← Chapters

အခန်း (၄၆၀)

Vol. 46 Ch. 460

အခန်း (၄၆၀)

Vol. 46 Ch. 460

အခန်း။ ၄၆၀

“ဒုတိယမင်းသား... စိတ်ချပါ ကျွန်မကတော့ ရှင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

ယွမ်ရှန်းသည် လှောင်ရိပ်သန်းသော အပြုံးဖြင့် ဆိုပြီးနောက် မိဖုရားကြီးမင်ကို စစ်ဆေးရန် ချောင်လုနန်းဆောင်၏ အိပ်ဆောင်အတွင်းသို့ နောက်ဆုံးတွင် ဝင်ရောက်သွားတော့သည်။

အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ချောင်လုနန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ခြင်းအတိ ဖုံးလွှမ်းနေသည်။ အိပ်ဆောင်အတွင်း၌ ယွမ်ရှန်းသည် မိဖုရားကြီးမင်၏ ကျန်းမာရေးအခြေအနေကို သေချာစွာ စူးစမ်းစစ်ဆေးနေသည်။ သူမသည် မျက်မှောင်ကြုတ်လျက် ကုတင်နားမှ ထရပ်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။

အိမ်ရှေ့မင်းသား လီချန်းသည် အလောတကြီး ပြေးလာပြီး စိုးရိမ်တကြီး မေးမြန်းတော့သည်။

“နတ်ဆေးဆရာမယွမ်... ကျွန်တော့်မယ်တော်မှာ ဘာဝေဒနာ ခံစားနေရတာလဲ”

“မိဖုရားကြီးမင်ရဲ့ အခြေအနေက ဖျားနာတာ မဟုတ်ပါဘူး”

ယွမ်ရှန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။

“ဒါဆို အဆိပ်မိတာလား”

လီချန်းက ထပ်မံအတင်းအကျပ် မေးလိုက်ပြန်သည်။

“အဆိပ်လည်း မဟုတ်ပါဘူး”

ယွမ်ရှန်းက ချောင်လုနန်းဆောင်ကို ကြည့်ရင်း သူမ၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားသည်။

သူမ အကြီးအကျယ် စဉ်းစားရကျပ်နေသည်ကို မြင်သောအခါ ဒုတိယမင်းသား လီရှောင်က လှောင်ပြောင်သော လေသံဖြင့် ဝင်ပြောတော့သည်။

“ရောဂါလည်းမဟုတ် အဆိပ်လည်းမဟုတ်ဘူးဆိုရင်တော့ ယွမ်ရှန်း... မင်း မိဖုရားကြီးမှာ ဘာဖြစ်နေလဲဆိုတာကို မသိတာပဲ ဖြစ်ရမယ်။ မင်းကိုယ်မင်း လူလိမ်တစ်ယောက်ဆိုတာ ဝန်ခံလိုက်စမ်းပါ”

“မနေ့ညက မိဖုရားကြီးနဲ့အတူ တည်ခင်းပွဲမှာ ရှိနေခဲ့တဲ့သူတွေ အကုန်လုံး ဘယ်သူတွေလဲ။ နန်းတွင်းအစေခံတွေနဲ့ ထမင်းချက်တွေအပါအဝင် အကုန်လုံး ရှေ့ထွက်ခဲ့ကြပါ”

ယွမ်ရှန်းသည် လီရှောင်ကို လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်သည်။ အမှန်စင်စစ် သူမ နန်းတော်ထဲသို့ စတင်ဝင်ရောက်လာကတည်းက မိဖုရားကြီးမင်၏ အခြေအနေနှင့် ပတ်သက်၍ တွေးဆချက်တစ်ခု ရှိနေခဲ့ပြီး ဖြစ်သည်။

စောစောက စစ်ဆေးမှုအပြီးတွင် သူမ ပို၍ပင် သေချာသွားခဲ့သည်။ သို့သော် အိပ်ဆောင်၏ အခင်းအကျင်းကို ကြည့်လိုက်ပြီးနောက်တွင်မူ သူမ၏ အတွေးမှာ ပြန်လည်ဝေဝါးသွားရပြန်သည်။

တည်ခင်းပွဲတွင် ရှိနေခဲ့သော နန်းတွင်းအစေခံများအားလုံး ရှေ့သို့ ထွက်လာကြသည်။ ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့လည်း အပါအဝင်ဖြစ်သလို လီချန်းနှင့် လီရှောင်တို့လည်း ရှေ့သို့ တိုးလာကြသည်။ မနေ့ညက မိဖုရားကြီးမင်၏ ရုတ်တရက် ဖြစ်ရပ်ကြောင့် မည်သူမျှ အိမ်ပြန်ရန်ပင် မသတိရကြဘဲ မနေ့က ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြဆဲပင်။

ယွမ်ရှန်းသည် နန်းတွင်းအစေခံအချို့၏ လက်နှင့် အဝတ်အစားများကို အရင်ဆုံး စစ်ဆေးလိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ ထို့နောက် ယွမ်ပုဖော်နှင့် လီချန်းတို့ကို ဆက်လက်စစ်ဆေးသော်လည်း ဘာမျှ မတွေ့ရှိရပြန်ချေ။

နောက်တစ်ဦးမှာမူ ဒုတိယမင်းသား လီရှောင်ပင်။ ယွမ်ရှန်း၏ အရှက်ခွဲမှုကို ခံထားရသဖြင့် လီရှောင်သည် ဒေါသဖြင့် တောက်လောင်နေပြီး သူမကို စူးစိုက်ကြည့်နေသည်။ သူသည် ပုံမှန်အားဖြင့် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သော်လည်း ယွမ်ရှန်းနှင့် တွေ့လျှင်မူ အလွယ်တကူပင် ဒေါသထွက်တတ်နေတော့သည်။

“လက်ကလေး ဖြန့်ပေးပါ ဒုတိယမင်းသား”

ယွမ်ရှန်းသည် အလုပ်သဘောအတိုင်း တည်ငြိမ်စွာပြောရင်း လီရှောင်၏ လက်များကို ဝန်လေးခြင်းမရှိဘဲ စတင်စစ်ဆေးတော့သည်။

ယွမ်ရှန်း၏ လက်ချောင်းလေးများမှာ အလွန်သွယ်လျလှကြောင်း လီရှောင် သတိပြုမိသွားသည်။ သူမ သူ၏ဘေးတွင် ရပ်နေစဉ် နန်းတွင်းရှိ အမျိုးသမီးများ အသုံးပြုလေ့ရှိသော နံ့သာမှုန့်၊ နှုတ်ခမ်းနီနံ့များနှင့် မတူဘဲ ဆန်းသစ်သော ရနံ့တစ်မျိုးက သူ၏နှာခေါင်းဝသို့ လွင့်ပျံလာခဲ့သည်။

“မိန်းကလေးရွှမ်... ရှင့်အလှည့်ပဲ”

ယွမ်ရှန်းသည် လူအတော်များများကို စစ်ဆေးပြီးသွားပြီဖြစ်ရာ ရွှမ်မိန်မိန်း တစ်ဦးတည်းသာ ကျန်တော့သည်။ အကယ်၍ ယခုတစ်ကြိမ်တွင်မှ အတည်မပြုနိုင်ပါက သူမ၏ ယခင်တွေးဆချက်မှာ လုံးဝလွဲချော်သွားတော့မည်ပင်။

“ဟွန်း... ယန်မျိုးနွယ် မင်းရဲ့ လှည့်ကွက်တွေကို တော်လိုက်တော့။ ရောဂါကို မခွဲခြားနိုင်ဘူးဆိုရင်လည်း အခုပဲ ဝန်ခံလိုက်စမ်းပါ”

ရွှမ်မိန်မိန်းသည် ယွမ်ရှန်း၏ စစ်ဆေးမှုကို မခံလိုသဖြင့် ထွက်ခွာရန် ဟန်ပြင်လိုက်လေတော့သည်။

ယွမ်ရှန်းက ရုတ်တရက် ရွှမ်မိန်မိန်း၏လက်ကို ဖမ်းဆွဲလိုက်ပြီး

“တွေ့ပြီ... မိန်းကလေးရွှမ် မိဖုရားကြီးရဲ့ ဝေဒနာဇစ်မြစ်က ရှင့်ဆီမှာပဲ ရှိနေတာပဲ”

“ဘာ... ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက မိဖုရားကြီးကို အဆိပ်ခတ်တယ်လို့ မင်းပြောချင်တာလား”

ရွှမ်မိန်မိန်း၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။ သူမသည် မည်သူ့ကိုမျှ အဆိပ်မခတ်ခဲ့သဖြင့် ဒေါသတကြီး လက်ကိုမြှောက်ကာ ယွမ်ရှန်း၏ပါးကို ရိုက်ရန် ကြိုးစားလိုက်သည်။

“ဒီမိန်းမယုတ်... နင် ငါ့ကို မဟုတ်မတရား စွပ်စွဲနေတာပဲ”

ယွမ်ရှန်းက သူမကို စိတ်ထင်တိုင်း ပရမ်းပတာ လုပ်ခွင့်မပေးဘဲ ရွှမ်မိန်မိန်း၏လက်ကို တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ထားလိုက်သည်။ သူမ၏အတွင်းမှ အမှောင်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ ရွှမ်မိန်မိန်း၏ လက်မောင်းဆီသို့ တည့်တည့်တိုးဝင်သွားသည်။ ရွှမ်မိန်မိန်းသည် သူမ၏လက်မောင်း တစ်ခုလုံး ရုတ်တရက် ထုံကျင်သွားကာ မည်သည့်အားမျှ မထုတ်နိုင်တော့ပေ။

ဧကရာဇ်ဟုန်မြို့တော် အရှင်သခင်၏ သမီးတော်ဖြစ်သဖြင့် သူမနှင့်တွေ့ဆုံသူတိုင်းက ရိုသေလေးစားစွာ ဆက်ဆံခဲ့ကြသော်လည်း ယနေ့တွင်မူ မကြုံစဖူးသော အရှက်ခွဲမှုကို ခံလိုက်ရသည်။ သူမသည် မခံမရပ်နိုင်ဖြစ်ကာ ငိုယို၍ အော်ဟစ်တော့သည်။

“အစ်ကိုပုဖော်... အိမ်ရှေ့မင်းသား... ဒုတိယမင်းသား... ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးကြပါဦး။ ကျွန်မ အဆိပ်မခတ်ပါဘူး ကျွန်မ မလုပ်ခဲ့ပါဘူး”

ရွှမ်မိန်မိန်းက အဆိပ်ခတ်ခဲ့တာလား။

ယွမ်ပုဖော်သည်လည်း အံ့အားသင့်သွားပြီး ရွှမ်မိန်မိန်းကို ထူမရန် အမြန်ရှေ့တိုးလာခဲ့သည်။

“ယွမ်ရှန်း... တစ်ခုခု မှားနေတာများလား။ မိန်မိန်းက မိဖုရားကြီးမင်အပေါ် ရန်ငြိုးမရှိပါဘူး။ ဘာလို့ ဒုက္ခပေးမှာလဲ။ ဒါ့အပြင် ငါတို့အားလုံးလည်း အဲဒီအချိန်မှာ ရှိနေတာပဲ။ သူ အဆိပ်ခတ်တဲ့ လက္ခဏာလည်း မတွေ့ခဲ့ရပါဘူး”

ယွမ်ရှန်းက ပခုံးတွန့်ပြလိုက်ရင်း

“ကျွန်မက ရောဂါဇစ်မြစ်က သူမနဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောတာပါ။ သူမ အဆိပ်ခတ်ခဲ့တယ်လို့ မပြောခဲ့ပါဘူး”

ထိုစကားကို ကြားသည်နှင့် ရွှမ်မိန်မိန်းက ငိုယိုနေသည်ကို ချက်ချင်းရပ်လိုက်ပြီး မျက်လုံးထဲ၌ ဒေါသရိပ်များဖြင့်

“ယွမ်ရှန်း... မင်း ဘာကို ဆိုလိုတာလဲ”

ဘေးတွင် ရှိနေသူများမှာလည်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။

“အိမ်ရှေ့မင်းသား... မိဖုရားကြီးမင်က ပန်းဝတ်မှုန်တွေနဲ့ မတည့်ဘူး မဟုတ်လား”

ယွမ်ရှန်းက တိုက်ရိုက် မဖြေဘဲ အိမ်ရှေ့မင်းသားကို ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

ယွမ်ရှန်းသည် စကားပြောပြီးမှပင် သူမ အမှားတစ်ခု လုပ်မိသွားကြောင်း သိလိုက်သည်။ ဓာတ်မတည့်ခြင်းဆိုသည့် အသုံးအနှုန်းကို ဝူကျိတိုက်ကြီးပေါ်ရှိ လူများ သိကြလိမ့်မည် မဟုတ်ပေ။

အိမ်ရှေ့မင်းသားမှာလည်း ဝေခွဲမရဖြစ်နေသော်လည်း ပန်းများအကြောင်း ကြားလိုက်ရချိန်တွင် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။

“မယ်တော်က ပန်းတွေကို သိပ်မကြိုက်ဘူး။ သူ့ရဲ့ အိပ်ဆောင်ထဲမှာရော နေ့စဉ်သုံးတဲ့ အလှကုန်တွေမှာရော ပန်းရနံ့တွေ မပါဘူး”

မိဖုရားကြီးမင်၏ အိပ်ဆောင်သည် အခြားကိုယ်လုပ်တော်များ၏ အဆောင်များနှင့်မတူဘဲ မည်သည့်ပန်းပင်မျှ မရှိဘဲ အိုးဖြင့်စိုက်ထားသော ထင်ရှူးပင်နှင့် ဝါးပင်များသာ ရှိသည်ကို ယွမ်ရှန်း သတိပြုမိခဲ့သည်။

“အဲဒါက မိဖုရားကြီးမင်က ပန်းဝတ်မှုန်တွေကို လက်မခံနိုင်လို့ပါပဲ။ အကယ်၍ အိမ်ရှေ့မင်းသား မသိရင်တောင် သူမကို အနီးကပ် ပြုစုရတဲ့ အစေခံတွေ သိပါလိမ့်မယ်”

ယွမ်ရှန်းက မိဖုရားကြီးမင်ကို ပြုစုသည့် ဝါရင့်အမျိုးသမီးအရာရှိတစ်ဦးကို ခေါ်ယူမေးမြန်းရာ ပန်းဝတ်မှုန်နှင့် ထိတွေ့မိပါက မိဖုရားကြီး၏ မျက်နှာမှာ ဖောယောင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ယားယံတတ်သောကြောင့် မိဖုရားကြီးက ပန်းများကို မနှစ်မြို့ကြောင်း ဝန်ခံခဲ့သည်။

ရှေးခေတ်လူများမှာမူ ယင်းသည် ဓာတ်မတည့်ခြင်း ဖြစ်သည်ကို နားမလည်ကြပေ။ ထိုစကားကို ကြားသောအခါ ရွှမ်မိန်မိန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

“ကျွန်မ နန်းတော်ထဲကို ဝင်လာတုန်းက ပန်းတစ်ပွင့် ခူးလာခဲ့မိတယ်။ ဒါပေမဲ့ အဲဒါက သာမန်

ပန်းလေး တစ်ပွင့်ပါပဲ ဘယ်လိုလုပ်ပြီး...”

ထိုစဉ်က သူမသည် ယွမ်ရှန်းကို ချစ်သူဟု ခေါ်ဆိုခဲ့သော ယွမ်ပုဖော်ကို မနာလိုဖြစ်ပြီး စိတ်တိုတိုနှင့် ပန်းတစ်ပွင့်ကို ဆွဲဖြုတ်ဖျက်ဆီးခဲ့မိခြင်းပင်။

“ရှင် ဆွဲဖြုတ်ခဲ့တဲ့ ပန်းက သာမန်ပန်း မဟုတ်ဘူး။ အဲဒါကို ယူထန်လို့ ခေါ်တယ်။ ပန်းဝတ်မှုန်တွေ အလွန်များတဲ့ ပန်းအမျိုးအစားပဲ။ ရှင်နဲ့တွေ့ပြီးနောက် မိဖုရားကြီးမင်က ရင်းရင်းနှီးနှီး နှုတ်ဆက်ဖို့ ရှင့်လက်ကို ဆွဲမိတဲ့အခါ ပန်းဝတ်မှုန်တွေနဲ့ မတော်တဆ ထိတွေ့မိသွားခဲ့တာ။ အဲဒီညက တည်ခင်းပွဲမှာ စားသုံးခဲ့တဲ့ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ မြေပဲတွေလိုမျိုး ဓာတ်မတည့်မှုကို ပိုဆိုးစေတဲ့ အစားအစာတွေနဲ့ ပေါင်းစပ်မိသွားတဲ့အခါမှာတော့ ပြင်းထန်တဲ့ ဓာတ်မတည့်မှု ဖြစ်ပေါ်ပြီး သတိလစ် မေ့မြောသွားရတာပါပဲ”

ယွမ်ရှန်း၏ ရှင်းပြချက်အဆုံးတွင် အိပ်ဆောင်အတွင်းမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ နန်းတွင်းအစေခံအချို့မှာ ပျော်ရွှင်စွာ ပြေးထွက်လာကြပြီး

“နိုးလာပြီ နတ်ဆေးဆရာမယွမ်ရဲ့ ညွှန်ကြားချက်အတိုင်း ဥယျာဉ်ထဲက လတ်ဆတ်တဲ့ ပျားရည်ကို တိုက်ကျွေးလိုက်တာ မိဖုရားကြီး တကယ်ပဲ နိုးလာပါပြီ”

ထိုအခါ အိမ်ရှေ့မင်းသား လီချန်းသည် ဝမ်းသာအားရဖြင့် အထဲသို့ ပြေးဝင်သွားတော့သည်။ ဧကရာဇ်တန်ယွမ်သည်လည်း လိုက်ပါသွားခဲ့သည်။

မိဖုရားကြီးမင်မှာ အမှန်ပင် သတိပြန်လည်လာခဲ့ပြီး စိုးရိမ်တကြီး ကြည့်နေသော အိမ်ရှေ့မင်းသားနှင့် ဧကရာဇ်ကို မြင်သောအခါ အားနည်းစွာ ပြုံးပြလိုက်သည်။

“မယုံနိုင်စရာပဲ ယွမ်ရှန်း... မင်း အဲဒီနေရာမှာ မရှိဘဲနဲ့ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်လို သိနေတာလဲ။ ပြီးတော့ မင်းပြောတဲ့ ဓာတ်မတည့်တာနဲ့ သတိလစ်တာတွေက ပျားရည်နဲ့တင် ကုလို့ရတာလား”

ယွမ်ပုဖော်မှာ မယုံနိုင်လောက်အောင် အံ့အားသင့်နေရသည်။ ဆေးဆရာတစ်ဦးအနေဖြင့် အပ်စိုက်ကုသခြင်း သို့မဟုတ် ခါးသက်သော ဆေးများဖြင့်သာ ကုသရမည်ဟု သူသိထားသော်လည်း ယွမ်ရှန်းက မည်သည့်အရာကိုမျှ အသုံးမပြုဘဲ လူများကို စစ်ဆေးရုံ၊ အဝတ်အစားနှင့် လက်များကို အနံ့ခံကြည့်ရုံမျှဖြင့် အဖြေရှာနိုင်ခဲ့ခြင်းကို သူ အံ့ဩနေမိသည်။

ရွှမ်မိန်မိန်း၏ မျက်နှာမှာ ဖြူလျော်နေပြီး လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ မိဖုရားကြီးမင်၏ ဝေဒနာမှာ သူမကြောင့် မဟုတ်သော်လည်း အစ်ကိုပုဖော်နှင့် အိမ်ရှေ့မင်းသားတို့က သူမကို အပြစ်တင်သလို ကြည့်နေကြသည်ကို သူမ ခံစားနေရသည်။

"မိဖုရားကြီးမင်ဆိုတဲ့ အဘွားကြီးက ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်မှန်း ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

All Chapters