← Chapters

ဟယ့်ပန်ကျွင်း

Vol. 9 Ch. 82

ဟယ့်ပန်ကျွင်း

Vol. 9 Ch. 82

သူမျှော်လင့်ထားသည့်အတိုင်း ကောင်းကင်ယံကို ဖောက်ထွက်မတတ် အော်ဟစ်လိုက်သော ကောင်မလေး၏ အသံကျယ်ကြီးကြားတွင် နှာဘူးကြီးလီနန်ခယ့်သည် ရာဇဝတ်ကောင်တစ်ဦးအဖြစ် စစ်ဆေးမေးမြန်းခံရန် ရုံးတော်ခန်းမဆီသို့ ခေါ်ဆောင်ခြင်းခံလိုက်ရသည်။

လူတိုင်း၏အကြည့်များက အလွန်တရား ထူးဆန်းအံ့သြနေကြလျက်။

လူစွမ်းကောင်းအဖြစ် ဟန်ဆောင်ထားသောအရေခြုံအောက်မှ မကောင်းဆိုးဝါးတစ်ကောင်ကိုမြင်တွေ့လိုက်ရသော ခံစားချက်ပင်။

သံမဏိသာ ထိုနေရာတွင်ရှိလျှင်‌တော့ လျှာသပ်ကာဆိုလိမ့်မည်။

"ဒီလိုဖြောင့်မတ်ထက်မြက်တဲ့ ယောက်ျားတစ်ယောက်လည်း ပန်းသူခိုးလုပ်ရတာဝါသနာပါလိမ့်မယ်လို့ မထင်ခဲ့ဘူး"

"ကျွန်တော်ရှင်းပြနိုင်ပါတယ်"

လိန်ရှင်းနန်၏ ရေခဲတမျှအေးစက်နေသောအကြည့်ကို လီနန်ခယ့် တည်ငြိမ်စွာရင်ဆိုင်လိုက်သည်။

"တမင်တကာလုပ်တာမဟုတ်ရပါဘူး။ ကျွန်တော်ကခင်ဗျားကိုရှာဖို့လာခဲ့တာ၊ ဒါပေမဲ့ အရမ်းအလျင်လိုသွားတာနဲ့..."

အမှန်တော့ ထိုအခြေအမြစ်မရှိသည့် ဆင်ခြေစကားကို သူဘယ်လိုဆက်ရမှန်းပင်သူမသိ။

"ကျွန်တော်ကတော့ယုံတယ်"

တစ်ခဏအကြာတွင် လီနန်ခယ့်ကိုထောက်ခံသည့်အသံတစ်သံ ထွက်လာသည်။

သူတို့အဖွဲ့၏ အသံတိတ်ဘူးသီးခြောက်လေး ကောကန်းပါပင်။

လီနန်ခယ့်မှာ မျက်ရည်ဝဲလောက်သည်အထိ ထိရှသွားရသည်။ နောက်ဆုံးတော့ ငါ့ညီအစ်ကိုက ငါ့ဘက်မှာရှိသေးပါလား။

ကောကန်းသည် သူ့ကိုယ်သူ ဉာဏ်ရည်အရာတွင် လီနန်ခယ့်ထက်မနိမ့်ဟူသော ယုံကြည်မှုမျိုးဖြင့် ထုတ်ပြောလာ၏။

"ကျွန်တော့်အထင် ညီအစ်ကိုလီက အစ်မလိန်ရေချိုးနေတာကိုချောင်းကြည့်ဖို့ ရည်ရွယ်ထားပေမဲ့ အခန်းမှားဝင်ပြီး အထင်လွဲစရာဖြစ်သွားတယ်နဲ့တူပါတယ်"

လီနန်ခယ့်: "???"

ဒဏ္ဍာရီလာ မျိုးရိုးနာမည်'ကော'ကို ဆက်ခံထားပေမဲ့ ဉာဏ်သိပ်မကောင်းတဲ့ပုံပေါ်တာ မအံ့သြတော့ပါဘူး။ ဒီလူက ဦးနှောက်ပါမပါတာပဲ။

ကံကောင်းထောက်မစွာဖြင့် ဆိုင်ယွင် ဆိုင်ယွဲ့နှင့် တခြားသူများကလည်း လီနန်ခယ့်၏ ကိုယ်ကျင့်တရားကို ထောက်ခံယုံကြည်ကြောင်း ပြောပြလာကြသည်။

ထိုအခါမှသာ လီနန်ခယ့်၏ တလှပ်လှပ်တုန်ယင်နေသောရင်အစုံ ငြိမ်သက်စပြုလာ၏။

ဤအမျိုးသား၏ ထက်မြက်ခမ်းနားသော အထင်ကြီးစရာပုံရိပ်က သူတို့အားလုံး၏စိတ်ထဲ အမြစ်တွယ်စွဲမြဲနေပြီဖြစ်သောကြောင့် သူတို့အားလုံးက သူ၏အပြစ်ကင်းစင်မှုကို သက်သေပြပေးဖို့ဝန်မလေးကြ။

"အားလုံး အပြင်ထွက်ကြ"

လိန်ရှင်းနန်က လက်တစ်ဖက်မြှောက်ပြီး ကျန်သူများကိုထွက်သွားဖို့အချက်ပြလိုက်သည်။ ထို့နောက် လီနန်ခယ့်ကို စစ်မေးသည်။

"ကျွန်မရှင့်ကိုယုံပါတယ်။ ဒါပေမဲ့ တစ်ခုတော့အတည်ပြုချင်တယ်။ ယုန်မလေးမုန့်ရဲ့ခန္ဓာကိုယ်ကို ရှင်မြင်လိုက်သလား"

အမျိုးသမီး၏မျက်နှာထားက လေးနက်တည်တံ့ကာ ဖီးနစ်မျက်လုံးအစုံက သူ့ကို စူးစူးစိုက်စိုက်အကဲခတ်နေသည်။

ဤပြဿနာမှာ မိန်းမပျိုလေးတစ်ဦး၏ အရှက်သိက္ခာနှင့် စပ်ဆိုင်နေသောကိစ္စဖြစ်သောကြောင့် ပေါ့ပေါ့တန်တန်သဘောထားလို့မရ။

လီနန်ခယ့်က အကြည့်ကိုနည်းနည်းမှမရှောင်ဘဲ လက်နှစ်ချောင်းမြှောက်ကာကျိန်ဆိုသည်။

"ကျွန်တော်ကျိန်ဆိုပါတယ် သူ့ဆံပင်နဲ့မျက်ခုံးကလွှဲလို့ ဘာတစ်ခုကိုမှ မျက်လုံးမရောက်ခဲ့ပါဘူး"

အမျိုးသမီးက သူ့ကို တိတ်တဆိတ်စိုက်ကြည့်နေပြီး အမှန်အမှားဝေခွဲဖို့ကြိုးစားနေသည်။

မျက်လုံးတွေက လူကိုမလိမ်နိုင်။

ထိုသူ၏မျက်လုံးထဲတွင် ပွင့်လင်းရိုးသားမှုကို လိန်ရှင်းနန်မြင်တွေ့လိုက်ရပါသည်။ ထိုသို့သောမျက်လုံးဖြင့် ဘာမှမမြင်ခဲ့ဟု ထွက်ဆိုသောစကားသည် တကယ်ကို ဘာမှမမြင်ခဲ့လို့ ဖြစ်ပါလိမ့်မည်။

အမျိုးသမီး၏မျက်လုံးများက သိသိသာသာနူးညံ့သွားသည်။

"ဒါဖြင့် ကျွန်မကိုဘာလို့လာတွေ့တာလဲ"

"ဒီနေ့ ချင်ချင်ရဲ့မိုးနီအိပ်မက်ကမ္ဘာထဲမှာ အဲ့ဒီအမည်မသိအမျိုးသမီးကို တွေ့ခဲ့သေးတယ်"

လီနန်ခယ့်က နဖူးပေါ်မှ မရှိသောချွေးများကိုသုတ်ဖယ်ရင်း ဆိုလိုက်သည်။

သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးဖို့ပြင်နေသော လိန်ရှင်းနန်၏လက်များ ရပ်တန့်သွားပြီး မော့ကြည့်ကာ မျက်မှောင်ကြုတ်လေသည်။

"ဒီတော့ သူကလည်း အိပ်မက်လမ်းလျှောက်သူပဲပေါ့"

"ဟုတ်တယ် အရမ်းလည်းစွမ်းအားကြီးတယ်"

လီနန်ခယ့်၏မျက်နှာထားက အလွန်တရာလေးနက်နေသည်။

လက်တွေ့တွင် ကျင့်ကြံဆင့်မည်မျှရှိမည် သူမခန့်မှန်းတတ်သော်လည်း ထိုမျှယုံကြည်မှုမြင့်မားကာ မောက်မာထောင်လွှားနေသောမိန်းမတစ်ယောက်က အင်အားအရာတွင်နိမ့်မည်မဟုတ်။ အိပ်မက်များကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်သော အစွမ်းရှိထားသဖြင့် သူတို့ဘက်ကလျှော့တွက်လို့တော့မဖြစ်။

"ကျွန်မကို ဘာလို့အခုမှပြောတာလဲ" အမျိုးသမီးက မကျေမနပ်ဆိုသည်။

လီနန်ခယ့်က ရှင်းပြသည်။

"ကျွန်တော်လည်း နားမလည်သေးတဲ့အပိုင်းတွေ အများကြီးရှိနေလို့ပါ။ အစကတော့ တစ်ယောက်တည်းရအောင်ဖြေရှင်းဖို့ရည်ရွယ်ထားတာ"

ထိုစကားမှာလည်း ယုတ္တိမရှိတာတော့မဟုတ်။ လင်အိမ်တော်အမှုတုန်းကလည်း ထိုအမျိုးသားက အမှန်တရားကိုကြိုသိထားသည့်တိုင် ရေငုံနှုတ်ပိတ်နေခဲ့သည်သာ။

လိန်ရှင်းနန်ကဆိုသည်။

"သူက အိပ်မက်လမ်းလျှောက်သူသာဆိုရင် သရုပ်မှန်ကို ကျွန်မစုံစမ်းကြည့်လို့ရနိုင်လောက်တယ်"

"သူက သရုပ်မှန်ကိုလည်း ဖုံးကွယ်မထားဘူး" လီနန်ခယ့်ကဆိုသည်။

"ထျန်ချုန်းဂိုဏ်းချုပ်ရဲ့ သမီးတဲ့လေ"

"ဂိုဏ်းချုပ်ရဲ့သမီးလား"

လိန်ရှင်းနန်က တအံ့တသြ သံယောင်လိုက်သည်။

"အဲဒီထျန်ချုန်းဂိုဏ်းအကြောင်း ကျွန်တော့်ကိုပြောပြပါဦး"

လီနန်ခယ့်လည်း စပြီးစိတ်ဝင်စားလာသည်။

လိန်ရှင်းနန်က အချိန်အတော်ကြာ အံ့သြတကြီးဖြစ်နေပြီးမှ ခပ်ဖြည်းဖြည်းပြောပြလာသည်။

"ထျန်ချုန်းဂိုဏ်းချုပ်ရဲ့နာမည်က ဟယ့်နန်ထျန်းတဲ့၊ သူ့ကျင့်ကြံဆင့်က အတော်ကိုမြင့်တာ။ သူ့မှာ သစ္စာခံညီအစ်ကိုနှစ်ယောက်ရှိတယ်။ ဝမ်ဝူရာနဲ့ နန်ကုန်းကောတဲ့၊ အဲ့နှစ်ယောက်ကလည်း သူလို့စွမ်းအားကြီးကြတာပဲ"

"လွန်ခဲ့တဲ့ကိုးနှစ်တုန်းက ဟယ့်နန်ထျန်းတစ်ယောက် ဂူအောင်းကျင့်ကြံအားထုတ်နေတုန်း ချီစွမ်းအင်မတည်မငြိမ်ဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ ဒါကြောင့် ဝမ်ဝူရာနဲ့ နန်ကုန်းကောလည်း ဂိုဏ်းကို ယာယီစီမံကွပ်ကဲကြရတာပေါ့"

"ဟယ့်နန်ထျန်းဆုံးတော့ ဇနီးတစ်ယောက်နဲ့ ဆယ်နှစ်အရွယ် အမြွှာသမီးလေးနှစ်ယောက် ကျန်ရစ်ခဲ့တယ်"

"သမီးကြီးနာမည်က ဟယ့်ပန်ကျွင်း၊ သမီးငယ်က ဟယ့်ရှင်းယွီတဲ့"

"သခင်မဟယ့်က ကူလန်ပြည်ထောင်ကဆိုတော့ သမီးနှစ်ယောက်က နှစ်ဖက်လုံးဆီကဆက်ခံသူတွေဖြစ်နေတာပေါ့"

"အစကတော့ ဝမ်ဝူရန်က သမီးကြီးဟယ့်ပန်ကျွင်းကို ဖခင်ဂိုဏ်းချုပ်နေရာဆက်ခံခိုင်းဖို့ အကြံပြုတယ်။ ဒါပေမဲ့ နန်ကုန်းကောက အဲ့ဒီအဆိုကိုဆန့်ကျင်တယ်။ ဒီလိုနဲ့ မပြီးဆုံးနိုင်တဲ့ သဘောမတိုက်ဆိုင်မှုတွေကြားမှာ ထျန်ချုန်းဂိုဏ်းက နှစ်ဖွဲ့ကွဲသွားတော့တာပဲ"

"ဝမ်ဝူရာဦးဆောင်တဲ့ ဟယ့်မျိုးရိုးကာကွယ်ရေးအဖွဲ့နဲ့ နန်ကုန်းကောဦးဆောင်တဲ့ ခေါင်းဆောင်သစ်အဖွဲ့ ဆိုပြီးတော့ပေါ့"

"အဲ့နောက်မှာ ထျန်ချုန်းဂိုဏ်းက ဂိုဏ်းချုပ်အသစ်မရှိတော့ဘဲ အခုထိ တကွဲတပြားဖြစ်နေတော့တာပါပဲ"

လိန်ရှင်းနန်ခေတ္တရပ်နားလိုက်ပြီး လီနန်ခယ့်ကို ခဏလောက်စဥ်းစားချိန်ပေးလိုက်သည်။ ထို့နောက်မှ စကားဆက်၏။

"ဝမ်ဝူရာက ဟယ့်ကာကွယ်ရေးအဖွဲ့ကိုဦးဆောင်သူဆိုပေမဲ့ သူ့မှာလည်း သူ့ရည်ရွယ်ချက်နဲ့သူရှိတယ်။ ဟယ့်နန်ထျန်းမျိုးရိုးနာမည်ဟာလည်း သူအာဏာရဖို့ ကြားခံချနင်းတဲ့ နယ်ရုပ်သာသာပဲ"

"အဲ့ဒီလိုပတ်ဝန်းကျင်မှာ သခင်မဟယ့်နဲ့သမီးနှစ်ယောက်လည်း မဖြစ်လို့သာနေလိုက်ရပေမဲ့ အာဏာကို လက်ဆုပ်လက်ကိုင်ဖမ်းဆုပ်ဖို့တော့ ခက်ခဲကြတာပေါ့"

"ဒါပေမဲ့ သမီးကြီးဟယ့်ပန်ကျွင်းက အဖေ့ပါရမီကို မွေးရာပါဆက်ခံထားတဲ့သူ၊ အသက်၁၃နှစ်မှာပဲ ထျန်းတောင်ကို ကျင့်ကြံအားထုတ်ဖို့သွားရောက်ခဲ့ပြီး ကျွန်မတို့ဆရာသခင်ရဲ့ဂိုဏ်းနဲ့လည်း အဆက်အသွယ်ရှိတယ်။ နောက်ပိုင်းမှာ မိန်းကလေးက မြောက်ပိုင်း သဲကန္တာရဒေသတွေကို ခရီးလှည့်လည်ရင်းနဲ့ ထူးခြားတဲ့စွမ်းရည်တွေ ပိုင်ဆိုင်လာခဲ့တယ်။"

"မနှစ်ကတော့ ထျန်ချုန်းဂိုဏ်းကိုပြန်လာခဲ့ပြီး အမေဖြစ်သူရဲ့အကူအညီနဲ့ ဂိုဏ်းသားတွေကိုစည်းရုံးပြီး အုပ်စုတစ်ခုသက်သက်ခွဲထောင်တယ်။ အာဏာနဲ့လုပ်ပိုင်ခွင့်ကို အရယူဖို့ခြေလှမ်းလာတဲ့သဘောပေါ့။"

လိန်ရှင်းနန်၏ ဇာတ်ကြောင်းပြန်ခြင်းမှ လီနန်ခယ့်သည် လက်ရှိ ထျန်ချုန်းဂိုဏ်း၏အခြေအနေကို ရေလည်သွားရသည်။

ပြိုကွဲပြန့်ကျဲနေသော ဂိုဏ်းတစ်ခုသာပင်။

အာဏာအားပြိုင်မှုများ အဆုံးစွန်ထိဆိုးရွားသွားခဲ့ပုံပေါ်၏။

"ကြည့်ရတာ ကျွန်တော့်ကိုလာစမ်းသပ်နေတဲ့ အဲ့ဒီအမျိုးသမီးက ဟယ့်ပန်ကျွင်းဖြစ်ပုံရတယ်" လီနန်ခယ့်က မေးစေ့ကိုပွတ်ရင်း တိုးတိုးဆိုသည်။

"သူဘာလို့ ကျွန်တော့်ကို ထျန်ချုန်းဂိုဏ်းထဲအရမ်းခေါ်ချင်နေလဲ နားလည်ပြီ"

"သုံးရက်အတွင်း ကိစ္စကြီးတစ်ခုခုဖြစ်မယ်ဆိုတော့ ရှင်ရော ဘယ်လိုများထင်သလဲ" လိန်ရှင်းနန်က စိုးရိမ်မကင်းစွာ မေးသည်။

လီနန်ခယ့် ရယ်ချလိုက်သည်။

"ဘယ်သူကဂရုစိုက်မှာလဲ၊ ရေဆင်းလာရင် မြေနဲ့ဖို့တားလို့ရတာပဲ။ ကျွန်တော်နဲ့မပက်သက်သရွေ့ ဝင်မပါဘူးလို့တွေးထားတယ်။ ပျင်းလွန်းလို့"

---

သုံးရက်ဆိုသည့်အချိန်ကာလမှာ တိုတောင်းသည်ဟုဆိုလို့မရသော်ငြား ရှည်လျားသည်လည်းမဟုတ်။

အသုံးချလျှင်ချသလို အသုံးဝင်နိုင်သလို ဒီတိုင်းထားလိုက်လျှင်လည်း အလဟဿပျောက်ကွယ်သွားမည့် အချိန်တစ်ခုပင်။

ထိုသုံးရက်အတွင်း လိန်ရှင်းနန်ကတော့ လော့ချန်းချိုးဆီ အနှိပ်သွားခံသည့်အချိန်လေးသာ အနားယူကာ ကျန်အချိန်များကိုတော့ တိမ်တိုက်မြို့တော်မှမိစ္ဆာကိုရှာဖွေရန်သာ ဦးဆောင်ညွှန်ကြားနေခဲ့သည်။ သဲလွန်စတစ်ခုကိုလည်း ရှာတွေ့နိုင်ခဲ့၏။

သို့သော် သူတို့ မိစ္ဆာကိုရအောင်ဖမ်းနိုင်မည့်ဆဲဆဲအချိန်တွင် မတော်တဆလွဲချော်သွားကြပြန်ကာ မိစ္ဆာက ထပ်လွတ်မြောက်နေဆဲ။

လီနန်ခယ့်ကတော့ ထိုအခြေအနေကို ကြိုတွက်ထားပြီးသားပင်။

အဘိုးချင်ကိစ္စဖြေရှင်းပြီးကတည်းက ထိုအဖွဲ့ထဲတွင် လိန်ရှင်းနန်နှင့်ယုန်မလေးမှလွဲ ကျန်သူအားလုံးမှာ အရည်အချင်းကောင်းကောင်းမရှိ ခိုင်းတာကိုလုပ်ဖို့လေးတောင် အသုံးမကျသူများသာဖြစ်ကြောင်း သူအကဲခတ်မိပြီးဖြစ်၏။

လိန်ရှင်းနန် အတွင်းဒဏ်ရာပြင်းထန်နေပြီး ယုန်မလေးမုန့်ကလည်း မိုးနီအိပ်မက်ကမ္ဘာထဲမှသာ ကောင်းကောင်းကျင်လည်နိုင်သူဖြစ်လေရာ လက်ရှိအချိန်တွင် သူတို့တစ်ခုခုဖမ်းမိသည်ဆိုပါမှ အံ့သြစရာကောင်းပေဦးမည်။

ဤငှက်နီအဖွဲ့၏ အောင်မြင်မှုမှတ်တမ်းများမှလည်း အလုပ်သရဲလိန်ရှင်းနန်တစ်ယောက် တစ်ကိုယ်တည်းအားဖြင့်စုဆောင်းပေးထားသမျှသာ ဖြစ်ပေမည်။

သူတို့၏အစ်မလိန်မှာ သနားစရာကောင်းလှ၏။

သူ့အတွက် အလုပ်ခေါ်စာ တရားဝင်ကျမလာချိန်ထိတော့ လီနန်ခယ့်ကလည်း စေတနာ့ဝန်ထမ်းလုပ်ပေးဖို့ ရည်ရွယ်ချက်မရှိ။ အိမ်တွင်အပျင်းထူရင်းသာ ဇနီးသည်လေးနှင့်အဆင်ပြေဖို့ နေ့စဥ်ကြိုးစားနေရသည်။

ဥပမာ ချစ်ဇနီးလေး တောင်ပေါ်ဆေးပင်ရှာသွားလျှင် လိုက်လံအဖော်ပြုစောင့်ရှောက်ပေးခြင်း၊ ငန်းမမကြီးကိုပွတ်သပ်ချော့မြူခြင်း၊ လိပ်ဆရာကြီးကို အပြစ်ရှာအနိုင်ကျင့်ခြင်း၊ ကျင့်ကြံအားထုတ်ခြင်း စသည်ဖြင့်၊ သို့သော် ကျင့်ကြံရေးအတွက်အချိန်ကတော့ တစ်နေ့ကိုဆယ်မိနစ်မပြည့်တပြည့်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ယုန်မလေးမုန့်က သူ့ကို အရေးမလုပ်တော့ခြင်းပင်။

မျက်နှာချင်းဆိုင်ဆုံလျှင်ပင် မျက်နှာကို တစ်ဖက်လှည့်သွားတတ်၏။

ကောင်မလေးကိုတောင်းပန်ဖို့ ငန်းမမကြီးကို စွပ်ပြုတ်ချက်လိုက်ရကောင်းမလားဟုပင် သူစဥ်းစားခဲ့သေးသည်။ သို့သော် သူ့အချစ်တော်ကြီးကိုတော့ ထိုသို့မလုပ်ရက်။

သို့သော် သူ့စွပ်ပြုတ်ထဲထည့်ချက်စရာ မြေခွေးအိုကြီးတစ်ကောင်တော့တွေ့ထားသည်။

ထိုနေ့က ခရိုင်ဝန်မင်းရှန်ချွမ်းဟယ်က လီနန်ခယ့်ကို ခရိုင်ရုံးတော်သို့ အခေါ်တော်ရှိလေသည်။

လီနန်ခယ့်ကို ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်နေရာချထားပြီးကတည်းက ရှန်ချွမ်းဟယ်တို့ မတုံ့ဆိုင်းစွာ လူသိရှင်ကြား ကြွားဝါချပြလွန်းသည်နှင့် ယခု လမ်းကြားထဲကခွေးများပင် သူ့ကို ကိုယ်ရေးအရာရှိမှန်း သိကုန်ကြပြီးဖြစ်၏။

"နန်ခယ့်ရောက်ပြီလား၊ လာ ထိုင် ထိုင်..."

ခရိုင်ဝန်မင်းက ပျာပျာသလဲ ကြိုဆိုလက်ကမ်းရှာသည်။

လီနန်ခယ့်မှာလည်း အဆက်မပြတ် ပြန်လည်ယဥ်ကျေးအားနာပြရသည်။

"ငါ့မှာတော့ကွာ မင်းကို ကိုယ်ရေးအရာရှိခန့်လိုက်ပြီးရင် လူတွေအများကြီးကန့်ကွက်လာကြတော့မှာပဲထင်ထားပေမဲ့ အခုတော့ အကုန်လုံးကဝမ်းသားအားရတွေဖြစ်နေပြန်ရော၊ မင်းလုပ်ရည်ကိုင်ရည်ကို လူတိုင်းကအသိအမှတ်ပြုထားကြတဲ့သဘောပဲ"

ရှန်ချွန်းဟယ်က အစေခံမလေးကို လက်ဖက်ရည်ယူလာဖို့အချက်ပြလိုက်ပြီး ရယ်လျက်ဆိုသည်။

"ငါ့အကဲဖြတ်ချက်ကလည်း မဆိုးဘူးဆိုရမှာပေါ့ကွာ"

ဝန်မင်းခင်ဗျာ၊ ကျွန်တော်အလုပ်ဆိုလို့ ထိုင်ထတောင်မလုပ်ရသေးပါဘူး။

လီနန်ခယ့် စိတ်ထဲမှရွဲ့စောင်းလိုက်သော်ငြား အပြင်ပန်းတွင်တော့ တရိုတသေလက်ယှက်လျက်ဆို၏။

"ဝန်မင်းရဲ့ စီစဥ်တကျ ညွှန်ကြားသင်ပြမှုတွေကြောင့်ပါ"

ရှန်ချွန်းဟယ်က ကျေကျေနပ်နပ်ပြုံးကာ မေးသည်။

"အရာရှိလိန်တို့အဖွဲ့တွေတော့ ဒီနှစ်ရက်လောက်အတွင်း အရမ်းအလုပ်များနေကြသလိုပဲနော်၊ မိစ္ဆာအမှုကရော ဘယ်လိုဖြစ်သွားပြီလဲ၊ ရုံးတော်ကအကူအညီ လိုသေးသတဲ့လား"

အတွင်းသတင်းနှိုက်ဖို့ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာပါသည်။

လီနန်ခယ့် တောင်းပန်လိုက်သည်။

"ဒီငယ်သားကတော့ အဲ့ဒီရက်တွေမှာ အိမ်မှာပဲ ဇနီးသည်ကိုအဖော်ပြုနေမိတဲ့အတွက် အသေးစိတ်တော့မသိထားပါဘူးခင်ဗျာ"

"ဪ ဇနီးသည်ကိုအဖော်ပြုပေးနေတာလား"

ရှန်ချွန်းဟယ်က တပြုံးပြုံးဖြင့်ဆိုသည်။

"နန်ခယ့်ကတော့ အိမ်ထောင်ဦးစီးကောင်းပီပီ အိမ်အလွန်ခင်တာပဲ၊ ဇနီးလေးကလည်း တကယ်လှတာကိုး။ လူငယ်စုံတွဲတွေရဲ့ မခွဲမခွာနိုင်ရက်မှုကတော့ တကယ်ကို မနာလိုချင်စရာပါကွာ"

ယဥ်ကျေးသမှု ချီးကျူးစကားတစ်ခုသာဖြစ်ပေသည်။

ဝန်မင်းလည်း လော့ချန်းချိုးကိုမြင်ဖူးပြီးသားဖြစ်တာကြောင့် ဒီလိုစကားကတော့ စိတ်ရင်းဖြင့်ထွက်လာစရာအကြောင်းမရှိ။

လီနန်ခယ့်က နှိမ့်ချစွာသာတုံ့ပြန်သည်။

"ဝန်မင်းစကားတွေက မြှောက်စားလွန်းပါတယ်ဗျာ၊ ကျွန်တော့်ဇနီးက သာမန်ဆေးဆရာမတစ်ယောက်ပါပဲ။ ရုပ်ရည်ဆိုင်ရာမှာလည်း တခြားရုံးတော်အရာရှိတွေရဲ့ အမျိုးသမီးတွေနဲ့ ယှဥ်နိုင်စရာမရှိပါဘူး"

"လူတစ်ယောက်ကို ရုပ်ရည်နဲ့ဆုံးဖြတ်လို့ ရရိုးမှမရှိတာကွ,"

ရှန်ချွန်းဟယ်က သက်ပြင်းချသည်။

"ဥပမာ ငါ့အိမ်က တတိယသခင်မကိုပဲကြည့်လေ၊ ရုပ်ကလေးတော့ လှပါပေ့ ချစ်စရာကောင်းပါပေ့၊ ဒါပေမဲ့ သူ့နှုတ်ခမ်းရဲရဲလှလှလေးဟာ မက်မွန်သီးတောင် တစ်ဝက်ပဲကိုက်နိုင်တဲ့အထိသေးလွန်းတာ၊ ငါကအဲ့ဒါကို ဘယ်နားသွားသုံး..."

ရှန်ချွန်းဟယ်က လက်ဖက်ရည်ကိုတဟူးဟူးမှုတ်ရင်း ဆိုသည်။

"ဆိုင်တွေရဲ့ ကြော်ငြာဆိုင်းဘုတ်နဲ့ အတွင်းပစ္စည်းကွာခြားသလိုပါပဲ။ ဆိုင်းဘုတ်လေးလှလို့ ဆိုင်ထဲလည်းဝင်လိုက်ရော စိတ်ဝင်စားစရာကိုမရှိတော့တာ"

လီနန်ခယ့်က ချောင်းခြောက်များအတင်းထုတ်ဆိုးလိုက်ပြီး ပါးစပ်လေးသာပိတ်နေလိုက်တော့သည်။

စကားပြန်ပြောဖို့ အလွန်အန္တရာယ်များသော အကြောင်းအရာမဟုတ်လော။

တခြား အလ္လာပသလ္လာပများ အနည်းငယ်ပြောဆိုပြီး အဓိကစကားဝိုင်းသို့ရောက်လာသည်။

"ဒါနဲ့ အရိပ်နက်တပ်သားအဖွဲ့တစ်ဖွဲ့ တုန်းချီခရိုင်ကို မနက်ဖြန်ရောက်လာမယ်လို့ တင်ပြစာရောက်ထားတယ်။ သူတို့ဘာလုပ်ဖို့ရောက်လာသလဲတော့ ငါလည်းမသိပါဘူးကွာ"

ရှန်ချွန်းဟယ်က လီနန်ခယ့်ကို အဓိပ္ပာယ်တစ်မျိုးပါသောအကြည့်ဖြင့်ကြည့်ပြီး ပြုံးလျက်ဆိုသည်။

"ဆိုးတာက ဒီရက်ထဲငါလည်းသိပ်နေမကောင်းတာနဲ့ ငါတို့ကိုယ်ရေးအရာရှိလေးကိုပဲ ဧည့်ခံစီစဥ်ခိုင်းလိုက်တော့မလို့လေ။ မင်းအတွက်လည်း အကိုင်းမြင့်မြင့်မှာနားဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်မှာပါ"

All Chapters