အခန်း (၆၅၁-၆၅၂)
Vol. 49 Ch. 651-652
အပိုင်း ၆၅၁ - နာရကချောက်နက်
(ဘာသာပြန်၏ မှတ်ချက်။ ။ ဟိန္ဒူဘာသာတွင် နာရကဟူသည် ဗုဒ္ဓဘာသာ၏ ငရဲကဲ့သို့ နာကျင်မှုကို မပြတ်တမ်း ခံစားရသော နေရာဟူ၍ ဖော်ပြထားသည်)
"ငါတို့ကို မဟာတာအိုနယ်မြေဆီ ခေါ်သွားမလို့ မဟုတ်ဘူးလား"
ယွမ်ရှောင်အနားတွင် နေထိုင်ချင်သော စစ်မင်းသမီးမှာ မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ သူမအတွက် လနတ်သားသည် ကိုယ်ပွားသာဖြစ်၍ သူစိမ်းပမာ ခံစားရကာ မူလကိုယ်၏ ခံစားချက်မျိုး မရှိပေ။
"မဟာတာအိုနယ်မြေရဲ့ အပြင်မှာ နာရကချောက်နက်လို့ ခေါ်တဲ့ နယ်မြေတစ်ခု ရှိပြီး အင်မော်တယ် မိစ္ဆာနဲ့ အင်မော်တယ် နတ်ဆိုးတွေ အုပ်ချုပ်ကြတယ်။ သူတို့က နားခိုရာ ရတနာကိုတောင် မျက်စိကျနေတယ်လို့ ငါ ကြားတယ်"
ယွမ်ရှောင်၏ ရှင်းပြချက်အရ နာရက၏ အာဏာဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များကို ကိုယ်ပွားနှင့် စစ်မင်းသမီးအား ကိုယ်တိုင် သွားရောက်ထောက်လှမ်းစေချင်ခဲ့သည်။ ရန်သူ မိတ်ဆွေ ခွဲခြားနိုင်ရန် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံသူ မိစ္ဆာများ၏ သွေးများက ကောင်းကင်ရုံးတော်ရှိ လူသားသွေးထက် ပို၍ သူမအတွက် အကျိုးရှိပေလိမ့်မည်။
"နင် ငါ့ကို ပစ်ထားချင်ပြန်ပြီ။ ငါက အခုမှ အင်မော်တယ်အဆင့်ကို ရောက်ကာစ ရှိသေးတယ်။ ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်ဦး။ မိစ္ဆာတွေရဲ့ တွင်းထဲကို တစ်ယောက်တည်း သွားခိုင်းနေတယ်။ တစ်ခုခု မကောင်းတာ ဖြစ်သွားမှာ စိတ်မပူဘူးလား"
စစ်မင်းသမီးက အံကြိတ်၍ မျက်စောင်းတခဲခဲ ဖြစ်နေသော်လည်း ယွမ်ရှောင်မှာ အေးအေးဆေးဆေး ဖြေလိုက်သည်။
"မစိုးရိမ်ပါနဲ့။ နင်နဲ့အတူ ငါ အမြဲတမ်း ရှိနေမှာပါ။ တစ်ခုခု အဖြစ်မခံပါဘူး"
"မတော်တဆ စွမ်းအားအရမ်းကြီးတဲ့ မိစ္ဆာတစ်ကောင်နဲ့ ရန်သူ ဖြစ်ရင် ဘယ်လိုလုပ်မလဲ"
"ဒါဆိုရင် ကပ်ဘေး မိစ္ဆာသွေး လက်ဆင့်ကမ်းဖို့ နောက်ထပ်မိစ္ဆာတစ်ကောင် ရှာလိုက်မယ်လေ"
သူက စနောက်လိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်လူမှာ အလွန်ဒေါသထွက်၍ ပေါက်ကွဲမတတ် ဖြစ်လာသဖြင့် ဆက်၍ ဖြောင်းဖြလိုက်ရ၏။
"မင်းကို စနေတာပါကွာ။ မင်းရဲ့ နှလုံးသားထဲမှာ ငါနဲ့ ချိတ်ဆက်ထားတာပဲ။ ဘာမှကြောက်စရာ မလိုဘူး။ မင်းအနေနဲ့ မိစ္ဆာခန္ဓာကိုယ်မှာ မှဲ့တစ်ပေါက် မစွန်းစေရဘဲ ကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာပါ"
ဤစကားများက သူမ၏ နှလုံးသားကို ရင်ခုန်မြန်သွားစေသော်လည်း လူမျိုးရေး ခွဲခြားသော သဘောကြောင့် ဒေါသထွက်သွားပြန်၏။
"ငါက မိစ္ဆာဆိုတာ နင် ခဏခဏ သတိပေးနေစရာ မလိုဘူး"
"မိစ္ဆာတွေကလည်း သက်ရှိတစ်မျိုးပဲဆိုရင် ငါတို့ နှစ်ယောက် ကလေးရနိုင်မလား"
"သေလိုက်ပါလား"
ယွမ်ရှောင်က ဒေါသထွက်လွယ်သော စစ်မင်းသမီးကို စနောက်ရခြင်းအပေါ် နှစ်သက်ပြီး ပျော်စရာကောင်းလှသဖြင့် ရည်ရွယ်ခြင်းမရှိဘဲ တင်ပါးထံ လက်ဝါးရောက်သွားခဲ့သည်။
"ဟဲ့ ဘာလုပ်တာလဲ"
နူးညံ့အိစက်သော အထိအတွေ့ကြောင့် သူ နစ်မျောသွားစဥ် စစ်မင်းသမီးမှာ ရှက်စရာကောင်းလွန်း၍ မျက်နှာတစ်ခုလုံး နီရဲလာ၏။
"ကျင့်ကြံရေးလောကမှာ အလှပဂေးတွေ ပြည့်နှက်နေတာပဲ။ ငါ့ဘဝ အချည်းနှီး မဖြစ်လောက်ဘူး"
လူသားများထဲမှ လူသားတစ်ယောက်ဖြစ်သော ယွမ်ရှောင်က ကျင့်ကြံဆင့်မည်မျှ မြင့်မားပါစေ၊ လူ့ဘောင်စည်းမျဥ်းများကို မချိုးဖျက်သရွေ့ ကာမဂုဏ်ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ ပြန်လည်မွေးဖွားမလာဘဲ သာမန်ဘုရင်တစ်ပါးအဖြစ် ရှိနေခဲ့လျှင် ကျောက်ရန်ရန်မှာပင် လက်လှမ်းမမီနိုင်သော အမြင့်တွင် ရှိနေခဲ့ပေလိမ့်မည်။ သာမန်လူသားများ ချက်လုပ်ထားသော သေရည်များကို ကောင်းကင်ရုံးတော်ရှိ ကျောက်စိမ်းသေရည်များအစား အရသာခံနေရပေလိမ့်မည်။ လောဘ၊ ဒေါသနှင့် မောဟများ ရှိသော ကျင့်ကြံသူတစ်ယောက်၏ ဘဝက ပျော်စရာကောင်းလှပေသည်။ သူ၏ ဒေါသသည် မတရားမှုများကို တိုက်ဖျက်ရန် ဖြစ်ပြီး လောဘက လမ်းစဥ်၏ မြင့်မားလာမှုကို ကိုယ်စားပြု၏။ ရမ္မက်သည် အချစ်၏ မြစ်ဖျားခံရာ ဖြစ်ကာ မောဟက သေမျိုးလူသားများ၏ မဆုတ်မနစ်သော လုံ့လကို ရည်ရွယ်သည်။
ထို့နောက် ဓားယာဥ်သည် သေမျိုးလောကများမှ ထွက်ခွာလာကာ မဟာတာအိုနယ်မြေရှိရာသို့ ဝုန်းခနဲ ပြေးထွက်သွား၍ ပန်းတိုင် နီးကပ်သောအခါ တစ်ယောက်စီး ဓားယာဥ်နှစ်စင်း ခွဲထွက်သွားခဲ့သည်။ လနတ်သားက စကားတစ်ခွန်းမှ မပြောဘဲ တစင်းယူလိုက်ပြီး နာရကချောက်နက်သို့ တည့်တည့်မတ်မတ် ပျံသန်းသွားသည်။
"နတ်ဆိုးဖြူကို ခေါ်သွားမလို့လား"
စစ်မင်းသမီးကမူ ထွက်မသွားသေးဘဲ ဖြူဖျော့နေသော အလောင်းနတ်ဆိုးကို စိုက်ကြည့်၍ မေးခွန်းထုတ်နေပြန်သည်။
"ဘာလဲ၊ သဝန်တိုနေပြန်ပြီလား"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ သူမကို ဓားယာဥ်အတွင်း တွန်းပို့ပေးကာ နာရကချောက်နက်ထံ ပို့ဆောင်လိုက်သည်။ ထို့ကြောင့် ကြီးမားသော ဓားယာဥ်အတွင်း သူနှင့် နတ်ဆိုးဖြူ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး အလောင်းအငွေ့အသက်များ ပြင်းထန်နေပြန်သဖြင့် သန့်စင်ပေးလိုက်သည်။ သူမသည် ရှေ့တည့်တည့်တွင် ဒူးထောက်လိုက်ပြီး အသတ်ခံခဲ့ရစဥ်က အတိုင်း ရှိနေသဖြင့် ဆယ့်သုံးနှစ်အရွယ် သူဆင်းရဲမကလေးတစ်ယောက် ဖြစ်နေဆဲပင်။ သူမ၏ ခန္ဓာကိုယ်မှ အလောင်းအငွေ့အသက်များကို ဟိုက်ဒရာနဂါးတံဆိပ်ဖြင့် သန့်စင်ပေးပြီးနောက် လူသားစင်စစ်တစ်ယောက် ဖြစ်လာစေရန်အတွက် သူက နည်းလမ်းရှာချင်ခဲ့သည်။
"ကြယ်ပြာ၊ သူ တကယ်ရှင်သန်လာအောင် လုပ်လို့ရလား"
"အစ်ကိုကြီး သူက အလောင်းတစ်လောင်းပါပဲ။ ဘေးမှာ မိန်းမတွေ ဒီလောက်များနေတာ ကလေးကိုတော့ အလွတိပေးလိုက်ပါ။ ငယ်ရွယ်ပုံပေါ်ပေမယ့် ပင်လယ်ရေအောက်က အလောင်းတွေကို ဝါးမျိုထားတဲ့ နတ်ဆိုးပါပဲ။ ကျောက်တုံးကနေ လူဖြစ်အောင် လုပ်လို့ရပါ့မလား"
"မင့်ကြီးတော်၊ ကလေးကို ငါက စိတ်ဝင်စားပါ့မလား"
ယွမ်ရှောင်နှင့် ကြယ်ပြာ ငြင်းခုံနေစဥ် နတ်ဆိုးဖြူသည် တိတ်တဆိတ် နားထောင်ရင်း ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ ဝင်မပြောရဲပေ။ တက်လှမ်းခြင်းကန် ပျက်စီးနေသော အခိုက်ဖြစ်၍ သူမကို ခိုးသွင်းရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နေပြီး စစ်မှန်သော အင်မော်တယ်အလောင်းများကို ဝါးမျိုရပေလိမ့်မည်။ သူမအတွက်မူ သခင်ဖြစ်သူ စေခိုင်းလျှင် အင်မော်တယ်ဖြစ်စေ၊ နတ်ဘုရားဖြစ်စေ၊ မိစ္ဆာဖြစ်စေ အလောင်းမှန်သမျှ ဝါးမျိုပေလိမ့်မည်။
"မင်း အများကြီး ဒုက္ခရောက်ခဲ့ပေမယ့် အခုတော့ ပြီးပါပြီ။ မင်းအတွက် စားစရာတွေ မပြတ်လပ်စေရပါဘူး"
ယွမ်ရှောင်က ဤသို့ ကတိပေးလိုက်သောအခါ သူမတွင် မျက်ရည်များဝဲလျက် တစ်လုံးချင်း ပြန်ပြောသည်။
"ကျွန်မမှာ ဆန္ဒတစ်ခုပဲ ရှိပါတယ်"
"ဘာများလဲ"
"ကျွန်မ သေရင်တောင် သခင့်အနားမှာပဲ ရှိချင်ပါတယ်"
မိုးကြိုးဌာနသို့ ပြန်ရောက်၍ တောအုပ်အတွင်းရှိ အိမ်ကလေးထံ ယွမ်ရှောင် ဝင်လာသောအခါ ချောင်ရူသည် ဝတ်လစ်စားလစ်ဖြင့် အိပ်မောကျနေဆဲ ဖြစ်သည်။ နတ်ဆိုးဖြူမှာ ဆွဲဆောင်အားပြင်းသော ခန္ဓာကိုယ်ကို တစ်လှည့်၊ သေးကွေးပိန်လှီသော ကိုယ့်ကိုကိုယ် တစ်လှည့် စိုက်ကြည့်ကာ အားငယ်သွားပုံရ၏။
"လုယောင်၊ နင့်မှာ တရားမဝင် သမီးတစ်ယောက် ရှိနေတာလား"
ချောင်ရူက အိပ်မှုန်စုံမွှားဖြင့် ထလာပြီး မေးခွန်းထုတ်လိုက်သော်လည်း အလောင်းနတ်ဆိုးဖြစ်ကြောင်း အာရုံမခံမိချေ။
"မင်္ဂလာပါ ကလေးမ၊ တွေ့ရတာ ဝမ်းသာပါတယ်။ ငါ့ကို အဒေါ်ချောင်လို့ ခေါ်ပေါ့"
ထို့နောက် သူမက အဝတ်အစားများ ပြန်လည် ဝတ်ဆင်၍ မိတ်ဆက်လိုက်သောအခိုက်တွင် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ယွမ်ရှောင်မှ ပြောပြလိုက်သဖြင့် တုန်လှုပ်သွားရ၏။
"အလောင်းနတ်ဆိုး"
သူမ၏ နားတွင် ပန်ဆင်ထားသော နတ်ဆိုးသားရဲ မြွေနှစ်ကောင်သည်လည်း ယခုမှ သတိဝင်လာကာ အနံ့ခံကြည့်၍ သတိပေးနေကြသည်။ မည်သည့်နယ်မြေတွင်ဖြစ်စေ၊ နတ်ဆိုးမျိုးနွယ်ပေါင်းစုံသည် အလောင်းနတ်ဆိုးများကို ကြောက်ရသည် မဟုတ်ပါလော။
"မင်္ဂလာပါ အဒေါ်ချောင်"
နတ်ဆိုးဖြူက နှုတ်ဆက်လိုက်သောအခါ ချောင်ရူသည် ယွမ်ရှောင်ကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးတိတ်တိတ် မေးခွန်းထုတ်သည်။
"ဒါကရော မင်းရဲ့ ချစ်သူတွေထဲက တစ်ယောက်လား။ အရူးလေး၊ ကလေးတွေကိုတော့ အလွတ်ပေးလိုက်စမ်းပါ"
"ပေါက်ကရတွေ ပြောမနေနဲ့။ လောလောဆယ် ပိုင်အာကို ခေါ်ထားပေး။ ကျုပ်က မိုးကြိုးဧကရာဇ်နဲ့ ရှင်းစရာ ရှိသေးတယ်"
(မှတ်ချက်။ ။ အဖြူရောင်ကို ပိုင်ဟူ၍ တရုတ်အမည်ဖြင့် ခေါ်ဆိုသည်)
"မင်းက ပူဇော်သက္ကာရတွေ ယူဖို့ သွားတာ မဟုတ်ဘူးလား"
"အပြင်လည်း ထွက်ကြည့်ပါဦး။ သတ္တမမင်းသမီးက သက်တော်ရှည်ကို သတ်ပြီး တက်လှမ်းခြင်းကန်ကိုတောင် ဖျက်ဆီးလိုက်ပြီ"
ယွမ်ရှောင်က ရှင်းပြလိုက်သောအခါ ချောင်ရူကို စပ်စုလိုစိတ် များလာစေသည်။
"ဒီလောက်တောင် ကူညီပေးနေတာဆိုတော့ မင်းတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခု ရှိနေတာမလား"
"မိန်းမတွေက ဘာကိစ္စ ဒီအကြောင်းတွေပဲ စိတ်ဝင်စားနေရတာလဲ""ယ
ယွမ်ရှောင်က စိတ်ပျက်လက်ပျက် ညည်းလိုက်ပြီး မိန်းမများ၏ သဘာဝအရ ပိုင်ဆိုင်သည့် အရာကို ကာကွယ်လိုသည်မှာ မထူးဆန်းပေ။
"ဒါတွေ ရှင်းပြနေဖို့ အချိန် မရှိဘူး။ သွားတော့မယ်။ ကလေးကို မဟုတ်တာတွေ သင်ပေးမနေနဲ့နော်"
သူက လှည့်ထွက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာကာ တင်းတင်းကြပ်ကြပ် သတိပေးသည်။ သို့သော် သူထွက်သွားသည်နှင့် တပြိုင်နက် ချောင်ရူသည် ပိုင်အာကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှုကာ စစ်ဆေးနေသည်။
"ချစ်စရာကောင်းတဲ့ ကလေးမ၊ ဘာစားချင်လဲ။ အဒေါ် လုပ်ပေးမယ်လေ"
"ဒါဆိုရင် ဒေါ်လေးချောင် အသားစိမ်း ရှာပေးပါ။ သမီး အများကြီး စားချင်တယ်"
ပိုင်အာ၏ ဝမ်းဗိုက်မှ အသံတစ်ချက် ထွက်လာသဖြင့် ဗိုက်ဆာနေကြောင်း ချောင်ရူ နားလည်လိုက်ရာ မေးလိုက်သောအခါ ချစ်စဖွယ် ကလေးမျက်နှာလေးဖြင့် မလိုက်ဖက်သော တောင်းဆိုချက် ကြားလိုက်ရသည်။
လက်ရှိတွင် မိုးကြိုးဌာန တစ်ခုတည်း မဟုတ်ဘဲ ကောင်းကင်ရုံးတော်တစ်ခုလုံး ထိတ်လန့်တကြား ဖြစ်နေပြီး မုန်တိုင်း ချဥ်းကပ်လာသကဲ့သို့ ပတ်ဝန်းကျင်က တင်းမာနေသည်။ ထိုအခိုက်အတန့်တွင် ယွမ်ရှောင်သည် မိုးကြိုးဧကရာဇ်၏ အိမ်တော်၊ မိုးကြိုးနန်းတော်သို့ ရောက်လာပြီး တံခါးခေါက်၍ ကျယ်လောင်စွာ ခွင့်တောင်းခဲ့လေသည်။
"အရှင်၊ ကျုပ် လုယောင်က တွေ့ခွင့်တောင်းပါတယ်"
အပိုင်း ၆၅၂ - ပိုးကောင်များ
"ဝင်ခဲ့"
မိုးကြိုးဧကရာဇ် စကားပြောလိုက်ရာ ထွက်ပေါ်လာသော ပဲ့တင်သံများက မိုးကြိုးဌာနတွင် လူသူကင်းမဲ့လျက်ရှိကြောင်း သက်သေပင်။ သူ၏ သမီးအပြင် သက်ကြီးရွယ်အိုများနှင့် ကလေးများမှလွဲ၍ မိသားစုဝင် အရာရှိ တစ်ရာကျော် ဆုံးရှုံးလိုက်ရသည်။ မဟာကောင်းကင်ကျောင်းတော်တွင် ပညာသင်ကြားနေသော မျိုးဆက်သစ်လူငယ်များပင် မကျန်ရစ်ခဲ့သဖြင့် သူ၏ ဘဝတွင် အဆိုးဆုံး အချိန်ဖြစ်ကာ မည်မျှ ဝမ်းနည်းပူဆွေးနေကြောင်း သိနိုင်၏။ မိုးကြိုးဌာနကို အသစ်ပြန်လည် တည်ဆောက်ပေးမည် ဟူသော ထိုက်ဝေ၏ အမိန့်တော်သည်ပင် မျိုးနွယ်အဆက်ဆက် အုတ်မြစ်ချခဲ့သော အရာများကို မရနိုင်ပေ။ အသစ် ခန့်အပ်လိုက်သော အရာရှိများမှာ နောက်ခံရှုပ်ထွေးနေမည် ဖြစ်သောကြောင့် မိုးကြိုးဌာနအပေါ် အလွယ်တကူ သစ္စာရှိမည် မဟုတ်ချေ။ လွယ်လွယ်ပြောရလျှင် ဤအချိန်တွင် မိုးကြိုးဌာနသို့ လာချင်သူများမှာ လစ်လပ်နေသော ရာထူးနှင့် စည်းစိမ်များကို မက်မော၍ ဖြစ်ပေလိမ့်မည်။
ယွမ်ရှောင်သည် မိုးကြိုးနန်းတော်အတွင်း တံခါးတွန်းဖွင့်၍ ဝင်ရောက်လာသောအခါ ခရမ်းရောင် မီးတိုင်များ စိုက်ထူထားသည့် စင်္ကြံလမ်းတစ်ခု ကျော်ဖြတ်လာရသည်။ ထို့နောက် မြူခိုးများ ဖုံးလွှမ်းနေသည့် ခြံဝင်းတစ်ခုသို့ ရောက်သောအခါ ခရမ်းရောင်ဆံပင် ပိုင်ရှင် မိုးကြိုးဧကရာဇ်သည် လက်နှစ်ဖက် နောက်ပစ်လျက် ကျောပေးရပ်နေသည်ကို မြင်လိုက်ရ၏။ မျက်နှာကို မမြင်ရသော်လည်း ဝမ်းနည်းပူဆွေးနေကြောင်း သိနိုင်ပြီး ယွမ်ရှောင် ထင်မှတ်ထားသကဲ့သို့ ဒေါသမီးတောက်လောင်နေခြင်း မရှိပေ။
"အရှင် ကျုပ် ရောက်ပါပြီ"
"သက်တော်ရှည်ဆီက ဘာသတင်းရလဲ"
မိုးကြိုးဧကရာဇ်က နောက်မလှည့်ဘဲ မေးလိုက်သောအခါ သူသည် အမှန်တစ်ဝက် အမှားတစ်ဝက် ရောကာ ဖြေခဲ့သည်။
"သေမျိုးလောကကို သွားဖို့ လမ်းမှာ တက်လှမ်းခြင်းကန် ရောက်တော့ တစ်ယောက်ယောက်က ပြဿနာရှာနေပါတယ်။ သက်တော်ရှည်က ကျုပ်ကို ယာဥ်ပေါ်မှာ နေခဲ့ဖို့ မှာကြားပြီး ဆင်းသွားတာပါပဲ"
"ပြီးတော့ ဘာဆက်ဖြစ်လဲ"
တစ်ဖက်လူက တည်ငြိမ်စွာ ဆက်မေးသည်။
"အခုလောက်ဆို အရှင်လည်း သတင်းရမှာပါ။ သတ္တမမင်းသမီးက သူ့ကို သတ်ပစ်ပြီး တက်လှမ်းခြင်းကန်လည်း ဖျက်ဆီးခံလိုက်ရတယ်။ သူမရဲ့ ခွန်အားက အဆင့်တစ် အရာရှိတွေအောက် မနိမ့်ဘူး။ ကျုပ်လည်း ဘာမှမတတ်နိုင်လို့ ယာဥ်ကို စွန့်ခွာပြီး ထွက်ပြေးလာရပါတယ်"
သူက ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချကာ ထပ်ဖြေခဲ့သည်။
"မင်းက ထွက်ပြေးလာတာလား"
မိုးကြိုးဧကရာဇ်၏ လေသံက အနည်းငယ် တင်းမာသွားသဖြင့် ဘဝင်ကျပုံမရချေ။
"ကျုပ်က မိုးကြိုးဌာနရဲ့ စီရင်သူတစ်ယောက်ပါ။ ဘာကြောင့် သက်တော်ရှည်ကို ကာကွယ်ဖို့ သေပေးရမှာလဲ။ ကျုပ်အသက်ကို မိုးကြိုးဌာနပဲ ပိုင်ပါတယ်"
"ပြောတာကောင်းတယ်။ ဒီအတိုင်း ကောင်းကင်ရုံးတော်ကို ငါ သတင်းပို့လိုက်မယ်"
မိုးကြိုးဧကရာဇ်က ခေါင်းညိတ်၍ မျက်နှာလှည့်လာကာ တစ်ချက်ပြုံးပြပြီး စကားဆက်သည်။
"ဒါပေမယ့် အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံက ရာဇဝတ်သားနဲ့ အတွေ့မှာ မတိုက်ခိုက်ဘဲ ထွက်ပြေးလာတာက ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်"
"ဂုဏ်သိက္ခာထက် အသက်က ပိုအရေးကြီးပါတယ်"
"ဟုတ်ပါတယ်။ လူဆိုတာ ဘယ်အချိန် ရှေ့တိုးရမယ်၊ နောက်ဆုတ်ရမယ်ကို နားလည်ဖို့ လိုအပ်တယ်။ ထားပါတော့။ ပူဇော်သက္ကာရကိစ္စအတွက်တော့ ကောင်းကင်ရုံးတော်က လမ်းပြတစ်ယောက် ထပ်လွှတ်ပေးလိမ့်မယ်။ မိုးကြိုးဌာနမှာ ရက်အနည်းငယ်လောက် စောင့်ရနိုင်တယ်"
"နားလည်ပါပြီ"
ယွမ်ရှောင်က ခေါင်းညိတ်လိုက်သောအခါ မိုးကြိုးဧကရာဇ်သည် ထွက်သွားရန် လက်ပြလိုက်သည်။ သူက မိုးကြိုးနန်းတော်မှ ထွက်ခွာလာသောအခါ အလွန်လွယ်ကူနေသောကြောင့် စိတ်ထဲတွင် ထူးထူးဆန်းဆန်း ဖြစ်နေ၏။ မိုးကြိုးမဟာအစီအရင်က ပထမဆုံးအကြိမ် ချို့ယွင်းကာ အဆင့်ခြောက်နှင့်အထက် မိုးကြိုးဌာန အရာရှိများကို သတ်ပစ်လိုက်သော်လည်း သူတစ်ယောက်တည်းသာ အသက်ရှင်ခဲ့သည်။ သေမျိုးလောကသို့ သွားရောက်၍ ပူဇော်သက္ကာရ လက်ခံကာနီးတွင် ပြဿနာတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာကာ သက်တော်ရှည်နှင့် လက်အောက်ခံများအားလုံး အသတ်ခံလိုက်ရသော်လည်း သူက လွတ်မြောက်ခဲ့ပြန်၏။ ထို့ကြောင့် မိုးကြိုးဧကရာဇ်က သူ့အပေါ် ယုံကြည်သည့်သဘောထား ပြသနေခြင်းမှာ စောင့်ကြည့်ရန် ဖြစ်ပေလိမ့်မည်။ သို့သော် စစ်ဧကရာဇ် လုချန်ပင် သူ့ကို မသတ်နိုင်ခဲ့သောကြောင့် တစ်ဖက်လူမှာ အခွင့်အရေး ပျက်စီးမသွားစေရန် အကြံထုတ်နေခြင်း ဖြစ်နိုင်သည်။
မိုးကြိုးဧကရာဇ်နှင့် တိုက်ရိုက် ပြဿနာ ဖြစ်လျှင် ဤအချိန်မျိုး၌ အန္တရာယ်ကင်းပေသည်။ သို့သော် တစ်ဖက်လူက ဒေါသမထွက်ဘဲ အေးအေးဆေးဆေး ဖြစ်နေသောအခါ အန္တရာယ်ကြီးကြောင်း ထင်ရှားလာ၏။
"သူတို့က ဘာလုပ်မလို့လဲ"
"ငါလည်း မပြောတတ်ဘူး"
ယွမ်ရှောင်နှင့် ကြယ်ပြာက ဤအကြောင်း ဆက်သွယ်နေခြင်း ဖြစ်ကာ မိုးကြိုးဧကရာဇ်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေခဲ့လေသည်။
ယွမ်ရှောင် ထွက်ခွာသွားသောအခါ မိုးကြိုးဧကရာဇ်သည် အေးစက်စက် မျက်နှာထားဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်သွား၏။ အတွင်းအကျဆုံးနေရာတွင် ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသော အိမ်ရှေ့စံ ထိုက်ယု ရှိနေပြီး စကားသံများ စတင် ထွက်ပေါ်လာသည်။
"ယွမ်ယင်က ကူစုထောင်ကို မသတ်ခင် လျှို့ဝှက်ချက်တွေ သိခဲ့တယ်။ လုယောင်ရဲ့ မူလဇစ်မြစ်ကို သိတာ ကူစုဝမ်တစ်ယောက်တည်း ကျန်ခဲ့တယ်"
"စုံစမ်းဖို့ လူလွှတ်လိုက်ပြီလား"
"လွှတ်လိုက်ပါပြီ အရှင့်သား။ ဒီနှစ်ယောက်က နားခိုရာလက်နက် ရှိတဲ့ သေမျိုးလောကရဲ့ ကျင့်ကြံသူတွေပဲ။ ယွမ်ရှောင်နဲ့ လန်ရီလို့ ခေါ်ဆိုတယ်။ သူတို့က ပူဇော်သက္ကာရကိစ္စအတွက် တာဝန်ကျတဲ့ အင်မော်တယ်သုံးယောက်ကို ရှင်းပစ်ပြီး လုအန်းရဲ့ ဓားယာဥ်နဲ့ မဟာတာအိုနယ်မြေကို ရောက်လာကြတာပဲ။ ယွမ်ရှောင်က လုယောင် ဖြစ်သွားပြီး လန်ရီက သတ္တမမင်းသမီး ဟန်ဆောင်လိုက်တယ်"
မိုးကြိုးဧကရာဇ်က စုံစမ်းရသမျှ အချက်အလက်များကို တင်ပြလိုက်သောအခါ ထိုက်ယု၏ မျက်မှောင်ကြုတ်သွားကာ သတ်ဖြတ်လိုစိတ် ဖြစ်တည်လာ၏။
"ဒီနှစ်ယောက်ရဲ့ ပါရမီ ထူးခြားတာက နားခိုရာလက်နက်နဲ့ ပတ်သက်နေတယ်။ ဒါကြောင့် ဒီရတနာက မဟာတာအိုနယ်မြေကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ အထွတ်အထိပ်ရတနာဆိုတာ ထင်ရှားနေပါပြီ"
"အမှန်ပဲ။ မင်းလူတွေ သေမျိုးလောကမှာ ပြဿနာ ရှာခဲ့သေးလား။ သူတို့နှစ်ယောက်အကြောင်း ငါတို့ သိသွားပြီဆိုတာ သံသယဝင်လို့ မဖြစ်ဘူး"
ထိုက်ယုက တစ်ချက် စိုက်ကြည့်လိုက်သောအခါ မိုးကြိုးဧကရာဇ်မှ အာမခံလိုက်၏။
"သေချာပေါက် မဖြစ်ခဲ့ပါဘူး"
"နားခိုရာ ရတနာ ထွက်ပေါ်လာတဲ့ ကမ္ဘာအကြောင်း ငါက အရေးမပါဘူးလို့ ထင်ခဲ့ပေမယ့် ကောင်းကင်ရုံးတော်မှာ ပြဿနာရှာဖို့ ပိုးကောင်တွေ ထွက်လာတာပဲ။ ယွမ်ရှောင်အတွက် မွေးရပ်မြေက အရေးပါလောက်တယ်မလား"
ထိုက်ယု၏ အပြုံးက အေးစက်ပြီး အဆိပ်ပြင်းကာ ကမ္ဘာတစ်ခုကို ဖျက်ဆီးရန် ဝန်လေးသူ မဟုတ်ကြောင်း သိသာသည်။
"တော်တော်လေး အရေးကြီးတယ်။ သူက အဲ့ဒီကမ္ဘာရဲ့ သူရဲကောင်းတစ်ယောက်လေ။ မျိုးနွယ်ရော မိသားစုရော ရှိလိမ့်မယ်"
"ဟား ဟား ကံကောင်းလို့ အထက်တက်လာနိုင်တဲ့ ပိုးကောင်တွေက သေမျိုးတွေအတွက် ကောင်းကင်ရုံးတော်ကို လက်စားချေချင်ကြတယ်။ ငါ့ကိုတောင် လှည့်စားနိုင်ခဲ့သေးတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ အားနည်းချက် ရှိနေမှတော့ ဘာစိုးရိမ်ရမှာလဲ"
ထိုက်ယု၏ မျက်လုံးမှာ ခွေးအတစ်ကောင်ပမာ ဆင်တူ၍ လောဘကြီး၍ ကောက်ကျစ်ရက်စက်ကြောင်း ဖော်ပြနေသလိုပင်။
"ဒီကမ္ဘာက သူ့အတွက် အကြီးဆုံး အားနည်းချက် ဖြစ်တယ်။ ဒါကို အကြပ်ကိုင်လိုက်ရင် ဘယ်လောက်အစွမ်းထက်ထက် ငါတို့ ထိန်းချုပ်နိုင်ပါလိမ့်မယ်"
မိုးကြိုးဧကရာဇ်၏ ဟန်ဆောင်ထားသော မျက်နှာဖုံး ကွာကျ၍ ဒေါသတကြီးဖြင့် အော်ဟစ်နေသည်။
"ဒီလောက်တင် မဟုတ်သေးဘူး။ သူတို့က သေမျိုးတွေကို ကာကွယ်ချင်မှတော့ အားနည်းချက်တွေ များလွန်းတယ်။ မီးတောက်ထဲကို ဝင်တိုးချင်နေတဲ့ ပိုးဖလံနှစ်ကောင်က သေချာပေါက် သေရမှာပဲ။ အစွမ်းထက် အင်မော်တယ်ရဲ့ လူဝင်စား ဖြစ်နေရင်တောင် သေလမ်းကလွဲလို့ မရှိဘူး"
ထိုက်ယု၏ အသွင်အပြင်မှာ လူမြင်ကွင်းတွင် ချောမောခန့်ညား၍ နေမင်းကြီးပမာ တောက်ပသော်လည်း ကွယ်ရာသို့ ရောက်လျှင် ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင်ထက်ပင် ပို၍ ဆိုးရွားလှ၏။ သူ ဆိုလိုသည်မှာ ကောင်းကင်ရုံးတော်ရှိ ကျင့်ကြံသူများသည် သေမျိုးများကို ဝါးမျို၍ အဆင့်တက်ရသည်ကို အသားကျနေပြီဖြစ်၍ ယွမ်ရှောင်အနေဖြင့် အနိုင်ရမည့် လမ်း မရှိပေ။ အကယ်၍ သေမျိုးကမ္ဘာတစ်ခုနှင့် ခြိမ်းခြောက်၍ အလုပ်မဖြစ်လျှင် သူတို့က ကမ္ဘာပေါင်းများစွာ ဖျက်ဆီးကြပေလိမ့်မည်။
"အိမ်ရှေ့စံ၊ မဟာအစီအရင် ထိခိုက်သွားတာက ယွမ်ရှောင်နဲ့ ပတ်သက်လောက်တယ်။ သူက တစ်ခါတုန်းက မူလဝိညာဥ်နဲ့ ဆက်သွယ်ဖူးတယ်။ ဒါကြောင့် သေမထူးနေမထူး ဇာတ်ခင်းပြီး တိုက်ခိုက်နိုင်ချေ ရှိလို့ အိမ်ရှေ့စံ ဘေးကင်းအောင် ထွက်သွားသင့်ပါတယ်"
အရူးတစ်ယောက်ပမာ အော်ဟစ်ရယ်မောနေသော ထိုက်ယုကို မိုးကြိုးဧကရာဇ်က သတိပေးလိုက်သောအခါ မေးခွန်းပြန်ထုတ်ခံလိုက်ရသည်။
"ဒီလိုမျိုး တကယ်ဖြစ်လာရင်ရော မင်း ဘာလုပ်မလဲ"
"ကျုပ်က အိမ်ရှေ့စံအတွက် အသက်စွန့်ဖို့ ဝန်မလေးပါဘူး"
မိုးကြိုးဧကရာဇ်ကို သူက သဘောကျသွားဟန်ဖြင့် နက်ရှိုင်းစွာ စိုက်ကြည့်ပြီး အရေးကြီးသော အချက်အလက်တစ်ခု ဝေမျှလိုက်သည်။
"ကောင်းကင်ရုံးတော်အတွက် ဒီလူငယ်လေးနှစ်ယောက်က တကယ့်ပြဿနာ မဟုတ်ဘူး။ လုဖန်က ပိုဆိုးတယ်။ ပိုးကောင်လေးတွေက စိတ်ထားနူးညံ့လို့ ကိုင်တွယ်ရ လွယ်ကူတယ်။ ဟိုကောင်က နည်းလမ်းပေါင်းစုံ သုံးပြီး ရက်စက်တယ်။ အောက်တန်းကျတယ်။ အထက်ကို ရောက်ဖို့ မိသားစုကို စတေးရရင်တောင် တစ်ချက် မတွန့်လောက်ဘူး။ ကောင်းကင်စစ်တပ်က သူ့လက်ထဲ ရောက်နေတော့ တကယ့်အန္တရာယ်ကောင်ပဲ"
"ဒီလိုလား"
မိုးကြိုးဧကရာဇ်က ၎င်းကို ကြားသောအခါ မျက်မှောင်ကြုတ်၍ မျက်နှာထား မည်းနက်သွားလေ၏။
"ဒါဆိုရင် အိမ်ရှေ့စံပြောချင်တာက လူငယ်နှစ်ယောက်ရဲ့ အားနည်းချက်ကို သိထားတယ်ဆိုတော့ အလောတကြီး လုပ်စရာ မလိုဘူးပေါ့။ သူတို့နဲ့ လုဖန်ကို ရန်တိုက်ပေးပြီး နှစ်ဖက်လုံးက ဝှက်ဖဲတွေ ထုတ်သုံးမှ ငါတို့က ကြားဝင်ပြီး သတ်ပစ်လိုက်မယ်ဆိုတဲ့ သဘောလား"