အခန်း (၆၅၇-၆၅၈)
Vol. 49 Ch. 657-658
အပိုင်း ၆၅၇ - အရှက်ကွဲခြင်း
"အရူးလေး၊ ငါတို့က မင်းကို အရမ်းလှပသွားအောင် ပြင်ဆင်ပြီး မယ်တော်ကြီးဆီ ဆက်သလိုက်မယ်။ ပုံမှန်ဆို သူက စိတ်မလှုပ်ရှားတတ်ပေမယ့် ယောကျ်ားတစ်ယောက်ဆိုတာ သိသွားရင် အံ့သြပျော်ရွှင်သွားမှာပဲ။ ဒီတစ်ခုတည်းကတင် သူ မျက်နှာသာပေးတာကို ရဖို့ လုံလောက်နေပြီ"
ရှောင်လန်က ရယ်မော၍ ရှင်းပြလိုက်သောအခါ လနတ်သားသည် တုန်လှုပ်သွားဟန်ဖြင့် လေးလေးနက်နက် ငြင်းဆန်လိုက်သည်။
"ကျုပ် ငြင်းတယ်။ ယောကျ်ားတစ်ယောက်က အသေသာခံမယ်။ အရှက်ကွဲမခံဘူး"
"ခစ် ခစ်"
သို့သော် ရှောင်ချင်းက ဟားတိုက်ရယ်မောလိုက်ပြီး အစိမ်းရောင် မြေခွေးအမြှီး ရှစ်ချောင်း ထွက်ပေါ်လာကာ သူ့ကို မလှုပ်နိုင်အောင် ချုပ်ထားခဲ့သည်။ မကြာမီမှာပင် ရှောင်ညီအစ်မ၏ လက်ရာများဖြင့် ခေတ်အဆက်ဆက် အံ့မခန်းဖွယ် ပြိုင်ဘက်ကင်း အလှတရား ထွက်ပေါ်လာကာ မှန်ကို ကြည့်ရင်း သူကိုယ်တိုင်ပင် တွေဝေနေခဲ့၏။
"ဒါက တကယ်ကြီး ငါလား"
ဤအလှတရားသည် မူလကိုယ်ပင် ဆွဲဆောင်ခံလိုက်ရနိုင်သောကြောင့် ရင်သပ်ရှုမောဖွယ်ဖြစ်ကာ အအေးစက်ဆုံး နှလုံးသားပင် အရည်ပျော်ကျသွားလောက်၏။
"ငါ မင်းကို တစ်ခုခု ပြောချင်တယ်"
နီအန်ဝိညာဥ်က ရုတ်တရက် ရယ်မောကာ စကားစလာသဖြင့် သူ့ကို ဒေါသထွက်စေသည်။
"ဘာပြောမလို့လဲ"
"နေပါဦး၊ လောလောဆယ် မင်း ဒုက္ခရောက်တာကို ငါ ဝအောင် ရယ်လိုက်ဦးမယ်။ ဟား ဟား"
မိုးကြိုးဌာနတွင် ရှိနေသော ယွမ်ရှောင်သည်လည်း ကိုယ်ပွား၏ ဖြစ်အင်ကြောင့် ရယ်ရအခက် ငိုရအခက် ဖြစ်နေခဲ့သည်။ ကံကောင်းသည်မှာ နတ်ဆိုးကိုယ်ပွား ဖြစ်နေပြီး မူလကိုယ် မဟုတ်သဖြင့် ဂုဏ်သိက္ခာတော့ ရှိပေဦးမည်။ စစ်မင်းသမီးကဲ့သို့ မိန်းမခန္ဓာကိုယ်ကို ကိုယ်ပွားအဖြစ် မရွေးချယ်ခဲ့ခြင်းမှာ ပို၍ မှန်ကန်လာ၏။ သို့မဟုတ်လျှင် မိန်းမလှတစ်ယောက်အနေဖြင့် ရှင်သန်ရခြင်းက ကိုယ်ပွားမှတဆင့် သူ၏စိတ်ကိုပင် ဖောက်လွဲဖောက်ပြန် ဖြစ်သွားစေနိုင်သည်။
"လုယောင်၊ ငါ မင်းကို နောက်တစ်ခါ ပြပေးရဦးမလား"
အသံကြားသဖြင့် သူ သတိပြန်ဝင်လာသောအခါ လမင်းဓားနတ်ဘုရားသည် ဓားရှည်ကို ဓားအိမ်အတွင်း ဖြည်းညှင်းစွာ ထည့်နေပြီ ဖြစ်သည်။ တစ်ချိန်က ချဥ်းကပ်ရခက်ခဲသော ရေခဲတုံးကြီးသည် သူ့ရှေ့မှောက်တွင် နူးညံ့သိမ်မွေ့နေပြီဖြစ်ကာ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်းမှ ပေါက်ဖွားလာသော ကြောက်စိတ်ကို အရင်းခံခြင်းပင်။ လက်ရှိတွင် အခန်းကဏ္ဍ ပြောင်းလဲသွားပြီး ဆရာက မတ်တပ်ရပ်၍ သင်ကြားပေးနေရကာ တပည့်ဖြစ်သူမှာ ထိုင်လျက် ရှိသည်။
"မလိုတော့ဘူး"
"သေချာလို့လား။ ငါ မင်းကို တာအိုကောင်းကင်အဆင့် ဓားသိုင်းသုံးကွက်ကို တစ်ကြိမ်ပဲ ပြရသေးတာလေ"
သူမက သံသယဝင်နေဟန်ဖြင့် မေးခွန်းထုတ်လိုက်သောအခါ အဝေးမှ စောင့်ကြည့်နေသည့် ကူစုဝမ်မှာ ခေါင်းမော့လာ၍ မျက်လုံးများအတွက် ကြောက်စိတ်တို့ ဖြတ်သန်းသွားသည်။ မိုးကြိုးဌာန၏ တာအိုကောင်းကင် ပညာရပ်ဆယ်ပါးကို ယွမ်ရှောင် တစ်ချက်သာ ကြည့်ခဲ့ကြောင်း မှတ်မိသွားခြင်း ဖြစ်ပေသည်။
"ဒီလောက် ခက်လို့လား"
ယွမ်ရှောင်က ခံစားချက်မဲ့စွာ တစ်ချက်စိုက်ကြည့်၍ လက်ညှိုးထိုးလိုက်သောအခါ ပတ်ပတ်လည်၌ ဓားစွမ်းအင် မုန်တိုင်းပမာ ဖြစ်တည်လာပြီး အသေးစား နှင်းပွင့်များ ကျဆင်းလာသည်။ ၎င်းမှာ လမင်းဓားနတ်ဘုရား ယခုလေးတင် ပြသခဲ့သော သိုင်းကွက်ဖြစ်နေသဖြင့် သူမ မျက်လုံးပြူးသွားကာ နောက်သို့ အလိုအလျောက် ဆုတ်လိုက်မိ၏။ တာအိုကောင်းကင်အဆင့် ဓားချက်ကို သင်ယူရန် နှစ်ပေါင်းသုံးဆယ် အချိန်ယူခဲ့ရသော်လည်း တစ်ဖက်လူမှာ ကြည့်ရုံဖြင့် တတ်မြောက်သွားသည့်အပြင် ကျွမ်းကျင်နေသောအခါ ကြောက်စရာကောင်းလွန်းသည် မဟုတ်ပါလော။
"ဆရာ၊ ဒါက ဓားဌာနရဲ့ လျှို့ဝှက်သိုင်းကွက် မဟုတ်လား။ အခု မိုးကြိုးဌာနရဲ့ လူတစ်ယောက်ဖြစ်တဲ့ ကျုပ်ကို လက်ဆင့်ကမ်းလိုက်ပြီဆိုတော့ တားမြစ်ချက်ကို ချိုးဖောက်လိုက်တာပဲ။ မြောက်ပိုင်းကြယ် ဓားနတ်ဆိုးရဲ့ ဒေါသကို ဘယ်လိုရင်ဆိုင်မလဲ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ မေးလိုက်သောအခါ သူမသည် အက်ကွဲကွဲ အသံဖြင့် ပြန်ဖြေ၏။
"ငါ ရွေးချယ်ပြီးပြီ။ မင်းကို အနိုင်ယူလို့ မရဘူး။ စစ်ဧကရာဇ်နဲ့ အင်ပါယာ ဘယ်လိုထင်ထင် မင်းဘက်က ရပ်တည်မယ်။ ဒီတော့ ဓားဌာနလောက်က အရေးမကြီးဘူး"
"ဒီလောက်တောင် ယုံကြည်တာလား"
တစ်ဖက်လူ၏ သဘောထားကြောင့် သူ အံ့သြသွားခဲ့သည်။ သူ၏ ကြောက်စရာ အရည်အချင်းများကို လူအများအပြား မြင်ဖူးသော်လည်း မာနကိုယ်စီဖြင့် အထက်စီးမှ ဆက်ဆံကာ မည်မျှထူးချွန်ကြောင်း နားမလည်ခဲ့ကြပေ။ လမင်းဓားနတ်ဘုရားသည် သူ၏ ပါရမီအောက်တွင် လိုလိုလားလား အရှုံးပေးခဲ့သော ကောင်းကင်ရုံးတော်၏ ပထမဆုံး အရာရှိ ဖြစ်နေသည်။
"မင်း ကောင်းကင်ပျံသန်းမြို့တော်ကနေ မြင့်တက်လာဖို့ ရက်အနည်းငယ်ပဲ ကြာတယ်။ အခု အမှောင်သခင်ကိုတောင် အလွယ်လေး သတ်နိုင်နေပြီ။ ကျင့်ကြံသူတွေမှာ မင်းက အထူးခြားဆုံးဆိုတာ ငါ လက်ခံတယ်"
"ဒါမျိုးက ယုတ္တိရှိလို့လား"
ယွမ်ရှောင်က အဓိပ္ပါယ်ပါပါ ကြည့်လိုက်သောအခါ လမင်းဓားနတ်ဘုရားမှာ တုန်ရီသွားကာ ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။
"တစ်ခုလောက် မေးခွင့်ပြုပါ။ ပြန်လည်ဝင်စားလာတဲ့ အင်မော်တယ် သူတော်စင်တစ်ယောက်များလား"
"မဟုတ်ပါဘူး။ ကျုပ်က ဆရာ့ကို စနေတာပါ"
"ဘယ်လိုဖြစ်ဖြစ်၊ ကျွန်မက အရှင့်လက်အောက်မှာ ခစားဖို့ အသင့်ပါပဲ"
သူက လက်တစ်ဖက်ကမ်းပေး၍ ဆွဲထူလိုက်သောအခါ လမင်းဓားနတ်ဘုရားသည် စိုးရိမ်တကြီးဖြင့် အာမခံချက်ပေးလိုက်သည်။ တစ်ချိန်က သူမသည် ယွမ်ရှောင်ကို လိုသလို မောင်းထုတ်လိုက်၊ လက်ခံလိုက်ဖြင့် အထက်စီးမှ ဆက်ဆံခဲ့သော်လည်း အခြေအနေများ ပြောင်းပြန် ဖြစ်သွားခဲ့၏။ သူမသည် လက်ရှိတွင် ဒူးထောက်၍ လက်အောက်ခံအဖြစ် အသိအမှတ်ပြုရန် တောင်းပန်နေခဲ့ရသည်။
"ကောင်းကင်ရုံးတော်မှာ ကျုပ်ကို စိတ်ရင်းနဲ့ အသိအမှတ်ပြုတာ မရှိသလောက်ပဲ။ ဆရာ့အကျင်စရိုက်က အကောင်းဆုံး မဟုတ်ပေမယ့် ဉာဏ်ကောင်းတယ်။ ကျုပ်လည်း မဟာမိတ်လိုနေတာဆိုတော့ အခွင့်အရေးတစ်ခု ပေးမယ်"
"ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်က သူမ၏ လက်ကို ဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံ၍ လေးလေးနက်နက် ပြောလိုက်သောအခါတွင်မှ စိတ်အေးသွားပုံရသည်။ သူက ကောင်းကင်ရုံးတော်၏ စနစ်တစ်ခုလုံးကို တွန်းလှန်ရန် ကြိုးစားနေကြောင်း သူမက အတိအကျမဟုတ်သော်မှ ဝေဝေဝါးဝါး နားလည်ထား၏။ ယခင်ကဆိုလျှင် စနစ်ကို စိန်ခေါ်လျှင် သူမအနေဖြင့် လှောင်ပြောင်မည်ဖြစ်သော်လည်း တစ်ဖက်လူ၏ အရည်အချင်းကို သေချာနားလည်သွားသောအခါ ဘက်ပြောင်း၍ ကောင်းကင်ရုံးတော်ကိုပင် သစ္စာဖောက်ခဲ့သည်။ သူမကို ကြောက်လန့်စေသည်မှာ ယွမ်ရှောင်သည် ကောင်းကင်ရုံးတော်တွင် ထင်ပေါ်လာသည်မှာ မကြာသေးသော်လည်း အလွန်အမင်း လျင်မြန်သော တိုးတက်နှုန်း ဖြစ်သည်။ အကယ်၍ သူသာ လမင်းဓားနတ်ဘုရား၏ ခွန်အားထက် ကျော်လွန်သွားလျှင် တန်ဖိုး မရှိတော့မည်ကို ကောင်းကောင်း နားလည်ထားကာ ဥပမာအနေဖြင့် ကူစုဝမ် ရှိနေသည်။ ဓားဌာန၏ အရာရှိကြီးတစ်ယောက်ဖြစ်သော လမင်းဓားနတ်ဘုရားက လူငယ်တစ်ယောက်ရှေ့တွင် ဒူးထောက်၍ ကြောင်ပေါက်လေးပမာ ပြုမူနေသော မြင်ကွင်းမှာ မည်သူ့အတွက်မဆို မယုံနိုင်စရာပင်။
ယွမ်ရှောင်က လက်လွှတ်ပေးလိုက်သောအခါ လမင်းဓားနတ်ဘုရား၏ စိတ်ထဲတွင် အတွေးများ ဗလောင်ဆူလာခဲ့သည်။ တပည့်ဖြစ်သူကို အရှင်အဖြစ် အသိအမှတ်ပြုလိုက်ရသောအခါ သက်တောင့်သက်သာ မရှိသော်လည်း ဖော်ပြမရနိုင်သော သာယာမှုကို ထူးထူးဆန်းဆန်း ခံစားနေရ၏။ ထိုအချိန်တွင် ယွမ်ရှောင်သည် မြင်ကွင်းကို အချိန်အတန်ကြာ စိုက်ကြည့်နေသော ကူစုဝမ်ထံ ရိုးရိုးရှင်းရှင်း လှည့်ကြည့်လိုက်ကာ ပြောသမျှ စကားတိုင်း နားထောင်ခွင့်ပေးထားခဲ့သည်။
"ငါ...ငါ"
သူမက ရုတ်တရက် အစိုးရိမ်ကြီးသွားကာ မွေးစားသားဖြစ်သူ၏ အကြည့်မှာ စိတ်အတွင်းပိုင်းအထိ ထိုးဖောက်သွားသကဲ့သို့ပင်။
"စိတ်မပူနဲ့။ ခင်ဗျားကို မသတ်ဘူး။ ကောင်းကင်ရုံးတော်တစ်ခုလုံးလည်း ကျုပ် မရှင်းပစ်နိုင်ဘူး။ အရင်းအမြစ်တွေ ပေးခဲ့တာကို ထောက်ထားပြီး အပြစ်သားတစ်ယောက် လွှတ်ပေးဖို့လည်း ကျုပ် ဝန်မလေးဘူး"
သူက ရုတ်တရက် ပြောလိုက်ပြီး မျက်လုံးအကြည့်မှာ တည်ငြိမ်နေသော်လည်း ကူစုဝမ်သည် တဆတ်ဆတ် တုန်ယင်နေခဲ့၏။
"ငါ..ငါ ကောင်းကင်ရုံးတော်ကို သစ္စာမဖောက်ရဲဘူး"
သူမက ဤစကားလုံးများကို အားယူ၍ ပြောလိုက်သော်လည်း ယွမ်ရှောင်ရှေ့မှောက်တွင် မွန်းကြပ်နေပုံရသည်။
"ကျုပ်က အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံလေ။ ကျုပ်နောက်ကို လိုက်တာက ဘယ်လိုလုပ် သစ္စာဖောက်တာ ဖြစ်ရမှာလဲ"
သူက ကူစုဝမ်ကို ရုတ်တရက် လည်ပင်းထညှစ်ပြီး တစ်လုံးချင်း အေးအေးဆေးဆေး ပြောလိုက်သောအခါ သူမသည် ကြောက်စိတ်ဲကြောင့် မျက်ရည်များ တရစပ် ကျဆင်းလာခဲ့သည်။
"ငါ့ကို မသတ်ပါနဲ့။ လျှို့ဝှက်ချက် တစ်ခု ပြောမယ်။ မိုးကြိုးဧကရာဇ်က မင်းရဲ့ မွေးရပ်မြေ သေမျိုးလောကဆီ အထွတ်အထိပ် ထာဝရ မိုးကြိုးဆေးအိုးကို ယူသွားပြီ"
နောက်ဆုံးတွင် သူမ၏ စိတ်က ယွမ်ရှောင်၏ ခြိမ်းခြောက်မှုအောက်တွင် ကျိုးပဲ့သွားကာ မိုးကြိုးဧကရာဇ်နှင့် အိမ်ရှေ့စံအပေါ် သစ္စာဖောက်၍ ထုတ်ပြောလိုက်လေသည်။
အပိုင်း ၆၅၈ - မိုးကြိုးဧကရာဇ်၏ ဓားစာခံများ
ထာဝရ မိုးကြိုးဆေးအိုးက မိုးကြိုးဌာနရှိ တစ်ခုတည်းသော နတ်ကောင်းကင်အဆင့် ရတနာဖြစ်ကာ မဟာအစီအရင်ကိုပင် အမိန့်ပေးနိုင်စွမ်း ရှိကြောင်း လမင်းဓားနတ်ဘုရားမှ ရှင်းပြလာခဲ့သည်။ သူမက လက်အောက်ငယ်သားအဖြစ် အလျင်အမြန် အသားကျသွားသော်လည်း မိုးကြိုးဧကရာဇ်ကို သစ္စာဖောက်မိသော ကူစုဝမ်မှာ တုန်လှုပ်နေဆဲ ဖြစ်၏။ အဆင့်သုံး အရာရှိကတော်တစ်ယောက်က လူငယ်လေးတစ်ယောက်ကို ကြောက်သဖြင့် သစ္စာဖောက်လိုက်ခြင်းမှာ ရူးသွပ်စရာ ကောင်းလှသည် မဟုတ်ပါလော။
"ငါက လုယောင် မဟုတ်တာကို သူတို့ သိသွားကြပြီလား"
ယွမ်ရှောင်က ဒေါသတကြီး ပေါက်ကွဲရမည့်အစား မျက်နှာထား အေးစက်တင်းမာနေခဲ့သည်။
"ဟုတ်ကဲ့"
"ကူစုထောင် ပြောလိုက်တာမလား"
လျူမုထံမှ တဆင့် ငရဲကိုးထပ်ကမ္ဘာ ပူဇော်သက္ကာရအတွက် ရောက်လာသူမှာ ကူစုထောင်ဖြစ်ကြောင်း သူ သိခဲ့သော်လည်း တစ်ကိုယ်တော်ဖြစ်၍ ခြေရာခံမရခဲ့ပေ။
"ဟုတ်တယ်"
ကူစုဝမ်က ခေါင်းညိတ်၍ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
"မင်းက လုယောင် မဟုတ်ဘူးလား။ ဒါဆိုရင်..."
အမှန်တရားကို သိလိုက်ရသောအခါ လမင်းဓားနတ်ဘုရားလည်း မင်သက်သွားခဲ့သည်။
"ကျုပ်က ယွမ်ရှောင်၊ နားခိုရာလက်နက် ထွက်ပေါ်လာတဲ့ ကမ္ဘာက လာတာပဲ"
ဖုံးကွယ်ထားလျှင်လည်း အချည်းနှီးဖြစ်သောကြောင့် သူက အမှန်အတိုင်း မိတ်ဆက်ခဲ့သည်။ သတင်းမပေါက်ကြားစေရန် မိုးကြိုးဌာန၏ အရာရှိများကို သွေးဖြင့် ဆေးခဲ့သော်လည်း ယိုပေါက်များ ရှိနေကာ သတင်းပြန့်သွားပုံပေါ်၏။
"ဒါဆိုရင် မင်းအသက်က တကယ်တမ်း ဘယ်လောက်လဲ"
ဤမေးခွန်းသည် သူမ၏ သံယသမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အကယ်၍ ယွမ်ရှောင်သာ အသက်ကို ဖုံးကွယ်ထားလျှင် ထိုက်ဝေနှင့် ထိုက်ယုကဲ့သို့ သက်ကြားအို ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်နေပေလိမ့်မည်။
"၁၆နှစ်ပါ၊ ဆရာ"
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သောအခါ ထင်ထားသည်ထက် များစွာ ငယ်နေသောကြောင့် သူမကို တုန်လှုပ်သွားစေသည်။
"ငါ့ကို နာမည်ခေါ်လို့ရတယ်။ ယုယင်"
ထိုအခေါ်အဝေါ်ကြောင့် တုန်လှုပ်နေသော သူမကို ထိတ်လန့်သွားစေပြီး မျက်လွှာချကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ အပြစ်တွေကို ဆေးကြောဖို့ အခွင့်အရေးတစ်ခုပေးမယ်။ ဒီကိစ္စကြောင့် ကျုပ်တို့နှစ်ယောက် ဆွေမျိုးတော်သွားနိုင်တယ်"
ယွမ်ရှောင်၏ စကားက သူမ၏ နားထဲတွင် ကြောက်မက်ဖွယ် တုန်ဟီးသွားကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်ကာ နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့၏။
"ဟင့်အင်း။ ဒါက ဓားဌာနရဲ့ အမွေအနှစ်ပဲ"
"အသက်တစ်ချောင်းကယ်တာက ဘုရားအဆူဆူတည်တာထက် ပိုပြီး တန်ဖိုးရှိတယ်။ ဒါကို တကယ်ပဲ လက်လွှတ်တော့မလို့လား"
သူ၏ မျက်လုံးများက ဓားပမာ ထက်ရှနေသောကြောင့် သူမ၏ နားထင်မှ ချွေးစေးများ စီးကျလာသည့်အပြင် အတွင်းစိတ်၌ ပဋိပက္ခ ဖြစ်နေပုံရသည်။
"အချိန်မရှိတော့ဘူး။ ခင်ဗျား အသုံးဝင်ဖို့က တစ်လမ်းပဲ ရှိတယ်။ အခု ကျုပ်သွားတော့မယ်။ အချိန်ကျလို့ မင်း ရောက်မလာရင် ကိုယ့်ကံကြမ္မာကိုယ် တွေးထားပေတော့"
ယွမ်ရှောင်က ချက်ချင်း လှုပ်ရှားကာ ကူစုဝမ်ထံ လျင်မြန်သော ဓားယာဥ်တစ်စင်း တောင်းဆိုလိုက်သောအခါ မိုးကြိုးဧကရာဇ်နှင့် ကိုယ်တိုင် ရင်ဆိုင်ရန် ဖြစ်နိုင်သည်။
"မိုးကြိုးနတ်သင်္ဘောလောက် မြန်တာမျိုး ရှိလား"
သူက မည်သည်မျှ ဂရုမစိုက်ဟန်ဖြင့် ဆက်မေးလိုက်သောအခါ တစ်ဖက်လူမှာ မဖြေဘဲ မနေရဲချေ။
"ရှိပါတယ်။ နတ်သင်္ဘောက အရမ်းကြီးလွန်းတော့ သိပ်မမြန်ဘူး"
မိန်းမနှစ်ယောက်သည် နောက်လှည့်စရာ မရှိသော လမ်းကိုယ်စီ ရွေးချယ်လိုက်ပြီဖြစ်သည်။ ကူစုဝမ်က မိုးကြိုးဧကရာဇ်ကို သစ္စာဖောက်ခဲ့ပြီး လမင်းဓားနတ်ဘုရား၏ သစ္စာခံမှုသည်လည်း ဒူးထောက်ရုံလောက် မရိုးရှင်းတော့ပေ။ အချိန်တစ်ခု ကြာပြီးနောက် ဓားယာဥ်တစ်စင်းသည် မိုးကြိုးဌာနမှ ထွက်ခွာလာပြီး ကူစုဝမ်က မောင်းနှင်ကာ ချောင်အိမ်တော်တွင် ကျန်ရစ်ခဲ့သူမှာ ဆုံးဖြတ်ရခက်စွာ ခေါင်းငုံ၍ အံကြိတ်နေမိ၏။
"အသက်၁၆နှစ်နဲ့ ဒီလောက်ထူးချွန်နေမှတော့ တော်တော်ကြောက်စရာကောင်းတာပဲ။ တခြားလူတွေ သတိမထားမိခင် ငါ အမြန်ဆုံး လှုပ်ရှားရမယ်"
သူမက ဆုံးဖြတ်ချက် ခိုင်မာစွာ ချ၍ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ကာ ဓားပျံစီးနင်းပြီး ဓားဌာနသို့ အလွန်လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ပိုင်အာကမူ မိုးကြိုးဌာန၏ အပျက်အစီးများအကြား ရပ်နေခဲ့ပြီး သခင်ဖြစ်သူသည် တစ်ချိန်ကျလျှင် လောကကို အုပ်စိုးမည်ဟု ရာနှုန်းပြည့် ယုံကြည်နေသည်။
စကြဝဠာ ဟင်းလင်းပြင်အတွင်း မျောလွင့်နေသော ကြယ်တစ်လုံးသို့ ခရမ်းရောင် ယာဥ်တစ်စင်းက အပြေးအလွှား ခရီးဆက်နေသည်။ ၎င်းကို မောင်းနှင်နေသည်မှာ ဆွဲဆောင်မှုပြင်းထန်သော မိုးကြိုးတမန်တော်ချောင် ဖြစ်ကာ တစ်ချက်ပြုံးလိုက်သောအခါ နှုတ်ခမ်းနီရဲရဲလေး ကွေးတက်သွား၏။
"ဒါက ငါ့ကလေးလေး မွေးဖွားခဲ့တဲ့ သေမျိုးလောကလား"
သို့သော် သူမ၏ အနောက်တွင် ကြီးမားသော နတ်သင်္ဘောက ရုတ်တရက် ထွက်ပေါ်လာသဖြင့် မျက်နှာပျက်သွားခဲ့သည်။ ၎င်းသည် ပင်လယ်ပြင်အတွင်း သောင်းကျန်းသော ငါးမန်းကြီးပမာ ကြမ်းကြမ်းတမ်းတမ်း ပျံသန်းနေကာ ကုန်းပတ်အထက်တွင် မိုးကြိုးဧကရာဇ် ရပ်နေ၏။ သူ၏ ဆံပင်များတွင် လျှပ်စီးများ တဖြတ်ဖြတ်လက်ကာ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပ၍ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားစေသည်။ ကောင်းကင်ရုံးတော်၏ ဧကရာဇ်ရှစ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်သော မိုးကြိုးဌာန၏ ခေါင်းဆောင်၏ ခမ်းနားထည်ဝါမှုမှာ ကြီးစိုးလွှမ်းမိုးနိုင်၏။
"မိုးကြိုးဧကရာဇ်။ ကောင်စုတ်လေးက ငါ့ကို ပြဿနာထဲ ပို့လိုက်ပြန်ပြီ"
ယွမ်ရှောင်က ထိုအကြောင်း မပြောခဲ့သော်လည်း အခြေအနေကြည့်ရုံဖြင့် အရာအားလုံး ပြီးပြီဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ မိုးကြိုးဌာန၏ ထိပ်တန်းအရာရှိအားလုံး အသတ်ခံလိုက်ရကာ သူမတစ်ယောက်တည်း ကျန်ရစ်ခဲ့သဖြင့် မဟာအစီအရင်ကို ယွမ်ရှောင် ထိန်းချုပ်ခဲ့သည်မှာ ငြင်းမရသော သက်သေပင်။
မိုးကြိုးဧကရာဇ်က သူမကို သေးငယ်သော ပုရွက်ဆိတ်ပမာ သဘောထား၍ အထက်စီးမှ ငုံ့ကြည့်ကာ မျက်လုံးများ မီးဝင်းဝင်းတောက်နေ၏။
"ချောင်ရူ၊ မင်းက သနားကြင်နာခဲ့လို့ လမ်းလွဲသွားပြီ။ မင်းရဲ့ အစ်ကိုအရင်းနဲ့ မိုးကြိုးဌာနထဲက ဆွေမျိုးတွေ အသက်ပေးလိုက်ရတယ်။ မင်းရဲ့အဖေနဲ့ ချောင်မိသားစု ဘိုးဘေးတွေကို ပြစရာ မျက်နှာရှိသေးရဲ့လား"
အသံလှိုင်းများက ပြင်းထန်လွန်းသောကြောင့် ချောင်ရူ၏ ဓားယာဥ်မှာ ပေါက်ကွဲမတတ် ဖြစ်သွားရပြီး သူမသည် အထိတ်တလန့် ဖြစ်နေရာမှ လျင်လျင်မြန်မြန် တည်ငြိမ်သွားခဲ့၏။ သူမက ခေါင်းမော့ရင်ကော့၍ အပြင်ထွက်လိုက်ကာ မိုးကြိုးဧကရာဇ်၏ အကြည့်နှင့် ရင်ဆိုင်လိုက်သည်။
"လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဥ် ရှိတယ်။ မိုးကြိုးဌာနရဲ့ ချောင်မိသားစုအတွက် ငါက အကျိုးမရှိပေမယ့် သာမန်ပြည်သူတွေအပေါ်မှာတော့ သစ္စာရှိခဲ့တယ်"
"မှန်ကန်တာတွေ၊ လူသားဆန်တာတွေ ငြင်းခုံနေဖို့ ငါ စိတ်မဝင်စားဘူး။ ဒီအချိန်မှာ ငါတို့က လမ်းမတူတော့ဘူး။ ကိုယ့်ကံကြမ္မာကို လက်ခံလိုက်စမ်း"
မိုးကြိုးဧကရာဇ်က ခေါင်းခါ၍ သက်ပြင်းတစ်ချက်ချကာ ခက်ထန်စွာ ဟိန်းဟောက်လိုက်သော်လည်း ချောင်ရူ မကြောက်ခဲ့ပေ။
"ငါက မှန်ကန်တဲ့လမ်းကို လျှောက်နေပေမယ့် နင်တို့ကတော့ မတူဘူး။ မိစ္ဆာတွေအတိုင်း မှားယွင်းနေကြတာပဲ။ ကျင့်ကြံခြင်းဆိုတဲ့ လမ်းကြောင်းကို အရောင်ဆိုးပစ်လိုက်တာပဲ"
သူမ၏ အကြည့်က တင်းမာပြတ်သားပြီး စွမ်းအားချင်း အဆမတန် ကွာခြားသော မိုးကြိုးဧကရာဇ်ကို ရင်ဆိုင်နေရသော်လည်း သေခြင်းတရားအား ကြောက်လန့်မနေဘဲ ကျယ်လောင်စွာ စိန်ခေါ်နေခဲ့သည်။
"သတ်လိုက်စမ်းပါ။ ငါ့ခန္ဓာကိုယ်ရော ဝိညာဥ်ပါ ဖျက်ဆီးပစ်လိုက်"
"မင်းက အသုံးဝင်တာ ရှိသေးတယ်"
မိုးကြိုးဧကရာဇ်၏ စကားကြောင့် သူမ မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းကင်ရုံးတော်ရဲ့ ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ ဧကရာဇ်တစ်ယောက်က ကလေးတစ်ယောက်ကို ခြိမ်းခြောက်ဖို့ ဓားစာခံ ရှာနေတယ်ပေါ့။ ထွီ ရယ်စရာကောင်းလိုက်တာ အောက်တန်းစား"
"မင်းက အပိုဆုတစ်ခု သက်သက်ပါပဲ"
"သူက ငါ့ကို အသုံးချစရာလို သဘောထားတာပဲ။ ဓားစာခံလုပ်နေလို့လည်း နှစ်ယောက်လုံး သတ်ဖို့ သူက လက်တွန့်နေမှာ မဟုတ်ဘူး။ ဟင်..."
မိုးကြိုးဧကရာဇ်က စကားပြောရင်း လက်ကို ပေါ့ပေါ့ပါးပါး ယမ်းလိုက်သောအခါ ကိုးရောင်ခြယ် ဆေးအိုးကြီးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
"ငါ့ကို ဖမ်းဖို့ ဒီလောက်အားသုံးနေစရာ မလို..."
၎င်းက ရုတ်တရက် ကြီးထွားလာကာ သူမထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသောကြောင့် စကားပြောနေရင်း တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားကာ တုန်လှုပ်သွားလေသည်။