← Chapters

ဆုလာဘ်နောက်တစ်ခု

Vol. 9 Ch. 81

ဆုလာဘ်နောက်တစ်ခု

Vol. 9 Ch. 81

နောက်ဆုံးတော့လည်း လီနန်ခယ့်၏ နှစ်ကိုယ်ယှဥ်တွဲကျင့်ကြံခြင်းလေးမှာ ဇနီးသည်၏ ခေါင်းခေါက်သံဂွပ်ခနဲနှင့် အဆုံးသတ်လိုက်ရလေတော့၏။

ရေကန်ဘေးတွင် ကျော့ရှင်းကော့စင်းစွာရပ်နေသော ငန်းမမကြီးက ခေါင်းကိုနာနာပွတ်ရင်း အဝေးသို့ သုတ်ချေတင်ထွက်ပြေးသွားသော လီနန်ခယ့်ကိုမြင်သော် ဝမ်းသားအားရ အော်မြည်ဟစ်ကြွေးလေသည်။

သို့သော် ဆယ်စက္ကန့်လောက်မှအော်လို့မပြီးသေး၊ သူ့အနားသို့ အုတ်နီတစ်ခဲကိုင်ကာ အပြေးရောက်လာသော ထိုအမျိုးသားကြောင့် ငန်းမမကြီးမှာ ရေကန်ထဲသို့ ကြောက်လန့်တကြားခုန်ဆင်းသွားလိုက်ရသည်။

အနောက်ကိုလှည့်ကြည့်သော် ယခုလေးတင် သူမကိုအသက်စွန့်ကာကွယ်ပြီး ရန်သူလက်ထဲကျရောက်ကာ မြေပေါ်ပက်လက်လှန်လူးလှိမ့်နေရသော လိပ်ဆရာကြီးကိုမြင်တော့ ငန်းမမကြီးမျက်လုံးများ တဖြည်းဖြည်းစတင်နူးညံ့လာသည်။

ဒီချီးထုပ်လိပ်အိုကြီး သစ္စာတော့ရှိသားပဲ ဟမ့်

လိပ်ဆရာကြီးနှင့် စာရင်းရှင်းပြီးနောက် လီနန်ခယ့်သူ့ဇနီးဆီသွားကာ အတည်ပေါက်ဟစ်ကြွေးလေသည်။

"ကိုယ်နောက်နေတာမဟုတ်ဘူး။ ကိုယ်သာတကယ်အောင်မြင်သွားရင် အခုလက်ရှိရုပ်ရည်နဲ့ ဉာဏ်ရည်တင်မက ကျင့်ကြံရေးမှာလည်း သာမန်မဟုတ်တဲ့အဆင့်ထိတက်ရောက်နိုင်ဦးမှာ။ အဲ့ဒီအခါကျမှ အန္တရာယ်ကြုံလာရင် ကိုယ့်အားကိုယ်ကိုးကာကွယ်နိုင်မှာ။ ဒါပေမဲ့ ကိုယ့်အသက်ဒီလောက်ကြီးတဲ့အထိ ကျင့်ကြံရေးမှာအခြေခံမပါခဲ့တာလေကွာ၊ တစ်ခုတည်းသောမျှော်လင့်စရာဆိုလို့ နှစ်ကိုယ်ယှဥ်တွဲကျင့်ကြံရေးပဲရှိတော့တာမဟုတ်လား။"

လော့ချန်းချိုးက ခေါင်းယမ်းသည်။

"ယောက်ျားရယ်၊ လက်တွေ့ကျကျတွေးစမ်းပါဦး။ ဒီလောကမှာ ကျင့်ကြံရေးကိုဖြတ်လမ်းနည်းလိုက်ဖို့ အဲ့လောက်လွယ်တာမဟုတ်ဘူး။ အကောင်းဆုံးဆိုတဲ့ပါရမီရှင်တောင် ကျင့်ကြံရေးလောကမှာအောင်မြင်ဖို့ အောက်သက်ကြေအောင်လေ့လာရတာရှင့်"

သို့သော် ခင်ပွန်းဖြစ်သူ မစခင်ကစိတ်ဓာတ်ကျသွားမည် စိုးလေသလားမသိ၊ သူမကထပ်ပြောလာသည်။

"နှစ်ကိုယ်တူယှဥ်တွဲကျင့်ကြံဖို့ကလည်း မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့လိုမရိုးဖြောင့်တဲ့ ကျင့်ကြံရေးအားဖြည့်နည်းတွေက တစ်ဖက်မှာအကျိုးရှိစေရင်တောင် တစ်ဖက်ကိုအန္တရာယ်ဖြစ်စေတဲ့ သက်ရောက်မှုတွေရှိနိုင်တယ်"

"နောက်ပြီး ရှေးရိုးနှစ်ကိုယ်တူကျင့်စဥ်တွေက လိုက်နာဖို့စည်းကမ်းတွေ အလွန်တင်းကျပ်တိကျတယ်။ ပထမအနေနဲ့ ထိပ်တန်းအဆင့်ထဲမှာမှ အမြင့်ဆုံးပါဆိုတဲ့ ကျင့်ကြံရေးနည်းလမ်းတွေလိုတယ်။ ဒုတိယအချက် တစ်ဖက်ကျင့်ကြံရေးအဖော်ကလည်း ရှာမှရှားလောက်အောင်ကောင်းမွန်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ပိုင်ဆိုင်ထားရပြန်ဦးမယ်။ ရှင်ပြောသလို မိန်းမတစ်ယောက်နဲ့အတူအိပ်ပြီး အလိုလိုခွန်အားတိုးသွားသလို ရိုးရှင်းနေတာမဟုတ်ဘူးရှင့်"

"အရာရှိလိန်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက အလွန်ထူးခြားတယ်ဆိုပေမဲ့ သူနဲ့ကျင့်ရင် ရှင့်အတွက် အိပ်ရာပေါ်ကသာယာမှုနဲ့ အပြင်ပန်းခွန်အားတချို့ကလွဲရင် အကျိုးကျေးဇူးတွေအားလုံးက သူ့ဆီပဲရောက်သွားမှာ"

စကားဝိုင်းက လိန်ရှင်းနန်ဆီအထိရောက်လာ‌တော့ လီနန်ခယ့်လက်အမြန်ယမ်းကာ တားလိုက်ရသည်။

"ဟုတ်ပြီ ကိုယ်နားလည်ပြီ။ မင်းပြောချင်တဲ့လိုရင်းက ဒီကျင့်ကြံရေးနည်းလမ်းက သိပ်လက်တွေ့မကျဘူးဆိုတာပဲမဟုတ်လား"

"လက်တွေ့မကျတာထက် ဖြစ်အောင်လုပ်ဖို့ အရမ်းခက်ခဲမဲ့အကြောင်း ရှင်းပြနေတာ"

လော့ချန်းချိုးက ထိုင်နေရင်း ခါးကိုမတ်လိုက်ပြီး အသံကလည်း ပိုလို့လေးနက်လာသည်။

နတ်ဆေးသမားတော်တစ်ပါးက ခက်သည်ဟုဆိုလာလျှင် အဓိပ္ပာယ်မှာ ဖြစ်ကိုမဖြစ်နိုင်ဟု ဖွင့်ဆိုရမည်ပင်။

လီနန်ခယ့် ထိုအကြံကိုလက်လျှော့လိုက်ပြီး ထပ်မေးလာသည်။

"ဒါဆို ကိုယ့်အတွက်လေ့ကျင့်ဖို့ လွယ်ကူလျင်မြန်တဲ့ ကျင့်ကြံရေးနည်းလမ်းလေးဘာလေး ထပ်မရှိတော့ဘူးလား"

အမျိုးသမီးက တစ်ခဏတွေးပြီးမှ ထရပ်ကာ အိမ်ထဲသို့ဝင်သွားသည်။

လက်ဖက်ရည်တစ်ခွက်သောက်စာမျှကြာပြီးအချိန်တွင် သူမသည် စာအုပ်အနည်းငယ်ကိုင်လျက်ပြန်ထွက်လာပြီး လီနန်ခယ့်ကိုကမ်းပေးလာ၏။

"ဆရာသခင်ချန်သွားတဲ့ ကျင့်ကြံရေးနည်းလမ်းတချိ့တော့ရှိတယ်။ ခက်ခဲမှုအဆင့်ကတော့ အကုန်အတူတူလောက်ပဲ။ ဒါပေမဲ့ ရှင်စိတ်ထဲတွေ့တာမျိုးရှိရင် ကျင့်ကြံကြည့်ပေ့ါ"

လီနန်ခယ့်မျက်လုံးများ လင်းလက်သွားပြီ စာအုပ်များကို အမြန်လှမ်းယူလိုက်သည်။

စာမျက်နှာတစ်ခုကိုလှန်ကြည့်ပြီးနောက် သူရုတ်တရတ်ပြန်မော့လာကာ မေးသည်။

"ဒါနဲ့ မင်းကျင့်ကြံဆင့်ကရော အရမ်းမြင့်တဲ့ထဲပါလား"

"ကျွန်မက ခန္ဓာကိုယ်အခြေအနေကြောင့် ကျင့်ကြံလို့မရပါဘူး"

လော့ချန်းချိုးက စိတ်နာနာဖြင့် ဆိုလေသည်။

လီနန်ခယ့်ကတော့ မယုံသင်္ကာဟန်ဖြင့်ဆို၏။

"မိန်းမတစ်ယောက်က လှလေလေ အလိမ်အညာပိုပြောလေလေပဲတဲ့"

လော့ချန်းချိုးက ကျက်သရေရှိစွာပြုံးသည်။

"ဒါဆို ကျွန်မကလိမ်တောင်မလိမ်ဖူးတဲ့ အဓိပ္ပာယ်ပေါ့"

ရွက်ကြမ်းရေကျိုဆန်လှသော ဇနီးသည်၏မျက်နှာကိုငေးကြည့်ရင်း လီနန်ခယ့်မြည်တမ်းမိသည်။

"ကိုယ့်မျက်လုံးထဲမှာတော့ မိန်းမက ဒီကမ္ဘာမှာအလှဆုံးအမျိုးသမီးပဲ"

လော့ချန်းချိုး တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် သူ့ကို အဓိပ္ပာယ်ပါပါပြန်ကြည့်လာပြီး ပုလဲလုံးတို့စီထားသည့်အလား ညီညာသည့်သွားတန်းလေးဖြင့် အောက်နှုတ်ခမ်းကိုဖိကိုက်ကာ အတည်ပေါက်လိုလို နောက်သလိုလို ဆိုလာ၏။

"ရှင်က မိန်းကလေးတွေစိတ်ကျေနပ်အောင်ပြောတတ်တဲ့နေရာမှာ ဆရာတစ်ဆူပဲနော်"

"မင်းအဲ့လိုထင်လား။ ကိုယ်ကတော့ စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တာပဲကို"

လီနန်ခယ့်က တုံးအအဟန်လေးဖြင့် တအံ့တသြဆိုလေသည်။

သူ့မိန်းမ ထပ်ပြီးစစ်မေးမလာခင် လီနန်ခယ့် လက်ထဲကစာအုပ်ကိုတဖျပ်ဖျပ်လှန်ကာ သေချာဖတ်ရှုဖို့ပြင်လိုက်သည်။

လော့ချန်းချိုး ပြန်လည်ချေပရန်ပြင်လိုက်သော်ငြား စာဖတ်နေသောသူကို ထပ်မနှောင့်ယှက်ဖို့သာဆုံးဖြတ်လိုက်သည်။

ထိုကျင့်ကြံရေးနည်းလမ်းများမှာ အခြေခံအဆင့်များသာဖြစ်၏။ သူတော်စင်လက်နှစ်ချောင်း၊ မုန်တိုင်းခြေထောက်၊ 'ရွှင်'လေပြင်းဓားသိုင်း စသည်ဖြင့်။ လီနန်ခယ့် အချိန်တော်တော်ကြာလိုက်ကြည့်နေသော်လည်း သူလိုချင်သည့်ပုံစံမျိုးကို ရှာမတွေ့နိုင်သေး။

"နောက်ထပ်ရှိသေးလား"

"မရှိတော့ဘူး"

လော့ချန်းချိုးက ခေါင်းယမ်းပြလာသည်။

ခင်ပွန်းဖြစ်သူ အခက်တွေ့နေဟန်ရှိသော် အမျိုးသမီးကအကြံပေးလာသည်။

"ထပ်ရှာမနေပါနဲ့တော့။ ဒီကျင့်စဥ်တွေကလည်း လွယ်သလိုရှိပေမဲ့ ကျွမ်းကျင်ဖို့ဆို လချီနှစ်ချီလေ့ကျင့်ရတဲ့နည်းလမ်းတွေပဲ။ တကယ်လုပ်ကြည့်ရင်း အရမ်းခက်တယ်"

လီနန်ခယ့် သူ့ပေါင်သူရိုက်ချလိုက်ပြီး မတ်တပ်ရပ်လျက်ကြေညာလေသည်။

"အောင်မြင်မှုကိုလိုချင်တဲ့ယောက်ျားတစ်ယောက်ဆိုတာ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေ အရာအားလုံးကိုတောင့်ခံနိုင်တဲ့သူဖြစ်ရမှာ၊ ဒီလိုအသေးအမွှားလေးလောက်တော့ ဘာကိုမှုနေလိမ့်မလဲ။ ငါလီနန်ခယ့်က ညံ့တဲ့နေရာတွေရှိပေမဲ့ အခက်အခဲကိုတောင့်ခံနိုင်စွမ်းမှာတော့ နှစ်ယောက်မရှိဘူးဟေ့"

ခင်ပွန်းဖြစ်သူ၏ ဟစ်ကြွေးသံကိုကြားပြီး လော့ချန်းချိုးမျက်နှာအမူအရာမပြောင်းပေသည့် မျက်လုံးများကတော့ အရောင်တောက်လာသည်။

"ဒီတစ်ခုပဲ"

လီနန်ခယ့်က 'အခြေခံမိုးကြိုးလက်သီး' ဟူသောကျမ်းစာတစ်စောင်ကို ဆွဲထုတ်လိုက်ပြီး ခြံဝင်းထဲသို့ဆင်းသွားကာ အလေးအနက်ကြေညာလေသည်။

"ဒီနေ့ပဲ ကျင့်ကြံခြင်းစတင်မယ်"

တစ်မိနစ်ကြာသော်၊

ကိုယ်ရောစိတ်ပါ မောဟိုက်ပင်ပန်းနေရှာသည့် အမျိုးသားတစ်ယောက်သည် လျောင်းခုံတစ်ခုထက် မလှုပ်မယှက်ပုံလဲကျနေခဲ့ပြီး ငန်းဖြူမကြီးတစ်ကောင်ကိုလည်း ပွေ့ချီထားလျက်ရှိ၏။

ကျယ်ပြောလှသောကောင်းကင်အောက်တွင် တောင်တန်းများက မြင့်သွန်းစွာတည်ရှိကာ သေးသွယ်သောလခြမ်းလေးက ထွန်းလင်းတောက်ပလျက်။

ဇနီးသည် ကိုယ်လက်သန့်စင်နေချိန် လီနန်ခယ့် သူ၏ကိုယ်ပိုင်မိုးနီအိပ်မက်ကမ္ဘာထဲ ထပ်ဝင်သွားလိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ သူနှင့်အတူ ပုလဲဖြူနှစ်လုံးပါလာခဲ့သည်ပင်။

တစ်လုံးက အဘိုးချင်ကိုအဆုံးသတ်စဥ်က ရလာခဲ့ခြင်းဖြစ်ပြီး တစ်လုံးက ချင်ချင်၏အိပ်မက်ဆိုးကို သတ်ဖြတ်ရှင်းလင်းပြီး ရလာခဲ့ခြင်းဖြစ်သည်။

လီနန်ခယ့် အိပ်မက်ထဲရောက်ပြီး စားပွဲတွင်ထိုင်လိုက်သည်နှင့် သူ့ကိုယ်ထဲမှ ပုလဲနှစ်လုံးပျံထွက်လာကာ အခန်းထဲတွင် မှေးမှိန်ပျောက်ကွယ်သွားလေသည်။

ဤတစ်ကြိမ်တွင် လူရိပ်ဝေဝါးဝါးတစ်ခုက သူ့အရှေ့ရှိလေထုထက် ဖျော့တော့စွာထင်ဟပ်လာခဲ့၏။

သို့သော် လီနန်ခယ့်တစ်ယောက် သေချာပင်မကြည့်ရသေးမီ ချက်ချင်းလွင့်ပျယ်သွားခဲ့သည်။

"ရှင်းရှင်းပြောထားပါရစေဦး။ ဒီတစ်ခေါက် ကျုပ်နှစ်လုံးယူလာခဲ့တယ်နော်။ ဒါတောင်မှ ဆုမရနိုင်သေးရင်တော့ နောက်ပိုင်းကျုပ်ဆီက ဘာမှရလိမ့်မယ်မထင်နဲ့"

လီနန်ခယ့် အရင်ဦးစွာ ခြိမ်းခြောက်ဟိန်းဟောက်လိုက်ပြီး အရင်တစ်ခေါက်လို ဖရီးဂုန်းမဆင်းလိုက်ဖို့ ကြိတ်ဆုတောင်းမျှော်လင့်နေရသည်။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်တော့ တစ်ဖက်လူက အမြတ်ထုတ်လိုဟန်မရှိသည်ပင်။

မြင်ဖူးနေကျ သံသေတ္တာလေးတစ်လုံးက စားပွဲပေါ် အသံကျယ်ကျယ်ဖြင့်ကျလာခဲ့၏။

အသက်ကြီးကြီး ကြွယ်ကြွယ်ဝဝ အန်တီကြီးတစ်ဦးက ကောင်ချောလေးတစ်ယောက်ကို တစ်ညတာအသုံးပြုမှုအပြီး ငွေတစ်ထုပ်ပစ်ချပေးသနားလိုက်သကဲ့သို့။

လီနန်ခယ့် မနေနိုင်စွာ ခပ်ထေ့ထေ့ပြုံးမိသည်။

"အစောကတည်းက ဒီလိုဖြစ်ရမှာပေါ့။ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ကိုလည်း ကြည့်တတ်ရဦးမယ်လေ။ အဲ့ဒီဘက်ကလိုချင်တဲ့အတိုင်း ကျွန်တော်လည်းအကောင်းဆုံးဆက်ကြိုးစားပေးမှာမလို့ ခင်ဗျားလည်း နောက်တော့ အမြတ်ထုတ်တာတွေလျှော့ပေါ့။ နှစ်ဖက်လုံးက စိတ်ရင်းပါမှ ဒီဆက်ဆံရေးက ရေရှည်တည်မြဲမှာလေ"

လီနန်ခယ့် ပြောပြောဆိုဆို သံသေတ္တာလေးအားဖွင့်လိုက်သည်။

အထဲတွင် အ‌ဆောင်စာရွက်သုံးခုရှိ၏။

ဆွတ်ဆွတ်ဖြူသောစာရွက်ထက်တွင် စာလုံးသေးသေးလေးများ ပုရွက်ဆိတ်အုံလေးအလား ပြွတ်ညပ်နေအောင်ရေးသားထားသော စာရွက်လေးများဖြစ်ပြီး အလွန်တရာပါးလှပ်သည်။

စာရွက်လေးများကိုကိုင်ကြည့်နေသော်လည်း သူ့ခေါင်းထဲတော့ ဘာမှစဥ်းစားမရ။

"ကာကွယ်ရေးအ‌ဆောင်စာရွက်တွေလား"

လီနန်ခယ့် ခေါင်းရှုပ်သွားသည်။

ကံမကောင်းသည်က ဘယ်သူမှသူ့ကို အဖြေပြန်ပေးမလာ။ ဗလာသက်သက်ဦးနှောက်ဖြင့် ဟိုဟိုဒီဒီ လျှောက်စဥ်းစားကြည့်ပြီး နောက်ဆုံးတော့ အိပ်မက်ကမ္ဘာထဲက လက်လျှော့ပြန်ထွက်လာရုံသာရှိတော့လေသည်။

အပြင်ကမ္ဘာကသူ့အခန်းဆီပြန်ရောက်တော့ လီနန်ခယ့် အဆောင်စာရွက်လေးသုံးရွက်ကိုဆွဲထုတ်ပြီး ဆက်လက်စူးစမ်းသည်။

အမှန်တကယ် ကာကွယ်ရေးအဆောင်များသာဖြစ်နေပါက သူနည်းနည်းတော့ စိတ်ပျက်သွားလိမ့်မည်သာ။

လက်ရှိတွင် အပြင်ကမ္ဘာ၌ တိုက်ခိုက်ဖို့သုံးနိုင်သည့် အုတ်ခဲတစ်လုံးရှိနေသောကြောင့် တခြားမှော်လက်နက်တော့ထပ်မလိုသေး။ သို့သော် ကာကွယ်ရေးအဆောင်ကောင်းကောင်းတစ်ခုတော့ လိုချင်သေးသည်။

မိုးကြိုးအဆောင်ပစ္စည်း၊ မီးလုံးအဆောင်ပစ္စည်း၊ ကိုယ်ပျောက်အဆောင်ပစ္စည်း၊ အချိန်ရပ်တန့်ခြင်းအဆောင်ပစ္စည်း စသည်ဖြင့် တစ်ခုခုတော့ဖြစ်နိုင်သေးသည်ပင်။ အခန်းထဲ ဝရုန်းသုန်းကားဖြစ်မည့်အရေးမှရှောင်ရှားရန် သူအဆောင်စာရွက်တစ်ခုကိုကောက်ကိုင်ပြီး အပြင်သို့ထွက်ကာ စမ်းသပ်ကြည့်ဖို့ပြင်သည်။

ဝှစ်

စာရွက်ကို သူပစ်ထုတ်လိုက်သည်။

သို့သော် မည်သည့်လှုပ်ရှားမှုမှရှိမလာခဲ့။

လီနန်ခယ့် ခေါင်းကုတ်ကာ စာရွက်လေးကိုပြန်ကောက်လိုက်ပြီး လက်ချောင်းများနှင့် နှစ်ကြိမ်သုံးကြိမ်ပွတ်သပ်လိုက်သည်။ သို့တိုင် တုံ့ပြန်မှုတစ်စုံတစ်ရာမရှိ။

"ဒါကြီးကိုဘယ်လိုသုံးရမှာလဲ။ အတုကြီးတော့မဖြစ်နိုင်ဘူးမလား"

လီနန်ခယ့် အံတင်းတင်းကြိတ်ကာ စာရွက်ကိုဖြဲဖို့ပြင်လိုက်သည်။

သို့သော် ပါးလှပ်ပျော့အိသော အဆောင်စက္ကူစလေးက ဖြဲတော့မည်အလုပ်တွင်တော့ ကျောက်သားပမာတောင့်တင်းလှလေသည်။ သူအားဘယ်လောက်သုံးသုံး ဆုတ်ဖြဲလို့မရနိုင်ခဲ့။

သူ့စိတ်ထဲ နိမိတ်မကောင်းသလိုခံစားလာရသည်။

မဟုတ်မှ ဒါကိုအသက်သွင်းဖို့ ဝိညာဥ်စွမ်းအင်လိုသေးတာများလား။ သာမန်လူတွေသုံးမရတဲ့ အဆောင်ပစ္စည်းမျိုးလား။

သို့ဆိုလျှင် သူနောက်တစ်ကြိမ် အလိမ်ခံလိုက်ရခြင်းပင်။

လီနန်ခယ့် လက်မလျှော့ချင်သေးစွာ တခြားနည်းလမ်းများစွာဖြင့် စမ်းသပ်စစ်ဆေးကြည့်သော်လည်းမရ။ စိတ်တိုတိုဖြင့် စာရွက်ကိုလုံးချေပြီး ပါးစပ်ထဲပစ်ထည့်ဝါးလိုက်မှသာ အံ့သြစရာအရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာတော့၏။

စားလိုက်တော့မှ အစွမ်းထွက်လာတာပါလားဟ။

သူဘာတစ်ခုမှ အထွန့်မတက်နိုင်သေးမီ သူ့ခန္ဓာကိုယ်က နေရာမှာတင်ပျောက်ကွယ်သွားလေတော့၏။

...

ညကင်းလှည့်တပ်ဖွဲ့ဌာန၏ နောက်ဖေးခြံဝင်းတွင်။

ယုန်မလေးမုန့်နေထိုင်သောအခန်းမှ ရေနွေးငွေ့များ အတန်းလိုက်လွင့်ပျံလာသည်။

ပျံ့လွင့်လာသော နှင်းဆီရနံ့သင်းသင်း ရေနွေးငွေ့ဖြူတန်းသည် ရောင်စုံပန်းပွင့်ဖတ်လေးများ မျောတင်နေသည့် ရေချိုးကန်အတွင်းမှ မြစ်ဖျားခံ၏။

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမငယ်လေးသည် ရေချိုးကန်ထဲ သက်တောင့်သက်သာလှဲလျောင်းနေရင်း ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပေါ့ပါးစွာစီးဆင်းသွားသော အနွေးဓာတ်အား ခံစားနေသည်။

သီချင်းလေးက တညည်းညည်းနှင့်။

ရေနွေးငွေ့များကြားမှ မိန်းကလေး၏ နူးညံ့သောကိုယ်ဟန်ကို ဝိုးတဝါးမြင်ရနိုင်သည်။

ရုတ်တရတ်ဆိုသလို လေပြင်းတသုတ်က ပြတင်းမှန်သို့ရိုက်ခတ်လာ၏။

ဖယောင်းတိုင်မီးသည်ပင် မတည်မငြိမ်လှုပ်ခတ်သွားလျက်။

တစ်နေကုန်ပင်ပန်းထားဟန်ရှိသော မိန်းကလေးကား အဆင့်မြင့်ကျင့်ကြံသူပင်ဖြစ်စေ အနားယူချိန်တွင် ဘာတစ်ခုကိုမှ အာရုံစိုက်စိုးရိမ်မနေနိုင်တော့။ သို့သော် အခန်းထဲတွင် ဖျတ်ခနဲပေါ်လာသောလီနန်ခယ့်ကား ပါးစပ်အ‌ဟောင်းသားဖြစ်သွားရ၏။

အိပ်မက်မက်မနေတာသေချာအောင် သူ့ပေါင်သူပြန်ဆိတ်ကြည့်လိုက်သေးသည်။

ထိုအရာမှာ နေရာကူးပြောင်းပေးသည့် အဆောင်ပစ္စည်းပင်။

နတ်ဘုရားအဆင့်အဆောင်ဟု သတ်မှတ်နိုင်လောက်၏။

အနာဂတ်တွင် အန္တရာယ်တစ်ခုခုကြုံရပါက သူ့ကို လက်မတင်လေးအသက်ကယ်ပေးမည့် ဝှက်ဖဲတစ်ခုဖြစ်သည်။

လီနန်ခယ့်သည် ထိုးတက်လာသောစိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ထိန်းသိမ်းရင်း သူ့ကိုကျောပေးပြီးရေချိုးသန့်စင်နေသော မိန်းကလေးကိုကြည့်ကာ မျက်နှာကြီးက တဖြည်းဖြည်းမည်းမှောင်လာသည်။

ချီးတဲ့မှ၊ ပို့မဲ့ပို့တော့လည်း ဒီလိုနေရာကို ဒီလိုအချိန်မှာမှပို့ရသလား။

ငါ‌တော့သေပြီပဲ။

လီနန်ခယ့် တစ်ယောက်ယောက်ကိုသာ စိတ်ရှိလက်ရှိဆွဲထိုးလိုက်ချင်တော့သည်။

မိန်းကလေး သူ့ကိုသတိမပြုမိခင် သူအသာလေးခိုးထွက်ဖို့ပြင်လိုက်သည်။ ကျန်စာရွက်နှစ်ရွက်ကိုယူမလာမိသည်အားလည်း နောင်တရသွားမိ၏။ သို့ဆိုလျှင် လေလေးတစ်ဝေ့ပင်မတိုက်စေဘဲ နေရာမှ အမြန်ထွက်ပြေးပျောက်ကွယ်သွားလို့ ရသည်မဟုတ်လော။

ဝှစ်

ထိုအချိန်တွင် ကံတရားစီမံထားသည့်အလား မိန်းကလေးကရေချိုးသန့်စင်လို့ ပြီးစီးသွားခဲ့သည်။ သူမထရပ်ပြီး တဘက်ကိုလှမ်းဆွဲတော့မည့်အချိန်မှာမှ ခြေတစ်လှမ်းကြွလက်စ လီနန်ခယ့်ကို တန်းလန်းကြီးတိုးလေသည်။

မျက်လုံးပြူးပြူးနှစ်စုံက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။

ပါးစပ်များလည်းအဟောင်းသား။

တိတ်ဆိတ်စွာစီးဆင်းသွားသောအချိန်မှာ ဆယ်စုနှစ်တစ်ခုစာလောက် ကြာညောင်းလှပေတည့်။

နောက်ဆုံးတော့ လီနန်ခယ့်က တိတ်ဆိတ်မှုကိုဖြိုခွဲကာ အလွန်တည်ကြည်ခိုင်မာသောအမူအရာဖြင့် မေးလိုက်သည်။

"ငါကဒီတိုင်း ဖရဲသီးတွေမှည့်လောက်ပြီလား လာမေးရုံပါ။"

All Chapters