အခန်း (၆၅၅-၆၅၆)
Vol. 49 Ch. 655-656
အပိုင်း ၆၅၅ - မိုးကြိုးနတ်ဘုရား
အမှောင်သခင်၏ ခေါင်းသုံးလုံးမှ မျက်စိသုံးစုံသည် ယွမ်ရှောင်ကို ကြောက်မက်ဖွယ် စိုက်ကြည့်နေစဥ် ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများ စိမ့်ထွက်လာကာ မျက်တောင်တစ်ခတ်အတွင်း မြွေနက်ကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ပါးပျဥ်းထောင်၍ သတ်ဖြတ်လိုစိတ်ဖြင့် နှာမှုတ်ရင်း ဆူးချွန်များပါသော လျှာတစ်ချောင်းနှင့် အဆိပ်အစွယ် ကွေးကွေးကောက်ကောက်များ ထုတ်ပြကာ မာန်ဖီနေ၏။ ခန္ဓာကိုယ်အထက်တွင် ကြေးခွံများ သိပ်သည်းနေပြီး ပျက်စီးအဆီအနှစ်များဖြင့် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကျင့်ကြံထားသည်မှာ ထင်ရှား၍ လက်နက်တစ်ခုပမာ မာကျောသည်။ နာရကချောက်နက်မှ နတ်ဆိုးတစ်ကောင်သည် တောင်တစ်လုံးပမာ ကြီးမားလေးလံ၍ ပင်လယ်ပမာ ခွန်အားကြီးမားကာ ယွမ်ရှောင်ထံ လှစ်ခနဲ ပြေးဝင်လာတော့သည်။
"သတိထား"
ပိုင်အာက အော်ဟစ်သတိပေးလိုက်သော်လည်း သေမျိုးလောကမှ တက်လှမ်းလာကာစ အလောင်းနတ်ဆိုး တစ်ကောင်သာဖြစ်၍ ၎င်းနှင့် ယှဥ်လျှင် အလွန်အားနည်းနေ၏။ သို့သော် သူမက အသက်နှင့်ရင်း ကာကွယ်ပေးရန် ရှေ့တက်လိုက်ပြီး ယွမ်ရှောင်ပင် မျှော်လင့်မထားပေ။ ထိုလုပ်ရပ်က သေကြောင်းကြံခြင်း ဖြစ်သော်လည်း ကိုယ့်အသက်ကို အရေးမပါဟု သတ်မှတ်ပြီး သခင်ကိုသာ အရေးအကြီးဆုံး အဖြစ် တန်ဖိုးထားခြင်းပင်။ သူမက ပင်လယ်ရေလှိုင်းများ ဖြာထွက်နေသော အလောင်းနတ်ဆိုးအဖြစ် ပြောင်းလဲလိုက်သော်လည်း မြွေနက်ကြီးနှင့် အတွေ့တွင် တစ်စစီဖြစ်ကာ မြေပြင်၌ ပြန့်ကြဲကုန်သည်။
"သခင်"
သူမက ခန္ဓာကိုယ်တစ်ခုလုံး မွစာကြဲသွားသော်လည်း ယွမ်ရှောင်ကို ကာကွယ်ပေးလိုနေဆဲ ဖြစ်ကာ အဆက်မပြတ် ရေရွတ်နေသည်။
"ငတုံးမလေး"
ယွမ်ရှောင်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။ ပိုင်အာသည် ကောင်းကင်ရုံးတော်သို့ ယခုမှ ရောက်ဖူးသောကြောင့် အင်မော်တယ် အစစ်အမှန်များ၏ ခွန်အားအကြောင်း မသိဘဲ မဆင်မခြင် ရှေ့တက်သွားခြင်း ဖြစ်၏။ သူမက သခင်၏ ခွန်အားကိုရော ရန်သူ၏ အစွမ်းကိုပါ နားမလည်သောကြောင့် စွမ်းအား ကွာဟချက် ကြီးမားလှသည်။
"အလောင်းနတ်ဆိုး။ မင်းရဲ့ အိမ်မွေးလေးက တကယ်ထူးခြားတာပဲ"
"ပြဿနာက သူ အရမ်းဗိုက်ဆာနေပြီ"
မြွေနက်ကြီး၏ လှောင်ရယ်သံကို သူက လုံးဝ ဂရုမစိုက်ဘဲ ဘယ်လက်တွင် ခရမ်းရောင် ရုန်းထီး ထုတ်ဖော်လိုက်သောအခါ နဂါးကိုးကောင် ပုံရိပ်များ ထွက်ပေါ်လာ၍ ရုန်းပိုင်နက် နှစ်ဆယ်ကျော် ဝန်းရံထားသည်။ သူ၏ ချီစွမ်းအင် ထောက်ပံ့မှုအောက်တွင် ၎င်းက ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေပြီး မြွေနက်ကြီး၏ ဦးခေါင်းတစ်လုံးလည်း ဝင်ရောက်လာခဲ့၏။ ခေါင်းပတ်ပတ်လည်တွင် နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်ကာ ထိပ်တန်းနတ်ဆိုးပညာရပ် ဖြစ်ပုံရသည်။ သူက တည်ငြိမ်စွာ ရပ်နေပြီး ရုန်းထီးကို မြွေနက်ကြီး၏ ခံတွင်း၌ ထောက်ထားလိုက်သည်။
"ဒါလေးက ဘာလုပ်နိုင်မှာလဲ...အား"
မူလတွင် မြွေနက်ကြီးက အထင်သေးစွာ လှောင်ပြောင်လိုက်သော်လည်း ရုန်းထီး ပွင့်ထွက်လာသောအခါ ဦးခေါင်းတစ်လုံး ပေါက်ကွဲ၍ သွေးများ ဗြန်းခနဲ ပေကျံသွားကာ နာကျင်စွာ အော်သံ ထွက်ပေါ်လာခဲ့၏။ ၎င်းက ပစ်မှတ်အကြောင်း ကြိုတင်စုံစမ်းထားသော်လည်း တစ်ရက်အတွင်း ထင်မှတ်မထားလောက်အောင် ပို၍ အစွမ်းထက်လာပြီး ဖန်ဆင်းရှင်အင်မော်တယ်အကြောင်း ခန့်မှန်းမရပေ။ ထို့နောက် မြွေနက်ကြီးက ကြောက်စိတ်ဖြင့် ချာခနဲ လှည့်ပြေးရန် ခန္ဓာကိုယ်ကို နောက်လှည့်လိုက်သော်လည်း ယွမ်ရှောင်၏ အေးစက်စက် ရယ်သံ ကြားလိုက်ရသည်။
"ဘယ်ပြေးမလို့လဲ"
သူက ဓားပျံကို ပေါ့ပေါ့ပါးပါး ဟန်ပန်ဖြင့် ပစ်ခတ်လိုက်သောအခါ မိုးကြိုးများ ရုတ်တရက် ကျဆင်းလာပြီး အတောင်ပံများ ဖြန့်ကျက်ထားသည့် အစိမ်းရောင်ငှက်တစ်ကောင် ပုံရိပ်မျိုး ခြုံလွှမ်း၍ မြွေနက်ကြီး၏ နောက်စေ့ထံ ဝင်ရောက်သွား၏။ ဤတိုက်ကွက်က မိုးကြိုးဌာန၏ တာအိုကောင်းကင် ပညာရပ်များအနက် တစ်ခုဖြစ်ပြီး မိုးကြိုးနတ်ဘုရား အမည်ရ ဓားမြှောင် သိုင်းကွက် ဖြစ်သည်။ ဓားမြှောင်သည် လေဟာနယ်အတွင်း အကြိမ်ပေါင်းများစွာ လွန်းထိုးသွားလာနိုင်၍ ကြောက်စရာကောင်းလှ၏။ မြွေနက်ကြီးက သူ့ကို ကျောပေးထွက်ပြေးခဲ့သဖြင့် တိုက်ကွက်အောက်တွင် အငိုက်မိသွားကာ ကျန်ရှိနေသော ဦးခေါင်းနှစ်လုံး အဆုံးသတ်ခံလိုက်ရသည်။
"ဒီကောင်က သာမန်မဟုတ်ဘူး။ အမြန်ဆုံး သတ်ပစ်လိုက်တော့"
နောက်ဆုံးထွက်သက်၌ အမှောင်သခင်သည် အသံကုန်အော်ဟစ်ရင်း မည်သူမည်ဝါဖြစ်ကြောင်း မသိရသော တစ်စုံတစ်ယောက်ထံ သတိပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် မြွေခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားကာ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ် အစွမ်းဖြင့် ဝိညာဥ်ပါ ထိုးစိုက်ခံလိုက်ရ၏။ လုဖန်၏ လက်ချက်ဖြစ်ကြောင်း ထင်ရှား၍ စစ်ဆေးမေးမြန်းစရာ မလိုအပ်သောကြောင့် ယွမ်ရှောင်အနေဖြင့် လက်တွန့်မနေတော့ချေ။ ထို့နောက် သူက ဓားဆွဲ၍ အလောင်းထံ ချဥ်းကပ်သွား၍ ကျောရိုးအတွင်း ထိုးစိုက်ကာ နတ်ဆိုးအဆီအနှစ်များကို စတင်စုပ်ယူလိုက်၏။
ရွှေအင်မော်တယ် အခြေတည်အဆင့် နတ်ဆိုးတစ်ကောင်၏ ကျောရိုးတွင် စွမ်းအားများ ပြည့်နှက်နေသဖြင့် ဓားဝိညာဥ်အထက် ဓားအော်ရာ အလွှာများစွာ ချက််ချင်း ဖြစ်ပေါ်လာကာ ပိုင်နက်တစ်ခုအဖြစ် အလိုအလျောက် သိပ်သည်းသွားခဲ့သည်။
"ဒီကောင်ကြီးက ဓားစက်ကွင်းဖြစ်ဖို့ မထိုက်တန်ဘူး။ စားမလား"
ထို့နောက် ယွမ်ရှောင်က ပြန့်ကြဲနေသော အလောင်းနတ်ဆိုး အသားစများထံ မေးခွန်းထုတ်လိုက်သောအခါ တုံ့ပြန်သံအချို့ ထွက်ပေါ်လာ၏။
"ငါကိုယ်တိုင် ခွံ့ကျွေးရမှာလား"
သူက တစ်ချက်ရယ်မောလိုက်သောအခါ ပိုင်အာ၏ အကြွင်းအကျန်များသည် စတင် ရွေ့လျားလာကာ မြွေအလောင်းတွင် ကပ်တွယ်သွားသည်။ အလောင်းကြီးမှာ ဖြည်းဖြည်းချင်း အစားခံလိုက်ရပြီး မီးခိုးများ တလူလူထွက်ပေါ်လာကာ ပွက်ပွက်ဆူနေသော သွေး၊ အသားနှင့် အရိုးတို့ တစ်စုတစ်စည်းတည်း ပေါင်းစည်းလာခဲ့၏။ အလောင်းနတ်ဆိုးတစ်ကောင် စားသောက်နေသော လုပ်ငန်းစဥ်မှာ ရွံတတ်သူများအတွက် ကြည့်ချင်စဖွယ် မြင်ကွင်းမျိုး မဟုတ်ပေ။ နောက်ဆုံးတွင် မျက်နှာလေး ပန်းရောင်သန်း၍ အသားအရေ ဖြူဖွေးကာ ချစ်စရာကောင်းလွန်းသော မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ် ပြန်လည် ဖြစ်ပေါ်လာခဲ့ပေသည်။ သို့သော် ကိုယ်လုံးတီး ဖြစ်နေသောကြောင့် ချောင်ရူ လက်ဆောင်ပေးထားသော ဝတ်စုံကို ပြန်လည် ဝတ်ဆင်နေစဥ် ရှက်စိတ်ဖြင့် နှေးကွေးနေသည်။
"ငါ ဝတ်ပေးရမလား"
"ဟင့်အင်း။ မလိုပါဘူး"
ယွမ်ရှောင်က စနောက်လိုက်သောအခါ သူမသည် အမြန်ဖြတ်ပြောကာ တားမြစ်လိုက်သည်။ သို့ရာတွင် သူက အနီးကပ် လျှောက်သွား၍ ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြန်လည် စည်းနှောင်ပေးခဲ့သည်။
"ဘာဖြစ်လို့လဲ"
အမှောင်သခင်၏ အလောင်းကို စားသောက်ခဲ့သော်လည်း ပိုင်အာမှာ ပျော်ရွှင်နေရမည့်အစား မျက်နှာထားညှိုးငယ်နေသောကြောင့် သူက မေးခွန်းထုတ်သည်။
"သခင်၊ ကျွန်မက ဘာမှအကူအညီမဖြစ်လို့ တောင်းပန်ပါတယ်"
သူမ၏ အသံက တုန်ရီပြီး မျက်နှာ ငိုမဲ့မဲ့ ဖြစ်နေသောအခါ ယွမ်ရှောင်အနေဖြင့် နှစ်သိမ့်ပေးလိုက်ရသည်။
"ဘာမှစိတ်ပူမနေပါနဲ့။ ဒါက အစပဲ ရှိသေးတယ်။ ဒီမြွေကြီးကို စားပြီးတော့ မင်းလည်း စွမ်းအားတွေ မြင့်လာတယ်မလား။ ငါက အမြဲတမ်း ပြဿနာတက်နေတာဆိုတော့ နောက်လည်း အဆာပြေစားစရာတွေ ထပ်ရောက်လာဦးမယ်"
"ဟုတ်ကဲ့"
အလောင်းနတ်ဆိုးတစ်ကောင်အတွက် ခွန်အားက အမြဲတမ်း အရေးကြီးနေသည်မဟုတ်ဘဲ အလွယ်တကူ သတ်ဖြတ်မရသောကြောင့် အကန့်အသတ်မရှိ တိုးတက်လာနိုင်ချေ ရှိသည်။
"သွားကြစို့"
ယွမ်ရှောင်က ချောင်အိမ်တော်အတွင်း ဝင်ရောက်လိုက်သောအခါ ပိုင်အာလည်း ရိုရိုကျိုးကျိုး လိုက်ပါလာခဲ့ပြီး ကူစုဝမ်နှင့် လမင်းဓားနတ်ဘုရားမှာ နေရာတွင် မင်သက်နေကြ၏။ သူက ထီးတစ်လက်ကိုင်၍ ဓားတစ်ချက် ယမ်းရုံဖြင့် အမှောင်သခင်ကို သတ်ပစ်လိုက်သည့်အပြင် အလောင်းပါမကျန် စားသောက်ခံလိုက်ရသောကြောင့် ဖြစ်သည်။
"နင်ဆိုရင်ရော အမှောင်သခင်ကို နိုင်မယ်ထင်လား"
"မထင်ဘူး"
မိန်းမနှစ်ယောက်က အကြည့်ချင်းဖလှယ်၍ လမင်းဓားနတ်ဘုရားသည် စိတ်မွန်းကြပ်လာပြီး ကောက်ချက်ချလိုက်၏။
"သူက ကောင်းကင်ကို တကယ်ကြီး ဆန့်ကျင်နိုင်မှာလား။ ဒီလိုလူမျိုးကို နင်တို့က မထောက်ခံဘူးလား"
ယွမ်ရှောင်သည် လွန်ခဲ့သော တစ်ရက်က နတ်ဘုရားဂိတ်တွင် အလယ်အဆင့် ရွှေအင်မော်တယ် အန်းယောင်ကို အနိုင်ယူခဲ့သည်။ ယနေ့တွင် သူက ကူစုဝမ်ထက်ပင် ပို၍ သန်မာသော အမှောင်သခင်ကို ချေမှုန်းခဲ့သောကြောင့် နောက်တစ်ရက် အချိန်ရလျှင်ပင် စွမ်းအားကို ခန့်မှန်းရမည် မဟုတ်ပေ။ လမင်းဓားနတ်ဘုရား၏ အမြင်တွင် စစ်ဧကရာဇ်၊ အင်ပါယာထိုက်ဝေတို့နှင့် စွမ်းအားချင်း တန်းတူလိမ့်မည်ဟု ထင်နေသော်လည်း အတွေးများကို နှုတ်မှ ထုတ်ပြောခွင့် မရှိချေ။ ကူစုဝမ်မှာလည်း မိုးကြိုးဧကရာဇ်၏ အမိန့်ကြောင့်သာ စောင့်ကြည့်ခဲ့ရသော်လည်း တစ်ဖက်လူ၏ အစွမ်းအရ ဝေခွဲမရ ဖြစ်လာပြန်သည်။
"ဆရာ၊ မွေးစားအမေ"
ယွမ်ရှောင် ချဥ်းကပ်လာသောအခါ လမင်းဓားနတ်ဘုရားသည် ထူးထူးခြားခြား နှစ်လိုဖွယ်ပြုံးကာ ဦးအောင် ကြိုဆိုလိုက်သည်။
"ဒီနတ်ဆိုးအကြောင်း ငါ သိပေမယ့် မင်းကိုင်တွယ်နိုင်မယ် ထင်လို့ ဝင်မစွက်ဖက်ခဲ့တာပါ။ မင်း စိတ်မဆိုးဘူး မဟုတ်လား"
"ကျုပ်က ဘာကို စိတ်ဆိုးရမှာလဲ။ ဆရာက ကျုပ်ကို ယုံကြည်ပေးလို့ ဝမ်းတောင်သာရဦးမယ်"
ယွမ်ရှောင်က ခေါင်းယမ်း၍ ပြောလိုက်ရာ တစ်ဖက်လူသည် ပိုင်အာအကြောင်း စပ်စုလာပြန်၏။
"ဒီကလေးက အလောင်းနတ်ဆိုးလား"
"ကျုပ်ရဲ့ နတ်ဆိုးအစေခံပါ"
"မင်း လက်ခံထားတယ်ဆိုမှတော့ တစ်ခုခု ထူးခြားနေတယ် မဟုတ်လား"
သူမက ကျေနပ်စွာ မှတ်ချက်ပေးပြီး မျက်နှာထား အပြောင်းအလဲမှာ ပို၍ ထင်ရှားလာ၏။
"မွေးစားအမေ၊ တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်လို့လား"
ယွမ်ရှောင်က တစ်ချက်စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သောအခါ ကူစုဝမ်မှာ ပျာပျာသလဲ ငြင်းဆန်ကာ နှစ်လိုဖွယ် ပြုံးပြလိုက်သည်။
"မဖြစ်ပါဘူး။ နာရကနတ်ဆိုးတွေ ဒီလောက်အထိ လွန်လွန်ကဲကဲ လုပ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။ တက်လှမ်းခြင်းကန် ပျက်စီးသွားလို့ ခိုးဝင်လာတာ ဖြစ်ရမယ်။ ဒါကို ငါ သတင်းပို့ထားပြီးပြီ။ မင်းကို ကာကွယ်ပေးဖို့ လူအင်အား ထပ်ရောက်လာပါလိမ့်မယ်"
"ကောင်းပြီ။ ပိုများလေ ကောင်းလေပဲ"
ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်သောအခါ လမင်းဓားနတ်ဘုရားမှ ဝင်ပြောလာ၏။
"နောက်ထပ် မင်း ဘာဆက်လုပ်မလဲ"
"ကျုပ် မိုးကြိုးဌာနမှာ ဆက်ပြီး ကျင့်ကြံဖို့ စီစဥ်ထားတယ်။ ဒါက အလုံခြုံဆုံးနေရာပဲ။ စကားမစပ်၊ ဆရာက ကျုပ်ကို ဓားဌာနရဲ့ တာအိုကောင်းကင်အဆင့် သိုင်းကွက်တွေ သင်ပေးမယ်လို့ ပြောထားတယ်မလား။ အခု သင်ပေးလိုက်ပါလား"
ယွမ်ရှောင်က အေးစက်စက်ဖြင့် ပြန်ကြည့်ကာ အဓိပ္ပါယ်ပါပါ မေးခွန်းထုတ်လိုက်သဖြင့် သူမ အံ့သြသွားခဲ့သည်။ ထိုစကားကို သူမ တစ်ကြိမ်တစ်ခါပင် မပြောဖူးသော်လည်း သိုင်းကွက်များ သင်ကြားပေးလျှင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော ပါရမီရှင်နှင့် ပိုမိုရင်းနှီးလာနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
အပိုင်း ၆၅၆ - နတ်ဆိုးနယ်မြေ
ဝူချင်း၏ ယာဥ်ကြီး နာရကချောက်နက်ရှိ နတ်ဆိုးနယ်မြေအတွင်း ဆင်းသက်လိုက်သောအခါ ကြီးမားစွာ တုန်ခါသွားသောကြောင့် မြေခွေးနတ်ဆိုး လူငယ်လေးများ ဟိုသည် ယိမ်းယိုင်လျက် အလဲလဲအပြိုပြို ဖြစ်ရာမှ အော်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ အနာဂတ်က မသေချာ မရေရာသည့်အပြင် မည်သို့သော သခင်မျိုးနှင့် တွေ့ဆုံရမည်ကိုလည်း မသိသောကြောင့် ကံကြမ္မာအကြောင်း စိုးရိမ်ပူပန်နေကြ၏။ နတ်ဆိုးနယ်မြေအတွင်း ခြေချလိုက်သည်နှင့် တပြိုင်နက် စိတ်ကသိကအောက် ဖြစ်စေသော အမွှေးနံ့လား၊ အနံ့ဆိုးလား မသိရသော ထူးထူးခြားခြား အနံ့တစ်ခု ချက်ချင်း ရလိုက်ကြသည်။ အမွှေးနံ့သာဖြင့် ဖုံးကွယ်ထားသော အပုပ်နံ့ဖြစ်ကြောင်း လနတ်သား စဥ်းစားနေစဥ် လမင်းသခင်မက နတ်ဆိုးတစ်အုပ် ဦးဆောင်၍ ကြိုဆိုရန် ရောက်ရှိလာသည်။
"ငါ ပြောထားတာတွေ မှတ်မိလား။ မကြာခင် နတ်ဆိုးညီလာခံကို သွားရတော့မယ်"
"ဟုတ်ကဲ့"
သူမ၏ အသံက ရေခဲပမာ အေးစက်နေသောကြောင့် နတ်ဆိုးလူငယ်များ ကြောက်ကြောက်နှင့် တပြိုင်နက် ဖြေလိုက်ကြ၏။ လနတ်သားသည် နတ်ဆိုးနယ်မြေအတွင်း ထွက်ပြေးရန် ကြံစည်နေသော်လည်း ကံဆိုးစွာပင် အာရုံစိုက်ခံလိုက်ရသည်။
"ဒီအချောလေးက ဘယ်သူလဲ။ ငါ သူ့ကို မမြင်ဖူးဘူး"
"လမ်းမှာ ခေါ်လာတာပါ"
ဝူချင်းက ပြန်ဖြေလိုက်သောအခါ လမင်းသခင်မသည် တစ်ဖက်လူ၏ အားနည်းသော ကျင့်ကြံမှုကို သိလိုက်သဖြင့် ပေါ့ပေါ့ပါးပါး မှတ်ချက်ချသည်။
"ဒီကောင်မလေးက တကယ့်ကို လှပတယ်"
"အမေ၊ သူက ယောကျ်ားလေးပါ"
ဝူချင်း၏ အဖြေကြောင့် သူမက စိတ်ဝင်စားသွားကာ ရှေ့တိုးလာ၍ လနတ်သား၏ ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်လိုက်၏။ သူမက စိတ်လက်ရွှင်ပြသွားဟန်ဖြင့် ပါးကို လိမ်ဆွဲကာ ကျေနပ်သွားပုံပေါ်သည်။
"ဒီရုပ်ရည်မျိုးက မိန်းကလေးဆိုရင် သိပ်ပြီး မထူးခြားပေမယ့် ယောကျ်ားလေးဖြစ်နေတော့ အကောင်းဆုံး အမျိုးအစားပဲ။ ရှားပါးတာတွေက တန်ဖိုးကြီးမားတယ်။ ပုံမှန် ကစားစရာတွေက မယ်တော်ကြီးကို ပျင်းရိစေတာ ကြာပြီ။ ရှောင်ချင်းနဲ့ ရှောင်လန် သူ့ကို ပြင်ဆင်ပေးလိုက်စမ်း"
လမင်းသခင်မက နောက်ဘက်ရှိ မြေခွေးနတ်ဆိုးနှစ်ယောက်ကို ပေးလိုက်သော အမိန့်ကြောင့် ဝူချင်း၏ မျက်လုံးများ တောက်ပလာ၏။
"သူ့ကို မယ်တော်ကြီးဆီ ဆက်သမလို့လား"
"ဒါပေါ့"
ထို့နောက် လမင်းသခင်မတို့ ထွက်ခွာသွားကာ လနတ်သားကို ပြင်ဆင်ပေးရန်အတွက် အစိမ်းရောင်နှင့် အပြာရောင်ဝတ် ရှောင်ညီအစ်မသာ ကျန်ရစ်ခဲ့သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
ရှောင်ချင်းက ဝမ်းသာအားရ ချဥ်းကပ်လာကာ မေးခွန်းထုတ်လိုက်သဖြင့် သူ ပြန်ဖြေခဲ့သည်။
"ကျုပ်နာမည်က လနတ်သားပါ"
"ကဗျာဆန်ဆန်လေးပဲ။ လာ လာ၊ မင်းကို ရေချိုးပေးမယ်"
သူမက သူ၏ လက်ကို ဆွဲခေါ်လိုက်သဖြင့် နားမလည်နိုင်ဖြစ်နေစဥ်မှာပင် အခြားနတ်ဆိုး လူငယ်လေးများနှင့် အဝေးသို့ ခေါ်ထုတ်ခံလိုက်ရသည်။ မယ်တော်ကြီးဆိုသော စကားလုံးမှာ သူတို့အကြား ကြက်သီးထစရာ ကောင်းလှပြီး ကြောက်စိတ်ကြောင့် ခြေလက်များပင် တုန်ရီနေကြ၏။
"ဒီကောင် အခြေအနေ မကောင်းဘူး"
"မယ်တော်ကြီးက တအားထန်နေရင် ယောကျ်ားတွေကို စားပစ်တတ်တယ်"
"သူ သေမယ်လို့တော့ မသေချာပါဘူး။ ရုပ်ရည် ထူးခြားတော့ မယ်တော်ကြီး မျက်နှာသာပေးတာ ခံရနိုင်တယ်"
"မပြောတတ်ဘူး။ မယ်တော်ကြီးနဲ့ အတူနေရတာ ကျားတစ်ကောင်နဲ့ အိပ်ရသလိုပဲ"
အခြားတစ်ဖက်တွင် ရှောင်ညီအစ်မသည် လနတ်သားကို အမွှေးနံ့များ ပြည့်နှက်နေသည့် အခန်းတစ်ခုထံ ခေါ်ဆောင်သွားကာ ပန်းရောင်အပွင့်များဖြင့် အလှဆင်ထားသော ရေချိုးကန် ရှိနေသည်။ ၎င်း၏ ရေများက ရောင်စုံလှပသော်လည်း ပွက်ပွက်ဆူနေ၍ နို့နှစ်ပမာ ပျစ်ချွဲပြီး အငွေ့များ တထောင်းထောင်း ထနေ၏။ အနံ့အရ ၎င်းသည် ပျက်စီးအဆီအနှစ် အရည်များ ဖျော်စပ်ထားခြင်း ဖြစ်ကာ နတ်ဆိုးတစ်ယောက်၏ ခွန်အားကို တိုးမြှင့်ပေးနိုင်ကြောင်း လနတ်သား နားလည်လိုက်သည်။
"မင်းလို သာမန်နတ်ဆိုးလေးက ဒီရေကန်ထဲမှာ ရေချိုးရတာ တကယ့်ကို ကံကောင်းတာပဲနော်"
ရှောင်ချင်းသည် ချိုသာစွာ ပြောလိုက်ပြီး မူလက ထွက်ပြေးရန် ကြံစည်နေခဲ့သော လနတ်သားမှာ ဆွဲဆောင်မှု ပြင်းလှသော အရင်းအမြစ်နှင့် တွေ့လိုက်ရသဖြင့် အကြံကို ရုတ်သိမ်းခဲ့သည်။ မူလကိုယ်တွင် အရင်းအမြစ်များ ပေါလှသော်လည်း ကိုယ်ပွားတစ်ကောင်ဖြစ်သော သူ့အတွက် အခွင့်အရေးဆိုသည်မှာ ရှားပါးသည် မဟုတ်ပါလော။ မြေခွေးမနှစ်ယောက်က ငွေရောင်ဝတ်ရုံကို ဆွဲချွတ်လိုက်သောအခါ လှပတင့်တယ်သော ခန္ဓာကိုယ်ကြောင့် မျက်နှာလေးများ နီမြန်းကာ ရင်ခုန်မြန်လာသည်။
"ရှောင်ချင်း၊ ငါတို့ သူ့ကို အရင်ဆုံး စမ်းကြည့်ကြမလား"
"မလုပ်နဲ့။ မယ်တော်ကြီးက အလွယ်တကူ အနံ့ရနိုင်တယ်။ ဒါဆိုရင် ငါတို့ သေလိမ့်မယ်"
ရှောင်လန်၏ တောင့်တမှုကို ရှောင်ချင်းက ခေါင်းယမ်း၍ ငြင်းဆန်လိုက်၏။ သူတို့၏ တာဝန်မှာ မယ်တော်ကြီးအတွက် လက်ဆောင်ကို သန့်စင်ပေးရန် ဖြစ်ပြီး ရှောင်လန်က စိတ်ပျက်သွားသော်လည်း လမင်းသခင်မပင် မထိခဲ့ကြောင်း အမှတ်ရလိုက်သည်။ သို့သော် လမင်းသခင်မသည် ယောကျ်ားတစ်ယောက်နှင့် ပတ်သက်နေပုံရပြီး အခြားအစေခံများနှင့် ရမ္မက်ပြင်းထန်ခြင်းကို ရှောင်ကြဥ်လာခဲ့သည်။ သူတို့က လနတ်သားကို ရေကန်အတွင်း ခေါ်ဆောင်သွားပြီး အလွန်နက်ရှိုင်းနေသည်ဖြစ်ရာ ပျက်စီးအဆီအနှစ် ပမာဏ များပေလိမ့်မည်။ သူက အနည်းငယ်မျှသာ စုပ်ယူလိုက်သော်လည်း ထိုအဂါလေးသည်ပင် ပျက်စီးနတ်ဆိုးခန္ဓာကို ကြီးကြီးမားမား တိုးတက်လာစေ၏။
"ဒီကောင်လေးက ပျက်စီးအဆီအနှစ်နဲ့ အဆင်ပြေပုံရလို့ မယ်တော်ကြီးက ပိုပြီး သဘောကျမှာပဲ"
ရှောင်ညီအစ်မက မှတ်ချက်ပေးပြီးနောက် အတွင်းခံကိုယ်စီသာ ချန်ထား၍ ကိရိယာအချို့နှင့် ရေကန်ထဲ ဆင်းလာကြသည်။
"ဒါတွေက ဘာလုပ်ဖို့လဲ"
ထူးဆန်းသော အရာများကို မြင်လိုက်ရသောကြောင့် လနတ်သားက ကြောက်လန့်၍ မေးခွန်းထုတ်မိသည်။ သူက အင်မော်တယ်အဆင့်သို့ ဝင်ရောက်ကာစ ဖြစ်သောကြောင့် စွမ်းအားကြီးမားသော ဤနတ်ဆိုးမနှစ်ယောက်ကို ယှဥ်နိုင်စရာ အကြောင်းမရှိပေ။
"စိတ်မပူပါနဲ့ အချောလေး။ ဒါတွေက သန့်ရှင်းရေးလုပ်ဖို့ပါ။ မင်းကို မနာကျင်စေရဘူး။ မယ်တော်ကြီးက သန့်ရှင်းတာကို ကြိုက်လို့ မင်းရဲ့ အနံ့အသက်တွေကို ရှင်းပစ်မှရမယ်။ ဒါမှ ဆက်သဖို့ အကောင်းဆုံး လက်ဆောင် ဖြစ်လာမှာလေ"
ရှောင်လန်က သူ၏ လက်ကို ဆွဲကိုင်၍ သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်ပြီးနောက် ရှောင်လန်နှင့်အတူ ပူးပေါင်းကာ ဆံပင်တစ်ချောင်းပင် မကျန်အောင် စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်ပေးခဲ့ကြ၏။
"အစ်မတို့၊ မယ်တော်ကြီးက ဘယ်လိုနတ်ဆိုးလဲဆိုတာ ပြောနိုင်မလား"
သူက ကသိကအောက် ဖြစ်နေသော်လည်း အတတ်နိုင်ဆုံး သည်းခံ၍ သတင်းနှိုက်ထုတ်ရန် စကားစလိုက်သည်။
"အလောင်းကောင်"
ရှောင်လန်က အမှတ်တမဲ့ ထုတ်ပြောလိုက်သော်လည်း ရှောင်ချင်းမှာ အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သောကြောင့် ပါးစပ်ပိတ်သွားခဲ့၏။
"ဒါတွေကို မင်း စိုးရိမ်စရာ မလိုပါဘူး။ မယ်တော်ကြီးရဲ့ အမိန့်တိုင်းကိုသာ နားထောင်ရင် တစ်သက်လုံး အေးအေးဆေးဆေး နေနိုင်သွားပါလိမ့်မယ်။ သူက နတ်ဆိုးနယ်မြေရဲ့ အာဏာပိုင်ဖြစ်ပြီး အင်ပါယာထိုက်ဝေနဲ့ တန်းတူတယ်။ မင်းသာ အချစ်တော်လေး ဖြစ်လာမယ်ဆိုရင် ရေတွက်မရနိုင်တဲ့ နတ်ဆိုးတွေ မနာလိုဖြစ်ကုန်လိမ့်မယ်"
ရှောင်ချင်း၏ အမှာစကားကို လနတ်သားက ရိုရိုသေသေ နားထောင်၍ စကားမမှားစေရန် ထိန်းသိမ်းထားလိုက်သည်။ သူက နတ်ဆိုးညီလာခံအကြောင်း ထပ်မံ စပ်စုလိုက်ပြီး ဘောင်မကျော်သရွေ့ ရှောင်ညီအစ်မထံမှ သတင်းများ ရယူနိုင်ခဲ့၏။
"အစ်မတို့၊ ရေကန်ထဲက အဆီအနှစ် နည်းနည်းလောက် စုပ်ယူလို့ရမလား"
"ကဲပါ၊ မင်းလို မြေခွေးပေါက်စလေးက ဘယ်တောင်တောင် စုပ်ယူနိုင်မှာမို့လို့လဲ။ ရတယ်"
မူလတွင် ထိုတောင်းဆိုချက်ကို ငြင်းဆန်ချင်ခဲ့သော်လည်း အသေအချာ တွေးကြည့်ပြီးနောက် ရှောင်ချင်းက ခွင့်ပြုပေးခဲ့သည်။ ထို့ကြောင့် လနတ်သားက အချိန်မဖြုန်းတော့ဘဲ ချွေးပေါက်များမှ တဆင့် ပျက်စီးအဆီအနှစ်ကို ဆက်တိုက်စုပ်ယူနေခဲ့၏။ အရေအတွက် လျော့သွားသော်လည်း ရေမျက်နှာပြင် နိမ့်ကျသွားခြင်း မရှိသောကြောင့် ပျက်စီးအဆီအနှစ်များမှာ ရေပြင်အထက်တွင် ပေါလောမျောနေခဲ့ကြောင်း သိလိုက်ရကာ အခွင့်အရေးကောင်းတစ်ခုပင်။ ရှောင်ညီအစ်မက ပို၍ အစွမ်းထက်သောကြောင့် သူက သိသိသာသာ မဖြစ်စေလိုသောကြောင့် စည်းချက်တစ်ခု ထိန်းထားကာ အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးအဆီအနှစ် အရေအတွက် တစ်ဝက်အထိ စုပ်ယူပြီးသွားသည်နှင့် ရပ်တန့်လိုက်၏။ ရေကန်အပူချိန် အနည်းငယ် ကျဆင်းသွားသော်လည်း သန့်ရှင်းရေးကိုသာ အာရုံစိုက်နေသည့် ရှောင်ညီအစ်မက သတိမထားမိခဲ့ပေ။
"ကဲ၊ သွားကြမယ်"
သန့်ရှင်းရေး လုပ်ပြီးသောအခါ ရှောင်ညီအစ်မက ရေကန်ထဲမှာ မတ်တပ်ထရပ်လိုက်သောကြောင့် ရေများ စီးဆင်းနေသည့် ကောက်ကြောင်းများ အတိုင်းသား ထွက်ပေါ်လာသည်။ တစ်ကိုယ်လုံး ဖြူဖွေးနေအောင် တိုက်ချွတ်ဆေးကြေားခံထားရသည့် လနတ်သားလည်း လိုက်ပါလာခဲ့၏။ သူက ပျက်စီးအဆီအနှစ် များစွာကို ဝါးမျိုခဲ့သောကြောင့် စွမ်းအား ကြီးမားလှသဖြင့် သွေးကြောများအတွင်း စီးဆင်းနေရာ ချော်ရည်များ ပွက်ပွက်ဆူနေသကဲ့သို့ ထင်မှတ်ရသည်။
"မင်းကို အလှပြင်ပေးမယ်"
ရှောင်ချင်း၏ စကားကြောင့် လနတ်သား၏ မျက်လုံးများ ပြူးကျယ်သွားစဥ် ရှောင်လန်မှာ အဝတ်အစားများ ထုတ်ယူလာခဲ့သည်။ ၎င်းတို့မှာ ပန်းပွင့်များ ချည်ထိုးထားသော မိန်းကလေးဝတ် ဂါဝန်များ ဖြစ်နေသောကြောင့် သူက အလန့်တကြား အော်ဟစ်လိုက်လေသည်။
"ခင်ဗျားတို့က ကျုပ်ကို ဘာကိစ္စ မိန်းမအဝတ်အစားတွေ ဝတ်ပေးချင်နေတာလဲ"