အခန်း (၄၆၃)
Vol. 46 Ch. 463
အခန်း။ ၄၆၃
အထူးသဖြင့် ယွမ်ပုဖော်ဆိုလျှင် သူ၏လက်ထဲရှိ ဝိုင်ခွက်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့ပြီ ဖြစ်သည်။ ဝိုင်များမှာ သူ၏ကိုယ်ပေါ်သို့ ဖိတ်စင်ကုန်သော်လည်း သူကမူ ဘာကိုမျှ သတိမထားမိဘဲ ရှိနေသည်။
ယွမ်ရှန်းသည်လည်း အတော်လေး အနေရခက်သွားပြီး ဒါတွေက ဘာဇာတ်လမ်းတွေလဲဟု တွေးတောနေမိသည်။
"ထူးဆန်းတဲ့ အဖြစ်အပျက်တွေက နှစ်တိုင်းရှိတတ်တာ မှန်ပေမဲ့... ဒီမိဖုရားကြီးတွေနဲ့ အိမ်ရှေ့မင်းသားတွေကတော့ ဦးနှောက်တစ်ခုခု ဖြစ်နေကြပြီ ထင်တယ်။ ငါ့နာမည်က ယွမ်ရှန်းပါ။ ထန်စန်းမှ မဟုတ်တာ။ ဘာလို့ မကြာသေးခင်ကမှ ငါ့ကို ဒီလောက်အထိ လုနေကြရတာလဲ။
ငါ လူမသိအောင် ရုပ်ဖျက်မှော်ပညာကို သုံးပြီး ကိုယ့်ကိုကိုယ် ပဲပင်ပေါက်လေးတစ်ပင်လို ရိုးရိုးစိမ်းစိမ်း ပုံစံမျိုး ပြောင်းထားခဲ့တာ မဟုတ်ဘူးလား။ ဒီပုံစံကိုမှ လူတွေက စိတ်ဝင်စားနေကြတာလား။ ငါက အပျိုစင်လေး၊ မိန်းကလေးငယ်လေးပဲ ရှိသေးတာလေ။ ခေတ်သစ်ကမ္ဘာမှာဆိုရင် ဒီအသက်အရွယ်နဲ့ဆို ကလေးသူငယ် ခိုးယူမှုလို့ သတ်မှတ်ခံရမှာကိုရော သူတို့တွေ နားလည်ကြရဲ့လား"
သို့သော် အိမ်ရှေ့မင်းသား လီချန်း၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူသည်လည်း အဆမတန် မကျေမနပ် ဖြစ်နေပုံပင်။ ယွမ်ရှန်းက ရင်ထဲမှနေ၍ လှောင်ပြောင်လိုက်သည်။
"ရှင်က မလိုလားဘူးဆိုတော့လည်း ငါကလည်း ဂရုမစိုက်ပါဘူး။ တကယ်တော့ ငါ့ရဲ့ စေ့စပ်ထားသူက ရှင့်ထက် ကဏ္ဍတိုင်းမှာ အဆပေါင်းများစွာ သာလွန်တယ်။
ကံကောင်းထောက်မစွာနဲ့ ယီပိုင်မင်း နဲ့ အချိန်အတော်ကြာ အတူရှိခဲ့ဖူးတော့... ဒီ မြေခွေးအိုကြီးရဲ့ အတော်ဆုံး နည်းဗျူဟာဖြစ်တဲ့ လာသမျှအကွက်ကို ပြန်တုံ့ပြန်ခြင်းနည်းလမ်းကို ငါကောင်းကောင်း တတ်မြောက်ထားတာပေါ့"
"မိဖုရားကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အိမ်ရှေ့မင်းသားက သိမ်မွေ့ထက်မြက်သူဖြစ်လို့ တန်ယွမ်နိုင်ငံက မြင့်မြတ်တဲ့ မိန်းကလေးတိုင်းက မင်းသားနဲ့ လက်ထပ်ဖို့ ဆန္ဒရှိကြမှာပါ။ ဒါပေမဲ့... ယွမ်ရှန်းမှာ စေ့စပ်ထားသူ ရှိပြီးသားပါ။ သူကတော့ ကျောက်နိုင်ငံရဲ့ ပိုင်မင်း
မင်းသားပါပဲ"
ယွမ်ရှန်းက ရှက်သွေးဖြန်းသလို အမူအရာဖြင့် ပြောလိုက်သည်။ အရေးကြီးသော အချိန်များတွင် စေ့စပ်ထားသူကို ဒိုင်းအဖြစ် အသုံးပြုရခြင်းမှာ အမှန်တကယ်ပင် အသုံးဝင်သည်။
အမှောင်အိမ်ရှေ့မင်းသားကို ခုခံပြီးနောက် ယခု ဧကရာဇ်မင်း၏ မိဖုရားကိုပါ တားဆီးနိုင်ခဲ့ပြီဖြစ်ရာ ဤနည်းလမ်းမှာ အကြိမ်ကြိမ် အောင်မြင်သည်။
ယွမ်ရှန်းနှင့် ယီပိုင်မင်းတို့၏ စေ့စပ်ကြောင်းလမ်းမှုကို လူသိရှင်ကြား မထုတ်ပြန်ထားသဖြင့် လူအနည်းငယ်သာ သိကြခြင်းပင်။
ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ပုဖော်၏ ဦးခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ အုန်းခနဲ မြည်ဟည်းသွားပြီး ပတ်ဝန်းကျင်ရှိ အသံများကို မကြားနိုင်တော့ပေ။ သူ၏ စိတ်ထဲတွင် စကားတစ်ခွန်းတည်းသာ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။
"ယွမ်ရှန်းမှာ စေ့စပ်ထားသူ ရှိပြီးသားပါ သူကတော့ ကျောက်နိုင်ငံရဲ့ ပိုင်မင်းမင်းသားပါပဲ"။
ကျောက်နိုင်ငံရဲ့ ပိုင်မင်းမင်းသား... သူမက စေ့စပ်ထားပြီးသားတဲ့လား။ ဘာလို့များ သူမဆီက ဒီအကြောင်းကို တစ်ခါမှ မကြားခဲ့ရပါလိမ့်။
ယွမ်ပုဖော်သည် ရင်ထဲတွင် တင်းကျပ်သော ဝေဒနာကို ခံစားလိုက်ရသော်လည်း မကြာမီမှာပင် အခြားတစ်ခုကို တွေးမိသွားသည်။
"ဒါက စေ့စပ်ရုံတင်ပဲလေ ဘာမှ အရေးမကြီးပါဘူး။ ငါ့အစ်မတော်နဲ့ ရွှမ်ဝူကျိတို့တောင် စေ့စပ်ထားခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမဲ့ နောက်ဆုံးတော့ အစ်မတော်က ယန်ချန်းလန်နဲ့ပဲ ချစ်ကြိုက်ပြီး ပေါင်းဖက်သွားခဲ့တာပဲ။ အစ်မတော် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တာတောင် သူ့ခင်ပွန်းက အချစ်မလျော့ဘဲ ဂရုစိုက်ပေးခဲ့သေးတာ။
ယွမ်ရှန်း စေ့စပ်ထားတာကိုလည်း ငါဂရုမစိုက်ဘူး။ သူမလို ဂုဏ်သရေရှိတဲ့ သမီးတစ်ယောက်ဆိုတာ အင်ပါယာရဲ့ အမိန့်ကြောင့်သာ အတင်းအကျပ် စေ့စပ်လိုက်ရတာ ဖြစ်မှာပါ။ ကျောက်နိုင်ငံရဲ့ အိမ်ရှေ့မင်းသားက ငတုံးတစ်ယောက်လို့ ကောလာဟလ ထွက်နေတာပဲ... ပိုင်မင်းမင်းသားဆိုတာလည်း အသုံးမကျတဲ့သူပဲ ဖြစ်ရမယ်။ ခန့်ညားထည်ဝါပြီး ဂီတပညာ ကျွမ်းကျင်တဲ့ ငါ့ကို သူက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ်။ ယွမ်ရှန်းက အတင်းအကျပ် ခိုင်းစေခံရတာ။ ငါသာ ကြိုးစားပြီး သူမနှလုံးသားကို သိမ်းပိုက်နိုင်ရင်... စေ့စပ်ထားတာတွေ၊ ပိုင်မင်းမင်းသားဆိုတာတွေ အားလုံးကို ဘေးဖယ်ထားလို့ ရပြီ။ တကယ်လို့ အဆင်မပြေရင်တောင် ငါတို့နှစ်ယောက် ခိုးရာလိုက်ပြေးလို့ရတာပဲ"
ယွမ်ပုဖော်သည် သူ၏စိတ်ကူးထဲတွင် အစီအစဉ်များစွာကိုပင် ကြိုတင်ရေးဆွဲနေပြီး နောင်တစ်ချိန်တွင် ရရှိလာမည့် ကလေးများ၏ အမည်များကိုပင် စဉ်းစားထားပြီး ဖြစ်သည်။
မိဖုရားကြီးမင်ကမူ ထိုစကားကို ကြားသောအခါ စိတ်ပျက်မှုများ မြင့်တက်သွားရသည်။ ဤမျှ တော်လှသော မိန်းကလေးတစ်ဦးမှာ အခြားသူတစ်ဦးနှင့် လက်ထပ်ရန် ကတိပေးထားပြီး ဖြစ်နေသည်မှာ အလွန်ပင် နှမြောစရာကောင်းလှသည်။ သို့သော် မိဖုရားကြီးမင်သည် စိတ်ကို ချက်ချင်းပြန်ထိန်းလိုက်ပြီး ယွမ်ရှန်းကလည်း စကားဝိုင်းကို အမျိုးသမီးများ၏ အလှအပနှင့် အသားအရေ ထိန်းသိမ်းမှုဘက်သို့ ပါးနပ်စွာ လွှဲပြောင်းလိုက်သည်။ မိဖုရားကြီးသည် အမှန်တကယ်ပင် စိတ်ဝင်စားသွားပြီး သားတော်၏ အချစ်ရေးကို ဝင်ရောက်စွက်ဖက်မည့်အတွေးများကို ဘေးဖယ်ကာ ယွမ်ရှန်းနှင့် စကားလက်ဆုံ ကျနေတော့သည်။
ယွမ်ရှန်းနှင့် မိဖုရားကြီးတို့ စကားပြောကောင်းနေစဉ်တွင် ယွမ်ပုဖော်မှာမူ ခိုးရာလိုက်ပြေးမည့် အတွေးများဖြင့်သာ အလုပ်ရှုပ်နေတော့သည်။
အိမ်ရှေ့မင်းသား လီချန်းနှင့် ရွှမ်မိန်မိန်းတို့မှာမူ စိတ်သက်သာရာရသွားကြသည်။ လီချန်းအနေဖြင့်မူ ရုပ်ရည်ရိုးရှင်းလွန်းသော အမျိုးသမီးတစ်ဦးအား အိမ်ရှေ့မင်းသမီးအဖြစ် မလက်ထပ်လိုခြင်းကြောင့် ဖြစ်ပြီး သူ၏ရင်ထဲတွင် ရွှမ်မိန်မိန်းအပေါ်၌သာ စိတ်ကူးယဉ်မှုများ ရှိနေဆဲပင်။
ရွှမ်မိန်မိန်းမှာမူ အစောပိုင်းက ဂရုမစိုက်ခံရသဖြင့် မကျေမနပ် ဖြစ်နေခဲ့သော်လည်း မိဖုရားကြီးမင်က လီချန်းနှင့် ယွမ်ရှန်းကို လက်ဆက်ပေးရန် ကြံရွယ်နေသည်ကို ကြားသောအခါ ပြန်လည် နိုးကြားလာခဲ့သည်။ သို့သော် ယွမ်ရှန်းက သူမတွင် စေ့စပ်ထားသူ ရှိပြီးသားဖြစ်ကြောင်း ပြောကာ တိုက်ရိုက်ငြင်းဆိုလိုက်သဖြင့် သူမ ဝမ်းသာသွားသည်။
အခုဆို အစ်ကိုပုဖော်လည်း လက်လျှော့သွားလောက်ပြီ မဟုတ်ဘူးလား။
ရွှမ်မိန်မိန်းသည် ယွမ်ပုဖော်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူသည် ယွမ်ရှန်းကိုသာ စူးစိုက်ကြည့်နေပြီး သူ၏မျက်ဝန်းများမှာ ထူးခြားသော အရည်လဲ့မှုများဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။ သူ၏ အမူအရာတွင် စိတ်ပျက်အားငယ်မှု သို့မဟုတ် လက်လျှော့လိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။ ထိုအခြင်းအရာကြောင့် ရွှမ်မိန်မိန်းသည် ယွမ်ရှန်းအပေါ် ပို၍ပင် မုန်းတီးစိတ်များ တိုးပွားလာခဲ့သည်။
တည်ခင်းပွဲအပြီးတွင် အိမ်ရှေ့မင်းသား လီချန်းသည် ယွမ်ရှန်းတို့အဖွဲ့အား ပြန်လည်ပို့ဆောင်ရန် ရထားလုံးများ ပြင်ဆင်ပေးခဲ့သည်။
"နတ်ဆေးဆရာမယွမ်ကို ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒီ နိုင်ငံတော်လက်ဆောင် တံဆိပ်ကို မယ်တော့်ကို ကယ်တင်ပေးတဲ့အတွက် ဆုလာဘ်အဖြစ် ပေးအပ်ဖို့ ခမည်းတော်က ကျွန်တော့်ကို လွှဲအပ်လိုက်တာပါ။ ဒီတံဆိပ်ရှိရင် တန်ယွမ်နိုင်ငံအတွင်းမှာ မည်သည့် စစ်ဆေးမှုမျှ မလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ပါတယ်"
လီချန်းက ပြောလိုက်သည်။ သူသည် ယွမ်ရှန်းကို လက်မထပ်လိုသော်လည်း မယ်တော့်အသက်ကို ကယ်တင်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်နေဆဲပင်။
"မင်းသား အားနာစရာ မလိုပါဘူး။ ဒါက ကျွန်မရဲ့ အလုပ်ပဲလေ။ အိမ်ရှေ့မင်းသားက စိတ်ထားကောင်းသလို မိဖုရားကြီးမင်ကလည်း လောကမှာ စံနမူနာထားရတဲ့သူဖြစ်လို့ ဒီလို ကုသိုလ်ထူးတွေ ခံစားရတာပါ။ ကျောက်နိုင်ငံရဲ့ ပိုင်မင်းမင်းသားက မင်းသားအကြောင်းကို ချီးမွမ်းပြောဆိုတာ ခဏခဏ ကြားဖူးပါတယ်"
ယွမ်ရှန်းက ပြုံးလျက် ဆိုပြီးနောက် ခေတ္တစဉ်းစားကာ လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
"မင်းသား... ဖြစ်နိုင်ရင် ကျောက်နိုင်ငံရဲ့ ပိုင်မင်းမင်းသားနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ရှိသင့်ပါတယ်။ ကျွန်မက ညွှန်ကြားလိုက်တယ်လို့ ပြောလိုက်ပါ"
အိမ်ရှေ့မင်းသား လီချန်းမှာ ခေတ္တမျှ မှင်တက်သွားသော်လည်း မကြာမီမှာပင် သဘောပေါက်သွားသည်။ ယွမ်ရှန်း၏ အကြံပြုချက်မှာ ကျောက်နိုင်ငံ၏ ပိုင်မင်းမင်းသားနှင့် မဟာမိတ်ဖွဲ့ရန်ပင်။ သို့သော် ကျောက်နိုင်ငံ၏ ပိုင်မင်းမင်းသားမှာ နန်းကျအိမ်ရှေ့မင်းသားဟောင်း တစ်ဦးပင်။
လီချန်းသည် သူ့ဘာသာ ရေရွတ်လိုက်ပြီး နန်းတော်သို့ ပြန်ကာ မယ်တော်နှင့် အရင်တိုင်ပင်ပြီးမှသာ ဆုံးဖြတ်ရမည်ဟု တွေးလိုက်သည်။
ယွမ်ရှန်းသည် ထိုစကားများကို မပြောခဲ့သကဲ့သို့ပင် အမူအရာပျက်ကွက်ခြင်းမရှိဘဲ ရထားလုံးပေါ်သို့ တိုက်ရိုက် တက်သွားတော့သည်။ ရထားလုံးသည် သူတို့သုံးဦးအား တည်းခိုဆောင်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ယွမ်ရှန်းက ရင်ထဲမှနေ၍ "ဒုတိယမင်းသား လီရှောင်... ရှင့်ကို ကျွန်မ အောက်ဆုံးထိ ပြုတ်ကျအောင် မလုပ်နိုင်ရင် ကျွန်မနာမည် ယွမ်ရှန်း မဟုတ်တော့ဘူး" ဟု ကြုံးဝါးနေခဲ့သည်။
ယွမ်ရှန်း၏ အရိပ်အမြွက်ကို ရရှိပြီးနောက် အိမ်ရှေ့မင်းသား လီချန်းသည် ချောင်လုနန်းဆောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ မိဖုရားကြီးမင်မှာ ရောဂါမှ ပြန်လည်သက်သာလာကာစဖြစ်ပြီး တည်ခင်းပွဲ၌ ဝိုင်အနည်းငယ် သောက်ခဲ့သဖြင့် နုံးနယ်နေကာ နန်းတွင်းအစေခံတစ်ဦးအား နားထင်ကို နှိပ်ခိုင်းနေသည်။
သားတော်ကို မြင်သောအခါ လီချန်းက ညည်းညူတော့သည်။
"မယ်တော်... သားတော့်အတွက် ဘယ်လိုဖြစ်လို့ သဘောမတူဘဲ စေ့စပ်ပေးဖို့ ကြိုးစားရတာလဲ။ အဲဒီ နတ်ဆေးဆရာမယွမ်ကို သားတော် လုံးဝ သဘောမကျပါဘူး"
မိဖုရားကြီးမင်သည် သူမ၏ မျက်ဝန်းများကို မြှင့်ကြည့်လိုက်ပြီး နန်းတွင်းအစေခံအား နောက်ဆုတ်ရန် လက်ရိပ်ပြလိုက်သည်။ မိခင်နှင့် သားနှစ်ဦးတည်းသာ ကျန်ရစ်သောအခါ မိဖုရားကြီးမင်က ဒေါသအနည်းငယ်ဖြင့် ပြစ်တင်လိုက်သည်။
"ချန်း... မင်းက ပိုပြီးတော့တောင် အသုံးမကျဖြစ်လာပြီပဲ။ မယ်တော် မင်းကို ဘယ်လိုသင်ပေးထားလဲ။ လူတစ်ယောက်ကို အပေါ်ယံ ရုပ်ရည်နဲ့တင် မဆုံးဖြတ်ရဘူး။ နတ်ဆေးဆရာမယွမ်ကို လက်မထပ်ရတာက မင်းအတွက် ဆုံးရှုံးမှုဖြစ်သလို တန်ယွမ်နိုင်ငံအတွက်လည်း ဆုံးရှုံးမှုပဲ။ သူမသာ ထူးခြားတဲ့သူ မဟုတ်ရင် ယွမ်ပုဖော်က ဘာလို့ သူမအပေါ် အစွဲအလမ်းကြီးနေမှာလဲ"
မိဖုရားကြီး စိတ်ဆိုးသွားသည်ကို မြင်သောအခါ လီချန်းက အနားသို့ တိုးသွားပြီး ပခုံးကို နှိပ်ပေးရင်း သတိထား၍ ပြောလိုက်သည်။
"မယ်တော်... သားတော် မှားမှန်း သိပါပြီ။ ယင်းယွဲ့ ကွယ်လွန်သွားကတည်းက သားတော် ဘယ်သူ့အပေါ်မှ စိတ်မလှုပ်ရှားခဲ့ဖူးပါဘူး။ ရွှမ်မိန်မိန်းကို မြင်လိုက်ရတဲ့အခါမှာတော့ သားတော့်ရင်ထဲမှာ တစ်မျိုးဖြစ်သွားလို့ပါ..."
"ရင်ထဲမှာ တစ်မျိုးဖြစ်သွားတယ် ဟုတ်လား။ အလှအပဆိုတာ ခဏလေးအတွင်းမှာ အရိုးစု ဖြစ်သွားမယ့်အရာပဲ။ အလှဆုံး အမျိုးသမီးကတောင် ဘယ်နှစ်နှစ်လောက် အလိုလိုက်ခံရမှာလဲ။ ဧကရာဇ်ရဲ့ ဇနီးဆိုတာ အလှအပထက် အကျင့်စာရိတ္တကို ကြည့်ပြီး ရွေးချယ်ရတာ။ ယင်းယွဲ့ ဘယ်လို သေသွားလဲဆိုတာ မင်းသိလား။ သူမကို အဲဒီ မိဖုရားစူးက သတ်လိုက်တာပဲ"
မိဖုရားကြီးမင်က ခက်ထန်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
တန်ယွမ်နန်းတွင်းရှိ ညစ်ပတ်သော ကိစ္စရပ်များကို မိဖုရားကြီးမင် ကောင်းစွာ သိထားသည်။ တန်ယွမ်၌သာမက ဝူကျိတိုက်ကြီးပေါ်ရှိ မည်သည့်နန်းတော်တွင်မဆို ဤသို့သော ကိစ္စမျိုးရှိနေသည်မှာ အဆန်းမဟုတ်ပေ။