← Chapters

အခန်း (၆၅၉-၆၆၀)

Vol. 49 Ch. 659-660

အခန်း (၆၅၉-၆၆၀)

Vol. 49 Ch. 659-660

အပိုင်း ၆၅၉ - မျက်နှာဖုံးများ ကွာကျလာခြင်း

"ဆေးအိုးရှေ့မှာ မင်း ရှိနေပြီး အောက်မှာ သူ့မွေးရပ်မြေ ရှိနေတယ်။ ဒါကို ဓားစာခံအဖြစ် သုံးလိုက်ရင် ကောင်းကင်ရုံးတော်ရဲ့ အမဲလိုက်ခွေး ဖြစ်ပေးရမှာပဲ"

မိုးကြိုးဧကရာဇ်က အေးစက်စက် ရယ်မောကာ လှောင်ရယ်နေစဥ် ဆေးအိုးမှ ကိုးရောင်ခြယ် လျှပ်စီးများ ထွက်လာ၍ ချောင်ရူကို ခြေလက်များ တုပ်နှောင်ထားလိုက်သည်။ သူမက ချီစွမ်းအားများကို စုစည်းကာ ခုခံထားရန်မှတစ်ပါး ရွေးစရာ မရှိသော်လည်း ယွမ်ရှောင် သင်ပြထားသည့်အတိုင်း မိုးကြိုးမီးဖို ကျင့်ကြံထားသဖြင့် လျှပ်စီးများအပေါ် ခံနိုင်ရည် ရှိလာသည်။ သူမက ထက်မြက်သဖြင့် တစ်ဖက်လူ သံသယမဝင်ဘဲ ဆေးအိုး၏ စွမ်းအားအပြည့် ထုတ်သုံးမလာစေရန် နာကျင်ဟန်ဆောင်ကာ ကြောက်လန့်တကြား အော်ဟစ်နေခဲ့၏။

"ကိုယ်စိုက်တာကိုယ် ရိတ်သိမ်းရတာပဲ။ ဖြည်းဖြည်းချင်း နာကျင်လိုက်စမ်း"

မိုးကြိုးဧကရာဇ်က သနားစရာကောင်းပုံပေါက်သော အခြေအနေကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေရင်း နတ်သင်္ဘောကို ထိန်းချုပ်ကာ ငရဲကိုးထပ်ကမ္ဘာထံ ချဥ်းကပ်စေသည်။

"အမဲလိုက်ခွေး ဟုတ်လား။ သူ့ကို စစ်ဧကရာဇ်နဲ့ တိုက်ခိုက်ခိုင်းဖို့ ကြံနေတုန်းလား"

ချောင်ရူက အော်ဟစ်၍ မေးခွန်းထုတ်လိုက်သောအခါ တစ်ဖက်လူမှာ ရက်စက်စွာ ပြုံးလိုက်သည်။

"သူ့ကို နည်းနည်းလောက် ခြိမ်းခြောက်လိုက်ရင် ခိုင်းတာ အကုန်လုပ်လိမ့်မယ်။ သူ တန်ဖိုးထားတဲ့ သေမျိုးတွေကို ဖမ်းချုပ်ထားဖို့ပဲ လိုတယ်"

သတင်းပို့အဆောင် မရှိလျှင် ယွမ်ရှောင်က လက်ရှိအခြေအနေကို မသိနိုင်သောကြောင့် ချောင်ရူမှာ လျင်လျင်မြန်မြန် ခရီးထွက်မလာခဲ့သည့်အပေါ် နောင်တရသွား၏။ သူမက အဖမ်းခံလိုက်ရပြီး သေမျိုးလောကများမှာ အရူးများ၏ လက်ထဲတွင် ဓားစာခံအဖြစ် ချုပ်နှောင်ခံရပေတော့မည်။ သေရမည်ကို မကြောက်သော်လည်း မိုးကြိုးဧကရာဇ်က ထာဝရ မိုးကြိုးဆေးအိုးဖြင့် ခရီးဆက်နေသည်ကို မြင်ရသောအခါ သူမ၏ မျက်ရည်များ ကျဆင်းလာနေ၏။ မိုးကြိုးမီးဖို ခန္ဓာကို စတင်ကျင့်ကြံကာစ ဖြစ်သောကြောင့် အချိန်ကြာကြာ မသုံးနိုင်သောအခါ လျှပ်စီးများအောက်တွင် အရှင်လတ်လတ် အရေခွံခွာနေသကဲ့သို့ နာကျင်မှု တစ်စတစ်စ တိုးလာပြန်သည်။

"ကောင်းကင်ရုံးတော်ကို ဆန့်ကျင်တာက ပိုးဖလံ မီးထဲတိုးတာပဲ။ အင်မော်တယ်တစ်ယောက်က ပိုးကောင်လို သေမျိုးတွေကို သနားပြီး ကောင်းကင်ကို တိုက်ခိုက်တယ်ဆိုတာ ရယ်စရာကောင်းတယ်။ မင်းလည်း သူတို့ဘက်မှာ ရှိနေချင်ရင် ပိုးကောင်အဖြစ် ပြန်မွေးဖွားပြီး ရှင်သန်လိုက်"

မိုးကြိုးဧကရာဇ်အတွက် အခြေအနေကို မမြင်နိုင်သော ချောင်ရူကဲ့သို့ လူစားမျိုးမှာ မုန်းတီးရှုတ်ချစရာ ကောင်းနေသည်။ မဟာတာအိုနယ်မြေကို နာရကချောက်နက်က ခြိမ်းခြောက်လာသောကြောင့် ပူဇော်သက္ကာရ လက်ခံရန် ထိုက်ဝေက အမိန့်ပေးခဲ့သည်။ သူ၏ အမြင်တွင် ကောင်းကင်ရုံးတော် ပြိုလဲသွားလျှင် သေမျိုးလောကများက နတ်ဆိုး အမဲလိုက်ကွင်း ဖြစ်သွားကာ သေဆုံးသူ ဦးရေ ယခုထက် များပြားလာပေလိမ့်မည်။ ထို့ကြောင့် ချောင်ရူကဲ့သို့ အင်မော်တယ်များသည် အရှည်ကို မတွေးနိုင်ဘဲ ကိုယ့်ကိုကိုယ် ဖြောင့်မတ်ချင်ယောင်ဆောင်နေသော အပြစ်သားများ ဖြစ်၏။

ဤအကြောင်းကို ချောင်ရူလည်း ကြားဖူးနားဝရှိပြီး ကောင်းကင်ရုံးတော်၏ လုပ်ရပ်များကို အပြစ်တင်မိသည့်အတွက် ပိုပြီး ဆိုးရွားသော အကျိုးဆက် ဖြစ်လာလိမ့်မည်ဟု စွပ်စွဲခံရသည်။ ၎င်းကို မဖြစ်မနေ ရွေးချယ်ရမည်ဆိုလျှင် ကောင်းကင်ရုံးတော်၏ အရာရှိများက ပိုမို အကျိုးရှိသော နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းပေလား။

ထိုအချိန်တွင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ နတ်သင်္ဘောကြီး၏ လမ်းကြောင်းတည့်တည့်တွင် ပိတ်ဆို့ထားခဲ့သည်။ အဖြူရောင်ဝတ်လူငယ်တစ်ယောက်က ကုန်းပတ်အထက် ခုန်ချလာကာ မိုးကြိုးဧကရာဇ်နှင့် နတ်ကောင်းကင်အဆင့် လက်နက်ကို ရင်ဆိုင်ရန် ဖြစ်၏။

"ယွမ်ရှောင်"

ဤအကြောင်းကို လျှို့ဝှက်ထားသော်လည်း မြန်မြန် ရောက်ရှိလာခြင်းက မိုးကြိုးဧကရာဇ်ကို မျက်မှောင်ကြုတ်သွားစေသည်။ ထို့နောက် ဓားယာဥ်အတွင်း ပုန်းအောင်းနေသည့် ကူစုဝမ်ထံ အကြည့်ရောက်သွားသောအခါတွင်မှ နားလည်ကာ ဒေါသတကြီး ဖြစ်သွား၏။ သူမသည် လူသတ်ပွဲတွင် လွတ်မြောက်ခဲ့သည့် တစ်ဦးတည်းသော ထိပ်တန်းအရာရှိဖြစ်၍ သူ ယုံကြည်ခဲ့သော်လည်း ကောင်းကင်ရုံးတော်အပေါ် သစ္စာဖောက်သွားပြန်၏။ ထိုအကြောင်းပြချက်ကို သူ နားမလည်နိုင်သော်လည်း ယခုအချိန်တွင် သတင်းပေါက်ကြားသွားလျှင် တစ်ဖက်လူ၏ ဓားမှာ စစ်ဧကရာဇ်ထံ မဟုတ်ဘဲ ကောင်းကင်ရုံးတော်ဘက် လှည့်လာမည်ကို စိုးရိမ်နေခဲ့သည်။ ချောင်ရူသည် ယွမ်ရှောင်ကို မြင်သောအခါ အချစ်ရူး မိန်းကလေးတစ်ယောက် အားကိုးရာ ရလိုက်သကဲ့သို့ ချုံးပွဲချ ငိုကြွေးလိုက်၏။

"ကျုပ် အချက်နှစ်ချက် ပြောမယ်။ ပထမ၊ ထိုက်ဝေက ပူဇော်သက္ကာရ နည်းလမ်းကို ပေးခဲ့တာ မကြာသေးဘူးမလား။ ဒါက သူနဲ့ ထိုက်ယု ကောက်ကျစ်တဲ့ နည်းလမ်းနဲ့ အချိန်အကြာကြီး အသက်ရှင်နေတဲ့ အကြောင်းအရင်းပဲ။ နာရကချောက်နက် ဖိအားကြောင့် အရာရှိတွေကို မျှဝေပေးလိုက်တယ်ဆိုရင်လည်း အပြစ်က အပြစ်၊ မကောင်းမှုက မကောင်းမှုပဲ"

ယွမ်ရှောင်က တည်ငြိမ်စွာ ရပ်နေပြီး မိုးခြိမ်းလိုက်သကဲ့သို့ အသံဟိန်းထွက်လာသည်။

"မင်းကရော ဘာထူးခြားလဲ။ လုဖန်က နတ်ဆိုးတွေနဲ့ ပူးပေါင်းထားတယ်။ ကောင်းကင်ရုံးတော်က ရွေးချယ်စရာ မရှိဘူး။ အနည်းအတွက် အများကို စတေးမလား၊ အများအတွက် တစ်ခုခု စတေးမလား၊ သေမယ့်နေ့ကို ထိုင်စောင့်နေရမှာလား"

မိုးကြိုးဧကရာဇ်က ဖိအားပေးလိုသဖြင့် မေးခွန်းပြန်ထုတ်၏။

"ဒါကို ကျုပ် ပြောချင်တာပဲ။ ဒုတိယအချက်၊ မင်းတို့ ဒီလိုဖြစ်နေရတာက ကောင်းကင်ရုံးတော်ဆိုတဲ့ နေရာမှာ ထိုင်ဖို့ မထိုက်တန်လောက်အောင် အားနည်းနေလို့ပဲ။ တကယ်သာ အစွမ်းရှိရင် ဘယ်သူက ပြဿနာ ဖြစ်စေတာလဲ။ တိုက်ရိုက်သတ်ပစ်လိုက်ရင် မပြီးဘူးလား"

ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် မိုးကြိုးဧကရာဇ် ဆွံ့အသွားသောအခါ ချောင်ရူထံမှ လက်ခုပ်တီးသံ တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။

"မိုးကြိုးဧကရာဇ်၊ မင်းကို တစ်ခု မေးမယ်။ ငါက ကောင်းကင်ရုံးတော်ကို ဦးဆောင်ပြီး နာရကချောက်နက်ကို နှိမ်နင်း၊ လုဖန်ကို သတ်ပေးမယ်။ ဒါဆိုရင် ထိုက်ယုနဲ့ ထိုက်ဝေက လိုလိုလားလား လိုက်နာကြမှာလား။ ကျင့်ကြံဖို့အတွက် ပူဇော်သက္ကာရ ဝါးမျိုတာကို စွန့်လွှတ်မလား။ ကျုပ်ကို ခြိမ်းခြောက်ဖို့ သေမျိုးလောကတွေကို အန္တရာယ်ပေးတာ ရပ်မလား။ ရိုးရိုးသားသား ပြောစမ်းပါ"

ထိုမေးခွန်းများနှင့် ရင်ဆိုင်ရသော တစ်ဖက်လူ တိတ်ဆိတ်သွားသောကြောင့် သူက ဟက်ဟက်ပက်ပက် လှောင်ရယ်ပစ်ခဲ့သည်။

"ဒါလေးတောင် မလုပ်နိုင်ရင် မင်းတို့က ဘာတွေကြီးကျယ်မြင့်မြတ်သလို ဟန်ဆောင်နေကြတာလဲ။ ထိုက်ဝေက အသက်ကို ဆွဲဆန့်ဖို့ မရေမတွက်နိုင်တဲ့ အသက်တွေ ဝါးမျိုခဲ့တာကို ဘယ်သူမဆို သိကြတယ်။ ဒါပေမယ့် မင်းက ဒီလိုလူမျိုးကို သခင်လုပ်၊ ဆန့်ကျင်သူတွေကို လိုက်သတ်ပြီး သူတို့ကို ဘာတွေ စော်ကားချင်နေတာလဲကွ။ အရှက်မရှိတဲ့ အောက်တန်းစားကောင်၊ တကယ့်သူရဲကောင်းတွေက စစ်ပွဲတောင် မစရသေးခင် ကြောက်ချီးပန်းပြီး မျိုးနွယ်တူချင်း မစားသောက်ဘူး။ မင်းတို့က ကိုယ့်အပြစ်ကို ဆင်ခြေကောင်းကောင်း ပေးနေတာပဲ။ မင်းတို့ ဂရုစိုက်တာ လောကကြီး မဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းသမားတွေကများ ဟား... ဟား"

ပုံမှန်အားဖြင့် စကားနည်း၍ ဓားဆွဲထုတ်တတ်သော ယွမ်ရှောင်က အမှန်တရားခါးခါးကို တစ်ချက်ချင်းစီ ထောက်ပြလိုက်သောအခါ မိုးကြိုးဧကရာဇ်၏ နားအတွင်း သံရည်ပူ လောင်းချနေသလိုပင် ခံရခက်လှသည်။

"မင်းတို့အားလုံးက လောဘကြီး၊ အကျင့်သီလပျက်၊ ညံ့ဖျင်းတဲ့ အတ္တသမားတွေချည်းပါပဲ။ ကိုယ့်ကိုကိုယ် ဂုဏ်ထူးဘွဲ့ထူးတွေ ပေးပြီး ကယ်တင်ရှင်ကြီးတွေလို လမ်းသလားနေကြတယ်။ ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲတွေမှာ သေရည်တွေ သောက်ပြီး စည်းစိမ်ယစ်နေတာကို လောကကြီးကို ကာကွယ်မလို့တဲ့လား။ ဒါတောင်မှ မင်းတို့ကိုယ် မင်းတို့ သူတော်စင်ကြီးတွေလို ထင်နေကြတုန်းလား"

မိုးကြိုးဧကရာဇ် မျက်နှာပျက်သွားသော အကြောင်းအရင်းမှာ စကားလုံးတိုင်းက အရှိုက်တည့်တည့် ထိကုန်သောကြောင့်ပင်။

"ပူဇော်သက္ကာရတွေ ဝါးမျိုကျင့်ကြံပြီး လောကကို ကယ်တင်မယ်ဆိုတာ ဆင်ခြေသက်သက်ပဲ။ သာမန်လူသားတွေရဲ့ အသက်ကို စိတ်တိုင်းကျ သတ်ဖြတ်ပြီး အရည်အချင်း မရှိတာကို ဖုံးကွယ်ထားကြတယ်။ မင်းတို့လိုကောင်စားမျိုးတွေရဲ့ ကောင်းကင်ရုံးတော်က ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ"

ကောင်းကင်ရုံးတော်၏ အဆင့်မြင့် အရာရှိကြီးများကို ဤကဲ့သို့ အမှန်တရားအား မျက်နှာချင်းဆိုင် ထုတ်ပြောရဲသူ မရှိခဲ့ပေ။ ချောင်ရူသည်လည်း အမှန်တရားကို သဘောပေါက်သွားကာ ယွမ်ရှောင်၏ စကားများကြောင့် ဒေါသမီးများ တောက်လောင်လာခဲ့၏။ အမှန်တကယ် တိုက်ခိုက်ခြင်း မရှိသော ရန်သူကို ဆင်ခြေပေးကာ ဇာတ်တူသားစားနေသော ဧကရာဇ်မျိုးက အမှုထမ်းရန် မသင့်ချေ။ သတ္တိရော အရည်အချင်းပါ မရှိလျှင် ပြောင်းလဲပေးရမည် ဖြစ်ကာ အစစ်အမှန် သူရဲကောင်းများ နေရာရလာပေလိမ့်မည်။

"မိုးကြိုးဧကရာဇ်၊ မင်းက အမှန်တရားဘက်က ရပ်တည်ချင်တယ်ဆိုရင် အခုက အခွင့်အရေးပဲ။ သူနဲ့ ပူးပေါင်းပြီး ပူဇော်သက္ကာရ လက်ခံတာကို စွန့်လွှတ်လိုက်စမ်းပါ။ လူသားမျိုးနွယ်ရဲ့ ခေတ်သစ် ဖန်တီးဖို့ လုပ်ရဲလား"

သူမက အချုပ်အနှောင်ကြားမှပင် အားကုန်အော်ဟစ်လိုက်သော မိုးကြိုးဧကရာဇ် သည်းမခံနိုင်တော့ဘဲ ငေါက်ငမ်းလိုက်၏။

"တိတ်စမ်း"

ထိုမျှသာမက လျှပ်စီးများက စွမ်းအားတိုးလာသဖြင့် ချောင်ရူကို သွေးအလိမ်းလိမ်း ဖြစ်သွားစေသည်။

"ကောင်းကင်ရုံးတော်ကို ဆန့်ကျင်ရင် ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် သတ်ပစ်ရမယ်။ ယွမ်ရှောင်၊ ငါက တရားမျှတတဲ့ ကောင်းကင်ရုံးတော် ကိုယ်စား မင်းကို သတ်ပစ်ပြီး လောကကြီးကို ကာကွယ်မယ်"

ခါးသီးလှသော အမှန်တရားကို ဝန်ခံရဲသည့် သတ္တိမရှိသော လူ့အန္ဓတစ်ယောက်၏ ဆုံးဖြတ်ချက်ပင်။

"စောက်ပိုတွေ ပြောမနေစမ်းပါနဲ့ကွာ။ ရက်စက်တာတွေ၊ ကောက်ကျစ်တာတွေ၊ အနိုင်ကျင့်တာတွေ လုပ်ပြီးမှ လူကောင်းယောင်ဆောင်မနေစမ်းပါနဲ့။ မျက်နှာဖုံးတွေ ဖယ်ထားလိုက်၊ မင်းကို ကြည့်ရတာ အတော်ရွံစရာ ကောင်းနေပြီ"

တစ်ဖက်လူ မည်မျှ ခြိမ်းခြောက်နေပါစေ၊ ယွမ်ရှောင်၏ တဟားဟား ရယ်သံများက ရပ်တန့်သွားခြင်း မရှိတော့ပေ။

အပိုင်း ၆၆၀ - မျှော်လင့်ချက် ရောင်ခြည်

"အပြစ်သား၊ စစ်ဧကရာဇ် လက်ထဲကနေ မင်း ဘယ်လိုလွတ်လာတာလဲ ပြစမ်း"

မျက်နှာဖုံးများ ကွာကျကုန်သဖြင့် စကားလုံးများဖြင့် ငြင်းခုံနေခြင်းမှာ အရေးမပါတော့သဖြင့် မိုးကြိုးဧကရာဇ် သည်းခံနိုင်စွမ်း မရှိပေ။ သူက တစ်ကိုယ်လုံး လျှပ်စီးများ ရစ်ပတ်ထားကာ ခရမ်းရောင်ဆံပင်များ ဖြာထွက်လာ၍ ယွမ်ရှောင်ထံ အရိပ်မည်းကြီးပမာ ခုန်အုပ်လိုက်သည်။

"သတိထား"

ချောင်ရူရော၊ ကူစုဝမ်ရော ကြောက်လန့်သွားကာ နှစ်ယောက်လုံး မျက်နှာဖြူဖပ်ဖြူရော်နှင့် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ မိုးကြိုးဌာန၏ လူများ ဖြစ်သောကြောင့် မိုးကြိုးဧကရာဇ်၏ အစွမ်းကို ကောင်းကောင်းသိထားကာ ကောင်းကင်ရုံးတော်၏ စွမ်းအားအရ စံပြလည်း ဖြစ်သည်။ သူက မဟာတာအိုနယ်မြေတစ်ခွင် ကျော်ကြားပြီး ဧကရာဇ်ရှစ်ပါးအနက် စစ်သည်တော်တစ်ယောက်အဖြစ် ကျော်ကြား၏။ ပို၍ အရေးကြီးသည်မှာ ချောင်ရူကို ဓားစာခံအဖြစ် ဖမ်းဆီးထားသော မိုးကြိုးဆေးအိုးဖြင့် ယွမ်ရှောင်ကို ကောက်ကျစ်စွာ ရိုက်ချလိုက်သည်။

"ယွမ်ရှောင်၊ မင်း ဒါကို ထိပ်တိုက်ရင်ဆိုင်ရင် တန်ပြန်အားကြောင့် သူ သေရမယ်။ မင်းလို့ ယောကျ်ားတစ်ယောက်က ကိုယ့်မိန်းမကို သတ်ပစ်ရက်ပါ့မလား"

သူ၏လုပ်ရပ်အရ ကောင်းကင်ရုံးတော်၏ အင်မော်တယ်များသည် ကိုယ်ကျိုးအတွက် ရှေ့တန်းတင်ကာ မည်သည့်ယုတ်မာမှုမဆို လုပ်နိုင်ကြောင်း ဖော်ပြနေသည်။ စကားဆုံးသည်နှင့် တပြိုင်နက် ဆေးအိုးကြီး ရောက်လာသောအခါ ယွမ်ရှောင်က မော့ကြည့်လိုက်ပြီး မိုးချုန်းသံများ ကျယ်လောင်စွာ မြည်ဟီး၍ မိုးကြိုးပင်လယ်တစ်ခုကဲ့သို့ စွမ်းအားများ ပြည့်နှက်နေ၏။

ဤတိုက်ကွက်က ယုတ်မာလွန်းပြီး အကယ်၍ ယွမ်ရှောင်သာ ထိပ်တိုက်ရင်ဆိုင်ကာ ၎င်းကို ဖောက်ခွဲလိုက်လျှင် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အတွင်း၌ ဖမ်းဆီးခံထားရသည့် ချောင်ရူမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ သူက မျက်မှောင်ကြုတ်၍ ရုန်းထီးကို ဖွင့်ကာ ဆေးအိုး၏ ခြေသုံးချောင်းကို ထောင်ထားလိုက်၏။ ဝုန်းခနဲ မြည်သံနှင့်အတူ ပြင်းထန်သော ဖိအားကြောင့် ရုန်းပိုင်နက် နှစ်ဆယ်ကျော်ပင် တွန့်လိမ်ကောက်ကွေးသွားသည်။ ထီးအထက် အက်ကြောင်းများ ဖြစ်ပေါ်လာသော်လည်း ကျိုးပဲ့သွားခြင်း မရှိဘဲ မိုးကြိုးဆေးအိုးကြီးကို ယွမ်ရှောင်၏ ပခုံးပေါ်တွင် ထမ်းထား၏။ တန်ပြန်အားကြောင့် သူက သွေးများ အန်ထုတ်၍ ကုန်းပတ်ကြမ်းပြင်၌ ဒူးတစ်ဖက် ထောက်ကျသွားစဥ် လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ရောက်ရှိလာကာ လည်ပင်းကို ပြင်းထန်စွာ ညှစ်လိုက်သဖြင့် အသားများအက်ကွဲပြီး သွေးများ တရစပ် စိမ့်ထွက်လာသည်။ မိုးကြိုးဧကရာဇ်၏ ယုတ်မာသော အလစ်ဖမ်း တိုက်ကွက်ဖြစ်ကာ သူ့ကို ကန့်သတ်ချက်အထိ ရောက်အောင် တွန်းပို့နေခဲ့လေသည်။

"မင်း အဆင်ပြေရဲ့လား"

ကိုယ်တိုင် ဒဏ်ရာရနေသော်လည်း ချောင်ရူသည် စိုးရိမ်တကြီး မေးလိုက်ခြင်း ဖြစ်၏။ သို့သော် ပေါက်ကွဲသံများ ကြားလိုက်ရသောကြောင့် နှလုံးသားတစ်ခုလုံး ကွဲကြေမတတ် နာကျင်သွားသည်။

"ဘာမှမဖြစ်ဘူး"

ယွမ်ရှောင်၏ ဖြေသံက ပြတ်သားပြင်းထန်ပြီး အားအင်ပြည့်ဝနေသောကြောင့် ထိတ်လန့်တကြား ဖြစ်နေသည့် သူမကို တည်ငြိမ်သွားစေ၏။ ယွမ်ရှောင်သည် လျှပ်စီးကြောင်းအောက်တွင် လည်ပင်းညှစ်ခံထားရပြီး ဆေးအိုး၏ ကြီးမားသော အလေးချိန်အောက်တွင် တုန်ရီနေသော်လည်း တောင့်ခံထားနိုင်သည်။ ထို့နောက် အသက်တံဆိပ်ထံမှ ခရမ်းရောင် နဂါးရုန်းများ ထွက်ပေါ်လာကာ တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး ခေါင်းမော့ကြည့်လိုက်သောအခါ ကြောက်စိတ်ကင်းမဲ့သော မျက်ဝန်းတစ်စုံသည် မိုးကြိုးဧကရာဇ်ထံ ကျရောက်သွားသည်။

"ငါ့စွမ်းအားတောင် အကုန်မသုံးရသေးဘူး။ မင်းက ကန့်သတ်ချက်ကို ရောက်သွားပြီလား။ ချောင်ရှန်းလောက်တော့ အနိုင်ယူနိုင်မှာပါ။ ဒါပေမယ့် ငါ့ရှေ့မှာ လာပြီး တိုက်ခိုက်နိုင်မယ်လို့ တကယ် ထင်နေတာလား။ လုဖန်လက်ထဲက လွတ်လာအောင် လုပ်ပေးတဲ့ ဝှက်ဖဲကရော ဘယ်မှာလဲ။ တစ်ခါသုံးလား ဟား...ဟား"

မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်သော်အခါ ယွမ်ရှောင်သည် တည်ငြိမ်စွာ ဖြေကြားသည်။

"မင်းလိုကောင်က ငါ့ဝှက်ဖဲ ထုတ်သုံးရလောက်အောင် မတန်ဘူး"

"မင်း ဘယ်လောက်ဟန်ဆောင်နေနေ၊ တကယ်တော့ သာမန်ပါပဲ။ အစက မင်းရဲ့ အရည်အချင်းကြောင့် ငါတို့ လှည့်စားခံလိုက်ရပြီး မှားယွင်းဆုံးဖြတ်မိတယ်။ အမှန်တော့ ဘာမှမထူးခြားပါဘူး"

မိုးကြိုးဧကရာဇ်က အချိန်မဖြုန်းတော့ဘဲ အကြည့်များ ခက်ထန်သွားကာ မိုးကြိုးဆေးအိုးကြီး၏ ဖိအားမှာ ဆယ်ဆအထိ ရုတ်တရက် မြင့်တက်သွားခဲ့သည်။ ယွမ်ရှောင်၏ ဝှက်ဖဲက တစ်ခါသုံး ဖြစ်ကြောင်း သူက ယုံကြည်နေခဲ့ပြီး လုဖန်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိတော့လျှင် သတ်ပစ်ပေလိမ့်မည်။ သူက စွမ်းအားများ ထပ်မံ ဖြည့်တင်းလိုက်သောအခါ ဆေးအိုးကြီးသည် ဧရာမသားရဲကြီးပမာ ယွမ်ရှောင်ကို ဝါးမျိုရန် ပြင်ဆင်လာခဲ့၏။

"မလုပ်ပါနဲ့"

ချောင်ရူက အချစ်စိတ်နှင့် စိုးရိမ်မှုကြောင့် ငိုကြွေးနေပြီး ကူစုဝမ်မှာ နောင်တနှင့် သစ္စာဖောက်မှုအတွက် စိုးရိမ်ခဲ့သည်။

"ဒီခွေးကောင်က အတော်လေး ဆိုးတာပဲ"

ယွမ်ရှောင်သည် မူလက အချိန်ဆွဲချင်သော်လည်း တစ်ဖက်လူမှာ အခွင့်အရေး မပေးသောကြောင့် တန်ဖိုးတစ်ခူ ပေးဆပ်ရပေတော့မည်။ မိုးကြိုးဧကရာဇ်၏ စွမ်းအားက လုဖန်၏ ရိုက်ချက်နှင့် ယှဥ်နိုင်ပြီး မျှော်လင့်ချက်မဲ့သော အခိုက်အတန့်တွင် ကြေးခေါင်းတလားကြီး ထပ်မံထွက်ပေါ်လာကာ ဆေးအိုးကြီးကို တန်ပြန်ခဲ့သည်။

"နောက်ဆုံးတော့ ထွက်လာပြီ"

မိုးကြိုးဧကရာဇ်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ သားရဲလေး စွမ်းအား ထုတ်ဖော်ရန်အတွက် စက္ကန့်တိုင်း အရင်းအမြစ်များ ကုန်ဆုံးနေသဖြင့် ယွမ်ရှောင်လည်း မကျေနပ်ပေ။

"အစွမ်းထက်လှချည်လား"

မိုးကြိုးဧကရာဇ်က စွမ်းအားအပြည့် သုံးထားသော်လည်း ဆန်းကြယ်သည့် ခေါင်းတလားကို မရွေ့သွားစေသည့်အတွက် လောဘတက်ကာ ပိုမို ရက်စက်ကြမ်းကြုတ်လာပေတော့မည်။

"ဒီခေါင်းတလားက မင်းရဲ့ ဝှက်ဖဲထင်တယ်။ ဒါပေမယ့် ချောင်ရူကိုရော ကယ််နိုင်ပါ့မလား ဟား ဟား"

သူက အောက်တန်းကျစွာ ရယ်မောရင်း မိုးကြိုးဆေးအိုး အပြင်ဘက်ရှိ စွမ်းအားများ လွင့်ပြယ်သွားကာ အတွင်းပိုင်း၌ ချုပ်နှောင်ခံထားရသော ချောင်ရူထံ ပို့လွှတ်လိုက်သည်။ ကြောက်စရာကောင်းလွန်းသဖြင့် ဤစွမ်းအား အနည်းငယ်သည်ပင် ချောင်ရူကို ဝိညာဥ်ရော ခန္ဓာပါ အဆုံးတိုင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ သူမက မင်သက်သွားရာမှ ရုတ်တရက် ရယ်မောလိုက်ပြီး သေဆုံးသွားလျှင် ယွမ်ရှောင် အနှောင်အဖွဲ့ကင်းကင်း တိုက်ခိုက်နိုင်မည် ဖြစ်သောကြောင့် သေရမည်ကို မကြောက်တော့ပေ။ သူမ၏ ဘဝက အချည်းနှီး မဖြစ်တော့ဘဲ တစ်ချိန်လုံး ရှုပ်ထွေးနေခဲ့ရသော အမှန်တရားကို သိလိုက်ရသည့်အပြင် အချစ်နှင့် ထိတွေ့ခဲ့ရသောကြောင့် ကျေကျေနပ်နပ်ကြီး သေလိုက်နိုင်၏။ ထို့ကြောင့် သူမက စိတ်လျှော့ထားလိုက်ကာ ရယ်မောနေစဥ် မိုးကြိုးဧကရာဇ်ကို ပြန်ပြောလိုက်သော ယွမ်ရှောင်၏ အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"သေချာပေါက် ကယ်နိုင်တာပေါ့"

ထာဝရဆေးအိုးကြီး၏ စွမ်းအားများကို တစ်ခုခုက စုပ်ယူသွားပုံရသောကြောင့် ၎င်းမှာ ပြင်းပြင်းထန်ထန် တုန်ခါ၍ အတွင်းရှိ လျှပ်စီးကြောင်းများ နောက်ဆုတ်သွားကာ ချောင်ရူလည်း အပြင်သို့ ပစ်ထုတ်ခံလိုက်ရ၏။ ကယ်တင်ခံလိုက်ရသော်လည်း မည်သို့ ဖြစ်ပျက်သွားကြောင်း နားမလည်သဖြင့် ခေါင်းတစ်ခုလုံး ချာချာလည်နေခဲ့သည်။ ထို့နောက် အနားတွင် ရှိနေသော ဆေးအိုးကြီးသည် တစ်ခုခုထံမှ လွတ်မြောက်လိုသဖြင့် အကြိမ်ကြိမ် ဆောင့်တက်နေသည်ကို မြင်လိုက်ရကာ ဘုန်းခနဲ မြည်သံနှင့်အတူ လွတ်ထွက်သွားခဲ့သည်။

"ငါတို့ ဘယ်ရောက်နေတာလဲ"

ပတ်ဝန်းကျင်တစ်ခုလုံး သီးသန့်စကြဝဠာအတွင်း ရောက်နေသကဲ့သို့ ပိန်းပိတ်အောင် မည်းမှောင်နေသဖြင့် ချောင်ရူက အသံတုန်ရီစွာ မေးခွန်းထုတ်လိုက်၏။

"ခေါင်းတလားထဲမှာ"

ယွမ်ရှောင်၏ အသံက ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့သည်။

"ငါ လုံခြုံသွားပြီလား"

မိုးကြိုးဧကရာဇ်၏ လှောင်ပြောင်သော မေးခွန်းကို ယွမ်ရှောင်သည် သူမကို အလွယ်တကူ ကယ်တင်လိုက်ခြင်းအားဖြင့် အဖြေပေးခဲ့သည်။ မိုးကြိုးဧကရာဇ်သည်လည်း ချောင်ရူကဲ့သို့ နားမလည်နိုင် ဖြစ်နေကာ အလွတ်ဖြစ်နေသော ဆေးအိုးကြီးကို ပြန်လည် ထိန်းချုပ်ရင်း တစ်ဖက်လူထံ စိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် ယွမ်ရှောင်က ခေါင်းတလားအထက်တွင် ရပ်ရင်း ဟင်းလင်းပြင်အတွင်း အေးဆေးတည်ငြိမ်စွာ ရှိနေသည်။

"မင်း လူကယ်နိုင်ပေမယ့် ဆေးအိုးကိုတော့ ချိတ်ပိတ်လို့ မရဘူး။ ဒီခေါင်းတလားမှာ စွမ်းအားကန့်သတ်ချက် ရှိမှာ သေချာတယ်"

"မင်းက အကုန် ခန့်မှန်းနေတာပဲ"

"မင်းအတွက် ကံဆိုးတာက ချောင်ရူဟာ အသုံးမဝင်တဲ့ ဓားစာခံသက်သက်ပဲ။ အကြီးဆုံး ဓားသာခံက ငါ့နောက်မှာ ရှိတယ်။ မင်းလည်း မကယ်နိုင်တော့ပါဘူး"

မိုးကြိုးဧကရာဇ်က ယုတ်မာသော မျက်နှာထားဖြင့် ဟားတိုက် လှောင်ရယ်လိုက်သောအခါ အနောက်တွက် ငရဲကိုးထပ်ကမ္ဘာ ရှိနေကြောင်း မြင်လိုက်ရသည်။ အတန်ငယ်လှမ်းသော်လည်း သူ တိုက်ခိုက်ရန်အတွက် စိန်ခေါ်မှု မဟုတ်ပေ။

"ဒါဆိုရင် ငါ့မှာ လမ်းတစ်ခုပဲ ရှိတယ်။ အဲ့ဒီကမ္ဘာ မရောက်ခင် မင်းကို သတ်ပစ်ဖို့ပဲ"

ယွမ်ရှောင်က တည်ငြိမ်စွာ ပြောလိုက်သောအခါ မိုးကြိုးဧကရာဇ်သည် လက်ခုပ်တဖြောင်းဖြောင်း တီးကာ ပြန်၍ မေးလာခဲ့သည်။

"မေးစရာ ရှိတာက မင်း ငါ့ကို သတ်နိုင်လို့လား"

"နည်းနည်းလောက် အချိန်ဆွဲပြီး လုပ်နိုင်ပြီလို့ ထင်တယ်"

ယွမ်ရှောင်က အဝေးသို့ လက်ညှိုးထိုးပြလိုက်သောအခါ တစ်ဖက်လူကို မျက်မှောင်ကြုတ်သွားစေသည်။ ညွှန်ပြလိုက်သော နေရာတွင် ငွေရောင်ဆံပိုင်ရှင် မိန်းမတစ်ယောက်က ယခုလေးတင် ရောက်ရှိလာသည့် ဓားယာဥ်အတွင်းမှ ထွက်ပေါ်လာကာ လမင်းဓားနတ်ဘုရား ယုယင် ဖြစ်နေ၏။

"မိန်းမတွေက အသုံးကို မကျဘူး။ ဘယ်အချိန်ဖြစ်ဖြစ် ရန်သူကို ဒူးထောက်ခစားဖို့ ဝန်မလေးဘူး။ ဓားဌာနရဲ့ အဆင့်သုံး အရာရှိတောင် သစ္စာဖောက် ဖြစ်နေတာပဲ"

သူမကို မြင်လိုက်ရသည်နှင့် တပြိုင်နက် မိုးကြိုးဧကရာဇ်၏ မျက်နှာက မည်းမှောင်သွားကာ ဒေါသမီး တဟုန်းဟုန်း တောက်လောင်လာ၏။

"နောက်ကျသွားလို့ တောင်းပန်ပါတယ်။ အရှင် ဒဏ်ရာ ရထားတာပဲ"

ထိုအချိန်တွင် ယုယင်သည် လှစ်ခနဲ လှုပ်ရှားကာ ယွမ်ရှောင်အနားသို့ လျင်မြန်စွာ ရောက်ရှိပြီး ဦးညွှတ်ရင်း သိုလှောင်အိတ်တစ်လုံး ကမ်းပေးလိုက်သည်။

"ကိစ္စမရှိဘူး။ ဘယ်လောက်ရခဲ့လဲ"

ယွမ်ရှောင်က တစ်ချက် ကြည့်လိုက်သောအခါ သူမသည် ရိုရိုသေသေ ပြန်ဖြေလိုက်၏။

"အကုန်လုံးပဲ။ မျိုးဆက်ပေါင်းထောင်ချီ စုဆောင်းလာတဲ့အတွက် တစ်သောင်းကျော်တယ်"

"ဒါဆိုရင် လုံလောက်ပြီ။ ဘာဖြစ်ဖြစ်၊ လူတိုင်းက မသေခင်မှာ ဓားနှလုံးသားတွေ ချန်ရစ်ဖို့ သတ္တိမရှိပါဘူး"

ယွမ်ရှောင်က အေးစက်စက် တစ်ချက်ပြုံးကာ သိုလှောင်အိတ်အတွင်း လက်ထည့်လိုက်လေသည်။

All Chapters