← Chapters

အခန်း (၆၅၃-၆၅၄)

Vol. 49 Ch. 653-654

အခန်း (၆၅၃-၆၅၄)

Vol. 49 Ch. 653-654

အပိုင်း ၆၅၃ - ခွေးနှစ်ကောင် ကိုက်ပါစေ

"လုဖန်ရဲ့ ကိုယ်ပွားကိုတောင် သတ်နိုင်တဲ့ ယွမ်ရှောင်ကို ငါတို့ အသုံးချလို့ရတယ်"

ထိုက်ယု၏ အကြံကို မိုးကြိုးဧကရာဇ်က စောဒကတက်သည်။

"သူတို့ ပူးပေါင်းသွားရင် ပြဿနာရှိတယ်"

"မဖြစ်နိုင်ဘူး။ မင်းက လုဖန်အကြောင်း ကောင်းကောင်းမသိလို့ပါ။ ဒီကောင်က သူ့ကိုယ်သူ ကံကြမ္မာ မျက်နှာသာပေးတယ်ဆိုပြီး ထင်ရာ လုပ်နေတာ။ တခြားလူတိုင်းက သူ့အတွက် ခြေနင်းတုံးလို့ သဘောထားတယ်။ ဒီလိုကောင်စားမျိုးက သူ့ထက် အရည်အချင်း ပိုရှိနေရင် လက်ခံနိုင်မယ် ထင်လို့လား"

ထိုစကားက အမှန်တရားပင် ဖြစ်ပြီး စစ်ဧကရာဇ် တက်လှမ်းလာသော ကာလတလျှောက် မည်သူကိုမှ မထောက်ထားခဲ့ပေ။ လုဖန် ပထမဆုံး အာဏာရလာသောအခါ တစ်ချိန်က ပြဿနာဖြစ်ဖူးသော မျိုးနွယ်တစ်ခုလုံး သတ်ပစ်၍ မိန်းမများကို ခြေတော်တင်ခဲ့သည်။ ထို့အပြင် ဘိုးဘေး အုတ်ဂူများပါမကျန် တူးဖော်၍ မီးရှို့ပစ်ခဲ့သည့်အပြင် ကြားဝင်တားမြစ်သူများကိုပင် ချမ်းသာမပေးခဲ့ပေ။ အင်ပါယာထိုက်ဝေ မွေးခဲ့သော ကျားက သခင်ကို ပြန်ကိုက်နိုင်လောက်အောင် ကြီးမားနေပြီဖြစ်သည်။ ထို့ကြောင့် ထိုက်ယု၏ အကြံမှာ ယွမ်ရှောင်တို့နှစ်ယောက်နှင့် လုဖန်ကို ထိပ်တိုက်ရင်ဆိုင်စေပြီး တစ်ယောက်ယောက် အနိုင်ရသည် ဖြစ်စေ၊ နှစ်ဖက်လုံး အထိနာသွားသည်ဖြစ်စေ အချိန်ကျသောအခါ ကောင်းကင်ရုံးတော်က ဝင်ရောက်သတ်ဖြတ်နိုင်သည်။

လုဖန် နိုင်သွားလျှင် ယွမ်ရှောင်နှင့် လန်ရီကြောင့် ဒဏ်ရာ သေချာပေါက် ရသွားနိုင်ပြီး လုဖန် ကျရှုံးသွားလျှင် ကောင်းကင်ရုံးတော်အတွက် သတင်းကောင်း မဟုတ်ပါလော။ ထိုက်ယုနှင့် မိုးကြိုးဧကရာဇ်၏ အမြင်တွင် ယွမ်ရှောင်တို့ကို ပိုးကောင်လေးများပမာ သဘောထား၍ ကိုင်တွယ်ရလွယ်ကူသည်ဟု သတ်မှတ်ခဲ့သည်။ ထိုက်ယုသည် စိတ်ထားကောင်းမွန်သော သတ္တမမင်းသမီး ရှန်ရီကို သတ်ပစ်ရန် အားနည်းချက်ဖြင့် အကြပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ သေမျိုးလောကများ ဖျက်ဆီးမခံရစေရန် ကိုယ့်ကိုကိုယ် သတ်သေခိုင်းခဲ့ပြီး ဆုံးဖြတ်ချက်အတွက် အသက်ဆယ်ကြိမ်ရှုချိန်သာ ပေးခဲ့၏။ ထိုက်ယုက ကောက်ကျစ်ယုတ်မာပြီး ရန်သူ၏ အားနည်းချက် ရှာဖွေကာ အောက်တန်းကျသည့်နေရာတွင် နှစ်ယောက်မရှိသူ ဖြစ်သည်။ အင်ပါယာထိုက်ဝေနှင့် အပြိုင် အသက်ရှည်နေခြင်းမှာ ဤနည်းဗျူဟာဖြင့် အစွမ်းထက်ရန်သူများကို ချေမှုန်းခဲ့သောကြောင့်ပင်။

ထိုအခိုက်အတန့်တွင် မိုးကြိုးဧကရာဇ်ထံ သတင်းပို့အဆောင်တစ်ခု ရောက်ရှိလာပြီး ဖွင့်ကြည့်လိုက်သောအခါ ရယ်မောသံများ ထွက်ပေါ်လာ၏။

"အချိန်ကိုက်ပဲ"

"ဘာသတင်းကောင်းလဲ၊ ပြောစမ်းပါဦး"

"အင်မော်တယ်ပြိုင်ပွဲမှာ အန်းယောင် သေသွားတော့ လုဖန်က အညှိုးထားနေတယ်။ မိုးကြိုးဌာနအကြောင်း သတင်းကြားကြားချင်း သူ့လက်အောက်က လုပ်ကြံရေးသမားတွေ စေလွှတ်လိုက်ပြီ"

မိုးကြိုးဧကရာဇ်က ကျေနပ်စွာ ရယ်မောရင်း သတင်းကို အသိပေးလိုက်သောအခါ ထိုက်ယုလည်း ကောက်ကျစ်စွာ ပြုံးနေခဲ့၏။

"ခွေးနှစ်ကောင် ကိုက်ကြတော့မယ်။ လုပ်ကြံရေးသမား အရေအတွက် ဘယ်လောက်လဲ"

"တော်တော်များတယ်လို့ပဲ သိရသေးတယ်။ အရေအတွက် အတိအကျ မပါဘူး"

လုဖန်သည် မဟာတာအိုနယ်မြေတစ်ခွင်မှ ကျင့်ကြံသူပေါင်းစုံကို လက်အောက်တွင် စုစည်းထားရုံသာမက နာရကချောက်နက်နှင့် အဆက်အသွယ် ရှိသောကြောင့် လုပ်ကြံရေးသမားများက ယွမ်ရှောင်ကို သေချာပေါက် သတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ခွေးနှစ်ကောင်ကိုက်သည့် ပြဿနာ စောစောစီးစီး ကိစ္စမပြတ်သွားစေရန် လိုအပ်ပါက ထိုက်ယုသည် ဝင်ရောက်စွက်ဖက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူက ယွမ်ရှောင်ဆိုသော ပိုးကောင်လေးကို ဆက်လက်ကြီးထွားခွင့်ပေးပြီး လုဖန် အထိနာသည်အထိ တိုက်ခိုက်နိုင်စေရန် ကြံစည်ထား၏။

သို့သော် မိုးကြိုးဧကရာဇ်၏ အမြင်က ကွဲပြားပြီး လုဖန် ကိုယ်တိုင် လှုပ်ရှားခဲ့သော်လည်း ယွမ်ရှောင်ကို မသတ်နိုင်သောကြောင့် ဤလုပ်ကြံရေးသမားများလည်း အောင်မြင်မည် မဟုတ်ပေ။ ထို့အပြင် တစ်ဖက်လူက မဟာအစီအရင်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု သံသယဝင်သောကြောင့် စောင့်ကြည့်ရန်သာ အကြံပေးလိုက်၏။

"စောင့်ကြည့်မယ်ဆိုရင် မင်းက သူ့ကို အစီအရင် အသုံးပြုခွင့် ပေးထားလိုက်တော့မှာလား"

ထိုက်ယုက ခေါင်းတစ်ချက်ညိတ်၍ မေးခွန်းထုတ်လိုက်သော မိုးကြိုးဧကရာဇ်မှာ အောက်ပါအတိုင်း ရှင်းပြလိုက်သည်။

"အစီအရင်နဲ့ ဒီကောင် ဘယ်လိုဆက်သွယ်နိုင်တယ်ဆိုတာကို အဖြေရှာဖို့ ငါက ဗဟိုချက်မှာ နေဖို့ စီစဥ်ထားတယ်။ ကောင်းကင်ရုံးတော်ရဲ့ ရတနာတစ်ခုကို အပြင်လူက စိတ်တိုင်းကျ သုံးနေလို့ ဘယ်ဖြစ်မလဲ"

"လုဖန်က တိုက်ခိုက်ဦးမှာ မဟုတ်သေးဘူး။ မင်း လုပ်စရာရှိတာကို မြန်မြန်သွားပြီး အဆုံးသတ်လိုက်တာ ကောင်းမယ်"

"အမိန့်တော်အတိုင်းပါ"

ထိုက်ယုက မိုးကြိုးဧကရာဇ်၏ ထိပ်တန်း လက်နက်ဖြစ်သော မိုးကြိုးမီးဖိုကို ငရဲကိုးထပ်ကမ္ဘာအထက်၌ ချိတ်ဆွဲထားရန် လျှို့ဝှက်အမိန့်ပေးခဲ့သည်။ သူတို့က ယွမ်ရှောင်၏ အားနည်းချက်ကို အရင်ဆုံး ဆုပ်ကိုင်ထားပြီးမှ တိုက်ခိုက်ခိုင်းရန် ဖြစ်၏။ လုဖန်နှင့် ယွမ်ရှောင် မည်သူနိုင်နိုင်၊ သူတို့အတွက် ပြဿနာ ရှိလိမ့်မည် မဟုတ်တော့ပေ။ ထို့နောက် ထိုက်ယုက ကျေနပ်စွာဖြင့် အားရပါးရ ပြုံးလိုက်သောအခါ မျက်နှာအထက်တွင် လိမ်းကျံထားသော မိန်းကလေးသုံး မျက်နှာချေအမှုန့်များ ကွာကျလာသဖြင့် တွန့်လိမ်ရှုံ့တွနေသည့် အရေပြား ထွက်ပေါ်လာလေသည်။

ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အမြှီးကိုးချောင်းကို ထုတ်ဖော်ထားသော လနတ်သားက နာရကချောက်နက်သို့ ရောက်လာခဲ့၏။ ပျက်စီးနတ်ဆိုး ခန္ဓာကို အချိန်ကြာကြာ ကျင့်ကြံပြီးနောက် သူ၏ ရုပ်သွင်က ယောကျ်ားမိန်းမ ခွဲခြားမရလောက်အောင် ချောမောပြေပြစ်လာကာ မည်သူမဆို မြင်ရုံနှင့် ရင်ခုန်မြန်သွားပေလိမ့်မည်။ သို့သော် ငွေရောင် မျက်ဝန်းများအောက်တွင် ရှိနေသော ဝါကျင့်ကျင့် မျက်လုံးတစ်စုံက လှပမှုကို ဖျက်ဆီးနေပြီး မျက်စိလေးလုံး ရှိနေခြင်းမှာ ခြောက်ခြားဖွယ် ကောင်းလှသည်။ သူ၏ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အတွင်း နဂါးငွေ့တန်းကဲ့သို့ ကြယ်များ လှည့်ပတ်နေသည့် ဝဲဂယက်တစ်ခု ရှိနေကာ ဗဟိုချက်၌ အဖြူအနက် ရောယှက်နေသဖြင့် ထိုက်ကျိစက်ဝိုင်းနှင့်ပင် တူညီနေသည်။ ၎င်းက နာရကချောက်နက်၏ ဗဟိုဖြစ်ကာ ပျက်စီး၍ ကမောက်ကမ ဖြစ်နေသော နယ်မြေဓာတ်လုံးကို ဆိုလိုသည်။

ဝဲဂယက်အတွင်း ကြယ်တာရာများက ငါးနှစ်ကောင်အသွင်ဖြင့် လှည့်ပတ်နေကာ နတ်ဆိုးနယ်မြေ၏ ဝင်ပေါက်ဖြစ်သော အဖြူရောင်ငါး၏ မျက်လုံးထံ လနတ်သားက စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ပြဿနာက ငါဟာ ဒီနတ်ဆိုးနယ်မြေက မရှိဘူး။ ခိုူဝင်သွားတာနဲ့တပြိုင်နက် အဖမ်းခံလိုက်ရနိုင်တယ်"

"ပွစိပွစိ ပြောမနေစမ်းနဲ့။ သွားသာသွားစမ်းပါ။ မင်းသေရင် ငါ တာဝန်ယူလိုက်မယ်"

နီအန်ဝိညာဥ်က စကားပြောလာသောကြောင့် သူ့ကို ဒေါသထွက်သွားစေသည်။

"တိတ်တိတ်နေစမ်း"

လနတ်သား၏ ခန္ဓာကိုယ်အတွင်း နီအန်ဝိညာဥ်က အော်ဟစ်သောင်းကျန်းနေစဥ် အနားသို့ တစ်စုံတစ်ယောက် ချဥ်းကပ်လာကြောင်း အာရုံခံမိသဖြင့် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ ဟင်းလင်းပြင်အတွင် ဂီတသံများ လွင့်ပျံလာကာ လမင်းနတ်ဆိုးဂူဟူ၍ ဆိုင်းဘုတ် တပ်ထားသော ဝေါယာဥ်တစ်စီး ထွက်ပေါ်လာသည်။ ၎င်းက အရှိန်ပြင်းပြင်း မောင်းနှင်လာသော်လည်း သူ့ကို တိုက်မိကာနီးတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ဝေါယာဥ်အတွင်း မြေခွေးနတ်ဆိုးမတစ်ကောင် ဆင်းသက်လာကာ စိတ်ပျက်လက်ပျက်ဖြင့် ငေါက်ငမ်းနေ၏။

"လမ်းဖယ်စမ်း"

လနတ်သား၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ အမြန် ဦးညွှတ်လိုက်သည်။

"သခင်မလေးကို ဂါရဝပြုပါတယ်"

"မင်းက ငါ့ကို သိတာလား"

ဤမြေခွေးမှာ လုဖန်နှင့် မကင်းမရှင်း ဆက်ဆံရေးမျိုး ရှိသော ဝူချင်း ဖြစ်နေခဲ့သည်။

"ဟုတ်ကဲ့။ ကျုပ်က သခင်မလေးရဲ့ ပရိသတ်တစ်ယောက်ပါ"

"ကောင်းပြီလေ။ မင်းက ကြည့်ကောင်းသားပဲ။ ဝင်လာခဲ့"

"ဟုတ်ကဲ့"

သူမက လနတ်သား၏ ရုပ်ရည်ကို တစ်ချက်စိုက်ကြည့်၍ ပြုံးပြကာ ဖိတ်ခေါ်လိုက်သောအခါ နှောင့်နှေးခြင်း မရှိ လိုက်ပါသွား၏။

"ငါက ကောင်းကင်နတ်ဆိုးညီလာခံမှာ မဟာတာအိုနယ်မြေကို ကိုယ်စားပြုတယ်။ နင် ငါ့ကို ခစားချင်ရင် သွားပြီး တန်းစီနေလိုက်"

အတွင်းသို့ ရောက်သောအခါ သူမသည် ကောက်ကျစ်စွာ ပြုံး၍ မြေခွေးနတ်ဆိုး အထီးအမ တစ်ရာကျော် ပြွတ်သိပ်နေသော အိမ်ငယ်လေးတစ်လုံးထံ ညွှန်ပြလိုက်သည်။ လနတ်သားက ခေါင်းငုံ့၍ စိတ်ပျက်အားငယ်စွာ ရှိနေသော မြေခွေးနတ်ဆိုးအုပ်အတွင်း ဝင်သွားရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

"အစ်မ၊ ငါတို့က နတ်ဆိုးညီလာခံမှာ ဘာသွားလုပ်မလို့လဲ"

သူက အနားရှိ လှပသော မြေခွေးမလေးတစ်ကောင်ကို စပ်စုလိုက်သည်။

"နင် မသိဘူးလား။ ငါတို့က နာရကချောက်နက်ရဲ့ မဟာနတ်ဆိုးတွေဆီမှာ အလုပ်အကျွေးပြုရမှာလေ"

သူမ၏ အဖြေကြောင့် ဝူချင်းသည် ဤမျှလွယ်လွယ်ကူကူ လက်ခံခဲ့သော အကြောင်းအရင်းကို သူ နားလည်လိုက်သည်။ သူ၏ ရုပ်ရည်က ချောမော၍ နတ်ဆိုးမကြီးများထံ ပေးအပ်ကာ မျက်နှာလုပ်ရန်အတွက် ပစ္စည်းတစ်ခုပမာ အသုံးချရန် ဖြစ်လေသည်။

အပိုင်း ၆၅၄ - နတ်ဆိုးလုပ်ကြံသူ

မိုးကြိုးဧကရာဇ်၏ နန်းတော်မှ မိုးကြိုးဌာနသို့ ပြန်လာသော လမ်းတွင် ယွမ်ရှောင်သည် နောက်ယောင်ခံလိုက်သူတစ်ယောက်ကို အာရုံခံမိလိုက်သည်။ ချောင်ရူ မသေဟု သံသယဝင်နေသည်ဖြစ်စေ၊ သူ၏ နောက်ကြောင်းကို စုံစမ်းလိုသည်ဖြစ်စေ သူတို့က ရည်ရွယ်ခြင်း ဖြစ်နိုင်၏။ သို့သော် လက်ရှိတွင် မိုးကြိုးဌာနတွင် လူအင်အား အကြီးအကျယ် ပြတ်လပ်နေသောကြောင့် ဓားပျံတစ်ချက် ပစ်လိုက်ရုံဖြင့် အရည်အချင်း နိမ့်ကျသော နောက်ယောင်ခံသူမှာ ခေါင်းပြတ်၍ အသံတိတ် သတ်ဖြတ်ခံလိုက်ရသည်။ ထို့နောက် သူက တောင်ကြားအတွင်းရှိ အိမ်ကလေးထံ ရောက်သောအခါ သတိမပြတ်တမ်း စောင့်ကြည့်နေသော ချောင်ရူသည် ချက်ချင်း သိလိုက်၏။

တံခါးပွင့်လာပြီး ချောင်ရူနှင့် ပိုင်အာ ယှဥ်တွဲလျက် ထွက်ပေါ်လာသောအခါ သားအမိနှစ်ယောက် ရပ်နေသည့်ပမာ ထင်မှတ်ရ၏။ ချောင်ရူက ပုံမှန်အတိုင်း ဆွဲဆောင်အားပြင်းပြင်း ပုံစံပေါက်နေသော်လည်း ယွမ်ရှောင်အတွက် မထူးခြားပေ။ ပိုင်အာကမူ အံ့သြစရာဖြစ်ပြီး စုတ်ပြတ်နေသော အဝတ်အစားများကို အဖြူအနက် ဂါဝန်တစ်ထည်နှင့် လဲလှယ်ဝတ်ဆင်ထားသည်။ ဆံပင်ကို နှစ်ဖက်ခွဲစည်းထားသောကြောင့် ချစ်စရာ ကောင်းလွန်းနေပြီး သူ့ကို ရှက်ရွံ့နေဟန်ဖြင့် မျှော်ကြည့်နေသည်။

"ဒါက ဘာကြီးလဲ"

ယွမ်ရှောင်က နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သောအခါ ပိုင်အာသည် ခေါင်းငုံ့၍ ရှက်ကိုးရှက်ကန်း ဖြေလိုက်သည့်အပြင် ချောင်ရူလည်း ဝင်ပြောလာ၏။

"ဒေါ်လေးချောင် လုပ်ပေးထားတာပါ"

"ဟန်ဆောင်မနေနဲ့။ ယောကျ်ားတွေ ဘာကြိုက်တတ်လဲ ငါ သိပါတယ်"

ချောင်ရူက ကိုယ်ပိုင် လက်ရာကို သဘောကျနေပုံရပြီး ပိုင်အာ၏ ဝတ်စုံ နောက်ကျောဘက်မှ ဖဲပြားအား နေရာတကျဖြစ်စေရန် ပြင်ဆင်ပေးနေသည်။ သူမ၏ အမြင်တွင် ကြောက်စရာကောင်းသော အလောင်းနတ်ဆိုးအစား ချစ်စရာ နတ်ဆိုးအစေခံလေးအဖြစ် အထင်ရောက်နေပုံရ၏။ ကောင်းကင်ရုံးတော်၏ အထက်တန်းလွှာများတွင် ရှားပါးသော နတ်ဆိုးသားရဲလေးများကို အစေခံအဖြစ် မွေးမြူခြင်းမှာ မထူးဆန်းပေ။ ထို့ကြောင့် ယွမ်ရှောင်အနေဖြင့် ပိုင်အာကို လူမြင်ကွင်း၌ ပေါ်တင်ခေါ်ဆောင်သွားလျှင်လည်း ပြဿနာ မရှိချေ။

"သွား သွား ကလေးလေး။ သခင်ကို ခစားလိုက်ဦး"

ချောင်ရူက စနောက်လိုဟန်ဖြင့် ပိုင်အာ၏ တင်ပါးကို ပုတ်ကာ ပြောလိုက်သောအခါ ယွမ်ရှောင်အနားသို့ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ချဥ်းကပ်သွားသည်။

"ငါရော ဘယ်လောက်ကြာအောင် ပုန်းနေရမှာလဲ"

ယွမ်ရှောင်သည် ပိုင်အာကို ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း သူမက ရိပ်မိ၍ မျက်စောင်းတစ်ချက် ဝင့်ကာ မေးခွန်းထုတ်သည်။

"တစ်ခု ကူညီပေးပါ။ ကျုပ်ရဲ့ မွေးရပ်မြေ သေမျိုးကမ္ဘာကို စောင့်ကြည့်ပေးနိုင်မလား"

ယွမ်ရှောင်က အကူအညီတောင်းလိုက်သောကြောင့် သူမအနေဖြင့် စုံစမ်းလိုက်၏။

"အဲ့ဒါက ဘယ်မှာလဲ"

"နားခိုရာလက်နက် ထွက်ပေါ်လာတဲ့ ကမ္ဘာ"

"ကောင်းပြီ။ တစ်ခုတော့ ကတိပေးရမယ်။ ငါ့ကို တစ်ယောက်တည်း ပစ်မထားရဘူး။ မကြာခဏ လာပြီး အဖော်ပြုပေး။ မဟုတ်ရင် ပျင်းစရာကောင်းတယ်"

ချောင်ရူက တစ်ချက်ပြုံးပြ၍ သွေးသားဆန္ဒ၏ တောင့်တမှုကို ပွင့်ပွင့်လင်းလင်း တောင်းဆိုကာ အနည်းငယ်ပင် ဟန်ဆောင်မနေခဲ့ပေ။

"အမချောင်က တကယ့်ကိုပါပဲ"

"မတတ်နိုင်ဘူးလေ။ ငါက အသက်ကြီးပြီဆိုတော့ ပျော်ရွှင်စရာတွေ ခံစားသင့်တယ်မလား။ ဒီအစ်မကြီးက အလုပ်လုပ်ရင် စိတ်ချရပါတယ်။ ဘာမှစိတ်မပူနဲ့"

သူမက အာမခံ၍ မြှူဆွယ်လိုသော အကြည့်ဖြင့် ယွမ်ရှောင်ထံ စိုက်ကြည့်နေသည်။ ထို့နောက် သူတို့က နှုတ်ဆက်စကားဆို၍ ချောင်ရူသည် ယွမ်ရှောင် လမ်းညွှန်ပေးသည့်အတိုင်း ငရဲကိုးထပ်ကမ္ဘာထံ ထွက်ခွာသွားသည်။ ယွမ်ရှောင်နှင့် ပိုင်အာသည်လည်း မိုးကြိုးဌာနအတွင်း ထွက်လာကာ လူအများမြင်နိုင်ရန် တမင် သွားလာနေခဲ့သည်။ သို့မှသာ သူ့တွင် နတ်ဆိုးအစေခံတစ်ယောက် မွေးမြူထားကြောင်း လူတိုင်း သိသွားကာ မလိုလားအပ်သော အာရုံစိုက်မှုများ ရောက်လာမည် မဟုတ်ပေ။ မဟာအစီအရင်၏ တိုက်ခိုက်မှုကြောင့် အင်မော်တယ်အများအပြား သေဆုံးကုန်သဖြင့် မိုးကြိုးဌာနအတွင်း လူဦးရေ ကျဆင်းလျက် ရှိ၏။ သို့သော် သူတို့က အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံကို မြင်လိုက်ရသောအခါ အနာဂတ်မျှော်လင့်ချက်အဖြစ် ထင်မှတ်ကာ အနည်းငယ် စိတ်အေးသွားသည်။

လမ်းတလျှောက်တွင် လူတိုင်းက ယွမ်ရှောင်ကို နှုတ်ဆက်ကြပြီး အများစုမှာ အဆင့်ခြောက်အောက် အရာရှိများ ဖြစ်ကာ လုအန်းကဲ့သို့ အလုပ်ကြိုးစားသူများပင်။ သို့သော် အစွမ်းထက် နောက်ခံ သို့မဟုတ် ထူးခြားသော အရည်အချင်းမရှိလျှင် သာမန်စီရင်သူများသည် အဆင့်ခြောက်အထက်သို့ ရောက်ရှိရန် မလွယ်ကူချေ။ ယွမ်ရှောင်က မဟာအစီအရင်ဖြင့် လူသတ်ပွဲ ကျင်းပသောအခါ အဆင့်နိမ့် အရာရှိများကို မထိခိုက်စေရန် ကာကွယ်ပေးခဲ့ပြီး အဓိကပစ်မှတ်သည် ပူဇော်သက္ကာရ လက်ခံသူများသာ ဖြစ်သည်။ အဆင့်နိမ့် အရာရှိများက ရိုးရှင်းပြီး အပြစ်ကျူးလွန်သူများ မဟုတ်သောကြောင့် ကောင်းကင်ရုံးတော်ကို ပြုပြင်ပြောင်းလဲမည့် အနာဂတ်အတွက် ယွမ်ရှောင် စည်းရုံးလိုသူများ ဖြစ်ကြ၏။

"အားလုံး ဂရုစိုက်ကြပါ"

ယွမ်ရှောင်က ရှေ့မှ ဦးဆောင်၍ မိုးကြိုးဌာနအတွင်း လှည့်လည်သွားလာပြီး ပိုင်အာမှာလည်း အလိုက်တသိ အနောက်က လိုက်ပါလာခဲ့သည်။

"တမန်တော်လု၊ ဒီကလေးမက ဘယ်သူလဲ"

သူ၏ နွေးထွေးသော ဆက်ဆံပုံကြောင့် လူများက ရဲတင်းလာပြီး စီရင်သူတစ်ယောက်မှာ စပ်စုလိုက်သည်။

"ကျုပ် မွေးမြူထားတဲ့ နတ်ဆိုးအစေခံလေးပါ"

"သူက နတ်ဆိုးလား။ အရှိန်အဝါက သန့်စင်လွန်းလို့ လူသား ထင်နေတာ"

"မဖြစ်နိုင်တာ။ တမန်တော်လုက သာမန်လူ မဟုတ်ဘူး။ သူ မွေးမြူထားတဲ့ နတ်ဆိုးကရော သာမန် ဖြစ်နိုင်ပါ့မလား"

ဤသို့ဖြင့် ယွမ်ရှောင်ကိုယ်တိုင် မိတ်ဆက်ပေးစရာ မလိုအပ်ဘဲ မိုးကြိုးဌာနအတွင်း ပိုင်အာ မည်သူမည်ဝါဖြစ်ကြောင်း သတင်းပြန့်သွားသည်။

"ချန်ပီယံရဲ့ နတ်ဆိုးအစေခံလေးက ချစ်စရာလေး"

"အစေခံဝတ်စုံလေးနဲ့တောင် လိုက်ဖက်နေသေးတယ်"

မည်သည့်နေရာမဆို၊ လူသားများ၏ အတင်းအဖျင်း ပြောတတ်သော အကျင့်စရိုက်က ပြောင်းလဲသွားမည် မဟုတ်ပေ။ သူတို့က ထင်ကြေးဖြင့် ယွမ်ရှောင်နှင့် နတ်ဆိုးအစေခံမလေးအကြား ထူးဆန်းသော ဆက်ဆံရေးရှိမရှိ ခန့်မှန်းနေကြပြီ ဖြစ်သည်။ ဤတီးတိုးသံများကို လျစ်လျူရှုကာ သူသည် ချောင်အိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး အဆင့်နိမ့် အရာရှိများ လာခွင့် မရှိသောကြောင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ၏။

"နတ်ဆိုးအရှိန်အဝါကို ခံစားမိတယ်"

ပိုင်အာက စိုးရိမ်တကြီး သတိပေးရင်း ယွမ်ရှောင်၏ အင်္ကျီလက်ကို ဆွဲကာ ထူးခြားသော သဘာဝရှိ၍ အခြားနတ်ဆိုးများ တည်ရှိမှုအပေါ် အာရုံခံလွယ်သည်။ မိုးကြိုးဌာနအတွင်း သူ့ကို ဦးတည်ချက်ထားကာ ချဥ်းကပ်လာသော နတ်ဆိုးကြောင့် ယွမ်ရှောင် အံ့သြနေစဥ် ပတ်ဝန်းကျင်တစ်ခုလုံး မည်းနက်၍ သီးခြားကမ္ဘာတစ်ခုသို့ ရောက်သွားပုံပေါ်၏။

"ထွက်လာစမ်း"

အရပ်မျက်နှာပေါင်းစုံမှ တဟားဟား ရယ်သံများ ထွက်ပေါ်လာသောအခါ သူက စိတ်မရှည်ဟန်ဖြင့် ငေါက်ငမ်းလိုက်၏။ သို့သော် မိုးကြိုးဌာန၏ ချောင်အိမ်တော်အပြင်ဘက်တွင် တိုက်ခိုက်ရဲသော နတ်ဆိုးမှာ သာမန်ရန်သူ မဖြစ်နိုင်ပေ။

"ဟား ဟား"

အမည်းရောင်မြူခိုးအတွင်းမှ အရပ်ရှည်ရှည်နှင့် ခပ်ပိန်ပိန်လူတစ်ယောက် ထွက်လာပြီး အရေပြား ဖြူဖျော့၍ မြေကြီးတွင် ဒရွတ်တိုက်နေသော ဝတ်ရုံရှည် ဝတ်ဆင်ထား၏။ ကြောက်စရာကောင်းသည်မှာ သူ့တွင် ဦးခေါင်းသုံးလုံး ရှိပြီး အပိုပါလာသည့် ခေါင်းနှစ်လုံးမှာ သေးငယ်၍ ပခုံးနှစ်ဖက်အထက် နေရာယူထားကြရင်း အေးစက်စက် စိုက်ကြည့်နေသည်။

"မင်း ဘယ်သူလဲ"

"နာရကချောင်နက်ရဲ့ အမှောင်သခင်သုံးပါး"

"မကြားဖူးဘူး"

ယွမ်ရှောင်က မျက်ခုံးတစ်ချက်ပင့်၍ လှောင်ပြောင်လိုက်သောအခါ အမှောင်သခင်မှာ အေးစက်စက် ကြုံးဝါးနေသည်။

"ကိစ္စမရှိဘူး။ မင်း သေရွာကို ရောက်သွားရင် သိလိမ့်မယ်"

"ငါ့ကို သတ်ဖို့ မိုးကြိုးဌာနအထိတောင် ရောက်လာတယ်ဆိုတော့ အကြောင်းပြချက် ရှိတယ်မလား"

ယွမ်ရှောင်၏ အကြည့်များက အေးစက်တင်းမာလာသည်။

"ဘာအကြောင်းပြချက် ရှိမှာလဲ။ လူသားပါရမီရှင်တစ်ယောက် ကြီးပြင်းတိုးတပ်လာမှာကို ငါတို့ လက်မခံဘူး"

"ဟား ဟား။ ကြည့်ရတာ လုဖန်က ငါ့ အသက်ကယ်ရတနာ ဘယ်နှကြိမ် သုံးနိုင်လဲဆိုတာ စမ်းသပ်ဖို့ လွှတ်လိုက်တာ ထင်တယ်"

အကင်းပါးသော ယွမ်ရှောင်က နောက်ကွယ်မှ လက်သည်ကို ထုတ်ပြောလိုက်သောအခါ တစ်ဖက်နတ်ဆိုးမှာ တိတ်ဆိတ်၍ သတ်ဖြတ်လိုသော အငွေ့အသက်များ ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွား၏။

ချောင်အိမ်တော်အတွင်း ရှိနေသော လမင်းဓားနတ်ဘုရားက နတ်ဆိုးအရှိန်အဝါကို အာရုံခံမိသောအခါ ဓားဆွဲ၍ အပြင်ထွက်လာပြီး ကူစုဝမ်လည်း လိုက်လာခဲ့သည်။ တံခါးဝတွင် အမည်းရောင်မြူခိုးများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ အေးစက်ကုန်သည်။

"နာရကချောက်နက်က အမှောင်သခင်ပဲ။ မောက်မာလှချည်လား။ မိုးကြိုးဌာနမှာ အကာအကွယ် မရှိတော့ဘူးလို့ ထင်နေတာလား။ လုယောင်ကို ပစ်မှတ်ထားတာ ဖြစ်လောက်တယ်"

လမင်းဓားနတ်ဘုရားက သွားရောက် ကူညီချင်သော်လည်း ကူစုဝမ်မှာ ရုတ်တရက် တားဆီးလာ၏။

"ဘာလုပ်တာလဲ။ လုယောင်က အလယ်အဆင့် ရွှေအင်မော်တယ်ကို ကိုင်တွယ်နိုင်ပေမယ့် အမှောင်သခင်နဲ့ တိုက်ခိုက်ရင် အန္တရာယ်ရှိတယ်။ သူက အခြေတည်အဆင့် ရွှေအင်မော်တယ်ပဲ"

"လုယောင်ရဲ့ လျှို့ဝှက်ချက်တွေကို မသိချင်ဘူးလား"

"ဘာသိချင်ရမှာလဲ။ ငါတို့တာဝန်က သူ့ကို ကာကွယ်ဖို့ပဲ"

"နင် သေချာလို့လား"

ကူစုဝမ်က လေးလေးနက်နက် စိုက်ကြည့်လိုက်သောအခါ လမင်းဓားနတ်ဘုရား မျက်မှောင်ကြုတ်သွားသည်။

"ငါ့ကို ဘာတွေဖုံးကွယ်ထားတာလဲ။ လုယောင်က အမှောင်သခင်ကို မယှဥ်နိုင်တာ သိသိရက်နဲ့ ငါ့လမ်းမှာ လာပိတ်နေတယ်။ မိုးကြိုးဌာနက သူ့ကို မထောက်ခံဘဲ ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေတာလား"

သူမက အေးစက်တင်းမာစွာ မေးခွန်းထုတ်လိုက်သောအခါ ကူစုဝမ်မှာ အပြုံးဖြင့် ပြန်ပြောလာသည်။

"ဓားဌာနကရော သူ့ကို လက်ခံနိုင်လို့လား"

ထိုမေးခွန်းကြောင့် လမင်းဓားနတ်ဘုရား တိတ်ဆိတ်သွားကာ မိုးကြိုးဌာနသည် တစ်ခုခု ကြံစည်နေကြောင်း နားလည်သွား၏။ လျှို့ဝှက်ချက်က မည်သည့်အရာ ဖြစ်ကြောင်း တိတိကျကျ မပြောနိုင်သော်လည်း မိုးကြိုးမဟာအစီအရင်နှင့် ပတ်သက်နေမည်ဟု သူမ ကောက်ချက်ချခဲ့သည်။

"မိုးကြိုးဧကရာဇ်က သူ့ကို စစ်ဧကရာဇ်ဆီ ပြန်ရောက်အောင် တွန်းပို့ချင်နေတာလား။ နေဦး၊ မဟုတ်သေးဘူ။ စစ်ဧကရာဇ်လက်အောက်မှာ နတ်ဆိုးတွေ ရှိတယ်ဆိုတော့ လုပ်ကြံသူ လွှတ်လိုက်တာများလား"

လမင်းဓားနတ်ဘုရားက ထိုအတွေးကြောင့် မျက်လုံးပြူးသွားကာ မိုးကြိုးဌာနမှာ ကျားနှစ်ကောင် သတ်ပုတ်နေသည်ကို ဘေးထွက်၍ ကြည့်ချင်နေကြောင်း နားလည်သွားသည်။

"ငါ စိုးရိမ်တာက ကျားပေါက်လေး အားနည်းနေပြီး ကျားအိုနဲ့ မယှဥ်နိုင်တာပဲ"

ရလဒ်ကို ဤတိုက်ပွဲက ရှင်းရှင်းလင်းလင်း ဖော်ပြမည် ဖြစ်ရာ သူမအနေဖြင့် ဝင်ရောက် မစွက်ဖက်လိုတော့ပေ။ အင်အားကြီးမားသော လုပ်ကြံသူကို ယွမ်ရှောင် မည်သို့ ကိုင်တွယ်မည်အား သူမ မြင်ချင်နေသည် မဟုတ်ပါလော။ ထိုအချိန်မှာပင် အမည်းရောင်မြူခိုးများအတွင်း လူသားနှင့် နတ်ဆိုး တိုက်ပွဲ စတင်လာခဲ့လေသည်။

All Chapters