မင်းမသိသေးတာရော ရှိသေးရဲ့လား
Vol. 145 Ch. 2021
အနာဂတ်တွင် သူမ မည်မျှကောင်းအောင် လုပ်မည်ဆိုလျှင် ဤအကျပ် အတည်းတွင် ရှင်သန်နိုင်ရန် ပထမဆုံးလုပ်ရဦးမည်ဖြစ်သည်။
နင်းထျန်ရာသည် သူမ စိတ်ပိုင်းဖြတ်ထားသည်ကို နားလည်သည်။ သူမ မည်သည့်အရာကို ကြုံတွေ့ရပါစေမူ အသက်ရှင်မည်ဖြစ်သည်။ သူမသည် ရှင်သန်ပြီး ဘဝတာဝန်ကို ပြီးမြောက်လိမ့်မည်။
“အနာဂတ်မှာ စိတ်တွင်းနတ်ဆိုးပေါ်လာရင် ဘယ်လိုလုပ်မလဲ” သူ သူမ ကို မေးလေသည်။
“အဲဒီစိတ်ကို ရှင်းထုတ်ဖို့ နည်းလမ်းစဉ်းစားရမှာပေါ့.. ကျွန်မဆရာကိုပဲ ကြည့်လေ.. သူက နှစ်တွေအများကြီး နှောင့်နှေးခဲ့ပေမဲ့ စိတ်အတွင်းနတ်ဆိုးကို ဖယ်ရှားပြီး အဆင့်တက်နိုင်သွားတာပဲမဟုတ်ဘူးလား” ရှီမာယူယူသည် စိုးရိမ် မှုမရှိပေ။ “ဒီကမ္ဘာမှာ အရာရာတိုင်းမှာ နိဂုံးဆိုတာရှိတယ်.. မကောင်းတာနဲ့ အဆုံးသတ်မယ်ဆိုလည်း အဲဒါက ကျွန်မရဲ့ အပြုအမူကြောင့်ဖြစ်ပြီးတော့ အဲဒီ ရလဒ်ကို လက်ခံရမှာပဲ.. အဲလိုဆိုရင်တောင် အဲဒါက စောစောသေတာထက် တော့ကောင်းဦးမယ်.. မဟုတ်ဘူးလား”
မြင်ရခဲလှသော အလင်းတန်းသည် သူမပေါ်သို့ ကျလာပြီး သူမ၏ ပုံရိပ် ကို သိမ်မွေ့နူးညံ့သွားစေသည်။
သူမ စကားပြောပုံဆိုပုံမှာ မသေမသပ်နှင့် ဟိုဟိုဒီဒီ ကွဲလွဲမှုများရှိနေ သော်လည်း နင်းထျန်ရာသည် သူမ၏ဆိုလိုရင်းကို နားလည်သည်။
“တာအိုမှာ နည်းလမ်းကသုံးထောင်လောက်ရှိတယ်.. မင်းက မင်းရဲ့စိတ်နဲ့ ကိုက်ညီတာကို ရွေးပြီးပြီပဲ.. ကောင်းတယ်.. ဒါပေမဲ့ မင်းကိုယ်မင်း သံသယဝင် သွားတာနဲ့ အရိပ်မည်းက တစ်သက်လုံးလိုက်နေပြီး ဘယ်တော့မှ ဖယ်ရှားပစ် လို့ရမှာမဟုတ်တော့ဘူး” သူ၏ စကားလုံးများသည် လေးနက်ပြီး စိတ်ရင်းနှင့် ဖြစ်သည်။
ရှီမာယူယူသည် နင်းထျန်ရာကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည် “အဘိုး အဆိုတစ်ခုကိုကြားဖူးလား.. လူတွေက ကိုယ့်လမ်းကိုရွေးပြီး နောက်ဆုံးတော့ ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ရမှာပဲတဲ့.. ကျွန်မက ဒီလမ်းကို ရွေးလိုက်မှ တော့ ပြန်လှည့်လို့မရတော့ဘူး”
ကိုယ့်လမ်းကိုယ်ရွေးပြီး ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်ရမယ်ဟုတ် လား။ နင်းထျန်ရာသည် မျက်ခုံးများကို ပင့်မိသည်။ ထိုအဆိုကို သူ ပထမဆုံး အကြိမ်ကြားဖူးခြင်းဖြစ်သည်။
“အဘိုး.. ဒီအကြောင်းတွေကို ကျွန်မကို ဘာလို့ ပြောပြနေတာလဲတော့ မသိဘူး.. ဒါပေမဲ့ ကျေးဇူးတင်ပါတယ်.. ကျွန်မ ဖိလုပ်ရမယ့်ဟာကို အဘိုးက သတိပေးလိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဘိုးက ဘယ် ဂိုဏ်းကလဲတော့မသိဘူး.. ဒါပေမဲ့ နောက်ကို ကျွန်မနဲ့စကားပြောချင်ရင် ဒီလို လုပ်ဖို့မလိုပါဘူး”
ဒါက သူ လူမိသွားတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား။
“မင်း ဘယ်လိုသိတာလဲ”
“အဘိုးက နေရာအရွေးမှားသွားတယ်လေ.. ပြီးတော့ တံမြက်စည်းက လည်း သန့်ရှင်းနေတယ်.. ဒီမှာ သွေးတွေအရမ်းများခဲ့တာ.. အဘိုးသာ အဲဒါကို သန့်ရှင်းရေးလုပ်တဲ့ဆိုရင် တံမြက်စည်းကဘာလို့သန့်နေမှာလဲ” ရှီမာယူယူ ရှင်း ပြလေသည် “နောက်ဆိုရင် တံမြက်စည်းအဟောင်းကို ရွေးလာပါ.. နှုတ်ဆက် ပါတယ်”
ပြောပြီးနောက်တွင် သူမသည် သူ့ကိုဖြတ်ကျော်လျှောက်ကာ ထွက်ခဲ့ လိုက်သည်။ သူမသည် တံမြက်စည်းကို စစ်ဆေးပြီး မျက်မှောင်ကြုတ်နေသည့် နင်းထျန်ရာကို နောက်တွင်ချန်ထားခဲ့လေသည်။
တံမြက်စည်းက တကယ်ကြီးအသစ်ဖြစ်နေပြီးတော့ တစ်ခါမှတောင် မရှင်းလင်းရသေးတဲ့ပုံပေါက်နေတာပဲ။ ဒါပေမဲ့ ဒီကလေးမက တကယ်ပဲ ဉာဏ်ပြေးတာပဲ။ ကိုယ့်လမ်းကိုယ် ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ လူငယ်က အများကြီးမရှိဘူး။
ရှီမာယူယူသည် သူမ၏ ခြံဝန်းဆီသို့ ပြန်သွားလိုက်သည်။ သူမ၏ အစုလိုက်အပြုံလိုက် လူသတ်မှုသည် နေရာအနှံ့ပျံ့သွားပြီဖြစ်သည်။ ဂိုဏ်းအဖွဲ့ ဝင်များ သူမကို ကြည့်သည့်အကြည့်မှာ ထူးဆန်းလာသည်။
“အဲလူတွေအကုန်လုံးက ဘာလို့ငါ့ကိုပဲ ကြည့်နေကြတာလဲ.. ငါ အဆိပ် သုံးလိုက်မိလို့ ရှက်သွားကြတာလား.. မဟုတ်ရင် ဂိုဏ်းစည်းမျဉ်းကိုပဲ ချိုးဖောက်မိလို့လား မဟုတ်လောက်ပါဘူးနော်” သူမသည် သူမဘာသာ ရေရွတ်မိသည်။ ဖူရှီ သူမကိုမြင်သောအခါ မမေးခင်ပင် ပြန်ဖြေလေသည်။
“မင်းက ဂိုဏ်းထဲဝင်တာမှမကြာသေးဘူး၊ ဆရာကလည်း တံခါးပိတ်ကျင့် ကြံနေတာကို ဂီတတိုက်ခိုက်မှုတွေကို သိနေလို့ အနိုင်ခံလိုက်ရတယ်လို့ သူတို့ ကိုယ်သူတို့ ခံစားနေရတာ” ဖူရှီ ရှင်းပြလေသည်။
“မင်းက ဘယ်လိုသိတာလဲ”
“သူတို့ ပြောတာကို ကြားလိုက်တာလေ” ဖူရှီ ပြောလေသည် “ဘာလို့ ပြန်လာတာ ဒီလောက်နောက်ကျတာလဲ”
သတင်းပျံ့နေသည်မှာ ကြာပြီဖြစ်သော်လည်း သူမသည် အခုမှပြန်လာ သည်။ နှေးလိုက်တာ။
“ငါ ဒီနေ့ အားလပ်ချိန်လေးရလို့ လျှောက်သွားနေတာ” ရှီမာယူယူ ပြော လိုက်သည် “သားရဲထိန်းကျောင်းဂိုဏ်းက သတင်းလေးဘာလေး မရဘူးလား”
“ရတယ် သူတို့က သမားဂိုဏ်းနဲ့အဆိပ်ဂိုဏ်းကလူတွေကို ရှာတယ်တဲ့.. အစောပိုင်းကတော့ ရှုပ်ယှက်ခတ်နေတာ.. ဒါပေမဲ့ အဲဒါပြီးတော့ ငြိမ်သွားပါ တယ်.. အဲလူချိင်းချိုင့်ကြောင့်ပဲဖြစ်မယ် သူ စိတ်ငြိမ်သွားပြီလေ” ဖူရှီ ပြောလေ သည် “ယူယူ သူတို့က ပြဿနာတော့ လာမရှာလောက်ဘူးမလား.. အဲလူက လျှို့ဝှက်ဂိုဏ်းမှာ နောက်ခံတောင့်တယ်လို့ ကြားတယ်”
“ဂိုဏ်းဒုသခင်ကို ပြောနေတာလား” ရှီမာယူယူသည် စိုးရိမ်မှုမရှိပေ “သူ့သားကို တစ်သက်လုံး မြုံသွားစေချင်ရင် စမ်းကြည့်လို့ရတာပဲ”
ဖူရှီသည် မသိမသာ ခြေထောက်ကို ပြန်စေ့မိသည်။ သူမက အဲလိုကိစ္စမျိုး ကိုဘယ်လိုလုပ် လုပ်နိုင်ပြီး ဘာမှမဖြစ်သလို ပြောနိုင်ရတာလဲ။
ရှီမာယူယူသည် သူ၏တုံ့ပြန်မှုကိုမြင်သောအခါ တောင်းပန်စွာ ပြောလေ သည် “မင်းက ကလေးပဲရှိသေးတာ ဘာလို့ ဒီလောက်တုံ့ပြန်မှုကြီးရတာလဲ”
“ငါက ဘယ်လိုလုပ်ငယ်ရမှာလဲ.. ငါလည်း ယောက်ျားပဲလေ ဟုတ်ပြီ လား” ဖူရှီ ပြန်ချေပလေသည် “ငါက အသက် ၂၅၀ ရှိပြီ”
“ဒါပေမဲ့ မင်းက ကလေးပဲရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်း ခန္ဓာကိုယ်ထွားလာမှ ပြန်ပြောတော့”
“ငါ…”
ဖူရှီသည် သူမနှင့် စကားနိုင်လုချင်သေးသည်။ သို့သော် သူမသည် သူ့ကို လျစ်လျူရှုပြီး အိမ်ထဲမှထွက်သွားလေပြီ။
လျင်မြန်စွာပင် လုယန်၏လူများသည် သူမကို လာခေါ်လေသည်။ သူမ သွားလိုက်သောအခါ အိမ်ငယ်တစ်လုံး၏ အပေါ်ဆုံးအထပ်တွင် သူ့ကိုတွေ့လေ သည်။
လုယန်သည် လက်ရန်းကြီးရှေ့တွင် ရပ်နေသည်။ သူသည် အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များကို အနောက်တွင်ဖြန့်ချထား သည်။ လေတိုက်လိုက်သည်နှင့် ဆံနွယ်များသည် ယိမ်းကနေသည်။
ဤတစ်ခါမှာ သူတို့နှစ်ယောက် ဒုတိယအကြိမ် သီးသန့်တွေ့ဆုံခြင်းဖြစ် သည်။
“ဆရာ” သူမသည် သူ့နောက်ကျောကို အရိုအသေပြုလိုက်သည်။
လုယန်သည် လျှောက်လာပြီး ပြောလိုက်သည် “မင်း ဒဏ်ရာရလာသေး လား”
“မရပါဘူး” ရှီမာယူယူသည် ခေါင်းခါလေသည်။
“ဒီကိုဘာလို့ ခေါ်လိုက်လဲသိလား” လုယန် သူမကို မေးလေသည်။
ရှီမာယူယူသည် သူ့မျက်နှာထားကို အကဲခတ်ကြည့်သည်။ သူသည် ပျော်ရွှင်နေခြင်းမဟုတ်သလို ဒေါသလည်းမထွက်ပေ။ ထို့ကြောင့် သူမ ပြော လိုက်သည် “မသိပါဘူး”
“မင်းက ဉာဏ်ကောင်းလို့ ဂီတတိုက်ခိုက်မှုကို တခြားနည်းလမ်းတွေနဲ့ ပေါင်းစပ်လိုက်တာကို ငါသိတယ်” လုယန် ပြောလေသည်။ ရှီမာယူယူတွင် ထောင်လွှားသည့် အကြည့်မရှိသည်ကို သူမ မြင်သောအခါ စိတ်ထဲမှဒေါသ အနည်းငယ်ပျောက်သွားလေသည် “နောက်ဆိုရင် ဒီလိုအန္တရာယ်များတာကို ထပ်မလုပ်နဲ့တော့”
“ဟင်” ရှီမာယူယူသည် ထိုစကားများ ပြောလိုက်ချိန်တွင် သူ ချီးကျူးလာ လိမ့်မည်ဟု ထင်မထားပေ။ သူမ ထိုလူများကို သတ်လိုက်ခြင်းကြောင့် သူ ဒေါသထွက်နေလိမ့်မည်ဟု ထင်ထားသဖြင့် အပြစ်တင်ခံရန် သူမကိုယ်သူမ ပြင်ဆင်ထားသည်။ သို့သော် နောက်ပိုင်း သူ့စကားများသည် အပြစ်ရှာသည့် အရိပ်အယောင်မရှိပေ။
“မင်းက တမင် သူတို့တွေ မင်းကိုလာရှာခွင့်မပေးခဲ့တာမလား.. လျှို့ဝှက် ဂိုဏ်းမှာ ကျွမ်းကျင်သူတွေ မရေမတွက်နိုင်အောင်ရှိတယ်.. မင်းနည်းလမ်းတွေ က အဲလူတွေကို နိုင်တာတော့ဟုတ်ပြီ တကယ့်ကျွမ်းကျင်သူတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ”
“ကျွန်မ အမှားကိုသိပါတယ်.. နောက်ဆိုရင် ကျွန်မတစ်ယောက်တည်း မသွားတော့ပါဘူး” ရှီမာယူယူသည် သူမ၏ အမှားကို ဝန်ခံသည်။
“နောက်ဆိုရင် ဂိုဏ်းထဲမှာ ပိုကျင့်ကြံပါ သားရဲထိန်းကျောင်းဂိုဏ်းနဲ့ မင်း တို့ကြားက ပြဿနာကိုငါရှင်းပေးမယ်” လုယန် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတ် ဆရာ” ရှီမာယူယူသည် သူ့ကို ပြုံးပြလိုက်သည် “သားရဲထိန်းကျောင်းဂိုဏ်းက အချိန်တစ်ခုလောက်တော့ ဘာမှမလုပ်နိုင်သေး ပါဘူး”
“မင်း ဘာလုပ်ခဲ့တာလဲ”
“ကျွန်မ ထွက်မလာခင်ကို ချင်းချိုင့်ကို အဆိပ်ခတ်ခဲ့တယ်.. သူက ချင်းရှီ ရဲ့ အချစ်ဆုံးသားလေ အဲဒါကြောင့် သူ အဆိပ်ဖြေဆေးမရသေးခင် ကျွန်မကို ဘာမှမလုပ်နိုင်ပါဘူး.. သူ့သားကို လက်လျော့ပြီး တခြားနည်းလမ်းရွေးရင် တော့ မပြောတတ်ဘူး”
လုယန်သည် သူမ သူ့ကို အဆိပ်ခတ်ခဲ့သည့်အကြောင်းကို သိသည် “သူတို့က မင်းရဲ့အဆိပ်ကို မကုနိုင်ဘူးဆိုတာကို မင်းက အဲလောက်ယုံကြည် ချက်ရှိနေတာလား”
“သေချာတာပေါ့ အဲဒီအဆိပ်ကို ကျွန်မကိုယ်တိုင် ဖော်ထားတာပဲ.. ကျွန်မ ပဲသိတဲ့ ပါဝင်ပစ္စည်းတွေပါတယ်.. သူတို့တွေ အဆိပ်ဖြေဆေးကိုရှာချင်ရင် သေချာပေါက်ခက်မှာပဲ” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။
“မင်း တစ်ခါရန်ဖြစ်ပြီးရင် သားရဲထိန်းကျောင်းသူသခင်ပါလို့ပြောတယ်.. အခု မင်းကအဆိပ်သခင်ပါလို့ ပြောနေပြန်ပြီ.. ပြောပါဦး မင်းဘာသိသေးလဲ.. ငါ ဘယ်လိုတပည့်မျိုးကို လက်ခံလိုက်လဲဆိုတာ ငါသိချင်တယ်” လုယန် ပြောလေ သည်။
“ကျွန်မ အကျွမ်းကျင်ဆုံးက ဆေးပညာနဲ့အဂ္ဂိရတ်အတတ်ပါ.. နောက် တစ်ခုက အစီအရင်တွေ၊ သားရဲထိန်းကျောင်းတာနဲ့ ဝိညာဉ်ရှာဖွေသူသခင်ပါ.. အညံ့ဆုံးကတော့ လက်နက်သန့်စင်တာပါ အဲဒါအတွက် အချိန်တော်တော်ကုန် နေပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အိုး အခု ဂီတတိုက်ခိုက်မှုကိုလည်း သိနေ ပြီ.. အဲဒီတော့ ဒါကလည်း ကျွန်မရဲ့အားနည်းချက်ပဲ”
“ဆေးပညာ၊ အဂ္ဂိရတ်အတတ်၊ အစီအရင်တွေ၊ သားရဲထိန်းကျောင်းမှု၊ ဝိညာဉ်ရှာဖွေသူသခင်၊ လက်နက်သန့်စင်မှု.. မင်းက နယ်ပယ်အစုံကိုသိနေတာ ပဲ.. မသိသေးတာများရှိသေးလား”
“ကျွန်မ မသိတာ အများကြီးရှိပါသေးတယ်.. မဟုတ်ရင် လေ့လာဖို့ လျှို့ဝှက်ဂိုဏ်းကို လာမှာမဟုတ်ဘူး… ပြီးတော့ ကျွန်မသိတာ အကုန်မဟုတ် သေးဘူး အဲဒါကြောင့် လေ့လာဖို့အများကြီးလိုသေးတယ်”
***