လိမ္မာစမ်းပါ ယုန်မလေးရာ
Vol. 9 Ch. 84
ရုံးတော်ဆီသို့ တင်ပြစရာရှိသမျှ တင်ပြခဲ့ပြီးနောက် ဘေးချင်းကပ်တွင်ရှိသော ညကင်းလှည့်တပ်ဖွဲ့ဌာနခွဲကို လီနန်ခယ့်သွားရောက်ခဲ့သည်။
ညကင်းလှည့်တပ်ဖွဲ့ တံခါးစောင့်များကတော့ လီနန်ခယ့်ကို ရင်းနှီးနေပြီးသားဖြစ်သောကြောင့် အသာတကြည်ဝင်ခွင့်ပြုသည်။ ဤသို့ဖြင့် အတွင်းခြံဝင်းသို့ အေးအေးဆေးဆေး ဝင်လာနိုင်ခဲ့၏။
သူတွေ့ချင်သော လိန်ရှင်းနန်ကတော့ရှိမနေ။
ကောကန်းနှင့် အမြွှာညီအစ်မ ဆိုင်ယွင်၊ဆိုင်ယွဲ့ကိုခေါ်ကာ မိစ္ဆာအမှုစုံစမ်းဖို့ အပြင်ထွက်သွားလေသည်ဟု။
သို့သော် ယုန်မလေးမုန့်ကတော့ ဘာကြောင့်ရယ်မသိ သူတို့နှင့်အတူလိုက်မသွားခဲ့။ သူရောက်သွားချိန်တွင် သစ်သားရေဇလုံလေးကိုကိုင်ထားကာ မျက်နှာသစ်ပြီးခါစဟန်ရှိသည်။ မျက်နှာဝိုင်းဝိုင်းလုံးလုံးလေးက ဖြူစင်နူးညံ့လျက်ရှိသည်မှာ လက်လေးဖြင့်တို့လိုက်လျှင်ပင် အရည်ပျော်ကျသွားတော့မည့်အလား။
"အခုမှနိုးတာလား" လီနန်ခယ့်က ကောင်းကင်အထက်တည့်တည့်မှ ထွန်းလင်းပူပြင်းနေသော နေမင်းကြီးကိုကြည့်ကာ မျက်နှာတစ်မျိုးဖြစ်သွားသည်။
မိန်းကလေးကတော့ သူ့စကားကိုမကြားယောင်ပြုကာ အခန်းထဲဝင်သွားပြီး သစ်သားရေဇလုံကိုအောက်ချ၍ ဆံပင်များကိုစတင်ဖြီးသင်သည်။ လီနန်ခယ့်လည်း နောက်မှလိုက်ဝင်သွားလိုက်သည်။
"အစ်မလိန်ဒီမှာမရှိဘူး" မိန်းကလေးက စကားပြောလာသည်။
လီနန်ခယ့်က မိန်းကလေး၏ စကားမပြောချင်ပြောချင်ဟန်ကို ဂရုမစိုက်ဘဲ သူ့ဘာသာပြောသလိုဆက်ပြောနေသည်။
"ဒီနေ့ အရိပ်နက်တပ်သားတွေ ရုံးတော်ကိုရောက်လာကြတယ်။ သူတို့နဲ့အတူ ရေခဲခေါင်းတလားတစ်လုံးပါ ပါလာတဲ့ပုံပဲ။ အဲ့ဒါဘာလဲမင်းသိလား"
"မင်းသမီးရှန်းယွမ်လေ" အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ စကားပြန်လာသည်။
လီနန်ခယ့် ခေါင်းရှုပ်သွားသည်။
"မင်းသမီးရှန်းယွမ်က ဘယ်သူလဲ"
"မင်းသမီးရှန်းယွမ်က အန်းဖိန်မင်းသား ပေဝမ်လျန်ရဲ့သမီးလေ။ ထျန်းဝူခေတ် နှစ်ဆယ့်သုံးနှစ်မြောက်မှာ နိုင်ငံတော်ပုန်ကန်မှုမှာ ပါဝင်ပက်သက်ခြင်းရှိတဲ့အတွက် ပေမိသားစုတစ်ခုလုံး ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရတယ်။ လွတ်မြောက်ထွက်ပြေးသွားနိုင်တဲ့ မင်းသမီးရှန်းယွမ်ကလွဲလို့ပေါ့"
ယုန်မလေးမုန့်က သူမ၏ နက်မှောင်တောက်ပသောဆံနွယ်များကို ကြေးမှန်လေးတစ်ချပ်ရှေ့ ဖြီးသင်ရှင်းလင်းနေရင်း ရှင်းပြလာသည်။
"နောက်ပိုင်း ပေဝမ်လျန်အပြစ်မရှိကြောင်းရှင်းလင်းပြီး နာမည်ပြန်တက်တဲ့အထိ ပျောက်ဆုံးသွားတဲ့မင်းသမီးကိုတော့ ပြန်ရှာမတွေ့နိုင်ကြသေးဘူး"
လီနန်ခယ့် မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို အဲဒီရေခဲခေါင်းတလားထဲကလူက မင်းသမီးရှန်းယွမ်လား"
ယုန်မလေးမုန့်ကခေါင်းညိတ်သည်။
"ကျွန်မလည်း မနေ့ညကမှသိခဲ့တာ။ အရိပ်နက်တပ်သားတွေ မင်းသမီးရှန်းယွမ်ကို လျှို့ဝှက်ရှာဖွေနေကြတာကြာပြီ။ ကံမကောင်းချင်တော့ သူတို့ရှာတွေ့တဲ့အချိန်မှာ မင်းသမီးကခေါင်းတလားထဲရောက်နှင့်ပြီလေ။ ဒီလိုနဲ့ သက်မဲ့အလောင်းကိုပဲ နန်းမြို့တော်ဆီပြန်သယ်လာကြရတော့တာပေါ့"
"ဪ အဲ့လိုကိုး" လီနန်ခယ့် နားလည်သွားသည်။
မိန်းကလေးက ဆံပင်ကိုထုံးဖွဲ့ပြီးမှ စိတ်တိုင်းမကျဟန်ဖြင့် ပြန်ဖြည်ချကာ ထပ်ဖြီးဖို့လုပ်စဥ် လီနန်ခယ့်က ရှေ့တိုးကာဆိုလိုက်သည်။
"ငါလုပ်ပေးမယ်လေ။ ငါလည်းအိမ်မှာဆို ငါ့မိန်းမဆံပင်ကိုထုံးပေးနေကျပဲ။ ငါလုပ်ပေးတဲ့ဆံပင်ပုံစံဆို မင်းကြိုက်မှာသေချာပါတယ်။ မကြိုက်ရင် လက်သီးနဲ့ထိုး"
ယုန်မလေးမုန့်က ငြင်းဆန်မည်အပြု မကြိုက်မရှိစေရဟူသော အာမခံစကားကြောင့် ငြင်းဖို့တွန့်သွားရသည်။
သူမတွေဝေနေစဥ် လက်ထဲကဘီးမှာတော့ လုယူခံလိုက်ရလေပြီ။
သို့သော် ဒီအတိုင်းခွင့်ပြုလိုက်ဖို့သာဆုံဖြတ်လိုက်သည်။ ထိုလူ ဘယ်လိုဆံပင်ပုံစံမျိုးပြင်ပေးလာပါစေ၊ လုံးဝမကြိုက်သယောင်သာဟန်ဆောင်လိုက်မည်။ ဒါဆို ရေချိုးနေစဥ်ချောင်းကြည့်ထားသောအချက်ကိုလည်း ပြန်လက်စားချေပြီး အရှက်ခွဲပြီးသားဖြစ်မည်ဟု သူမဘာသာကြိတ်တွေးထားသည်။
ယုန်မလေး သူ့အကြံနှင့်သူ တဟိဟိကြိတ်ရယ်လိုက်သည်။
လီနန်ခယ့်သည် သူမ၏ညင်သာရှည်လျားသောဆံပင်များကို အလယ်မှခွဲကာဖြီးသင်ပေးရင်း ဆက်မေးသည်။
"သူတို့ကဘာလို့ တုန်းချီခရိုင်မှာမှ တစ်ထောက်နားရတာလဲ"
"ကျွန်မလည်းဘယ်သိမလဲ"
လီနန်ခယ့်ကို အနိုင်ကျင့်ရမည့်အရေးအားကြိုတွေးရင်း ယုန်မလေးမုန့်မှာ အူမြူးလာသလိုရှိကာ နှုတ်ခမ်းလှလှလေးများပင်ကော့တက်လာသည်။
"ဒါပေမဲ့ ဟိုကောလဟလနဲ့များ ဆက်စပ်နေမလားမပြောတတ်ဘူး"
"ကောလဟလလား" လီနန်ခယ့် စိတ်ဝင်စားလာသည်။
ကြေးမုံပြင်ထက်မှပုံရိပ်ကိုကြည့်ရင်း အနောက်မှအမျိုးသားက သူမခေါင်းထက် ဆံထုံးသေးသေးလေးတစ်ခုထုံးပေးနေသည်ကိုမြင်သော် ယုန်မလေးမုန့်ခေါင်းရှုပ်သွားသည်။ သို့သော် များများစားစားဆက်တွေးမနေဖြစ်။
"ပြောကြတာတော့ မင်းသမီးရှန်းယွမ်က ဒီနေရာမှမွေးတာတဲ့၊ မွေးချိန်က မိုးနီရွာတဲ့ည တတိယကင်းလှည့်တဲ့ သန်းခေါင်ယံအချိန်လို့ ဆိုတာပဲ။"
(ညဘက်တွေမှာ ကင်းအဖွဲ့တွေလှည့်တဲ့အခါ ၇နာရီကစပြီး ကင်းလှည့်ပါတယ်။ ည၁၁နာရီနဲ့ ၁နာရီကြားက တတိယတစ်ပတ် ကင်းလှည့်တဲ့အချိန်ပါ။ ဒါကြောင့် သန်းခေါင်ယံအချိန်တစ်ဝိုက်လို့ဆိုရပါမယ် /ဇွန်)
"မိုးနီရွာတဲ့ညသန်းခေါင်မှာ မွေးတဲ့ကလေးက သူတစ်ယောက်တည်းမှမဖြစ်နိုင်တာ၊ ဘာတွေအဲ့လောက်ထူးဆန်းနေလို့လဲ" လီနန်ခယ့် နားမလည်ပေ။
ယုန်မလေးမုန့်ကဆိုသည်။
"သူတို့ပြောတဲ့ဇာတ်လမ်းမှာတော့ မင်းသမီးရှန်းယွမ်က မွေးပြီးပြီးချင်းကို သေမလိုဖြစ်ခဲ့သေးသတဲ့။ တော်ပေ့ဆိုတဲ့သမားတော်တွေ ကျင့်ကြံသူတွေ အကုန်ခေါ်ပြခဲ့ပေမဲ့ တစ်ယောက်မှမကုသနိုင်ခဲ့ကြဘူး"
"နောက်တော့ အန်းဖိန်မင်းသားရဲ့ဇနီးက ဘယ်တာအိုဆရာကိုများသွားမေးမြန်းလာတယ်မသိ၊ သူ့သမီးဆီကနတ်ဆိုးကိုဆေးကြောဖို့ မွေးကင်းစအရွယ် ယောက်ျားလေးတစ်ယောက်နဲ့ လက်ဆက်ပွဲကျင်းပဖို့လိုတယ်လို့ ပြောလာတယ်"
"သူလည်း တခြားနည်းလမ်းရှာမရတော့ ကြံရာမရဖြစ်နေတုန်း အဲ့ဒီယတြာလက်ဆက်ပွဲကိုပဲ အတင်းအကျပ်စီစဥ်တော့တာပေါ့။ သတို့သားကိုလည်း မြန်မြန်ရှာတွေ့ခဲ့ပြီး စေ့စပ်ကြောင်းလမ်းပွဲရော လက်ဆက်ပွဲပါ တခမ်းတနားကျင်းပပြုလုပ်လိုက်ကြတယ်"
"အဲ့ဒီယတြာလက်ဆက်ပွဲအပြီးမှာ မထင်မှတ်စွာနဲ့ မင်းသမီးငယ်လေးပြန်ကျန်းမာလာပြီး ကောင်းကောင်းအသက်ဆက်ရှင်နိုင်ခဲ့တယ်လေ"
"ဒါပေမဲ့ အဲ့ဒီသတိုးသားပေါက်စလေးကတော့ အကြောင်းရင်းမသိရဘဲ ပျောက်ဆုံးသွားခဲ့တယ်"
အကြောင်းရင်းမသိရစွာ ပျောက်ဆုံးသွားခဲ့ခြင်း။ ဤစကားလုံးကိုကြားလိုက်ရချိန် လီနန်ခယ့်၏ရင်အစုံမှာ လှုပ်ရှားတုန်ယင်လာရသည်။
သမီးတော်လေး၏ဘဝနောင်ရေး အနှောင့်အယှက်အဖြစ်စေရန် အန်းဖိန်မင်းသားက သတိုးသားငယ်ကို လက်စသတ်အပျောက်ရှင်းလိုက်လေသလားဟု သူအရင်ဆုံးတွေးမိသည်။
"ဟုတ်တယ်၊ ကောလဟလတွေမှာတော့ ပျောက်ဆုံးသွားတယ်လို့ပဲ ဖော်ပြထားကြတယ်" ယုန်မလေးမုန့်ကဆိုသည်။
"နောက်တော့ ဘယ်ကမှန်းမသိတဲ့ နောက်ကောလဟလတစ်ခု ပြန့်လာပြန်ရော။ သူတို့ပြောတာက အဲ့ဒီကလေးလေးက သင်္ချိုင်းလူသားတစ်ယောက်ပဲတဲ့။ ဒါပေမဲ့ ပုံမှန်သင်္ချိုင်းလူသားတွေနဲ့ မတူဘူးလို့ဆိုကြတာပဲ"
"ပုံမှန်သင်္ချိုင်းလူသားတွေဆိုတာက တစ်ခါပဲအသက်ပြန်ဝင်နိုင်ကြတယ်။ အဲ့ဒီကလေးလေးကတော့ အဆုံးမရှိ ပြန်လည်အသက်ဝင်နိုင်တယ်ဆိုပဲ။ မင်းသမီးရှန်းယွမ် အသက်ပြည့်တဲ့အခါ အဲ့ဒီသင်္ချိုင်းလူသားကလေးလေးလည်း အသက်ပြန်ဝင်ပြီး သူတို့အရင်လက်ထပ်ခဲ့တဲ့နေရာမှာပဲ မင်းသမီးကိုစောင့်နေလိမ့်မယ်တဲ့လေ"
"နောက်ပြီး အဲ့ဒီကလေးလေးက မိုးနီရဲ့လျှို့ဝှက်ချက်ကိုလည်း ဖြည်ဖွင့်နိုင်တဲ့သူလို့ဆိုကြတယ်။ ကံမကောင်းတာက ပေမိသားစုဟာ ကပ်ဆိုးနဲ့ကြုံတွေ့လိုက်ရတာကြောင့် သူတို့အကြောင်းကောလဟလတွေလည်း တဖြည်းဖြည်းလွင့်ပါးသွားတာပါပဲ။ အခုတော့လည်း သူတို့ကို တစ်ဖန်ဂရုစိုက်လာကြပြန်ပြီ"
ယုန်မလေးမုန့်၏ဇာတ်ကြောင်းပြန်ခြင်း အဆုံးတွင် အရိပ်တပ်သားများ ဤနေရာတွင်မှစခန်းချရခြင်းအကြောင်းရင်းကို လီနန်ခယ့်နားလည်သွားတော့သည်။
မင်းသမီးရှန်းယွမ်၏ သင်္ချိုင်းလူသား သတိုးသားငယ်ကို မျှားထုတ်နိုင်ဦးမလားဟူသောရည်ရွယ်ချက်ဖြင့် အထက်ကချသောအမိန့်ဖြစ်ပေမည်။
"ဟယ့်ပန်ကျွင်းပြောတဲ့ ပြဿနာကြီးတစ်ခုဖြစ်လိမ့်မယ်ဆိုတာ ဒီတစ်ခုများလား" လီနန်ခယ့်တွေးမိသည်။
ထျန်ချုန်းဂိုဏ်း၏ အကြီးဆုံးသမီးအနေဖြင့် ဤနေရာတွင် ကြိုတင်ကျက်စားစောင့်ကြည့်နေခြင်းကိုက သူတကာထက်ဉာဏ်ပြေးကာ ကြိုမြင်ထားပြီးဖြစ်ကြောင်းသိသာသည်။ သူမသည်လည်း မင်းသမီးရှန်းယွမ်အတွက်လာရောက်ခြင်းပင်။ သတိုးသားငယ်မှာ လူတိုင်းလိုချင်နေသော ကိတ်မုန့်ချိုလေးအလား။
မိုးနီ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သည်နှင့် ကမ္ဘာကြီးလည်းပြောင်းလဲပေလိမ့်မည်။
"ဒီလူတွေ မင်းသမီးရှန်းယွမ်ရဲ့အလောင်းကို စောင့်ကြပ်နိုင်ကြလိမ့်မယ်ထင်လား" လီနန်ခယ့်မေးလိုက်သည်။
ယုန်မလေးမုန့်က ရယ်စရာအကောင်းဆုံးပြက်လုံးကြီးကိုကြားလိုက်ရသည့်အလား လှောင်ရယ်လေသည်။
"အမလေး ကိုဉာဏ်ကြီးရှင်ရဲ့၊ ဒီလူတွေက အရိပ်တပ်သားကိုမှ နှယ်နှယ်ရရတွေမဟုတ်ကြဘူးနော်၊ မြောက်ပိုင်းနှိမ်နင်းရေးအဖွဲ့က တုန်းဝမ်ခွင်းနဲ့နျဲ့ယင်းကို ဖယ်ပြောရင်တောင်မှ ကျန်တဲ့သူတွေကလည်း သိုင်းလောကကောင်းကင်တလွှားက အထက်တန်းစားတွေချည်းပဲရှင့်။ ဓားနတ်သမီးယဲ့ယောင်ယောင်ဆင်းလာရင်တော့ ဒီလူတွေကိုအနိုင်တိုက်နိုင်မှာမဟုတ်ဘူး။ နောက်ပြီး အဲ့လောက်ကြီးတဲ့ခေါင်းတလားကြီးကို ဘယ်သူကဘယ်လိုမ,ပြေးနိုင်မှာလဲ"
လီနန်ခယ့်ကတော့ ရှင်းပြလို့မရနိုင်စွာ စိတ်လေးနေမိသည်။
သို့သော် ယုန်မလေးပြောသည်မှာလည်းမမှား။ ဧရာမရေခဲခေါင်းတလားကြီးကို လူတွေအစုလိုက်အပြုံလိုက်စောင့်ကြပ်နေကြသည့်ကြားမှ ခိုးပြေးသွားဖို့က မဖြစ်နိုင်သလောက်ပင်။
လီနန်ခယ့်က မိန်းကလေး၏ဆံပင်ကို ဝါးကြိုးထုံးကျစ်ဆံမြီးလေးကျစ်ပေးလိုက်ပြီး ခေါင်းထိပ်သို့လှန်တင်ကာ အသည်းပုံလေးဖြစ်အောင်ထုံးဖွဲ့ပေးသည်။ ထို့နောက် အပြုံးဖြင့်ဆို၏။
"ဒီလိုပုံလေးဆိုရင် သိပ်မဆိုးဘူးဟုတ်တယ်မလား"
ယုန်မလေးမုန့်သည် ကြေးမုံထက်မှ သူမ၏ပုံရိပ်လေးအား ငုံ့ကိုင်းကြည့်လိုက်ပြီး မျက်လုံးလှလှလေးများ တဖျတ်ဖျတ်တောက်သွားတော့၏။
နဂိုက ချစ်စဖွယ်ကောင်းကာ နူးညံ့လှပသောမိန်းကလေးမှာ ခေတ်မီအနုစိတ်သော ထုံးဖွဲ့ဆင်ယင်ပုံဖြင့် ပို၍သွက်လက်တက်ကြွကာ ဆိုးပေပေဟန်လေးပင်ပေါက်သွားသေး၏။
"မဆိုးဘူးပဲ ကိုဉာဏ်ကြီးရှင်၊ ရှင်ဒီလောက်တော်လိမ့်မယ်လို့ ထင်မထားဘူး"
"ကျေနပ်ရဲ့လား"
"အင်း မဆိုးပါဘူး ကျေနပ်ပါတယ်"
ပြုံးရွှင်နေသောမျက်နှာဖြင့် မိန်းကလေးငယ်သည် ဆန်ကောက်နေသောစာကလေးအလား ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်သည်။
ပြီးမှ တစ်ခုခုလွဲနေသလိုခံစားမိလိုက်သည်။ ဘုရားရေ အစောကစီစဥ်ထားတာ ဒီလိုမှမဟုတ်တာ။
အခုတော့ ကိုယ့်မျက်နှာကိုယ် အိုးမဲပြန်သုတ်တာနဲ့ မခြားပါရော့လား။
သူမ စိတ်ပြန်ညစ်သွားရလေသည်။
"ဪ ဒါနဲ့ မင်းကိုတောင်းပန်ချင်သေးလို့ နေ့လည်စာကောင်းကောင်းဧည့်ခံလို့ရမလား။ စားချင်တာမှန်သမျှ အကုန်စားလို့ရတယ်" လီနန်ခယ့်က ထပ်ပြောလိုက်သည်။
ယုန်မလေးမုန့်က နှာခေါင်းရှုံ့ကာ ဟက်ခနဲရယ်လိုက်သည်။
"ရှင်ကကျွန်မကို ထမင်းတစ်နပ်နဲ့ချော့လိုက်ရင်ပြေမဲ့လူမျိုးလို့ ထင်သလား"
...
နာရီဝက်ခန့်အကြာ ကြိုးကြာဖြူစားသောက်ဆိုင်တွင်။
ခမ်းနားထည်ဝါကာ အနံ့အရသာဖြင့် ပြည့်စုံကောင်းမွန်သော စားပွဲအပြည့်ဟင်းပွဲများကိုကြည့်ရင်း ယုန်မလေးမုန့်မှာ မျက်လုံးအစုံမှ အသည်းပုံများပျံထွက်လာတော့မည့်အလား ထိရှနေဟန်ဖြင့် ရင်ဘတ်ကိုပင် လက်နှင့်ဖိထားရသည်။
"ကိုဉာဏ်ကြီးရှင်ရယ် ရှင်ဒီလောက်စိတ်ရင်းကိုဖွင့်ဟနေမှတော့လည်း ဒီမိန်းကလေးက ဆက်ပြီးတောင့်ခံမထားတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ"
ယုန်မလေးမုန့်သည် ဆက်ပြီးစိတ်မရှည်နိုင်တော့ဟန်ဖြင့် တူတစ်စုံကိုကောက်ကိုင်ကာ ပလုတ်ပလောင်းစားရင်းက မပီမသဆက်ပြောလာသည်။
"နောက်ပြီး အစ်မလိန်ကလည်း ရှင်ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူးလို့ပြောပါတယ်။ အဲ့လိုတော့ သိပ်ကိစ္စမရှိပါဘူးလေ"
"ဟုတ်တယ်လေ၊ အဲ့ဒီတုန်းကအခန်းထဲမှာ ရေနွေးငွေ့တွေအထူကြီးဖုံးနေတာ၊ ငါကြည့်ချင်ရင်တောင် ဘာမှမြင်ရမှာမဟုတ်ဘူး" လီနန်ခယ့်က တည်ငြိမ်စွာဆိုလိုက်သည်။
ထိုစဥ် စားပွဲထိုးက ပေါင်းအိုးမှထုတ်ကာစ ပေါက်စီသေးသေးလေးတစ်ပန်းကန်ကိုယူလာပြီး အတွေးကောင်းစွာပင် အလယ်မှနှစ်ပိုင်းစီပိုင်းလာပေးခဲ့သည်။
လီနန်ခယ့်က ပေါက်စီထက်ခြမ်းလေးများကိုကြည့်ပြီး ဆွံ့အသွားကာ တိုးတိုးရေရွတ်မိသည်။
"အဲ့လောက်တူရသလားဟ"
"ဘာကလဲ"
မိန်းကလေးက ရှင်းရှင်းမကြားလိုက်ဟန်ဖြင့် သူ့ကို နဝေတိမ်တောင်ကြည့်လာသည်။
လီနန်ခယ့် ချက်ချင်းပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ အဲ့လောက်တောင်စားကောင်းရသလားလို့ပြောတာ။ အများကြီးစားနော်"
"အွန်း အွန်း" မိန်းကလေးက ပါးလေးများဖောင်းနေအောင်ပြုံးကာ ပျော်ပျော်ကြီးဆက်စားလေသည်။
လီနန်ခယ့် တစ်ခုခုပြောတော့မည်အပြု သူ့မျက်လုံးထောင့်က ရင်းနှီးနေသောပုံရိပ်တစ်ခုကို ဖျတ်ခနဲမြင်လိုက်ရသည်။ လှည့်ကြည့်လိုက်သော် သူတို့နှင့်ခပ်စောင်းစောင်းဦးတည်ရာက စားသောက်ဆိုင်ဒုတိယထပ်တွင် ထိုင်နေသောအမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
အဖြူရောင်ဝတ်စုံ၊ ဝါးဦးထုပ်နှင့် ခပ်သွယ်သွယ်ကိုယ်ဟန်။
အထင်ရှားဆုံးမှာတော့ နှစ်ဖက်သွားလှံကျိုးတစ်ခုကို ဝက်အူရစ်ဖြင့်ဆက်ထားသည်နှင့် ဆင်တူသော နောက်ကျောမှလက်နက်ဆန်း။
မလွဲနိုင်ပါ။ လီနန်ခယ့်မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။
ထိုအချိန်တွင် နောက်ထပ်ရင်းနှီးနေသော ပုံရိပ်တစ်ခုလည်း ထပ်ပေါ်လာပြန်သည်။
အရိပ်နက်အဖွဲ့၏ ခေါင်းဆောင်နျဲ့ယင်းပင်။
သူမသည်လည်း သူနှင့်မဝေးလှသောစားပွဲတစ်နေရာသို့ တန်းတန်းမတ်မတ်လျှောက်လာကာ ထိုင်နေသည်။
"ရှင်ဘာတွေကြောင်နေတာလဲ စားလေ"
မိန်းကလေးက အသံချိုချိုလေးဖြင့်သတိပေးရင်း စားပွဲအောက်ကနေ ခြေထောက်ကိုလှမ်းကန်သည်။
လီနန်ခယ့်အသိပြန်ဝင်လာကာ အရှေ့မှ ကြက်ခြေထောက်ရိုးဝါးနေသောမိန်းကလေးကို အပြုံးဖြင့်ဆိုသည်။
"မင်းစားပါ၊ ငါဗိုက်မဆာလို့၊ ဒါနဲ့ အခုမှငါသတိရလို့ ပြောပြဦးမယ်"
"ဘာများလဲ" ယုန်မလေးမုန့်က ခပ်ပေါ့ပေါ့ပင်မေးသည်။
လီနန်ခယ့်ကတော့ အတည်ပေါက်ကြီးဖြေလာ၏။
"ငါ့မှာ ပိုက်ဆံတစ်ပြားမှမပါခဲ့ဘူး"
ယုန်မလေးမုန့်: "??"