အခန်း (၅၆၇-၅၆၈)
Vol. 38 Ch. 567-568
အခန်း ၅၆၇ - ပထမမင်းသားမင်းသားကြီး၏ စံအိမ်တော်။
ကောင်းကင်အင်ပါယာ၏ တော်ဝင်မိသားစုအတွင်းရှိ တင်းမာမှုများကား ထုံးစံအတိုင်း အထွတ်အထိပ်သို့ ရောက်ရှိနေဆဲပင်။
ရုတ်တရက် ပေါ်ပေါက်လာသော၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းလွန်းနေသည့် ဧကရာဇ်မင်းမြတ်ကြောင့် မင်းသား၊ မင်းသမီးများကြားမှ အာဏာလုပွဲသည် ရေပြင်ပေါ်တွင် ယာယီငြိမ်သက်သွားသကဲ့သို့ ရှိသော်လည်း... ၎င်းသည် မျက်နှာပြင်ပေါ်၌သာ ဖြစ်ချေသည်။
ထိုအေးချမ်းမှု၏ အောက်ခြေ၌မူ... လှိုင်းတံပိုးတို့သည် ပြင်းထန်စွာ ရိုက်ခတ်နေဆဲ ဖြစ်၏။
ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ယုကျီတီသည် ရာဇပလ္လင်သဖွယ် ထိုင်ခုံကြီးထက်တွင် ထိုင်နေပြီး သူ၏ လက်ချောင်းများသည် လက်တင်ခုံကို စည်းချက်ကျကျ တောက်တောက် တောက်တောက် တောက်နေလေသည်။
"ခမည်းတော်က ဘယ်လိုလုပ်ပြီး ပြန်ကျန်းမာလာတာလဲ..."
သူ၏ အသံသည် တိုးသော်လည်း ဒေါသလှိုင်းများ အထင်အရှား ပါဝင်နေသည်။
သူ့ရှေ့တွင်မူ မျက်နှာဖုံးစွပ်ထားသော လူရိပ်တစ်ခုက ရိုသေပျာယာစွာ ဒူးထောက်နေ၏။
ထိုသူကား သူ၏ အသက်ပေးသစ္စာခံ နောက်လိုက်တစ်ယောက်ပင် ဖြစ်သည်။
ဧကရာဇ်၏ ရုတ်တရက် ပြန်လည်
ကောင်းမွန်လာမှုကို စုံစမ်းရန် ယုကျီတီသည် သူ၏ လူအမြောက်အမြားကို စေလွှတ်ထားပြီး ဖြစ်၏။
အခြားသူများသည် ဧကရာဇ်၏ ကျန်းမာရေးအခြေအနေကို သေချာမသိနိုင်သော်လည်း သူကား အသေအချာ သိရှိသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ခမည်းတော်ဖြစ်သူကို မကျန်းမာမီ အကြိမ်ကြိမ် သွားရောက်တွေ့ဆုံခဲ့ဖူးသောကြောင့်ပင်။
ထိုစဉ်က ဧကရာဇ်သည် အချိန်မရွေး အသက်ထွက်သွားနိုင်သည့် လူနာအိုကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် သူနှင့် သူ၏ မောင်နှမများသည် ထီးနန်းကို လုယူရန်အတွက် အကွက်ချ စီစဉ်ခဲ့ကြခြင်း မဟုတ်ပါလား။
ဒါပေမဲ့ ယခုမူ... ဧကရာဇ်သည် နောက်ထပ် အနှစ်သုံးဆယ်ခန့် ဆက်လက်အသက်ရှင်နိုင်ဦးမည့် ပုံစံမျိုး ဖြစ်နေသည်။
ဒါက တကယ်ကို မဖြစ်နိုင်သည့် အဓိပ္ပာယ်မရှိမှုကြီးပင်။
ယုကျီတီသည် အကြောင်းရင်းကို သိရှိရရန် နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း ယခုထိ ဘာသဲလွန်စမျှ ရေရေရာရာ မရသေးချေ။
မျက်နှာဖုံးစွပ်လူက ခေါင်းကို ပိုမိုနှိမ့်ချလိုက်၏
"အရှင်မင်းသား... ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ဘာကိုမျှ စုံစမ်း၍ မရခဲ့ပါဘူး ဘုရား..."
ခွမ်း
ယုကျီတီ လက်ထဲမှ လက်ဖက်ရည်ခွက်သည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချခံလိုက်ရသဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အစအနများသည် နေရာအနှံ့ လွင့်စင်သွားတော့သည်။
"တောက်..အသုံးမကျတဲ့ကောင်တွေ”
သူ ချက်ချင်း ထရပ်လိုက်ပြီး မျက်နှာထက်တွင် ဒေါသရိပ်များ ဖြတ်ပြေးသွား၏
"ဘာတစ်ခုမှ ငါ့အလိုအတိုင်း ဖြစ်မလာဘူး”
သူ အခွင့်သာနေသည့် အချိန်တုန်းက အဖိုးကြီးက မသေပေးခဲ့သည့်အပြင် သူ့ကို အိမ်ရှေ့မင်းသား ရာထူးတောင် မပေးခဲ့ချေ။
ပိုဆိုးသည်က... သူ၏ မောင်နှမများသည် သူ့ကို တကယ်တမ်း ခြိမ်းခြောက်နိုင်သည့်အထိ လှုပ်ရှားလာကြပြီ ဖြစ်သည်။ အထူးသဖြင့် ယုဖေးယန်ပင်။
သူမ၏ အာဏာ ရုတ်တရက် တိုးတက်လာမှုသည် သူ လုံးဝ ထင်မထားမိသည့် အရာဖြစ်ပြီး ယခုဆိုလျှင် သူ့ကို ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ပင် ရောက်လုနီးပါး ဖြစ်နေပြီ။
တစ်ချိန်တုန်းကမူ သူမသည် မျက်စိထဲ ထည့်စရာမလိုသည့် အကောင်လေးတစ်ကောင်သာ ဖြစ်ခဲ့ပြီး၊ ယခု မျက်တောင်တစ်ခတ်အတွင်း၌မူ ထီးနန်းကို သူနှင့်တန်းတူ လုယူရန် ဖြစ်လာခဲ့သည်။
ဒါသည် တစ်စုံတစ်ခုသော အံ့ဖွယ်အစွမ်းကြောင့် ဖြစ်ရပေမည်။
"အဲ့ဒီ ဘက်မလိုက်တဲ့ အိမ်တော်ကြီးတွေက ဘာလို့ သူမကို ထောက်ခံနေကြတာလဲ? သူမမှာ ဘာအားသာချက် ရှိလို့လဲ?"
သူ ဒေါသတကြီး ဟောက်လိုက်သည်။ အထူးသဖြင့် ထိုအင်အားစုအများစုသည် သူ့ကိုကျတော့ ဘက်မလိုက်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့ပြီး ယခုမူ သူ့ညီမနောက်သို့ အုန်းအုန်းထွက် ပါသွားကြသည်ကို သူ မခံမရပ်နိုင် ဖြစ်နေရသည်။
မိမိလက်ခုပ်ထဲက ရေလို ပိုင်ဆိုင်ထားသမျှ အရာအားလုံးက လက်ထဲမှ လျှောထွက်သွားသကဲ့သို့ ခံစားနေရ၏။
ပြီးတော့ သူ့အတွက် အကြီးမားဆုံး စိုးရိမ်ပူပန်မှုက ရှိသေးသည်။
အဲ့ဒါကတော့ လီအိမ်တော်နှင့်
ကျောက်အိမ်တော်ပင်
ပထမတော့ ထိုအိမ်တော်နှစ်ခုသည် သူ၏ အကြီးမားဆုံး အားသာချက်၊ လျှို့ဝှက်
မဟာမိတ်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။
တစ်နေ့ အကွက်ပေါ်လာလျှင် ပြိုင်ဘက်အားလုံးကို ဒူးထောက်စေမည့် လက်နက်ပင်။
သို့တိုင် ယခုမူ... ၎င်းက သူ၏ အားနည်းချက် ဖြစ်လာခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် ထိုအိမ်တော်နှစ်ခု၏ ရန်သူဖြစ်သော ပိုင်အိမ်တော်သည် ပို၍ အစွမ်းထက်လွန်းနေသောကြောင့်ပင်။
ပိုင်အိမ်တော်၏ ထိပ်သီးပါရမီရှင် ပိုင်ကျီဟန် သာ ဒါကို သိသွားလျှင် မလွယ်ကူချေ။
တကယ်လို့ ပိုင်အိမ်တော်ကသာ လီအိမ်တော်နှင့် ကျောက်အိမ်တော်တို့သည် သူ့ကို လျှို့ဝှက် ထောက်ခံနေသည်ဆိုတာ သိသွားလျှင် အခြေအနေများ အားလုံး ပြောင်းလဲသွားလိမ့်မည်။
သူတို့၏ ရန်သူများ ထောက်ခံထားသည့် သူ့ကို ပိုင်အိမ်တော်က ထီးနန်းတက်ခွင့် လုံးဝ ပေးမည်မဟုတ်ချေ။
ထိုအစား... သူတို့က အခြားမင်းသား သို့မဟုတ် မင်းသမီးတစ်ပါးပါးကို အပြည့်အဝ ထောက်ခံပေးလိုက်လိမ့်မည်။
အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် မဟာမိတ်ပြု၍မရသည့် အင်အားကြီး ကျောထောက်နောက်ခံကို ရရှိသွားလိမ့်မည်။
လီအိမ်တော်နှင့် ကျောက်အိမ်တော်တို့၏ ပူးပေါင်းအင်အား၊ သူတို့၏ မဟာမိတ်အဖွဲ့တစ်ခုလုံး ပေါင်းလျှင်တောင် ပိုင်အိမ်တော်ကို ဖိနှိပ်နိုင်မည် မဟုတ်ချေ။
ယုကျီတီ၏ မျက်နှာသည် ပို၍ ပျက်ယွင်းသွားသည်။
ထို့ကြောင့်မို့လည်း သူက သူ၏နောက်ခံကို ဘယ်တော့မှ အပြင်ထုတ်မပြခဲ့ခြင်း ဖြစ်သည်။
လုံးဝ မလွဲသာမရှောင်သာသည့် အခြေအနေမှလွဲ၍ သူတို့အင်အားကို မသုံးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ပိုင်အိမ်တော်သာ ထိုအရေးထဲ ပါဝင်လာလျှင်... အခြေအနေများသည် ထိန်းချုပ်ရခက်သည့်အထိ ပျက်စီးသွားနိုင်သောကြောင့်ပင်။
"သူတို့ ဝင်မစွက်ဖက်ဖို့ပဲ မျှော်လင့်ရမှာပဲ..."
သူ ရေရွတ်လိုက်သည်။
ဒါက သူ မျှော်လင့်နိုင်သည့် အကောင်းဆုံး ရလဒ်ပင်။
တကယ်လို့ ပိုင်အိမ်တော်ကသာ သူ့ကို ပြန်ထောက်ခံပေးမည်ဆိုလျှင်တော့ အကောင်းဆုံးပင်။
သို့တိုင် ဒါက မဖြစ်နိုင်မှန်း သူသိသည်။
လီအိမ်တော်နှင့် ကျောက်အိမ်တော်ကလည်း ဒါကို လုံးဝခွင့်ပြုမည်မဟုတ်ပေ
ပိုင်အိမ်တော်ကလည်း သူတို့ရန်သူများ ထောက်ခံထားသည့်သူကို ဘယ်တော့မှ ကူညီမည်မဟုတ်ချေ။
ထို့ကြောင့်လည်း သူက သူ၏မောင်နှမများကဲ့သို့ ပိုင်အိမ်တော်၏ ထောက်ခံမှုကို ရရှိရန်အတွက် မကြိုးစားခဲ့ခြင်း ဖြစ်သည်။
ကံကောင်းသည်က... သူ၏မောင်နှမများလည်း အားလုံးကျရှုံးခဲ့ကြခြင်းပင်။
လောလောဆယ်တော့...
ပိုင်အိမ်တော်က ဘယ်သူ့ကိုမျှ စိတ်မဝင်စားသေးချေ။ ဒါပေမဲ့ ဘယ်အချိန်ထိလဲ?
ယုကျီတီ မျက်မှောင်ကြုတ်လိုက်မိသည်။
သူက မိမိကိုယ်တိုင် မထိန်းချုပ်နိုင်သည့် အခြေအနေမျိုးကို အမုန်းဆုံးပင်။
ထို့ပြင်ထီးနန်းလုပွဲက အဲ့ဒီဘက်သို့ ဦးတည်နေသည်။
ယခုလည်း မူအိမ်တော် ရုတ်တရက် အာဏာကြီးထွားလာပြန်ပြီ။ သူတို့ကလည်း သူ မဖြစ်မနေ သိမ်းသွင်းရမည့် အင်အားစုစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည်။
သို့တိူက် ပြောသလောက် မလွယ်ကူလှပေ။
ယခင်က တွေ့ခဲ့ရသကဲ့သို့ပင် မူအိမ်တော်၏ သဘောထားကလည်း ပိုင်အိမ်တော်ကဲ့သို့ပင် ဘက်မလိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။
"တောက်..."
သူ၏လက်ချောင်းများသည် ထိုင်ခုံလက်တင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
အခြေအနေများကို သူ့ဘက်ပါလာအောင် ဘာလုပ်ရမလဲဆိုတာ သူ အသည်းအသန် စဉ်းစားနေစဉ်
သူ့မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး အကြံတစ်ခု ရရှိသွားဟန်တူသည်။
"တကယ်လို့..."
သူ့နှုတ်ခမ်းထောင့်က ဖြည်းဖြည်းချင်း ကွေးညွှတ်သွားကာ ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာ၏
"...ငါက မူအိမ်တော်ရဲ့ ရန်သူနဲ့ မဟာမိတ်ဖွဲ့လိုက်ရင်ကော?"
မျက်နှာဖုံးစွပ်လူသည် ချက်ချင်း တုန်လှုပ်သွား၏
မင်းသားကြီး ဘယ်သူ့ကို ဆိုလိုသည်ဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။
"အရှင်မင်းသား... ဆိုလိုတာက—"
"ကြက်သွေးရောင် ဆေးလုံးအင်ပါယာ “
ယုကျီတီ အပြုံးက ပိုမိုကျယ်ပြန့်လာ၏
"ငါက မူအိမ်တော်ကို ဖိနှိပ်ချေမှုန်းပေးမယ်လို့ ကတိပေးနိုင်ရင်... သူတို့က ငါ့ကို မထောက်ခံရမယ့် အကြောင်းရင်း မရှိတော့ဘူး"
သူ့မျက်လုံးများသည် ရက်စက်မှုများဖြင့် ပြည့်နှက်သွားသည်။
သူတို့၏ ထောက်ခံမှုကိုသာ ရရှိလျှင်... အစွမ်းထက်လှပါသည် ဆိုသည့် မူအိမ်တော်နှင့် ပိုင်အိမ်တော်တို့တောင် ယှဉ်နိုင်တော့မည်
မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ်... တစ်ဖက်က အင်ပါယာတစ်ခုဖြစ်ပြီး၊ အခြားတစ်ခုကမူ အိမ်တော်အဆင့်မျှသာ ရှိချေသည်။
ပိုင်အိမ်တော်က မည်မျှပင် အစွမ်းထက်ပါစေဦးတော့... အင်ပါယာတစ်ခုလုံး၏ အင်အားကို ယှဉ်နိုင်ပါ့မည်လား။
ထို့အပြင် ကြက်သွေးရောင် ဆေးလုံးအင်ပါယာကိုယ်တိုင်ကလည်း အားနည်းသည့် အင်ပါယာ မဟုတ်ချေ။
တကယ်လို့ သူတို့က ရပ်တည်ပေးပါက ပြိုင်ဘက်ကင်းဟု ပြောကြသော ပိုင်အိမ်တော်လည်း ပြာဖြစ်သွားမည်ပင်
ပြီးတော့ လီအိမ်တော်နှင့် ကျောက်အိမ်တော်၏ အင်အားလည်း ရှိနေသေးသဖြင့်၊ ပိုင်အိမ်တော်က ငါ့လက်ခုပ်ထဲကနေ မည်သို့မှ မလွတ်နိုင်တော့ချေ။
မျက်နှာဖုံးစွပ်လူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ သတိပေးစကား ဆိုလာသည်။
"အရှင်မင်းသား... ကျွန်တော်မျိုးတို့၏ ပြည်တွင်းရေးထဲသို့ အခြားအင်ပါယာတစ်ခုကို ဆွဲသွင်းခြင်းက..."
သူ့အသံက တိုးသွား၏
" ကောင်းကင်အင်ပါယာရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပါတယ် ဘုရား"
သူက ဆက်လက်၍ သတိကြီးစွာဖြင့် ပြော၏
"ပြီးတော့ မူအိမ်တော်ကို ဖိနှိပ်တာက... မိမိတို့အင်ပါယာ အင်အားကို ကိုယ်တိုင် လျှော့ချလိုက်တာနဲ့ အတူတူပါပဲ။ တကယ်လို့ ကြက်သွေးရောင် ဆေးလုံးအင်ပါယာရဲ့ သြဇာက နိုင်ငံထဲမှာ အလွန်အမင်း ကြီးထွားလာရင်..."
သူ စကားကို အဆုံးမသတ်ရဲတော့ပေ။
သို့တိုင် အဓိပ္ပာယ်ကတော့ ရှင်းလင်းနေပါသည်။
ကြက်သွေးရောင် ဆေးလုံးအင်ပါယာက ၎င်းကို ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မှာ သေချာသည့်တိုင် ၎င်းသည် မိမိတို့နိုင်ငံကို ဖျက်ဆီးရာ ရောက်ပေလိမ့်မည်။
တကယ်လို့ လူတွေသာ ထိုအကြောင်းကို သိသွားလျှင် မင်းသားကြီးသည် ထီးနန်းအတွက်နှင့် တိုင်းပြည်ကို ရောင်းစားသည့် သစ္စာဖောက်အဖြစ် သမိုင်းတွင်သွားပေလိမ့်မည်။
ယုကျီတီ၏ မျက်နှာသည် အနည်းငယ် ညိုမှောင်သွား၏
ထို့နောက် လက်ကို မြှောက်ကာ တားမြစ်လိုက်သည်
"တော်”
သူ့အသံက အေးစက်လှပြီး မျက်လုံးထဲတွင်မူ ရူးသွပ်မှု အရိပ်အယောင်များ ပါဝင်နေသည်။(ငါတို့ ကောင်းကင်အင်ပါယာက ဆေးဖော်စပ်ခြင်းပညာမှာ ကြက်သွေးရောင် ဆေးလုံးအင်ပါယာကို မယှဉ်နိုင်ရင်ကော ဘာဖြစ်လဲ? ထီးနန်းက ငါ့လက်ထဲ ရောက်လာဖို့ပဲ လိုတယ်... ကျန်တာ ဘာမှအရေးမကြီးဘူး။)
သူ့မျက်လုံးထဲတွင်မူ အာဏာက ပထမ၊ ကျန်တာများကို နောက်မှ ဖြေရှင်း၍ ရသည်။
ထိုအပြင် အခြေအနေက အဲ့လောက်အထိ ဆိုးရွားသွားလိမ့်မည်ဟု သူ မယုံကြည်ချေ။
မည်သို့ပင် ဖြစ်စေ မူအိမ်တော် မရှိလျှင်တောင်မှ ကောင်းကင်အင်ပါယာက ကြက်သွေးရောင် ဆေးလုံးအင်ပါယာထက် ပိုမိုအစွမ်းထက်နေဆဲပင်။
ပြီးတော့ အရေးကြီးဆုံးက... ထီးနန်းသာ သူ့မောင်နှမများ လက်ထဲ ရောက်ရှိသွားလျှင် အင်ပါယာက ဘာပဲဖြစ်ဖြစ် သူ့အတွက် အလကားပင်
သူ့မျက်နှာထက်တွင် အေးစက်သည့် အပြုံးတစ်ခု ပေါ်လာ၏
"ငါသာ ရာဇပလ္လင်ကို သိမ်းပိုက်ပြီး တော်ဝင်မိသားစုရဲ့ အရှိန်အဝါကို ပြန်လည် ထူထောင်နိုင်မယ်ဆိုရင်..."
သူက ခပ်တိုးတိုး ရယ်မောလိုက်၏
"...ဒါဟာ ငါတို့ ယုမျိုးနွယ်စုအတွက် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်လာလိမ့်မယ်”
သူ့၏ ရယ်မောသံများသည် ခန်းမဆောင်ကြီးအတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။
"ဒီအရာအားလုံးက... တော်ဝင်မိသားစုရဲ့ အနာဂတ်အတွက်ပဲ... ဟားဟားဟား..."
အခန်း ၅၆၈ - ခေတ်တစ်ခေတ်အဆုံး ၊ စစ်ပွဲအစ
ကြက်သွေးရောင် ဆေးလုံးအင်ပါယာ အတွင်း၌
နန်းတော်ဆီသို့ တံဆိပ်ခတ်နှိပ်ထားသော လျှို့ဝှက်စာတစ်စောင် ရောက်ရှိလာခဲ့သည်။
ခမ်းနားလှသော ညီလာခံခန်းမကြီး၏ အမြင့်ဆုံးရာဇပလ္လင်ထက်တွင် ဧကရာဇ်အိုယန်သည် တည်ငြိမ်စွာ ထိုင်နေရင်း စာထဲတွင်ပါရှိသော အကြောင်းအရာများကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေ၏။
တစ်ခန်းမလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ပလ္လင်အောက်တွင်မူ မှူးမတ်များနှင့် အကြံပေးများက ဧကရာဇ်၏ အမိန့်တော်ကို စိုးရိမ်တကြီး စောင့်ဆိုင်းလျက် ရှိကြသည်။
ခဏမျှကြာပြီးနောက် ဧကရာဇ်အိုယန်သည် စာစောင်ကို အသာအယာ ချလိုက်၏
"မင်းတို့ ဘယ်လိုထင်လဲ"
သူ့အသံက တည်ငြိမ်လှသော်လည်း တားဆီး၍မရသော အရှိန်အဝါတို့ လွှမ်းမိုးနေ၏။
စာထဲတွင်ပါသော အကြောင်းအရာက ရိုးရှင်းပါသည်။
ကောင်းကင်အင်ပါယာ၏ ပထမမင်းသားက ၎င်းတို့၏ ထောက်ခံမှုကို တောင်းခံလာခြင်း ဖြစ်သည်။
အပြန်အလှန်အားဖြင့်... သူ နန်းတင်ပြီးသည်နှင့် မူမျိုးနွယ်စု၏ အကြီးမားဆုံးသော အားကိုးရာကို ဖျက်ဆီးပေးမည်ဟု ကတိပြုထားသည်။
မူထျန်းရွှမ်သေရမည်။
ထို့အပြင် မူမျိုးနွယ်စုပိုင်ဆိုင်သမျှ အဆင့်-၇ ဆေးလုံးဖော်စပ်နည်းအားလုံးကိုလည်း လွှဲပြောင်းပေးအပ်မည် ဟူ၍ ဖြစ်သည်။
ထိုအကြောင်းအရာကို နားလည်သွားကြသည့် ခဏတွင် ညီလာခံခန်းမတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။
ဤကမ်းလှမ်းချက်က လွန်စွာမှ ဆွဲဆောင်မှုရှိလွန်းနေ၏။
မူမျိုးနွယ်စု၏ ထက်မြက်လာမှုက ကြက်သွေးရောင်ဆေးလုံးအင်ပါယာကိုပင် စတင် ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။ ၎င်းတို့၏ ဩဇာအာဏာက တရှိန်ထိုး ကြီးထွားလာနေသည်။
တစ်ချိန်က အင်ပါယာတစ်ခုတည်းကသာ လက်ဝါးကြီးအုပ်ထားခဲ့သော ဆေးလုံးဈေးကွက်ထဲသို့ မူမျိုးနွယ်စု၏ ဆေးလုံးများ စီးဝင်လာနေပြီ ဖြစ်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက... ၎င်းတို့၏ ဝင်ငွေသည် တစ်ဝက်ခန့်အထိ ကျဆင်းသွားနိုင်သည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် မူမျိုးနွယ်စုကို ဖိနှိပ်ချင်ကြသည်မှာ ဓမ္မတာပင်။
မဟုတ်သေး... ဖျက်ဆီးပစ်ချင်ကြသည်ဟု ဆိုပါက ပို၍မှန်ကန်ပေလိမ့်မည်။
"အရှင်မင်းသား... ဒါက တကယ်ကို အခွင့်ကောင်းတစ်ခုပါပဲ"
အကြံပေးအရာရှိ၏ လေသံက တည်ငြိမ်နေသော်လည်း မျက်ဝန်းထဲတွင်မူ လောဘရိပ်များ ဖြတ်ပြေးသွားသည်။
"မူမျိုးနွယ်စုမှာ အဆင့်မြင့်ဆေးဖော်စပ်မှု မဟာဆရာကြီးမရှိတော့ရင် သူတို့ဟာ ချက်ချင်းပဲ ပြိုလဲသွားမှာပါ"
အခြားမှူးမတ်တစ်ဦးကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်ပါတယ်... အဆင့်-၇ ဆေးနည်းတွေမရှိရင် သူတို့နောက်ထပ် အဆင့်-၇ ဆေးဖော်စပ်သူတွေကို မမွေးထုတ်နိုင်တော့ဘူး။ တစ်ချိန်တည်းမှာပဲ အဲဒီဆေးနည်းတွေက ကျွန်တော်တို့အင်ပါယာကို ပိုပြီးအင်အားတောင့်တင်းလာစေမှာပါ"
သို့သော် လူတိုင်းက ထိုအကြံကို သဘောမတူကြချေ။
အခြား အမတ်တစ်ဦးက မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဒါပေမဲ့... ဒါဟာ ထောင်ချောက်တစ်ခု ဖြစ်နေရင်ကော"
သူက ဆက်ပြောသည်။
"ဘယ်အင်ပါယာကမှ မိမိတို့ရဲ့ အဖိုးတန်ဆုံး ရတနာကို ပြိုင်ဘက်နိုင်ငံဆီ လွယ်လွယ်နဲ့ ကမ်းလှမ်းပါ့မလဲ။ ဒါဟာ သံသယဖြစ်စရာပါပဲ"
ထိုစကားကြောင့် ခန်းမတစ်ခုလုံး ဝေခွဲမရဖြစ်သွားသည်။
ထိုစဉ် အခြားအကြံပေးတစ်ဦးက ဝင်ပြောလိုက်၏။
"မဟုတ်နိုင်ဘူး..."
အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွားကြသည်။
"အရာတစ်ခုခုက ကိုယ့်ရဲ့ ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားပြီဆိုရင်... ဘယ်အင်ပါယာမဆို နှိပ်ကွပ်ချင်ကြတာ သဘာဝပဲ"
သူက ခဏရပ်ကာ ဆက်ပြောသည်။
"ပြီးတော့ ပိုင်မျိုးနွယ်စုရဲ့ အင်အားက အခုဆိုရင် ယုမိသားစုထက်တောင် ပိုပြီး အစွမ်းထက်နေပြီ။ အင်ပါယာအနေနဲ့ သူတို့ကိုကော... သူတို့နဲ့ ပတ်သက်နေတဲ့ မူမျိုးနွယ်စုကိုပါ ဖိနှိပ်ချင်နေမှာ အသေအချာပဲ"
သူက စကားကို ဆက်၍ ဆွဲဆန့်လိုက်သည်။
"ဒါတင်မကသေးဘူး... ပြင်ပအင်အားစုတွေရဲ့ အကူအညီကို ရှာနေတာ ပထမမင်းသားတစ်ယောက်တည်း မဟုတ်ဘူး"
မှူးမတ်များကြား တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။
"ကျွန်တော် သတင်းရထားတာကတော့... ဒုတိယမင်းသားလည်း တခြားအင်ပါယာတွေနဲ့ စတင်ချိတ်ဆက်နေပြီလို့ သိရပါတယ်"
ထိုစကားကြောင့် လေထုက ချက်ချင်း ပြောင်းလဲသွား၏။
"ကောင်းကင်အင်ပါယာရဲ့ ထီးနန်းလုပွဲက မကြာခင်မှာ ပြင်ပအင်အားစုတွေပါ ပါဝင်ပတ်သက်လာမယ့် ပုံပဲ"
အကယ်၍ မင်းသားအများအပြားက ပြင်ပအကူအညီကို ရှာဖွေနေကြပြီဆိုလျှင် ဤသည်မှာ ထူးဆန်းသောအရာ မဟုတ်တော့ပေ။
၎င်းမှာ အသည်းအသန် ဖြစ်နေခြင်းသာ။
အသည်းအသန်ဖြစ်လာလျှင် လူတို့သည် ဘာမဆို လုပ်ဝံ့ကြသည်။
ထို့ကြောင့် စောစောက သံသယများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအစား... စိတ်လှုပ်ရှားမှုနှင့် လောဘရိပ်များက အစားထိုးဝင်ရောက်လာ၏။
အကယ်၍ ၎င်းတို့ ဤကမ်းလှမ်းချက်ကို လက်ခံလိုက်ပါက
မူမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ရုံသာမက
ကောင်းကင်အင်ပါယာ၏ အနာဂတ်ဧကရာဇ်အပေါ်တွင်လည်း ဩဇာလွှမ်းမိုးနိုင်မည် ဖြစ်သည်။
ထို့အပြင် အကယ်၍ ပဋိပက္ခများ ပိုမိုကြီးထွားလာပြီး
ပိုင်မျိုးနွယ်စုပါ ထိုစစ်ပွဲထဲ ဆွဲသွင်းခံလိုက်ရလျှင်
လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုပါ အထိနာသွားခဲ့လျှင်...
ကောင်းကင်အင်ပါယာက ဒေသတွင်းမှာ ဆက်ပြီး အင်အားအကြီးဆုံး ဖြစ်နေနိုင်ပါဦးမလား။
အင်အားချိန်ခွင်လျှာက လုံးဝဥဿုံ ပြောင်းလဲသွားပေလိမ့်မည်။
ရာဇပလ္လင်ထက်ရှိ ဧကရာဇ်အိုယန် နှုတ်ခမ်းအစုံက အသာအယာ ကွေးညွတ်သွားသည်။
"ဒါဆိုရင်...”
သူက အမတ်များကို ဝေ့ကြည့်လိုက်၏
"...ဆုံးဖြတ်လိုက်ပြီပေါ့?"
မည်သူမျှ ကန့်ကွက်ခြင်းမရှိကြချေ။
လူအများစုက စိတ်ထဲတွင် ဆုံးဖြတ်ပြီးသား ဖြစ်နေကြသည်။
ရရှိမည့် အကျိုးအမြတ်က ငြင်းပယ်ရန် ခက်ခဲလွန်းလှသည်။
၎င်းတို့ဘက်က ဆုံးရှုံးနိုင်ခြေမှာမူ လုံးဝမရှိသလောက်ပင်။ အကယ်၍ ဤအစီအစဉ် ပျက်စီးသွားခဲ့လျှင်ပင် ၎င်းတို့အင်ပါယာအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာမည်
မဟုတ်ပေ။
ဧကရာဇ်အိုယန်ထံမှ အေးစက်စက် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ဟီးဟီးဟီး..."
သူ့မျက်ဝန်းများထဲတွင် အေးစက်သော လောဘနှင့် ရည်မှန်းချက်များ တောက်ပနေ၏။
"ကောင်းကင်အင်ပါယာရဲ့ ကြီးစိုးမှုခေတ်ကတော့ ကုန်ဆုံးတော့မယ့်ပုံပဲ..."
ကောင်းကင်အင်ပါယာ၏ နန်းတော်နက်
အတွင်း... ဧကရာဇ်၏ လျှို့ဝှက်အိပ်ဆောင်
ထဲ၌။
လေထုက လေးလံထိုင်းမှိုင်းနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး လေထုပင်လျှင် လှုပ်ရှားရန် ကြောက်ရွံ့နေသည့်နှယ် ရှိ၏။
ခမ်းနားလှသော ခုတင်ထက်တွင်
ကောင်းကင်အင်ပါယာ၏ ဧကရာဇ်သည် အားအင်ချည်းနဲ့စွာ လဲလျောင်းနေသည်။
မကြာသေးမီက ညီလာခံတွင် အရှိန်အဝါ ထုတ်ဖော်ကာ လူအများကို တုန်လှုပ်စေခဲ့သော ဧကရာဇ်ကြီး၏ ပုံရိပ်က ပျောက်ကွယ်နေပြီ ဖြစ်သည်။
၎င်း၏နေရာတွင် သေအံ့ဆဲဆဲ လူအိုကြီးတစ်ဦးသာ ကျန်ရှိတော့၏။
မျက်နှာက ဖြူလျော်နေပြီး အသက်ရှူသံက တိုတောင်းလှကာ အသက်တစ်ချက်ရှူတိုင်း ပင်ပန်းကြီးစွာ ရုန်းကန်နေရသည်။
ခုတင်ဘေးတွင်မူ နန်းတွင်းရေးရာဝန်ကြီး ယန်ထိုက်ဖုန်းက စိုးရိမ်တကြီး မတ်တတ်ရပ်နေ၏။
"ကြည့်ရတာ... ငါ့ရဲ့ မိုက်မဲတဲ့ သားတွေက ထီးနန်းလုဖို့အတွက် တစ်ဒေသလုံးကို စစ်မီးထဲ ဆွဲသွင်းချင်နေကြတာပဲ..."
ဧကရာဇ်က နှေးကွေးစွာ ပြောလိုက်သည်။
မင်းသားများနှင့် မင်းသမီးများသည် ၎င်းတို့၏ အကြံအစည်များကို လျှို့ဝှက်နိုင်သည်ဟု ထင်မှတ်နေကြသော်လည်း ဧကရာဇ်ကမူ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို သိရှိနေခဲ့သည်။
အဟွတ် အဟွတ်
ပြင်းထန်သော ချောင်းဆိုးသံနှင့်အတူ နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာသည်။
"အရှင်မင်းကြီး” ယန်ထိုက်ဖုန်းသည် စိုးရိမ်စိတ်ကြောင့် အလိုအလျောက် ရှေ့သို့ တိုးလာခဲ့သည်။
သို့သော် ဧကရာဇ်က တုန်ရီနေသော လက်ကိုမြှောက်ကာ တားဆီးလိုက်၏။
"...မလိုဘူး။"
သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"အဆင့်-၈ ဆေးလုံးတောင်မှ သေခါနီးလူတစ်ယောက်ကို မကယ်နိုင်ပါဘူး..."
သူ့အသံထဲတွင် လက်လျှော့အရှုံးပေးလိုက်ရသည့် အငွေ့အသက်များ ပြည့်နှက်နေသည်။
ယန်ထိုက်ဖုန်း၏ မျက်နှာက ညှိုးငယ်သွားခဲ့သည်။
သူတစ်ဦးတည်းသာ အမှန်တရားကို သိရှိသည်။
ပြီးခဲ့သောရက်က ဧကရာဇ်၏ အစွမ်းထက်လှသော ပုံရိပ်မှာ အသက်ဓာတ်ကို အတင်းအကျပ် ဆွဲဆန့်ပေးသည့် အဆင့်-၈ ဆေးလုံးကို သုံးစွဲထားခြင်းကြောင့်သာ ဖြစ်သည်။
၎င်းသည် ခဏတာ ရှင်သန်ခြင်းကို ပေးစွမ်းနိုင်သော်လည်း
ပြန်လည်ပေးဆပ်ရမည့် တန်ဖိုးမှာမူ ပိုမိုပြင်းထန်လှသော ခန္ဓာကိုယ်ပျက်စီးမှု ဖြစ်သည်။
"အရှင်မင်းကြီး..."
ယန်ထိုက်ဖုန်း၏ အသံက တုန်ရီနေသော်လည်း မည်သည့်စကားဖြင့် နှစ်သိမ့်ရမည်ကို မသိတော့ချေ။
ဧကရာဇ်က မျက်လုံးများကို အသာအယာ မှိတ်လိုက်သည်။
"ငါ မသေခင်... အရာအားလုံးကို ရှင်းလင်းပေးခဲ့ချင်တာ..."
သူ့အသံက ပို၍ တိုးညင်းလာသည်။
"ပိုင်မျိုးနွယ်စု အင်အားမကြီးထွားခင် နှိမ်နင်းချင်ခဲ့တာ... ဒါပေမဲ့ ရှုံးနိမ့်ခဲ့တယ်"
သူ့တွင် ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်မှုမှာ လီ-ကျောက် မဟာမိတ်အဖွဲ့ကို ကူညီပြီး ပိုင်မျိုးနွယ်စုကို ဖိနှိပ်ရန် ဖြစ်
သော်လည်း... ယခုအခါ မူမျိုးနွယ်စုတွင် ဆေးဖော်စပ်မှု မဟာဆရာကြီး ပေါ်ထွက်လာခြင်းကြောင့် ထိုအရာက လုံးဝ မဖြစ်နိုင်တော့ပေ။
"ယုဖေးယန်ကိုတောင် သူမကို ကာကွယ်ပေးနိုင်မဲ့ သူ့လက်ထဲ စိတ်ချလက်ချ မအပ်နှံနိုင်ခဲ့ဘူး"
မှေးမှိန်နေသော သူ့မျက်ဝန်းထဲတွင် နွေးထွေးမှု အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသည်။
ယုဖေးယန်
သူမသည် သူအမှန်တကယ် ချစ်မြတ်နိုးခဲ့ရသော အမျိုးသမီးနှင့် ရရှိခဲ့သည့် တစ်ဦးတည်းသော သမီး ဖြစ်သည်။
သို့သော် မည်သူကမျှ သူမ၏ တည်ရှိမှုကို အသိအမှတ်မပြုကြချေ။
တရားမဝင်သော ကလေးဟုသာ သတ်မှတ်ကြသည်။
သူမ၏ အနာဂတ် လုံခြုံစေရန်အတွက် သူ အစွမ်းကုန် စီစဉ်ပေးခဲ့ဖူးသည်။
ပိုင်ကျီဟန်သည် တစ်ချိန်က အကောင်းဆုံး ရွေးချယ်မှုဟု ထင်မှတ်ခဲ့ရသည်။ သူက ကျင့်စဉ်ပျက်နေသူတစ်ဦး ဖြစ်သော်လည်း သူ့နောက်ကွယ်တွင် ယှဉ်ပြိုင်ရဲသူမရှိသော ပိုင်မျိုးနွယ်စုကြီး ရှိနေသည်။
၎င်းက တစ်ဖက်မှလည်း တော်ဝင်မိသားစု၏ အာဏာကို ပြန်လည်ခိုင်မာစေနိုင်သည်။ ပိုင်ကျီဟန်က မစွမ်းဆောင်နိုင်သူ ဖြစ်နေပါစေဦးတော့... သူ့ အဆင့်အတန်းက အကြွင်းမဲ့ ဖြစ်သည်။ အကယ်၍ ယုဖေးယန်သာ ပိုင်ကျီဟန်၏ ဇနီးဖြစ်ခွင့်ရခဲ့လျှင် သူမက တရားမဝင်သမီး ဖြစ်နေပါစေဦးတော့... မည်သူမျှ
သူမကို ထိရဲမည်မဟုတ်ပေ။
သို့သော် ထိုအစီအစဉ်လည်း ပျက်ပြားခဲ့ရသည်။
ထို့အပြင် ယုဖေးယန်ကိုယ်တိုင်က ထီးနန်းလုပွဲဟူသော သွေးချောင်းစီးမည့် မုန်တိုင်းထဲသို့ ခြေစုံပစ်ဝင်သွားခဲ့ပြီ ဖြစ်သည်။
နောင်တ။
ထိုနောင်တတရားသည် ဧကရာဇ်၏ နှလုံးသားတစ်ခုလုံးကို ဝါးမြိုသွားသည်။
အဟွတ် အဟွတ်
ပြင်းထန်သော ချောင်းဆိုးသံနှင့်အတူ သွေးများ ထပ်မံ စီးကျလာပြန်သည်။ ယန်ထိုက်ဖုန်းသည် လက်သီးကို တင်းတင်းဆုပ်ထားရင်း မျက်ဝန်းများ နီမြန်းလာခဲ့သည်။
ဧကရာဇ်က လေဟာနယ်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိသည်။
သူ့ဘဝတစ်ခုလုံးကို ပြန်လည်တွေးတောရင်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။
ကြီးမားသော အောင်မြင်မှုများလည်း မရှိခဲ့ပေ
အမှတ်တရကောင်းများလည်း မကျန်ရစ်ခဲ့ပေ
ရုန်းကန်မှုများနှင့်...
အလျှော့ပေး အလိုလိုက်ခဲ့ရမှုများသာ ရှိခဲ့သည်။
ယခုမူ
သူချန်ထားခဲ့နိုင်သည်က ပရမ်းပတာ ဖြစ်ရပ်များသာ။
သူ့သားသမီးချင်း သတ်ဖြတ်ကြမည့် စစ်တလင်းပြင်သာ ဖြစ်သည်။
"ငါ ကြိုးစားခဲ့ပါတယ်..."
သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။
"...ဒါပေမဲ့ ငါ ဘာကိုမှ မပြင်ဆင်နိုင်ခဲ့ဘူး ထင်ပါရဲ့"
အခန်းထဲတွင် တိတ်ဆိတ်ခြင်းက ထပ်မံ လွှမ်းမိုးသွားပြန်သည်။
မီးအိမ်မှ ဖယောင်းတိုင်မီးတောက်ကလေးသည် အားနည်းစွာ လှုပ်ခတ်နေ၏။
မကြာခင် ငြိမ်းသတ်တော့မည့်အတိုင်း
ဧကရာဇ်၏ အသက်ရှူသံက တဖြည်းဖြည်း နှေးကွေးသွားသည်။
ပို၍ ပို၍ အားနည်းလာ၏
မျက်ဝန်းများ အလင်းပျောက်ဆုံးသွားချေပြီ
ရင်ဘတ်ကလည်း ဆက်လက်လှုပ်ရှားခြင်း မရှိတော့ချေ။
နောက်ဆုံး ထွက်သက်... ချုပ်ငြိမ်းသွားခဲ့ပြီ။
တိတ်ဆိတ်ခြင်း။
ကောင်းကင်အင်ပါယာ၏ ဧကရာဇ် နတ်ရွာစံလေပြီ။
သူ့ကွယ်လွန်ခြင်းနှင့်အတူ
ကောင်းကင်အင်ပါယာကြီးသည် သွေးချောင်းစီးမည့် ကမောက်ကမခေတ်ပျက်ကြီးထဲသို့ စတင်သက်ဆင်း သွားခဲ့ရတော့သည်။