်းတို့ထဲမှ အချို့က အခြေအနေကို စတင်

သတိပြုမိလာကြသည်။

၎င်းတို့အားလုံးသည် မူမျိုးနွယ်စု၏ အလေးအမြတ်ထားရသော လူကြီးသူမများကဲ့သို့ ပြုမူမနေကြတော့ပေ

အမူအရာ ပျက်ယွင်းနေကြသည်ကို သိရှိသွားကြခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် အသံများက တိုးတိတ်သွားတော့သည်။

တစ်ယောက်က စကားရပ်လိုက်ပြီးနောက်

အခြားတစ်ယောက်ကလည်း လိုက်လံရပ်တန့်သွား၏

နောက်ဆုံးတွင် တစ်ခန်းလုံး တိတ်ဆိတ်ခြင်းက ပြန်လည်စိုးမိုးသွားတော့သည်။

လေထုက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွား၏

ဆူညံပွက်လောရိုက်နေခဲ့သမျှ အရာအားလုံးက ဘာမှမဖြစ်ခဲ့သည့်အလား ပြန်လည် အေးချမ်းသွားသည်။

မူချင်းယွမ်က ချောင်းတစ်ချက် ဟန့်လိုက်၏

သူ၏မျက်နှာတွင် အနည်းငယ် ရှက်ရွံ့သော အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။

အခြားသူများလည်း ထူးမခြားနားပင်

ဆရာကြီးများပင်လျှင် အနည်းငယ် အနေရခက်သလို ဖြစ်သွားကြသည်။

၎င်းတို့သည် ယခုလေးတင် လူကြီးလူကောင်းအမူအရာ ပျက်ယွင်းခဲ့ကြခြင်း ဖြစ်သည်။

"ငါတို့ စိတ်လှုပ်ရှားသွားမိလို့... အမူအရာတွေ နည်းနည်း လွန်သွားခဲ့တယ်။ စိတ်မရှိပါနဲ့ ပိုင်ကျီဟန်”

မူချင်းယွမ်က ပိုမိုတည်ငြိမ်လှသောအသံဖြင့် ဆိုလိုက်၏

ကျန်ရှိသူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။

အမှန်စင်စစ် ၎င်းတို့ ယခုလေးတင် မြင်တွေ့ခဲ့ရသည့်အရာက အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလွန်းလှသဖြင့် ယခုကဲ့သို့ ဖြစ်ပျက်သွားခြင်းမှာ ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သော်လည်း

မျိုးဆက်သစ်လူငယ်တစ်ဦး၏ ရှေ့မှောက်တွင်မူ သိက္ခာမဲ့ရာ ရောက်နေသောကြောင့် ဖြစ်သည်။

လေထုက လုံးဝဥဿုံ ပြန်လည်အေးချမ်းသွားပြီးနောက်တွင်မှ မူထျန်းရွှမ်က ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

သူသည် သူ၏မုတ်ဆိတ်မွေးကို သပ်လိုက်သော်လည်း သူ၏မျက်ဝန်းများတွင်မူ နက်ရှိုင်းလှသော ပြင်းပြမှုများ ခိုအောင်းနေဆဲ ဖြစ်သည်။

"ကျီဟန်အာ... ဒီအဆင့်-၈ ဆေးလုံးက..."

သူက စကားလုံးများကို သေချာစွာ ရွေးချယ်နေသည့်အလား ခဏမျှ ရပ်တန့်

လိုက်ပြီးမှ...

"မင်း ဒီဆေးနည်းကို ဘယ်ကနေ ရရှိခဲ့တာလဲ?" ဟု မေးလိုက်သည်။

ပိုင်ကျီဟန်က တွန့်ဆုတ်မနေဘဲ တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

"ဒါကလည်း အရင်အမွေအနှစ်ထဲကပါပဲ။ အဆင့်-၇ ဆေးနည်းတွေကို ရခဲ့တဲ့ နေရာကနေပါပဲ။"

သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက်...

"ကျွန်တော့်ဆီမှာ ဒါတွေက ရှိပြီးသားပါ... ဒါပေမဲ့ အရင်ကတော့ ဒါတွေကို မူမျိုးနွယ်စုဆီ အပ်နှံဖို့ မလိုအပ်သေးဘူးလို့ ထင်ခဲ့မိလို့ပါ" ဟု ဆက်ပြောလိုက်သည်။

အမှန်စင်စစ် ၎င်းတို့၌ အဆင့်-၇ ဆေးဆရာပင် မရှိခဲ့ကြရာ အဆင့်-၈ ဆေးနည်းကို ပေးအပ်ခဲ့လျှင်ပင် ၎င်းတို့အနေဖြင့် မည်သို့ စွမ်းဆောင်နိုင်ကြပါမည်နည်း။

အခန်းတွင်း၌ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

မူထျန်းရွှမ်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး တွေးတောဟန်ဖြင့်... "ဒါဆိုလည်း ဟုတ်ပါပြီ..." ဟု ဆိုလိုက်သည်။

ဤအချက်က ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။

အကယ်၍ ထိုအမွေအနှစ်ထဲတွင် အဆင့်-၇ ဆေးနည်းများ ရှိနေနိုင်ခဲ့လျှင် အဆင့်-၈ ဆေးနည်းများ ရှိနေခြင်းကလည်း မဖြစ်နိုင်စရာ မရှိချေ။

သို့သော်လည်း စစ်မှန်သော ပြဿနာက ထိုအရာမဟုတ်ချေ။

မူထျန်းရွှမ် အကြည့်က အနည်းငယ် စူးရှသွားပြီး ပိုမိုလေးနက်သော လေသံဖြင့်... "ဒါဆို မင်းရဲ့ အရည်အချင်းကကော?" ဟု မေးလိုက်ပြီး... "မင်း ဘယ်တုန်းကတည်းက အဆင့်-၈ ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ အရည်အချင်း ရှိနေခဲ့တာလဲ?" ဟု ဆိုလိုက်သည်။

လူတိုင်းက စူးစိုက်စွာ နားထောင်လိုက်ကြပြီး ၎င်းတို့၏ အကြည့်များက ပိုင်ကျီဟန်ထံသို့သာ ကျရောက်နေတော့သည်။

ပိုင်ကျီဟန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ"ကျွန်တော် အမွေအနှစ်ကို ရရှိခဲ့တဲ့ အချိန်ကတည်းက... ဆေးဖော်စပ်ခြင်းဆိုင်ရာ အရာများစွာကို နားလည်သဘောပေါက်နိုင်ခဲ့တာပါ။"

သူက စကားလုံးများဖြင့် မည်သို့ ရှင်းပြရမည်ကို ခက်ခဲနေသည့်အလား မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်၏

"ဒါပေမဲ့ ဒါက ရှင်းရှင်းလင်းလင်း ရှင်းပြလို့ရတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါက ဒီအတိုင်း... ရှိနေတာမျိုးပါ။ ဗီဇစိတ်လိုမျိုးပေါ့" ဟု ဆိုလိုက်သည်။

သူ၏ ရှင်းပြချက်က ဝေဝါးလွန်းလှသော်လည်း ထူးဆန်းသည်မှာ မည်သူမျှ ထပ်မံမေးခွန်းထုတ်ခြင်း မပြုကြဘဲ အသီးသီး တွေးတောနေကြတော့သည်။

ယခုကဲ့သို့သော အရာမျိုးကို ရှင်းပြရန် မလွယ်ကူမှန်း ၎င်းတို့ သိရှိကြသည်။

အကယ်၍ ပိုင်ကျီဟန်က သေသေချာချာ ရှင်းပြခဲ့လျှင်ပင် ၎င်းတို့အနေဖြင့် လက်ခံယုံကြည်နိုင်ရန် ခက်ခဲပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အကြောင်းပြချက်ထက် ကျော်လွန်နေ၏

ယခင်က ဆေးဖော်စပ်ခြင်းကို ဘာမှမသိခဲ့သောသူတစ်ယောက်က ယခုကဲ့သို့ ချက်ချင်း အဆင့်-၈ ဆေးဆရာ ဖြစ်လာရခြင်းကို မည်သည့် ကျိုးကြောင်းဆီလျော်မှုဖြင့်မျှ ရှင်းပြ၍ မရနိုင်သောကြောင့်ပင်။

အဆင့်-၈ ဆေးနည်းကို ရရှိခြင်းကပင် မယုံကြည်နိုင်စရာ ဖြစ်နေပြီဖြစ်ရာ ၎င်းကို ကိုယ်တိုင်ဖော်စပ်နိုင်ခြင်းကမူ ပို၍ပင် မဖြစ်

နိုင်တော့ချေ။

မည်သည့်အဖြေကိုပဲ ပေးပေး အဓိပ္ပာယ်မရှိသလို ဖြစ်နေပေလိမ့်မည်။

နောက်ဆုံးတွင်မူ ၎င်းတို့အားလုံးက ကောက်ချက်တစ်ခုတည်းကိုသာ ချလိုက်ကြတော့သည်။

ပိုင်ကျီဟန်သည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော ကံကောင်းခြင်း အခွင့်အလမ်းကြီး တစ်ခုကို ကြုံတွေ့ခဲ့ရခြင်းသာ ဖြစ်ရမည်။

မူထျန်းရွှမ်သည် ပိုင်ကျီဟန်၏ အဖြေကို ကြားရပြီးနောက် ခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ပြန်လည်ပြောကြားလိုက်သည်။

"ကျီဟန်အာ... မင်း အခုလောလောဆယ် တခြားဆေးလုံးတွေကို ထပ်ပြီး ဖော်စပ်ဖို့ အစီအစဉ် ရှိသေးလား?"

ပိုင်ကျီဟန်၏ ဆေးဖော်စပ်မှု အဆင့်အတန်းအရ ၎င်းတို့အနေဖြင့် ထိုမြင်ကွင်းကို နောက်ထပ်တစ်ကြိမ်မျှသာ မျက်ဝါးထင်ထင် ကြည့်ရှုခွင့်ရမည်ဆိုလျှင်ပင်...

၎င်းတို့အတွက် ဉာဏ်အလင်းပွင့်မှုအချို့ကို ရရှိနိုင်ပေလိမ့်မည်။

အနည်းငယ်မျှသော နားလည်သဘောပေါက်မှုကပင်လျှင် ဖြတ်တောက်၍မရနိုင်သော တန်ဖိုးမဖြတ်နိုင်သည့် အရာ ဖြစ်ပေသည်။

ပိုင်ကျီဟန်က ထွေထွေထူးထူး စဉ်းစားမနေပေ

ခေါင်းကို ညိတ်ပြလိုက်၏

"ဟုတ်ကဲ့၊ ကျွန်တော် နောက်ထပ် အဆင့်-၈ ဆေးလုံးတစ်လုံးကို ထပ်ပြီး ဖော်စပ်ဖို့ အစီအစဉ် ရှိပါတယ်" ဟု ဆိုလိုက်သည်။

တစ်ခန်းလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

ထို့နောက်တွင်မူ...

"နောက်ထပ် အဆင့်-၈ တစ်လုံး ဟုတ်လား?”၎င်းတို့၏ အသံများက တုန်လှုပ်မှုများနှင့်အတူ ထပ်မံ မြင့်တက်လာပြန်သည်။

ဆေးလုံးများ... အထူးသဖြင့် အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်ခြင်းဟူသည်မှာ သာမန်ကိစ္စတစ်ခု မဟုတ်ချေ။

အဆင့်မြင့်ဆရာကြီးများအတွက်ပင်လျှင် အဆင့်-၇ ဆေးလုံးတစ်လုံးကို ဖော်စပ်ခြင်းက စွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေ၏ နောက်တစ်လုံးကို မစမ်းသပ်မီ စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးရန် အချိန်ယူရမည် ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်ကမူ အဆင့်-၈ ဆေးလုံးတစ်လုံးကို ဖော်စပ်ပြီးစီးကာ

၎င်း၏ ဆေးဘေးဒုက္ခကို ရင်ဆိုင်ပြီးခဲ့ရုံတင်မကဘဲ

ယခုအခါတွင်မူ နောက်တစ်လုံးကိုပါ အေးအေးလူလူ ထပ်မံဖော်စပ်မည်ဟု ပြောနေခြင်း ဖြစ်သည်။

၎င်းတို့၏ အကြည့်များသည် ပိုမို၍ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

သို့သော် ပိုင်ကျီဟန်ကမူ ထူးမခြားနားဘဲ ရှိနေဆဲ ဖြစ်သည်။

သူ၏အမြင်တွင်မူ ဒါက ဆန်းကြယ်သော အရာမဟုတ်ချေ။

သူ၌ရှိသော အဆင့်မြင့်တာအို အရိုးနှင့် များပြားလှစွာသော ကျင့်စဉ်စွမ်းအင်များကြောင့် ယခုကဲ့သို့ စွမ်းအင်ကုန်ဆုံးမှုမျိုးက စာဖွဲ့လောက်စရာ မရှိချေ။

မူထျန်းရွှမ်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွား၏

ယခုတစ်ကြိမ်တွင်မူ သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားတော့ပေ

"ကျီဟန်အာ... ငါတို့တွေကို ဘေးကနေ ကြည့်ရှုလေ့လာခွင့်ပေးလို့ ရမလား?"

All Chapters