← Chapters

တစ္ဆေနတ်ဘုရားလှံတံ

Vol. 9 Ch. 83

တစ္ဆေနတ်ဘုရားလှံတံ

Vol. 9 Ch. 83

နောက်တစ်နေ့မနက်တွင် ဝန်မင်းရှန် ရုတ်တရတ်ဖျားနာလေသည်။

အိပ်ရာမှမထနိုင်အောင် အဖျားကြီးလှသည်ဆို၏။

လီနန်ခယ့် လာရောက်သတင်းမေးစဥ် ဝန်မင်းသည် အသက်ဝိညာဥ်ဓာတ်ပင်မကျန်တော့သည့်အလား အိပ်ရာပေါ် ဖရိုဖရဲလှဲလျောင်းလျက်ရှိ၏။ ပင်ပန်းနွမ်းနယ်မှုကြောင့် ညှိုးခြောက်နေသောအသားအရေဖြင့် ဆေးသောက်ဖို့ပါးစပ်ဖွင့်ရမည့်အရေးကိုပင် အတော်လေးအားထုတ်ရုန်းကန်နေရဟန်ရှိလေသည်။

ဇနီးမယားလေးများက အိပ်ရာဘေးပတ်လည်ဝိုင်းကာ တရှုံ့ရှုံ့ငိုကြွေးပူဆွေးလျက်။

အကြောင်းမသိသူကတော့ ခရိုင်ဝန်မင်းတို့ သက်ကြီးရောဂါဖြင့် လဲချိန်တန်ပလားဟု တွေးပေလိမ့်မည်။

လီနန်ခယ့်ကတော့ အချိန်ရတုန်း ဝန်မင်း၏တတိယမယားလေးအား အကဲခတ်ကာ သူမ၏ချယ်ရီရောင်နှုတ်ခမ်းပါးလေး မက်မွန်သီးဘယ်နှလုံးစာဆန့်လောက်မည်နည်းဟု တွက်ချက်နေမိသည်။

"နန်ခယ့်ရေ"

ရှန်ချွန်းဟယ်က ဇနီးများကိုလက်ပြကာ အပြင်သို့ရှောင်ခိုင်းလိုက်ပြီး လီနန်ခယ့်အား အိပ်ရာနားတိုးစေလျက် အားနည်းဖျော့တော့သောအသံဖြင့်ဆို၏။

"အရိပ်နက်တပ်သားတွေကိုကြိုဖို့တာဝန်က မင်းဆီကျန်ခဲ့ပြီနော်၊ ငါ့ကိုမျက်နှာမပျက်စေနဲ့"

"ဝန်မင်းရှန် စိတ်မပူပါနဲ့၊ ဒီငယ်သား ကောင်းကောင်းထမ်းဆောင်လိုက်ပါ့မယ်"

လီနန်ခယ့်လည်း ဤမျှလိမ္မာပြနေပြီးမှ ရလာသောအခွင့်အလမ်းကို ငြင်းပယ်ဖို့လုပ်မနေတော့။

သို့သော် ဤဝန်မင်းအကြောင်း သူသိထားသလောက်ကိုအခြေခံပြီး ဒီလူဘာကြောင့် ဟန်ဆောင်ဖျားနာဖို့ ဒီလောက်ကြိုးပမ်းနေရသနည်းဟု စဥ်းစားမိနေသည်။

ရှန်ချွန်းဟယ်သည် ငယ်ရွယ်နုပျိုစဥ်က ကျန်သူများကဲ့သို့ပင် ကြီးမားခမ်းနားသော ရည်မှန်းချက်ပန်းတိုင်များ ရှိခဲ့ဖူးသည်။ သို့သော် အခက်အခဲပေါင်းများစွာကိုဖြတ်သန်းပြီး အရည်အချင်းများစွာကိုစုဆောင်းရယူပြီးချိန်တွင် သူဘာကြောင့် ထိုသို့သောရည်မှန်းချက်များ ထားရှိခဲ့ကြောင်း သူကိုယ်တိုင်မသိတော့။

သူ့တက်လမ်းများက တခြားသူဆီလုယူခံလိုက်ရသည်။ သူမလုပ်သောပြဿနာများကြား သူဆွဲထည့်ခံရပြီး အကြောင်းမရှိ ရာထူးချခံရသည့်အခါတွေလည်းရှိသည်။

ကံဆိုးခြင်းက အိမ်တိုင်ရာရောက် တံခါးလာခေါက်သည့်အလား။

နောက်ဆုံးတွင်တော့ စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်းကာ ရည်မှန်းချက်ကြီးများကို လက်လွှတ်အရှုံးပေးလျက် ခရိုင်ဝန်မင်းနေရာလေးတွင်သာ အေးအေးဆေးဆေးနေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တော့၏။ ဒီ့ထက်ရာထူးတက်ဖို့လည်း လမ်းမရှာချင်တော့၊ ထမင်းအိုးလေးမပျောက်လျှင်တော်ပြီ ဆိုသောအတွေးဖြင့်။

အမှန်တော့ ဧကရာဇ်ကိုယ်‌တော်တိုင်အား အနီးကပ်စောင့်ရှောက်ရသော အရိပ်နက်တပ်သားများနှင့် ခင်မင်ရောနှောခွင့်ရဖို့ အခွင့်အလမ်းကို မည်သူမဆို လက်လွှတ်ခံလိမ့်မည်မဟုတ်သော်ငြား ဝန်မင်းနေရာလေးတွင်သာ ငါးဆားနယ်လုပ်ဖို့စီစဥ်ထားသော ရှန်ချွန်းဟယ်ကတော့ ကပ်ဆိုးရောဂါကြီးအလား ဝေးဝေးသာပြေးဖို့ အရင်စဥ်းစားလေသည်။

ထို့ပြင် အရိပ်နက်တပ်သားများကို ဧည့်ခံဝတ်ပြုရန်မှာ အလွန်ကြီးလေးသောတာဝန်မဟုတ်ပါလော။

အခွင့်အလမ်းကောင်းဆိုသည်မှာ အန္တရာယ်များတတ်စမြဲပင်။ သူကိုယ်တိုင်ကတော့ ဝန်မင်းရာထူးလေးပြုတ်မည့်အရေးဆို နည်းနည်းပင် ခြေမစမ်းချင်လှတော့။

သို့သော် သူဖျားချင်ယောင်ဆောင်နေသည့်အတောအတွင်း ဤအခြေအနေကို ကိုယ်စားကိုင်တွယ်ပေးဖို့လူလိုသည်။

လီနန်ခယ့်က ထိုအတွက် အသင့်တော်ဆုံးပင်။

ထိုသူသည် ရုံးတော်၏ တရားဝင်ကိုယ်ရေးအရာရှိတစ်ဦးဖြစ်သည် ဆိုသော်ငြား ညကင်းလှည့်အဖွဲ့ဝင် ဖြစ်လာလတ္တံ့အခြေအနေတွင်လည်း ရှိပေသည်။ ဤတပ်သားများနှင့်ပက်သက်ပြီး သူ့ဘက်ကတစ်ခုခုအမှားလုပ်မိလျှင်ပင် ညကင်းလှည့်တပ်ဖွဲ့နှင့် အရိပ်နက်တပ်ဖွဲ့သာ ထိပ်တိုက်တွေ့ရလိမ့်မည်။

ထို့အပြင် လီနန်ခယ့်လို လူငယ်လူတော်လေးအတွက် ဤအခွင့်အလမ်းကား လှေကားထစ်ကြီးကြီးတစ်ခုဖြစ်၏။

လူမှုဆက်ဆံရေးနယ်ပယ်ကို ကောင်းကောင်းအသုံးချတတ်ပြီး လှေကားထစ်ကို အရလှမ်းတက်နိုင်ပါက သူ့အတွက် အကျိုးများစရာသာကျန်မည်ပင်။

မွန်းတည့်ခါနီးအချိန်တွင် မြင်းစီးယောက်ျားသားတစ်စု တိတ်ဆိတ်စွာချဥ်းကပ်လာသည်။

လူအယောက်သုံးဆယ်ခန့်ပါသော အုပ်စုတစ်စုပင်။ ဦးဆောင်လာသော လူနှစ်ယောက်မှလွဲ ကျန်သူများမှာ ငါးကြေးခွံပုံစံသံပြားများ စီခြယ်တပ်ဆင်ထားသော အနက်ရောင်သံချပ်ကာအပျော့စားများဝတ်ဆင်ထားကြ၏။ နားထင်ကြောများ ဖောင်းကြွနေပုံမှာ အမြင်ဖြင့်ပင် ကြမ်းတမ်းခက်ထန်မှုများ တလူလူထွက်ပြူနေသည့်အလား။

စီးနင်းလာသောမြင်းများသည်ပင် သာမန်မြင်းများထက် ကိုယ်ထည်ပိုထွားကာ အရပ်ပိုမြင့်သည်။

ထိုအရိပ်တပ်သားများမှ ထုတ်လွှတ်နေသော ဖိအားနှင့်အရှိန်အဝါအရ အကဲဖြတ်ရလျှင် ပထမတန်းစားအဖွဲ့သားများသာ ဖြစ်ပေမည်။

လမ်းဘေးခွေးများပင် ဘုမသိဘမသိ ကြောက်ကြောက်လန့်လန့် ရှောင်တိမ်းပေးကြရကုန်၏။

မျက်စိကိုအဖမ်းစားဆုံးအရာမှာတော့ သူတို့ခြံရံယူဆောင်လာသော ရထားလုံးပင်။

ထိုမြင်းရထားမှာ သာမန်ယာဉ်များထက် များစွာကြီးမားပြီး မြင်းလေးကောင်ဖြင့် ဆွဲထားသည်။ သာမန်ရထားများထက် ကိုယ်ထည်ကျယ်ဝန်းသည့်အပြင် အလွန်ပင်ရှည်လျားလှ၏။ ဘီးများ၏ ဝင်ရိုးအိမ်များတွင် ကြေးနီရောင်မှော်စာလုံးများကို အနုစိတ်စီခြယ်ထားသည်။ ရထားတစ်ခုလုံးကိုလည်း အရပ်မျက်နှာအနှံ့မှ လုံခြုံစွာဖုံးအုပ်ထားသဖြင့် မည်သည်ကိုတင်ဆောင်ခေါ်လာမှန်း ဘယ်သူမှမသိနိုင်ကြ။

ရှန်ချွန်းဟယ်ပြင်ဆင်ထား‌သော စံအိမ်တော်ကြီးထဲသို့ဝင်လာပြီး ခေါင်းဆောင်နှစ်ယောက်က မြင်းပေါ်မှဆင်းလာကြသည်။

တစ်ဦးက အမျိုးသား၊ တစ်ဦးက အမျိုးသမီးပင်။

အမျိုသားသည် သားရေလက်ပတ်များကို ဝတ်ဆင်ထားပြီး တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ဖန် ရှိသူဖြစ်သည်။ မေးစေ့အောက်တွင်လည်း ကြမ်းတမ်းစူးရှသော မုတ်ဆိတ်မွေးတိုများရှိ၏။ နောက်ကျောတွင် အနက်ရောင်ဝတ်ရုံကြီးမှာ တဖျတ်ဖျတ်လွင့်ပျံနေပြီး ထိုသူ၏ တည်ရှိမှုသက်သက်သည်ပင် တောင်ကြီးတစ်လုံးအလား လေးလံဖိစီးသောခံစားချက်ကို ပေးစွမ်းသည်။

နံဘေးရှိအမျိုးသမီးမှာ အစိမ်းရင့်ရောင် တိုက်ပွဲဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးနှင့်ဝမ်းဗိုက်တွင် သားရေအပျော့စား သံချပ်ကာကို ပတ်ထား၏။ ဆံပင်များကို မြင်းမြီးပုံစံ အမြင့်စီးထားပြီး အနည်းငယ်ချွန်မြသော မေးစေ့နှင့် အေးစက်ခက်ထန်သော မျက်ဝန်းအစုံမှာ သွေးပြီးကာစ ဓားသွားကဲ့သို့ ထက်မြက်သော အရှိန်အဝါကို ဖော်ပြနေတော့သည်။

မျက်နှာဘယ်ဘက်တစ်ခြမ်းကို ငွေရောင်မျက်နှာဖုံးဖြင့် ကာရံထားပြီး နှုတ်ခမ်းစွန်းတွင် အမာရွတ်ကြောင်း ခပ်ဖျော့ဖျော့တစ်စင်းကို တွေ့ရနိုင်သည်။

လိန်ရှင်းနန်နှင့် ဆန့်ကျင်ဘက်သဏ္ဍာန်။

နှစ်ဦးစလုံးမှာ အေးစက်သည့်ဟန်ပန်များရှိသော်လည်း လိန်ရှင်းနန်၏ အကျင့်အရသာ အေးစက်စက်ဟန်ဖြစ်ကာ ခင်တတ်မင်တတ်သောစရိုက်လေးဖြင့် နူးညံ့သေးသည်။

သို့သော် ဤအမျိုးသမီးကတော့ ခုတ်လို့မပြတ်သော ရေခဲဓားချွန်တစ်လက်နှယ် အသွင်ဆောင်သည်။

ခန္ဓာကိုယ်အတွင်းအပြင်ကအစ ရေခဲဖြင့်သာ ထုလုပ်ဖွဲ့စည်းထားသည့်အလား။

"တုန်းချီခရိုင်ရုံးတော် ကိုယ်ရေးအရာရှိ လီနန်ခယ့်၊ တပ်မှူးတို့ကို နှုတ်ခွန်းဆက်သပါတယ်"

လီနန်ခယ့် ရှေ့သို့တစ်လှမ်းတိုးကာ ဂါရဝပြုလိုက်၏။

ရှန်ချွန်းဟယ်ကြိုပြောပြထားသဖြင့် ထိုတပ်မှူးနှစ်ယောက်မှာ တုန်းဝမ်ခွင်းနှင့် နျဲ့ယင်းဟုအမည်ရကြောင်း သူသိထားပါသည်။

သူတို့နှစ်ဦးစလုံးမှာ မြောက်ပိုင်း ပြည်တွင်းလုံခြုံရေးဗျူရိုမှ ဖြစ်ကြ၏။

တုန်းဝမ်ခွင်းမှာ ပြီးခဲ့သည့်နှစ်ကမှ ရာအိမ်မှူးအဖြစ်မှ တပ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူဖြစ်ပြီး နျဲယင်းမှာမူ မူလက စစ်သေနာပတိရုံးလက်အောက်ရှိ လုံကျန်းပြည်နယ် စစ်ဌာနချုပ်မှဖြစ်ကာ နောက်ပိုင်းတွင်မှ အငြိမ်းစားဧကရာဇ်အတွက် သီးသန့်တာဝန်ထမ်းဆောင်ရန် မြောက်ပိုင်းပြည်တွင်းလုံခြုံရေးဗျူရိုသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

ထိုအမျိုးသမီးက သူ့ကို လျစ်လျူရှုကာ ဘေးမှဖြတ်၍ ခန်းမဆောင်အတွင်းသို့ ဝင်သွား၏။

သူမ ဘေးမှဖြတ်သွားသည့် ခဏချင်းမှာပင် ပြင်းထန်သောသွေးညှီနံ့တစ်ခုက လီနန်ခယ့်၏နှာခေါင်းထဲသို့ တိုးဝင်လာပြီး ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။

ထိုအမျိုးသမီး ဓမ္မတာချိန်ရောက်နေပြီဖြစ်ကြောင်း လီနန်ခယ့်သိလိုက်သည်။

"ရှန်ချွန်းဟယ် ဘယ်မလဲ"

တုန်းဝမ်ခွင်းက ကျားတစ်ကောင်လိုမျက်လုံးများဖြင့် အနီးတဝိုက်ကို စေ့စေ့စပ်စပ်လိုက်ကြည့်နေရင်း မေးသည်။

လီနန်ခယ့် ဦးညွှတ်ရင်းဖြေသည်။

"ဝန်မင်းရှန်က လောလောဆယ် နာမကျန်းဖြစ်နေပြီး အိပ်ရာထဲကမထနိုင်သေးပါဘူးခင်ဗျာ၊ ဒါကြောင့် တပ်မှူးတို့ကိုဧည့်ဝတ်ပြုဖို့ ဒီငယ်သားကို အစားစေလွှတ်လိုက်ရတာပါ"

"ဟမ့်"

တုန်းဝမ်ခွင်းက မဲ့ပြုံးတစ်ချက်ပြုံးကာ ခန်းမဆောင်တွင်းသို့ လှမ်းဝင်သွားသည်။

လီနန်ခယ့်က လက်ဖက်ရည်ဖြင့်ဧည့်ခံရင်း တရိုတသေဆို၏။

"ဝန်မင်းရှန်က အကုန်စီစဥ်ခင်းကျင်းပေးသွားပါတယ်။ ဒီနေအိမ်က တပ်မှူးတို့နှစ်ယောက်အနားယူဖို့ပါ။ တစ်ခုခုလိုအပ်တာရှိရင် အချိန်မရွေးမေးမြန်းခိုင်းစေနိုင်ပါတယ်။ နောက်ပြီး—"

"ခုတလော တုန်းချီမှာ မသင်္ကာစရာလူတစ်ယောက်ယောက် ပေါ်လာတာရှိသလား"

တုန်းဝမ်ခွင်းက စကားဖြတ်ကာမေးသည်။

လီနန်ခယ့် တစ်ခဏမျှတွေသွားပြီးမှ ဆိုသည်။

"တိမ်တိုက်မြို့တော်ကလွတ်လာတဲ့မိစ္ဆာတစ်ကောင် တုန်းချီမှာပေါ်လာတာတော့ရှိပါတယ်။ ညကင်းလှည့်တပ်ဖွဲ့က တာဝန်ယူလိုက်လံဖမ်းဆီးနေပါတယ်ခင်ဗျ"

ထျန်ချုန်းဂိုဏ်းအကြောင်းကို‌တော့ သူတမင်ချန်လှပ်ထားလိုက်သည်။

"မိစ္ဆာလား"

တုန်းဝမ်ခွင်းကမျက်မှောင်ကြုတ်ကာ အမျိုးသမီးကို လှည့်ကြည့်သည်။

နျဲ့ယင်းကတော့ စကားမပြန်။ သူမသည် ဝတ်စုံလက်အင်္ကျီအတွင်းမှ အဲမေ့ အသွားချွန်လက်နက်နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး ၎င်းတို့အပေါ်တွင် ပေကျံနေသည့် မခြောက်သေးသော သွေးစွန်းကွက်များကို အသာအယာသုတ်နေလိုက်သည်။

"ဟုတ်ပြီ၊ မင်းသွားလို့ရပြီ"

တုန်းဝမ်ခွင်းက လီနန်ခယ့်ကိုလက်ပြကာ ထွက်သွားစေလိုက်သည်။

"ဟုတ်ကဲ့"

လီနန်ခယ့်လည်း တည်တည်ငြိမ်ငြိမ်ပင် ဦးညွှတ်ဂါရဝပြုကာ ခန်းမဆောင်အတွင်းမှ ထွက်ခွာခဲ့သည်။

လီနန်ခယ့် ထွက်ခွာသွားသည်ကိုကြည့်ရင်း တုန်းဝမ်ခွင်းက လှောင်ပြုံးပြုံးကာဆို၏။

"ဟို ရှန်ချွန်းဟယ်ဆိုတဲ့လူကတော့ ကြောင်တွေ့တဲ့ကြွက်လိုပဲ၊ သတ္တိကတော့ နည်းလိုက်တာလွန်ရော။ ဒါပေမဲ့ ဒီစာရေးလေးကတော့ တော်တော်လေးရုပ်ဖြောင့်သားပဲ။ နောက်မှ ငါ့အချစ်လေးကို တစ်ချက်ပြကြည့်ဦးမယ်။ သူကြိုက်ရင်လည်း အပျော်မြည်းဖို့ပေးရတာပေါ့"

"မင်းသမီးရှန်းယွမ်ကို ဖမ်းဆီးဖို့တာဝန်ကလည်း လျှို့ဝှက်တာဝန်ကနေ လူသိရှင်ကြားဖြစ်သွားပြီ။ ငါတို့ကိုစောင့်ကြည့်နေတဲ့မျက်လုံး‌တွေ အရမ်းများလွန်းတယ်။ ဘာလို့အထက်လူကြီးတွေက ငါတို့ကိုဒီမှနေစေချင်တာလဲ မသိတော့ဘူး။ တစ်ရက်နားရင် သတင်းယိုပေါက်တစ်ခုတိုးနေတာကို"

"အခုဆိုရင် တုန်းချီမှာလွတ်နေတဲ့မိစ္ဆာတောင်ရှိသေးသတဲ့၊ ငါတို့ကိုပစ်မှတ်ထားပြီး တမင်လုပ်ထားတာလားမသိနိုင်ဘူး။ ဂရုတော့စိုက်မှဖြစ်မယ်"

"ဒီနောက်ပိုင်းမှ ထျန်ချုန်းဂိုဏ်းကလည်း အရမ်းလက်သွက်နေပြန်တယ်ကြားတယ်။ အဲ့ဒီဟယ့်ပန်ကျွင်းက ငါတို့ကိုတစ်ခါအထိနာအောင်လုပ်ပြီးပြီ။ အခုထိစိတ်မလျှော့သေးဘဲ ငါတို့ကိုထပ်မဲနေဦးမှာတော့ စိုးမိသား"

"နောက်ပြီး ငါတို့စောင့်ကြည့်ရမဲ့လူ နောက်တစ်ယောက်ထပ်တိုးလာပြန်ပြီ"

တုန်းဝမ်ခွန်းက ခေတ္တမျှ စကားရပ်သွားပြီးနောက် သူ၏ ကျားမျက်လုံးအစုံတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

"အဲ့ဒါ တစ္ဆေနတ်ဘုရားလှံတံပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက အဲ့ဒီမိန်းမ နတ်လိပ်ကျွန်းအနီးမှာ ချောင်းမြောင်းနေတာ မြင်ခဲ့တယ်လို့ ငါကြားတယ်။ ငါတို့နောက်ကို တိတ်တဆိတ်လိုက်နေတာလည်း ဖြစ်နိုင်တယ်၊ အချိန်တိုင်း အဆင်သင့်ပြင်ထားမှ တော်ကာကျမယ်"

"စစ်သူကြီးပေ့ရဲ့ စံအိမ်မှာတုန်းက အဲ့ဒီမိန်းမက တော်တော်လေး နာမည်ကြီးခဲ့တာလေ။ ရှန်းယွမ်မင်းသမီးရဲ့ အနီးကပ်ကိုယ်ရံတော်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ မှော်ဓားရှောင်ခယ့်ကို လှံချက်သုံးချက်တည်းနဲ့ အနိုင်ယူခဲ့လို့ သိုင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာ။"

"အမျိုးသမီးကျင့်ကြံသူတွေထဲမှာတော့ သူ့အစွမ်းက ဓားနတ်သမီးယဲ့ယောင်ယောင်ပြီးရင် ဒုတိယလိုက်တယ်။ အကယ်၍ သူသာ ရှန်းယွမ်မင်းသမီးကို ကိုယ်တိုင်လာလုမယ်ဆိုရင်တော့ ပိုပြီး ဒုက္ခများကုန်လိမ့်မယ်။"

တစ်ဖက်အမျိုးသမီး၏ မျက်နှာမှာမူ အေးစက်တောင့်တင်းနေဆဲပင်။ သူမသည် လက်ထဲမှလက်နက်ကို လက်ဖက်ရည်ဖြင့် ဂရုတစိုက် သုတ်သင်လိုက်ပြီးနောက် သွယ်လျသောလက်ချောင်းများကို လက်နက်၏ အလယ်ကွင်းများအတွင်းသို့ လျှိုသွင်းလိုက်ရာ အသွားချွန်များက ရှူးခနဲအသံဖြင့် လည်ပတ်သွားတော့၏။

"အရာအားလုံး အဆင်ပြေချောမွေ့ပါစေလို့ပဲ မျှော်လင့်ရတာပေါ့။"

တုန်းဝမ်ခွင်းက ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည့် သူ၏မျက်ဝန်းထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု လက်ခနဲပေါ်သွား၏။

...

ခန်းမဆောင်အတွင်းမှ ထွက်လာပြီးနောက် လီနန်ခယ့်သည် အခြေအနေများကို ရှန်ချွန်ဟယ်ထံ သွားရောက်အစီရင်ခံရန် ပြင်ဆင်လိုက်သည်။

ဝင်းအတွင်းရှိ ကျယ်ဝန်းသောရင်ပြင်သို့ လျှောက်လာစဉ် အရိပ်နက်တပ်ဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းနေသည်ကို မြင်လိုက်ရပြီး ရှည်လျားသောမြင်းရထားကြီးကိုလည်း စောင့်ကြပ်ရန် ပိုမိုလွယ်ကူသည့် ထောင့်တစ်နေရာသို့ ရွှေ့ပြောင်းထားသည်ကို တွေ့လိုက်ရ၏။

ဒီရထားထဲမှာ တကယ်ပဲ ဘာတွေတင်လာလို့များပါလိမ့်။

လီနန်ခယ့် စဉ်းစားနေမိသည်။

ရုတ်တရက် လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားပြီး မြင်းရထားကို ဖုံးအုပ်ထားသည့် အနက်ရောင်အဝတ်ကြမ်း၏ ထောင့်တစ်စကို လွင့်တက်သွားစေရာ ရေခဲခေါင်းတလားတစ်ခုက လီနန်ခယ့်၏အမြင်တွင် လှစ်ခနဲပေါ်လွင်လာတော့၏။

ပူပြင်းလှသော နေရောင်အောက်တွင် အခြေအမြစ်မသိရသော အအေးဓာတ်တစ်ခုမှာ မြေပြင်မှတစ်ဆင့် စိမ့်တက်လာတော့သည်။

All Chapters