သွားရှုပ်လို့တော့မရ
Vol. 9 Ch. 85
လီနန်ခယ့်မှာ တကယ်လည်းပိုက်ဆံမရှိပေ။
ဒီရက်ပိုင်းအတွင်း အလောင်းတစ်လောင်းသာ ကိုယ်တာရခဲ့သောကြောင့် လတ်တလော နေရေးစားရေးကိုပင် ဇနီးသည်ဆေးကုရှာဖွေသမျှနှင့်ဖြေရှင်းနေရသည်ပင်။ သူတစ်ကယ်ကို ခြူးတစ်ပြားမှပါမလာကြောင်းမှန်ပေသည်။
"ဒါဆိုဘာလို့ ဒီလောက်တခမ်းတနားကြီးလိုက်ကျွေးရတာလဲ"
အကြည့်တွေကသာလူသတ်နိုင်လျှင် ယုန်မလေးမုန့်၏အကြည့်စူးစူးဖြင့် သူ့ခန္ဓာကိုယ် အပေါက်ပေါင်းရာချီထောင်ချီ ဖောက်ထွင်းခံရလောက်ပြီးလေပြီ။
လီနန်ခယ့် လက်နှစ်ဖက်ကိုဖြန့်ပြလိုက်သည်။
"တောင်းပန်တဲ့အနေနဲ့ ထမင်းကောင်းကောင်းလိုက်ကျွေးတာလေ"
"ဒါပေမဲ့ ရှင့်မှာပိုက်ဆံမရှိဘူးဆို"
"ဟုတ်ပါ့၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကိုယ့်အမှားကိုယ်သိပြီးတောင်းပန်ချင်စိတ်ကို ငွေကြေးနဲ့တန်ဖိုးဖြတ်လိုက်လို့မရဘူးလေ။ ကျွေးချင်မွေးချင်တဲ့စိတ်ကိုသက်သေပြပြီးပြီပဲ။ ဒါနဲ့တင်မလုံလောက်သေးဘူးလား"
"..."
ယုန်မလေးမှာ ပြောစရာစကားပင်မရှိတော့။
တစ်ခဏမျှတိတ်ဆိတ်နေပြီးနောက် မိန်းကလေးသည် မထူးဇာတ်ခင်းကာ အဆီတဝင်းဝင်းနှင့်စားပွဲဝိုင်းပေါ်သို့ မျက်နှာပြန်မြှုပ်ချလိုက်တော့၏။
"ရှင့်ဘာသာရှင် စားချင်တာစား ပါးစပ်သုတ်ပြီးရင် ကျွန်မကိုပစ်ထားသွားမယ်ဆိုတာကြိုသိပါတယ်"
လီနန်ခယ့်လည်း မိန်းကလေး၏အတွေးများကိုရိပ်မိဟန်ဖြင့် တောင်းတောင်းပန်ပန်ပြန်ပြောလာသည်။
"တကယ်တော့ မင်းနှင်မထုတ်ခင်ကတည်းက ငါလည်းထသွားမလို့တွေးနေတာပါ"
"စားပွဲထိုး"
ယုန်မလေးမုန့်က ရုတ်တရတ်ခေါင်းမော့ကာ ထခေါ်လိုက်သည်။
"လာပါပြီ"
စားပွဲထိုးလေးက သွက်သွက်လက်လက်ပင်ရောက်လာပြီး လီနန်ခယ့်ကိုမေးသည်။
"ကိုယ်ရေးအရာရှိလီ ဘာများလိုအပ်ပါသလဲခင်ဗျ"
ယုန်မလေးက လီနန်ခယ့်ကိုလက်ညှိုးထိုးပြလိုက်သည်။
"ဒီလူဘယ်သူလဲသိလား"
စားပွဲထိုးလေးမှာ လန့်လည်းလန့်ကာ ခေါင်းလည်းရှုပ်သွားဟန်ဖြင့် ခေါင်းကုတ်လျက်ဖြေလာသည်။
"သူက ရုံးတော်ရဲ့ကိုယ်ရေးအရာရှိလေ ဟုတ်တယ်မလား၊ ခုနကကျွန်တော်ခေါ်တာမှားသွားလို့လား။ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ရုံးတော်က သခင်လေးလီကို ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်ကြောင်း ကြေညာထားတာကို"
ယုန်မလေးကပြုံးသည်။
"မှန်တာပေါ့ရှင်၊ ဒီနေ့စားသမျှစာရင်းကို သူ့နာမည်နဲ့မှတ်ထားလိုက်လို့ရမလား။ နောက်ပြီး ဝိုင်ကောင်းကောင်းနှစ်ပုလင်းလောက်လည်း ထပ်ယူခဲ့ပါဦးနော်"
စားပွဲထိုးလေးက အခြေအနေကိုအာရုံခံမိဟန်ဖြင့် နာမည်တပ်ခံထားရသောလူကိုလှမ်းကြည့်သည်။
တစ်ဖက်လူက ပြုံးပြုံးလေးခေါင်းညိတ်ပြမှသာ သူလည်းပြန်ပြောရဲသည်။
"ဟုတ်ပါပြီ၊ ခဏလောက်စောင့်ပေးပါ။ အရမ်းကောင်းတဲ့ဝိုင်တစ်ပုလင်း ယူလာပေးခဲ့ပါမယ်"
"ဟွန့်"
မိန်းကလေးက လိုချင်သည့်အထုပ်ရအောင်ယူလိုက်နိုင်သော သူခိုးမလေးအလား နှာခေါင်းကိုလက်ဖြင့်ပွတ်ကာ ဆိုးပေသောမျက်နှာထားလေးဖြင့် ဆက်စားနေလေသည်။
လီနန်ခယ့် သူမကိုဆက်မစချင်တော့သဖြင့် ပြုံးပြုံးလေးသာသည်းခံလိုက်သည်။
သူမစိတ်မကြည်လင်အောင်ပြန်စဖို့ သူ့မှာ နည်းပေါင်းတစ်ရာမျှရှိသော်လည်း ယနေ့ကတော့ တောင်းပန်ဖို့ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် ရှိပါစေတော့၊ အနည်းဆုံးတော့ သူ့မျက်လုံးလေးတစ်စုံ သာယာကြည်နူးခဲ့ရသေးတာပဲ အမြတ်မဟုတ်လား။
လီနန်ခယ့် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ထောင့်တစ်နေရာရှိစားပွဲဝိုင်းမှာ အမျိုးသမီးဆီသို့ အကြည့်ပို့လိုက်သည်။
ရောက်ကတည်းက ဆိုင်အပေါ်ထပ် ထောင့်စားပွဲဝိုင်းတွင် ကျောက်ချထိုင်နေခြင်းပင်။
စားပွဲပေါ်တွင်လည်း လက်ဖက်ရည်တစ်အိုးမှလွဲ ဘာမှရှိမနေ။
စားပွဲထိုးလေးက တစ်ခုခုမှာဦးမလားဟု သွားမေးဖို့ကြံရွယ်ထားသော်လည်း ထိုအမျိုးသမီးထံမှခံစားရသော အေးစက်စက်လူသတ်လိုစိတ် အရိပ်အငွေ့ကြောင့် ကြောက်စိတ်ဝင်ကာ လက်ဖက်ရည်ကြမ်းတစ်အိုးချပြီး ခပ်သုတ်သုတ်ပြန်ထွက်သွားလိုက်သည်။ အဝေးရောက်မှ နဖူးကချွေးစက်များကို သပ်ချနိုင်၏။ သူတင်မက ဆိုင်ထဲရှိဧည့်သည်တချို့သည်ပင် ထိုအမျိုးသမီးရှိရာမှ ဝေးဝေးသို့ကွင်းထိုင်နေကြသည့်အလား။
ထိုအမျိုးသမီးမှာ ဆိုင်ထဲသို့စဝင်လာကတည်းက လီနန်ခယ့်တို့ဘက်ကို တစ်ချက်မှလှမ်းမကြည့်။
သူ့ကို လုံးဝမမြင်ဖူးသည့်သူစိမ်းအလား ဆက်ဆံလေသည်။
လက်ဖက်ရည်တစ်ခွက်သောက်စာမျှကြာပြီးချိန်တွင် အရိပ်နက်တပ်သားတစ်ယောက် ဆိုင်အပေါ်ထပ်သို့ ခပ်သုတ်သုတ်ရောက်လာပြီး လက်သန်းမျှအရွယ်အစားသာရှိသော စာတစ်လိပ်အား စားပွဲပေါ်ချပေးလာ၏။
နျဲ့ယင်းက စာရွက်လိပ်ကိုဖြန့်ကာ တစ်ချက်ကြည့်လိုက်ပြီး လက်ချောင်းများကြား ချက်ချင်းအမှုန့်ချေလိုက်သည်။
ထိုအချင်းအရာကို မြင်လိုက်ရသော အရိပ်နက်တပ်ဖွဲ့ဝင်မှာ ဘာတစ်ခုမှထပ်မပြောရဲစွာ အသာဆုတ်ခွာသွားလေတော့၏။
လီနန်ခဲ့က မျက်စောင်းထိုး တစ်ဖက်ခြမ်းရှိ စားသောက်ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ငွေရောင်နှစ်ဖက်သွားလှံကို ကိုင်ဆောင်ထားသည့် ဝါးခမောက်ဆောင်းအမျိုးသမီးမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ဝိုင်ပုလင်းငယ်လေးကို ကိုင်ကာ အေးအေးလူလူဆက်သောက်နေသည်။ အကွာအဝေး လှမ်းနေသောကြောင့် သူမ၏ရုပ်ရည် မည်သို့မည်ပုံရှိသည်ကိုမူ သူမမြင်ရပေ။
"မြန်မြန်စား" အရှေ့မှမိန်းကလေးကို လီနန်ခယ့်လောဆော်လိုက်သည်။
ယုန်မလေးက မျက်နှာသေးသေးလေးကိုမော့ကာ ဆီများစွန်းပေစိုအိနေသောနှုတ်ခမ်းလေးကိုထော်၍ မကျေမနပ်ဆိုသည်။
"ဘာတွေလောနေတာလဲ။ ဒီမှာအများကြီးကျန်သေးတယ် ချန်မထားခဲ့နိုင်ပါဘူး"
မကြာမီပင် စားပွဲထိုးလေးက ဝိုင်ပုလင်းဖြင့်ပြန်ရောက်လာသည်။
တခြားသောဧည့်သည်များမှာ နျဲ့ယင်းဆီမှ သွေးဆာနေသောသားရဲကဲ့သို့ အေးစက်စက်အငွေ့အသက်ကို သည်းမခံနိုင်တော့သည်ထင့်။ တစ်ယောက်ပြီးတစ်ယောက်ထကာ အိမ်ပြန်ကုန်ကြလေပြီ။
အသက် ၁၁နှစ်၊ ၁၂နှစ်ဝန်းကျင်ခန့်ရှိသော ကောင်လေးတစ်ဦးမှာ ပန်းကန်ထဲမှ အရသာရှိလှသော ဝက်သားနီချက်ကို စား၍မဝသေးမီမှာပင် အဘိုးဖြစ်သူထံမှ ဇွတ်အတင်းဆွဲထူခံလိုက်ရပြီး အောက်ထပ်သို့မြန်မြန်ဆင်းရန် အလောတကြီးအချက်ပြခြင်း ခံလိုက်ရသည်။
ကောင်လေးက ငြင်းဆန်ကာ ဂျီကျရန်ဟန်ပြင်သော်လည်း စားပွဲတစ်ဖက်ရှိ မိခင်ဖြစ်သူ၏ တင်းမာသော အကြည့်ကြောင့် အမြီးကုပ်သွားခဲ့ရှာ၏။
ထိုအမျိုးသမီးမှာ ခြောက်လ ခုနစ်လခန့်ရှိမည်ဖြစ်သော ကိုယ်လေးလက်ဝန်ကိုလွယ်ထားရလေသည်။
မိခင်ဖြစ်သူ၏ စိတ်ဆိုးမာန်ဆိုးအမူအရာကိုမြင်သောအခါ ကောင်လေးလည်းတွန့်ခနဲဖြစ်သွားပြီး ဂျီကျဖို့မလုပ်တော့ဘဲ နာခံစွာပင် ထိုင်ခုံပေါ်မှထရပ်လိုက်သည်။
သို့သော် သူ့လက်ထဲတွင် ဘောလုံးလေးတစ်လုံးကိုပိုက်ထားသေးသည်။ ကောင်လေးက ဘောလုံးကိုမေ့ပြီး မိခင်အလိုကျ အမြန်ထရပ်လိုက်ရာ ဘောလုံးလေးကကြမ်းပြင်ပေါ်သို့ ဖုတ်ခနဲပြုတ်ကျသွားတော့၏။ ထို့နောက် နျဲ့ယင်းခြေထောက်ဆီသို့လိမ့်ထွက်သွားသည်။
ကောင်လေးက များများစားစားတွေးမနေဘဲ ဘောလုံးနောက်ချက်ချင်းပြေးလိုက်ကာ ကောက်ဖို့ပြင်သည်။
နောက်တွင်ကျန်ခဲ့သော ကိုယ်ဝန်သည်အမျိုးသမီးနှင့် အဘိုးကြီးမှာတော့ အလန့်ကြီးလန့်သွားရသည်။ အဘိုးဖြစ်သူက ကောင်လေးလက်မောင်းကို အမီလှမ်းဆွဲပြီး နျဲ့ယင်းနှင့်အကြည့်ချင်းဆုံသခိုက် အပြုံးတစ်ခုကို အတင်းဖျစ်ညှစ်ထုတ်ပြလိုက်ရသည်။
"သားဘောလုံးလေး"
ကောင်လေးကတော့ဘာကိုမှဂရုမစိုက်ဘဲ စိတ်လွတ်လက်လွတ်အော်ချကာ ဘောလုံးကောက်ဖို့ အသည်းအသန်ရုန်းကန်လေသည်။
အဘိုးကြီးမှာ လူကြီးအားဖြင့်ရအောင်ဆွဲပါသော်ငြား အဆော့သန်သောကလေးတစ်ယောက်ကိုတော့ နိုင်အောင်ထိန်းနိုင်စွမ်းမရှိတော့လေပြီ။ စိုးရိမ်စိတ်ဖြင့် ချွေးများစီးကျလာစဥ် ကိုယ်ဝန်သည်မိခင်ဖြစ်သူက ရှေ့တိုးလာသည်။
ကောင်လေးက လက်လှမ်းမီတော့မတတ်နီးကပ်နေပြီဖြစ်သော ဘောလုံးလေးဆီ လက်ဆန့်ထုတ်ရင်းအော်သည်။
ဝှစ်
ရုတ်တရတ်ဆိုသလို ငွေရောင်အလင်းတန်းတစ်ခုပျံထွက်လာပြီး ကောင်လေး၏ဆန့်ထုတ်ထားသောလက်ဖဝါးမှာ လှံသွားတစ်ဖက်ဖြင့်စိုက်ဝင်ကာ ကြမ်းပြင်ပေါ် တွဲလျက်ကပ်ထားလျက်သား။