← Chapters

အခန်း (၄၅၉)

Vol. 46 Ch. 459

အခန်း (၄၅၉)

Vol. 46 Ch. 459

အခန်း။ ၄၅၉

“မင်းပြောတဲ့ ဆေးဆရာက ကျောက်နိုင်ငံက ဖန်ကျိ... ဆရာဖန်လား”

ထိုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ရူယီက ရုတ်တရက် စကားစလာသည်။ သူသည် မှော်ဘုရားကျောင်းမှ မှော်ဆရာတစ်ဦးဖြစ်ပြီး အလွန်တရာ မြင့်မြတ်သော အဆင့်အတန်းရှိသူ ဖြစ်သည်။ ဧကရာဇ်တန်ယွမ်ကိုယ်တိုင်ပင်လျှင် သူ့အပေါ် ရိုသေလေးစားမှုနှင့် ယဉ်ကျေးပျူငှာမှုတို့ကို ထားရှိရသူဖြစ်သည်။

“အို... အရှင်ရူယီတောင်မှ ဒီလူ့နာမည်ကို ကြားဖူးတယ်လို့ ဆိုလိုတာလား”

ဧကရာဇ်တန်ယွမ်က အံ့ဩတကြီး မေးလိုက်သည်။

“ကျွန်တော် ဆရာဖန်နဲ့ တစ်ကြိမ်တစ်ခါ ဆုံဖူးတဲ့ ကံတရား ရှိခဲ့ပါတယ်”

ရူယီသည် ရှာဝမ်ရွှီ၏ စီနီယာဖြစ်ပြီး ရှာဝမ်ရွှီ အရွယ်မရောက်ခင် ဖန်ကျိတစ်ယောက် ဆေးဧကရာဇ်ခန်းမ၌ ရှိနေစဉ်ကတည်းက စီမင်ကျိယွီနောက်သို့ အမြဲလိုက်ပါခဲ့သူဖြစ်သည်။ ရူယီ၏ စိတ်အစဉ်၌ ဖန်ကျိနှင့် ပတ်သက်သော အမှတ်ရမှုများစွာ ရှိနေခဲ့သည်။

ထိုဆေးဆရာသည် ထူးခြားပြောင်မြောက်သော ဆေးပညာအရည်အချင်းရှိပြီး ရံဖန်ရံခါတွင် နက်နဲသော အမြင်သစ်များ ရှိတတ်သူဟု သူ မှတ်မိနေခြင်းပင်။

ဆေးဧကရာဇ်ခန်းမ၏ ရှေးဟောင်းဆေးပညာကိုသာ မျက်စိပိတ် လိုက်စားနေမှုနှင့် မတူဘဲ ဆရာဖန်သည် အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲတတ်သော ဆေးဆရာတစ်ဦးဟု ရူယီက ရှုမြင်ထားသည်။

ဆရာဖန်သည် အကြောင်းအမျိုးမျိုးကြောင့် ဆေးဧကရာဇ်ခန်းမမှ ထွက်ခွာခဲ့သည်ဟု သူ ကြားသိခဲ့ဖူးသော်လည်း ကျောက်နိုင်ငံတွင် သူ၏ ဂုဏ်သတင်းမှာ အလွန်ပင် ကောင်းမွန်ဆဲပင်။

အထူးသဖြင့် ကျောက်နိုင်ငံ၌ အရှိန်အဟုန်နှင့် နာမည်ကျော်ကြားလာနေသော စီအန်းဆေးခန်းသို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းတွင် ပို၍ပင် ထင်ရှားလာခဲ့သည်။

ဧကရာဇ်တန်ယွမ်သည်လည်း မှော်ပညာနှင့် ရှေးဟောင်းဆေးပညာတို့ကြားမှ မကိုက်ညီမှုများကို ကောင်းစွာ သိရှိထားသူဖြစ်သည်။ ရူယီသည် ယွမ်ရှန်းကို အကဲခတ်ကာ ကြည့်လိုက်ပြီး ညီလေးရှာ ယခင်က ပြောခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရသွားသည်။

မိဖုရားကြီးမင်သည် မွန်မြတ်သောသူတစ်ဦး၏ အကူအညီကို ရရှိလိမ့်မည်ဟူသော စကားပင်။ သို့ဆိုလျှင် ထိုမွန်မြတ်သောသူမှာ ကျောက်နိုင်ငံမှ ဤဆေးဆရာမ ဖြစ်နေနိုင်ခြင်းပင်။

“အရှင်မင်းကြီး... ဒီမိန်းကလေးကို ကြည့်ခွင့်ပေးလိုက်ပါဦး။ အမှန်စင်စစ် မှော်ပညာရော၊ သာမန်ရှေးဟောင်းဆေးပညာပါ မိဖုရားကြီးရဲ့ ရောဂါကို ချက်ချင်း အဖြေမထုတ်နိုင်ကြဘူး မဟုတ်လား။ မှော်ပညာနဲ့ ရှေးဟောင်းဆေးပညာ နှစ်မျိုးလုံးကို နှံ့စပ်တဲ့ မိန်းကလေးယွမ်က အကြောင်းရင်းကို ရှာတွေ့နိုင်ပါတယ်။ အရှင်မင်းကြီးကို မဖုံးကွယ်လိုပါဘူး။ ကျွန်တော် နန်းတော်ထဲကို ဝင်လာတဲ့အချိန်မှာ ညီလေးရှာက မိဖုရားကြီးမင်မှာ ကောင်းကင်ဘုံရဲ့ ကံကြမ္မာရှိနေပြီး အနောက်တောင်ဘက်ကနေ မွန်မြတ်သူတစ်ယောက် ရောက်လာလိမ့်မယ်လို့ သတင်းစကား ပို့ထားပါတယ်”

ရူယီသည် ယွမ်ရှန်းဘက်မှ ကူညီပြောဆိုပေးလိုက်သည်။ ယင်းမှာ ရူယီက ယွမ်ရှန်းအပေါ် ယုံကြည်မှုရှိ၍ မဟုတ်ဘဲ နတ်မျက်စိပါရှိပြီး တစ်ခါမျှ စကားမှားခြင်းမရှိသော သူ၏ညီငယ် ရှာဝမ်ရွှီအပေါ် ယုံကြည်မှုရှိခြင်းကြောင့်သာ ဖြစ်သည်။

ရှာဝမ်ရွှီ ပြောသမျှ အတည်ဖြစ်ကာ အမှန်တကယ် ဖြစ်လာလိမ့်မည်သာ ဖြစ်သည်။ အကယ်၍ မွန်မြတ်သောသူသည် အနောက်တောင်ဘက်မှ လာသည်ဆိုပါက ယင်းမှာ ကျောက်နိုင်ငံပင်။

မှော်ဘုရားကျောင်း၏ ရှစီမင်ကိုယ်တိုင် ထိုသို့ မိန့်ကြားခဲ့သဖြင့် ဒုတိယမင်းသား လီရှောင်သည် စိတ်ပျက်လက်ပျက်ဖြင့်သာ လမ်းဖယ်ပေးလိုက်ရတော့သည်။ အမြဲတမ်း ကြားနေရပ်တည်လေ့ရှိသော ရှစီမင်က အဘယ်ကြောင့် ကျောက်နိုင်ငံမှ လူတစ်ဦးကို ယခုတစ်ကြိမ်တွင် ကူညီနေရတာလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေရသည်။

“စီမင်လေးက တကယ်ပဲ အဲဒီလို ပြောခဲ့တာလား။ ဒါဆိုရင်တော့ ဒီမွန်မြတ်တဲ့သူက နတ်ဆေးဆရာမယွမ်ပဲ ဖြစ်ရမယ်။ စောစောက ငါကိုယ်တော် အထင်လွဲခဲ့တာတွေကို စိတ်ထဲမထားပါနဲ့ ဆေးဆရာမ။ ကျေးဇူးပြုပြီး အထဲကိုဝင်ပြီး မိဖုရားကြီးရဲ့ ရောဂါကို ကုသနိုင်မလား ကြည့်ပေးပါဦး။ ကုသနိုင်မယ်ဆိုရင် ထိုက်ထိုက်တန်တန် ဆုချပါ့မယ်”

ဧကရာဇ်တန်ယွမ်က ပြေပြစ်သော လေသံဖြင့် ပြောင်းလဲပြောဆို လိုက်သည်။

“အရှင်မင်းကြီး... အကယ်၍ ယွမ်ရှန်းက ရောဂါကို ကုသနိုင်ခဲ့ရင် ကျွန်မဘက်က တောင်းဆိုချင်တဲ့ အခြေအနေ နှစ်ရပ်ကို အရှင်မင်းကြီး သဘောတူပေးဖို့ လိုပါလိမ့်မယ်။ စိတ်ချပါ ဒီအခြေအနေ နှစ်ရပ်က လွန်လွန်ကျူးကျူး မဟုတ်သလို အရှင်မင်းကြီး လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိပါတယ်”

ယွမ်ရှန်းက ကုသရန် မလောတကြီးဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

သူမက ဧကရာဇ်တန်ယွမ်နဲ့တောင် အပေးအယူ လုပ်ရဲတာလား။

ချောင်လုနန်းဆောင်အတွင်း၌ အံ့အားသင့်မှုများ လှိုင်းလုံးတစ်ခုသဖွယ် ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

ရွှမ်မိန်မိန်းက စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်သည်။

သေဘေးကို မကြောက်တဲ့သူပဲ သူမရဲ့ ဆေးပညာက တကယ်ပဲ အနှိုင်းမဲ့နေတယ်လို့ ထင်နေတာလား။ ဘုရင်နဲ့ နီးစပ်ရတာက ကျားနဲ့ အတူနေရသလိုပဲ။ ဧကရာဇ်တန်ယွမ်သာ ဒေါသထွက်သွားရင် သူမကို ချက်ချင်း သတ်ပစ်နိုင်တယ်။

ဧကရာဇ်တန်ယွမ်သည်လည်း သာမန်လူတစ်ဦးက သူ့ကို အပေးအယူ လာလုပ်သဖြင့် ဒေါသတချို့ ထွက်လာခဲ့သည်။

“ခမည်းတော်... နတ်ဆေးဆရာမယွမ်ရဲ့ အခြေအနေ နှစ်ရပ်ကို ကျေးဇူးပြုပြီး သဘောတူပေးပါ”

အိမ်ရှေ့မင်းသား လီချန်းသည် ယွမ်ရှန်းသည် သူ၏မယ်တော်အတွက် ကြိုတင်သတ်မှတ်ထားသော မွန်မြတ်သူဖြစ်ကြောင်း ကြားသည်နှင့် ချက်ချင်း ရှေ့ထွက်ကာ အသနားခံ တောင်းပန်ပေးလိုက်တော့သည်။

ဧကရာဇ်တန်ယွမ်က သူ၏ဒေါသကို မျိုသိပ်လိုက်ရင်း "ဘာအခြေအနေတွေလဲ" ဟု မေးလိုက်သည်။

"အကယ်၍ ကျွန်မသာ မိဖုရားကြီးမင်ကို ကုသပေးနိုင်ခဲ့ရင် အရှင်မင်းကြီးက ကျွန်မကို တော်ဝင်ဆေးဆရာ ရာထူး ခန့်အပ်ပေးရပါမယ်။ ပြီးတော့ ကျွန်မက နာမည်ကျော်ဖို့ ကြိုးစားနေတဲ့ လူလိမ်တစ်ယောက် မဟုတ်ဘူးဆိုတာကိုလည်း တစ်လောကလုံးသိအောင် သက်သေပြပေးရပါမယ်"

ယွမ်ရှန်းက ဒုတိယမင်းသား လီရှောင်ကို တစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်သည်။

ယွမ်ရှန်းသည် အမျိုးသမီးတစ်ဦး ဖြစ်သည့်အားလျော်စွာ မိန်းမသားတို့၏ သဘာဝအတိုင်း အငြိုးအတေး ထားတတ်သည့် အားနည်းချက်လေးတော့ ရှိသည်။

ထို့အပြင် သူမသည် ယခုအခါ ဆေးဧကရာဇ်ခန်းမကို အငြိုးထားမိခဲ့ပြီး ဖြစ်ရာ ဆေးပညာဆိုင်ရာ စာမေးပွဲများ ဖြေဆိုရန်မှာလည်း လက်လှမ်းမမီနိုင်တော့ပေ။ သာမန်ဆေးဆရာဘဝဖြင့် အမြဲရပ်တည်နေရန်မှာလည်း အဖြေမဟုတ်သဖြင့် ဖြတ်လမ်းနည်းဖြင့် ကုသမှုပေးရင်း အဆက်အသွယ်ကောင်းများကို အသုံးချကာ တော်ဝင်ဆေးဆရာအဆင့်သို့ တိုက်ရိုက်ခုန်တက်ရန် ကြံရွယ်လိုက်ခြင်းပင်။

ဒုတိယမင်းသား လီရှောင်သည် ယွမ်ရှန်း၏ စကားများကို ကြားသည်နှင့် သူမသည် စောစောက သူ၏စွပ်စွဲချက်များကို ပြန်လည်ပစ်မှတ်ထားနေကြောင်း သိလိုက်သည်။ သူ၏ရင်ထဲ၌ မကျေမနပ်ဖြစ်သွားသော်လည်း လူပုံအလယ်တွင် ပေါ်တင်ငြင်းခုံ၍ မရသဖြင့် ဘေးတစ်ဖက်တွင်သာ အံကြိတ်၍ နေလိုက်ရတော့သည်။

"ဒါက လွယ်ကူတဲ့ ကိစ္စပဲ။ ငါ့ရဲ့ တော်ဝင်ဆေးဆရာတွေတောင် မတတ်နိုင်တာကို မင်းကုသနိုင်ခဲ့ရင် မင်းရဲ့အရည်အချင်းက တော်ဝင်ဆေးဆရာထက် သာလွန်နေပြီဆိုတာ ထင်ရှားတယ်။ ကောင်းပြီ... အကယ်၍ မင်းသာ မိဖုရားကြီးမင်ကို ကုနိုင်ရင် မင်းကို တန်ယွမ်နိုင်ငံရဲ့ နိုင်ငံတော်ဆေးဆရာကြီးအဖြစ် ငါခန့်အပ်မယ်"

ဧကရာဇ်မင်းမြတ်၏ စကားက အတည်ဖြစ်ရာ ဧကရာဇ်၏ မိန့်ခွန်းအဆုံးတွင် ယွမ်ရှန်းပင်လျှင် အနည်းငယ် မှင်တက်သွားပြီး ဝမ်းသာပီတိ ဖြစ်သွားရသည်။ ဘေးရှိ ရူယီမှာမူ ပို၍ပင် အံ့အားသင့်သွားတော့သည်။

သာမန်ဆေးဆရာဘဝမှသည် လှည့်လည်ဆေးကုသူ၊ နယ်လှည့်ဆေးဆရာနှင့် တော်ဝင်ဆေးဆရာ အဆင့်များကို ကျော်ဖြတ်ကာ နိုင်ငံတော်ဆေးဆရာကြီး ရာထူးအထိ တစ်ဟုန်ထိုး တက်လှမ်းသွားခြင်းမှာ တစ်ိုက်လုံးရှိ မည်သည့်ဆေးဆရာမျှ မလုပ်နိုင်ခဲ့ဖူးသော အမြန်နှုန်းပင်။

ယန်မျိုးနွယ် ဆေးဆရာမလေးမှာ အမှန်တကယ်ပင် ပြတ်သားသည်။

ရွှမ်မိန်မိန်းသည်လည်း ဒေါသများ ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။ ယွမ်ရှန်းက ဧကရာဇ်ကို အမျက်ထွက်စေမည့်အစား နိုင်ငံတော်ဆေးဆရာကြီးအဖြစ် ဂုဏ်ပြုခံရတော့မည့် အခြေအနေကို သူမ မမျှော်လင့်ထားခဲ့ပေ။ အသက်ကိုးနှစ်အရွယ်နှင့် နိုင်ငံတော်ဆေးဆရာကြီး ဖြစ်လာခြင်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်လိုက်သကဲ့သို့ပင်။

ယွမ်ပုဖော်ကမူ စိုးရိမ်ပူပန်သော အမူအရာ ပြည့်နှက်နေသည်။ ယွမ်ရှန်း၏ ဆေးပညာမှာ လောကတွင် အနှိုင်းမဲ့ကြောင်း သူ၏ခဲအိုထံမှ ကြားဖူးသော်လည်း သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ မိဖုရားကြီးမင် ခံစားနေရသော ဝေဒနာမှာ ပြင်းထန်လှသလို မည်သည့်လက္ခဏာမျှလည်း ရှာမတွေ့နိုင်ပေ။

အကယ်၍ အဆိပ်မိခြင်းဆိုလျှင်လည်း မနေ့ညက တည်ခင်းပွဲတွင် သူနှင့် ရွှမ်မိန်မိန်းတို့ပါ ရှိနေခဲ့ကြသည်။ ဒုတိယမင်းသား လီရှောင်အနေဖြင့် ပွဲတစ်လျှောက်လုံး အဆိပ်ခတ်ရန် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခဲ့သလို အခွင့်အရေးလည်း မရှိခဲ့ပေ။ မိဖုရားကြီးမင်၏ အစားအစာကို သီးသန့်အဆိပ်ခတ်ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။ အဘယ်ကြောင့်ဆိုသော် နန်းတွင်း၌ အစားအသောက်တိုင်းကို မြည်းစမ်းပေးရသည့် အစေခံများ ရှိနေခြင်းကြောင့်ပင်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

ယွမ်ရှန်းက တည်ငြိမ်သော အမူအရာဖြင့်ပင် ဆက်ပြောလိုက်သည်။

"ကျွန်မမှာ နောက်ထပ် အခြေအနေတစ်ခု ရှိပါသေးတယ်။ အကယ်၍ ကျွန်မ မိဖုရားကြီးကို ကုသနိုင်ခဲ့ရင် ကျွန်မရဲ့ ဆေးပညာက အမှန်တကယ် ထူးခြားတယ်ဆိုတာ သက်သေပြပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ စောစောက ဒုတိယမင်းသားက ကျွန်မရဲ့ဆရာကို လူလိမ်လို့ ပေါ်တင် စော်ကားခဲ့ပါတယ်။ ဥပဒေအရဆိုရင် မင်းသားနဲ့ သာမန်လူက ပြစ်မှုကျူးလွန်ရင် တန်းတူ အပြစ်ပေးခံရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒုတိယမင်းသားက ကျွန်မကို လက်ဖက်ရည်ငှဲ့ပေးပြီး တောင်းပန်ရပါမယ်"

ရှူး...

ချောင်လုနန်းဆောင်တစ်ခုလုံး ရုတ်တရက် သေလုမတတ် တိတ်ဆိတ်သွားတော့သည်။ ရောက်ရှိနေသူတိုင်းမှာလည်း ရင်ထဲတွင် အေးစိမ့်သွားရသည်။ ဒေါသကြောင့် မျက်နှာများ ပြာနှမ်းနေသည့် လီရှောင်နှင့် မိဖုရားကြီးစူးတို့မှလွဲ၍ ကျန်ရှိသူတိုင်းမှာမူ ယွမ်ရှန်း၏ ရဲတင်းမှုကို ရင်ထဲမှနေ၍ လက်မထောင်ကာ ချီးကျူးနေကြသည်။

လီရှောင်သည် အချစ်တော်မင်းသား ဖြစ်သော်လည်း တန်ယွမ်တစ်နိုင်ငံလုံးတွင် သူ့ကို ဤကဲ့သို့ ရဲရဲဝံ့ဝံ့ ပြောဆိုရဲသူ မည်သူမျှ မရှိခဲ့ပေ။

"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ သာမန်လူတစ်ယောက်က ငါ့ရဲ့ သားတော်ကို တောင်းပန်ခိုင်းရဲတယ်ပေါ့"

မိဖုရားကြီးစူး၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေတော့သည်။ သူမ၏ အသည်းကျော် သားတော်လေးကို သူမကိုယ်တိုင်ပင် ရေတစ်ခွက်မငှဲ့ခိုင်းခဲ့ဖူးရာ ယခုကဲ့သို့ နိမ့်ကျသော သာမန်လူတစ်ဦးက ဤသို့ တောင်းဆိုလာခြင်းကို သူမ မခံစားနိုင်ပေ။

"ဪ..."

ယွမ်ရှန်းက လေသံကို ဆွဲလိုက်ပြီး ဒေါသထွက်နေသည့် မိဖုရားကြီးစူးကို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်။

"မိဖုရားကြီးစူးက မိဖုရားကြီးမင်ရဲ့ အသက်က ဒုတိယမင်းသားရဲ့ တောင်းပန်မှုလေး တစ်ခုလောက်တောင် တန်ဖိုးမရှိဘူးလို့ ထင်နေတာလား။ ဒုတိယမင်းသားက တကယ်ပဲ အဖိုးတန်

လွန်းနေတာပဲ။ သူငှဲ့ပေးမယ့် လက်ဖက်ရည်တစ်ခွက်က မိဖုရားကြီးမင်ရဲ့ အသက်ထက်တောင် ပိုတန်ဖိုးရှိနေတယ် ထင်ပါရဲ့"

ယွမ်ပုဖော်နှင့် ရူယီတို့မှာ ယွမ်ရှန်းအတွက် ချွေးပြန်နေကြရသည်။

သူမက အရမ်း ရဲတင်းလွန်းနေတာ မဟုတ်ဘူးလား။

ဤသည်မှာ မီးနှင့်ကစားနေခြင်းပင်။ ဧကရာဇ်တန်ယွမ်၏ မျက်နှာတွင်လည်း ဒေါသရိပ်များ ဖုံးလွှမ်းသွားသည်။ သူသည်လည်း မိဖုရားကြီးစူးနှင့် ဒုတိယမင်းသားတို့မှာ အသေးအဖွဲကိစ္စကို ပုံကြီးချဲ့နေသည်ဟု ခံစားလိုက်ရသည်။

"ခမည်းတော်... မယ်တော်ကြီးရဲ့ အသက်က စိုးရိမ်နေရပါပြီ။ ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးတော်မူပါ"

ထိုအခြေအနေကို မြင်သောအခါ အိမ်ရှေ့မင်းသား လီချန်းနှင့် နန်းတွင်းအစေခံတစ်စုလုံး ဒူးထောက်ကာ အသနားခံကြတော့သည်။

ဒုတိယမင်းသား လီရှောင်သည် အံကြိတ်ရင်း ယနေ့တွင် သူသည် ယွမ်ရှန်း၏ အကွက်ထဲ၌ အရှုံးပေးလိုက်ရပြီဖြစ်ကြောင်း ရင်ထဲမှ သိလိုက်ရသည်။ ရွေးချယ်စရာ မရှိတော့သဖြင့် သူက မကျေမနပ်ဖြင့်သာ ပြောလိုက်ရတော့သည်။

"အကယ်၍ မင်းသာ မိဖုရားကြီးကို ကုသနိုင်ရင် ငါကိုယ်တိုင် လက်ဖက်ရည်ငှဲ့ပြီး တောင်းပန်မယ်။ ဒါပေမဲ့ မင်းမကုနိုင်ခဲ့ရင်တော့ ငါ့ရဲ့ အပြစ်ပေးမှုကို ခံဖို့သာ ပြင်ထားပေတော့"

All Chapters