ဆေးအထောက်အကူပစ္စည်းများ ၁
Vol. 145 Ch. 2022
လုယန်သည် သူမ၏ သဘောထားကို သဘောကျသည်။ သူမသည် မောက်မာခြင်းမရှိသလို ရောင့်ရဲခြင်းလည်းမရှိပေ။ ထပ်မံလေ့လာချင်ရုံသာ ဖြစ် သည်။
အရည်အချင်းရှိသော လူငယ်တစ်ယောက်အနေနှင့် သူမကဲ့သို့ သဘော ထားရှိသူကို ရှာရန်ခက်သည်။ သူမကဲ့သို့ လူငယ်မှာ အလွန်အလွန် နည်းပါး၏။
“ဒီနေ့ကစပြီး မင်းရဲ့အသံတိုက်ခိုက်မှုကို ငါစပြီးသင်ပေးတော့မယ်” ထိုသို့ ပြောလာသည်မှာ သူသည် သူမကို တရားဝင်တပည့်အဖြစ်လက်ခံလိုက်ခြင်း ဖြစ်သည် “ငါ မင်းကို မတူတဲ့အကွက်တွေသင်ပေးမယ်.. အဲဒါကို သေချာ လေ့လာချင်ရင် ကောင်းကောင်းလေ့ကျင့်ရမယ်”
“နားလည်ပါပြီ ဆရာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဒါဆို ဒီနေ့ကစကြတာပေါ့.. ငါ မျှော်လင့်တာက… နောက်ဆိုရင် အရိုး ပုလွေကို တန်ဖိုးရှိရှိအသုံးချနိုင်ပါစေ”
ကျန်နေ့ရက်များတွင် ရှီမာယူယူသည် သင်ယူခြင်း၊ လေ့ကျင့်ခြင်းများနှင့် အချိန်ကုန်ဆုံးလေသည်။ ရံဖန်ရံခါတွင် အပြင်ဘက်မှ အဖြစ်အပျက်များကို တခြားသူများ ပြောသည်ကို ကြားရသည်။ ဝူလင်းယူလာသည့်အချိန်တွင် သူမ နှင့် အစီအရင်များကို လေ့လာလေ့ရှိသည်။
သူမ တစ်ယောက်တည်းရှိချိန်တွင် ဝိညာဉ်စေတီအတွင်းသွားပြီး တခြား အရာများကို လေ့လာပြီး လေ့ကျင့်ရေးကို အလွတ်မခံပေ။
သည်လိုနှင့် နှစ်တစ်ဝက်ခန့်မှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ကုန်ဆုံးသွားသည်။ ယခုအချိန်ထိ အချိန်များအားလုံး ပေါင်းလိုက်လျှင် သူမ ဤနေရာသို့ ရောက်နေ သည်မှာ ၁ နှစ်ရှိပြီဖြစ်သည်။
သူမ အသံတိုက်ခိုက်မှုကို လေ့ကျင့်သည့်အချိန်တိုင်းတွင် အတားအဆီး စီမံသည်။ ထိုမှသာ သူမ ဂီတလေ့ကျင့်နေသည်ကို အပြင်လူများမကြားနိုင်မည် ဖြစ်သည်။ သို့သော် ရှီမာယူယူ၏ တိုးတက်မှု ကြီးမားသည်ကို လုယန်၏ ကျေနပ်နေသည့် အမူအရာမှတစ်ဆင့် သိနိုင်သည်။
ပြီးနောက် သူမသည် နောက်ပိုင်းတွင် ကျော်ကြားလာသည်။ အကြောင်း မှာ သူမ လုပ်ခဲ့သည့်အရာများကြောင့်မဟုတ်ဘဲ သူမနှင့် ပတ်သက်သည့်အရာ များသည် တခြားသူများကို အာရုံစိုက်လာစေသည်။
ချင်းချိုင့်သည် အဂ္ဂိရတ်ဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးကို သတ်ခဲ့ကာ အလောင်းကို သင်္ဂြိုလ်ရန်ပြင်ဆင်ချိန်တွင် တစ်စုံတစ်ယောက်မှ မြင်တွေ့ခဲ့၏။
ပုံမှန်ဆိုလျှင် လျှို့ဝှက်ဂိုဏ်းတွင် လူတစ်ယောက်သေသည်မှာ ထူးဆန်း လှသည်တော့မဟုတ်ပေ။ သို့သော် သူသတ်လိုက်သူမှာ လျှို့ဝှက်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်၏ မြေးမလေးဖြစ်သည်။ ထိုနေရာသို့ ခေါ်လာသူမှာ လည်း သူကိုယ်တိုင်ဖြစ်သည်။ ထို့အပြင် သူသည် သူမ မသေဆုံးခင်တွင် အရှင် လတ်လတ် ညှဉ်းပန်းခဲ့သည်ဆိုသည့် သတင်းများလည်းရှိသည်။ သူမ၏ အလောင်းသည် မမှတ်မိနိုင်လောက်အောင် ပျက်စီးနေရာ အဂ္ဂိရတ်ဂိုဏ်းကို ဒေါသထွက်စေသည်။
ချင်းချိုင့်တွင် နောက်ခံရှိသည်။ သူ၏အဘိုးဖြစ်သူသည် အကြီးအကဲဖြစ် သည်။ သို့သော် သေသွားသောမိန်းကလေး၏ အဘိုးသည်လည်း အကြီးအကဲ တစ်ဦးဖြစ်သည်။ သူတို့၏ နောက်ခံမှာ ညီတူညီမျှဖြစ်သည်။ ထို့ကြောင့်ပင် ဂိုဏ်းနှစ်ခုမှာ ပဋိပက္ခများ ကြီးမားလာသည်။
အစပိုင်းတော့ ထိုကိစ္စသည် ရှီမာယူယူနှင့် မပတ်သက်ပေ။ သို့သော် ချင်းချိုင့် ထိုမိန်းကလေးကို ရက်စက်စွာ သတ်ရခြင်းမှာ ရှီမာယူယူ၏ အဆိပ် ကြောင့်ဖြစ်ကြောင်းကို နောက်ပိုင်းတွင် သိလာရသည်။ ယခုအချိန်တွင် သူ သည် တခြားသူများကို ညှာတာခြင်းမရှိသောကြောင့် ဤကဲ့သို့လူမဆန်သော လုပ်ရပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။
ရှီမာယူယူ၏ အဆိပ်သည် အဆိပ်ဂိုဏ်းတစ်ခုလုံး နှစ်တစ်ဝက်ခန့် မရေမတွက်နိုင်အောင် လေ့လာခဲ့သော်လည်း အဖြေရှာမရသဖြင့် လျှို့ဝှက် ဂိုဏ်းတစ်ခုလုံး အံ့ဩရသည်။
အဆိပ်ဂိုဏ်းက ဘာကြီးလဲ။ ကောင်းကင်အောက်က အဆိပ်ပါရမီရှင်တွေ ရှိရဲ့သားနဲ့ ဒီလိုအမည်မဲ့အဆိပ်တစ်ခုကိုတောင် အဖြေမရှာနိုင်ကြဘူး။
ရှီမာယူယူ၏ အဆိပ်မှာ ဘာကြောင့် ဤမျှအားကောင်းသလဲဟု လူ တစ်ယောက်သည် မေးလာသည်။ ထိုအခါ သူမ ပြုံးလေသည် “ကျွန်မ အဆိပ် က အားကောင်းနေတာမဟုတ်ဘူး သူတို့က အဆိပ်ဖြေဆေးကိုမစဉ်းစားနိုင် တာပဲ.. တကယ်တော့ ပါဝင်ပစ္စည်းက အကုန်လုံးမှာရှိနေတဲ့ဟာပဲ”
သူမ စကားကိုအဆိပ်ဂိုဏ်းမှ ကြားသောအခါ သူမရည်ညွှန်းချက်ကို သိ ချင်၍ ဦးနှောက်သုံးကြသည်။ သူ့ကြည့်လိုက် ကိုယ့်ကြည့်လိုက်ဖြစ်နေကြသော် လည်း သူမပြောသည့် လူတိုင်းရှိသည့်အရာကို စဉ်းစားမရကြပေ။
သူမ ပေးလိုက်သည့် အရိပ်အမြွက်မှာ လုံလောက်နေပြီဟု ရှီမာယူယူ ထင်မိသည်။ သို့သော် ထိုလူများသည် ရှာမတွေ့ကြသေးပေ။ လုယန်ပင်လျှင် သိချင်လာကာ သူမကို သင်ပေးနေရင်းနှင့် မေးကြည့်သည်။
သူမ၏ အဖြေကို သူကြားသောအခါ မျက်နှာရှုံ့သွားကာ ထိုမေးခွန်းမေးမိ သည့်အတွက် နောင်တပင်ရလေသည်။
“အဲဒီပစ္စည်းသုံးဖို့ ဘာလို့တွေးမိတာလဲ” သူ၏စကားလုံးများသည် အထင် သေးမှုများ ပြည့်နေသည်။
“ဟီးဟီး” ရှီမာယူယူသည် ကြိတ်ရယ်လေသည် “အဲလိုလူမျိုးကတော့ မသတ်နိုင်ရင် ကောင်းကောင်းကြီး ပညာပေးဖို့ တခြားနည်းလမ်းကိုသုံးရမှာပဲ မဟုတ်ရင် ဒေါသပြေမှာမဟုတ်ဘူး”
“အင်း မင်းကလည်း တော်တော်ဆိုးတာပဲ” လုယန်သည် သူမ၏ အစီအစဉ်ကို ကြားသောအခါ မနှစ်မြို့လှပေ။ သို့သော် သူ စကားလမ်းကြောင်း လွှဲလိုက်သည် “ဒီနေ့တော့ ဒီလောက်ပဲရပ်လိုက်ကြမယ်.. ပြန်လို့ရပြီ၊ ပြန် ရောက်ရင်တော့ ဒါကိုပြန်လေ့ကျင့်ထားဦး”
“ဟုတ်ကဲ့ပါ ဆရာ”
ရှီမာယူယူ ထွက်သွားသည်။ သို့သော် လုယန်သည် မနှစ်မြို့သလိုခံစားနေ ရတုန်းပင်။ သူ ဗျတ်စောင်းကို အတန်ကြာတီးပြီးမှပင် စိတ်ငြိမ်သွားလေသည်။ သူ အတီးရပ်ကာ မတတ်သာစွာ ပြုံးလိုက်သည် “တကယ့် နတ်ဆိုးမလေးပဲ”
နောက်တစ်လကုန်သွားသည်အထိ အဆိပ်ဂိုဏ်းမှလူများသည် အဆိပ် ဖြေဆေးကို မတွေ့သေးသဖြင့် ဂိုဏ်းအဖွဲ့ဝင်များသည် ဒေါသထွက်ကြသည်။ သူတို့သည် ရှီမာယူယူကို မေးချင်သည်။ သို့သော် မာနကိုလည်း မချနိုင်ကြပေ။ ပြီးနောက် သူမသည် ဂီတဂိုဏ်းမှထွက်မလာသဖြင့် သူမကို သွားမေးချင်လျှင် တောင် မမေးရဲကြပေ။
အဆိပ်ဂိုဏ်းမှလူများ နေ့စဉ် ခေါင်းပူနေချိန်တွင် သားရဲထိန်းကျောင်း ဂိုဏ်းနှင့် အဂ္ဂိရတ်ဂိုဏ်းတို့မှာ ပဋိပက္ခများနှင့် လုံးပန်းနေရသည်။ ဂီတဂိုဏ်းမှ လူများသည် ရှီမာယူယူ မည်သို့လုပ်လိုက်သည်ကို မသိကြသော်လည်း ထိုလူ များ ဒုက္ခခံစားနေရသည်ကို ကြည့်ရသည်ကပင် ပျော်ရွှင်ဖွယ်ကောင်းနေသည်။
ဟင်း.. အဲလူတွေက အရင်တုန်းက သူတို့ကို အထင်သေးခဲ့တာမလား။ အခု သူတို့ရဲ့ ဆရာဦးလေးနဲ့ ဘိုးဘေးသခင်က ကောင်းကောင်းကြီးရိုက်ချလိုက် ပြီပဲ။ ထိုလူများ ဝမ်းချုပ်သလိုခံစားနေရသည်ကို ကြည့်ရသည်မှာ အလွန်ပင် ခံစားလို့ကောင်းနေသည်။
သူတို့၏ ဆရာဦးလေးတဖြစ်လဲ သခင်မလေးသည် အားကောင်းသည့် အဆိပ်သခင်ဖြစ်နေသေးသည်။ သူတို့သည် သွားသည့်နေရာတိုင်းတွင် မျက်နှာ ပွင့်ကြသည်။
ထိုသဘောထားမှာ အကြီးအကဲတချို့ ဂီတဂိုဏ်းသို့ ကိုယ်တိုင်လာ ရောက်ချိန်တွင် ပြိုကွဲသွားလေသည်။
ရှီမာယူယူသည် အစေခံနောက်မှလိုက်၍ ဂီတဂိုဏ်း၏ အစည်းအဝေး ခန်းမသို့ သွားလိုက်သည်။ ထိုနေရာတွင် လုယန်၊ မိုဝေ့နှင့် ကျန်းဖူဟဲ့တို့သည် တခြားနှစ်ယောက်နှင့် စကားပြောနေကြသည်။ ချင်းရှီသည် ဘေးမှ တခြား အမျိုးသမီးတစ်ဦးနှင့် စကားပြောနေသည်။
“ဆရာ၊ ဂိုဏ်းဒုသခင်၊ ဆရာဦးလေး”
“ယူယူ ဒါက စစ်ဆင်ရေးဂိုဏ်းရဲ့ အကြီးအကဲ ၅ ချင်းချန်၊ အကြီးအကဲ ၆ တဖြစ်လဲ သားရဲထိန်းကျောင်းဂိုဏ်းက ဒုသခင် ဟဲ့လန်နဲ့ အဆိပ်ဂိုဏ်းက အိုးယွိလင်ပဲ” လုယန်သည် သူတို့ကို မိတ်ဆက်ပေးရာ သူမသည် တစ်ယောက် ချင်းစီ အရိုအသေပြုလေသည်။ ထို့နောက် သူမသည် ဘာမှမပြောဘဲ ရပ်မြဲရပ် နေလေသည်။
သူတို့ လာရသည့်အကြောင်းအရင်းကို မစဉ်းစားဘဲနှင့် သူမ သိသည်။ သူတို့သည် မတတ်နိုင်တော့သဖြင့် သူမကို အဆိပ်ဖြေဆေးလာမေးခြင်းဖြစ် သည်။ သို့သော် ထိုအကြောင်းကို သူမ အရင်စပြောမည်မဟုတ်ပေ။
“ယူယူ မင်းကို ဒီကိုခေါ်လိုက်ရတာ အကြောင်းအရင်းရှိတယ်.. အစော ပိုင်းက မင်း ချင်းချိုင့်ကို အဆိပ်ခတ်ခဲ့တယ်.. ပြီးတော့ အဆိပ်ဂိုဏ်းက နှစ်တစ် ဝက်လောက် လေ့လာပြီးတဲ့အထိ အဆိပ်ဖြေဆေးကို မဖော်စပ်နိုင်ခဲ့ဘူး.. အဲဒါ ကြောင့် အဆိပ်ဖြေဆေးပေးဖို့ မင်းကို လာတောင်းဆိုတာပဲ.. ချင်းချိုင့်နဲ့ အကြီးအကဲကျင်းရှီကလည်း ကိုယ်တိုင် တောင်းဆိုနေကြတယ် အဲဒါကြောင့် သူတို့ကို အဆိပ်ဖြေဆေး ပြောပြလိုက်ပါ” လုယန် ပြောလိုက်သည်။
ရှီမာယူယူသည် လုယန်မှ ‘တောင်းဆိုသည်’ ဆိုသည့် စကားလုံးသုံးသွား သည်ကို အလွန်ကျေနပ်မိသည်။ အထူးသဖြင့် ထိုနေရာမှ လူအများစု မျက်နှာ ပျက်သွားပြီး မငြင်းဆန်ရဲသည်ကို မြင်သောအခါ စိတ်ထဲမှ ဝမ်းမြောက်မိသည်။
“အကြီးအကဲချင်းရှီ၊ ဂိုဏ်းဒုသခင်ချင်း.. တကယ်တော့ အခြေအနေအရ ကျွန်မကိုယ်ကျွန်မ ကာကွယ်လိုက်ရလို့သာမဟုတ်ရင် သူ့ကိုအဆိပ်ခတ်မှာ မဟုတ်ပါဘူး.. ပြီးတော့ သူက မျိုးဆက်တွေထဲမှာ ဆက်ခံသူဖြစ်နေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေ မျိုးကို ရင်ဆိုင်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်”
“ချင်းချိုင့်က ဒီကိစ္စမှာ မှားခဲ့တာမှန်ပါတယ်.. ဒါပေမဲ့ သူ့ကို အဆိပ်ခတ် ခဲ့တာလည်း ကြာပြီလေ အဲတော့ အခုလောက်ဆို မင်းဒေါသလည်း ပြေနေ လောက်ပါပြီ” ချင်းရှီ ပြောလေသည် “အခုပဲ အဆိပ်ဖြေဆေးကို ပြောပြပါဦး”
“တကယ်တော့ ဒီအတွက်က အဆိပ်ဖြေဆေးအများကြီးရှိပါတယ်.. အဆိပ်ဂိုဏ်းက မတွေ့စရာအကြောင်းတော့ မရှိပါဘူး” ရှီမာယူယူ ပြောလိုက် သည်။
“ငါတို့တွေ အဆိပ်ဖြေဆေးနှစ်မျိုးတွေ့တယ်.. ဒါပေမဲ့ သက်ရောက်မှုမရှိ ဘူး.. သူ စားတ့အချိန်တိုင်း မိနစ်ပိုင်းတော့ ပြန်ကောင်းသွားတယ်.. ဒါပေမဲ့ အရင်အခြေအနေအတိုင်း ပြန်ဖြစ်သွားတာပဲ.. မင်းပြောတဲ့ ဆေးပစ္စည်းကို လည်း စဉ်းစားကြည့်သေးတယ် ဒါပေမဲ့ အချိန်တွေဒီလောက်ကြာသွားတာ တောင် ဘာမှရှာလို့မတွေ့ဘူး အဲဒါဘာလဲဆိုတာ ပြောပြလို့ရမလား” အိုးယွိလင်သည် သူမတို့၏ ကျရှုံးမှုအကြောင်း ပြောရာတွင် ရှက်ရွံ့နေခြင်းမရှိ ဘဲ ပွင့်လင်းစွာမေးလေသည်။
“ကျွန်မ ပြောပြီးပြီမဟုတ်ဘူးလား အဲဒါက လူတိုင်းမှာရှိတဲ့ဟာပါလို့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက အဲလောက်သိသာအောင် လုပ်ထားတာ အဲဒါကို ဘာလို့မမှန်းနိုင်ရတာလဲ”
“လူတိုင်းမှာရှိတဲ့ဟာ.. ငါတို့တွေ ဆံပင်၊ လက်သည်းတွေနဲ့ စမ်းကြည့်ပြီး ပြီ ဒါပေမဲ့ အကုန်လုံးအသုံးမဝင်ဘူး အဲဒါကြောင့် အဲဒါဘာလဲဆိုတာ တိုက်ရိုက် ပဲပြောပြပါ”
***