အခန်း (၄၆၅)
Vol. 46 Ch. 465
အခန်း။ ၄၆၅
ကြည်နူးဖွယ်ကောင်းပြီး တရားမှတ်ရန် သင့်တော်လှသော နံနက်ခင်းလေးတစ်ခု ဖြစ်သော်လည်း ယွမ်ရှန်းမှာမူ ပုလွေသံကြောင့် အနှောင့်အယှက်ဖြစ်ကာ အပြင်သို့ ထွက်လာခဲ့ရသည်။
“ဧကရာဇ်သီချင်း”
ယွမ်ရှန်းသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ ယွမ်ပုဖော်က နေ့စဉ် ပုလွေမှုတ်နေသည်ဖြစ်ရာ သူမက ဧကရာဇ်သီချင်း၏ နောက်ဆုံးအခန်း ၃ ခန်းကို မှုတ်ပြရန်သာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ယခင်က ယန်ချန်းလန်သည် ယွမ်ရှန်းကို ဧကရာဇ်သီချင်း၏ ပထမအခန်း ၃ ခန်းကိုသာ သင်ကြားပေးခဲ့ဖူးသည်။ ယန်ချန်းလန်နှင့် ယွမ်ရှာဟုတို့သည် တစ်ဦးကိုတစ်ဦး သစ္စာပြုထားကြသော်လည်း ယွမ်ရှာဟုမှာ စိုးရိမ်စိတ်ကြီးသူဖြစ်သဖြင့် ယွမ်မိသားစုကသာ ပိုင်ဆိုင်သော နောက်ဆုံး ၃ ခန်းကို ယန်ချန်းလန်အား သင်ကြားပေးရန် မဝံ့ရဲခဲ့ပေ။
ယွမ်ရှန်းက ဧကရာဇ်သီချင်း၏ နောက်ပိုင်းအခန်းများကို နားထောင်ချင်သည်ဟု ပြောသောအခါ ယွမ်ပုဖော်မှာ အခက်တွေ့သွားရသည်။ သူသည် ခေါင်းကိုကုတ်ကာ ယွမ်ရှန်းကို ခိုးကြည့်လိုက်ရာ နံနက်ခင်းနှင်းစက်များကဲ့သို့ လန်းဆန်းကာ အလွန်လှပနေသော သူမကို မြင်လိုက်ရသည်။
“ဧကရာဇ်သီချင်းကို အပြင်လူကို ပေးမသိရဘူး။ မင်းက ဒီဟုန်မြို့တော်ကလူ မဟုတ်ရင်ပေါ့...” ယွမ်ပုဖော်က စကားကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
အကယ်၍ ဤစကားမျိုးကိုသာ မြေခွေးယီက ပြောမည်ဆိုပါက အဓိပ္ပာယ်မှာ လုံးဝပြောင်းလဲသွားပြီး “နားထောင်လို့ရတယ်။ မင်းက ငါ့မိန်းမ ဖြစ်လာမယ်ဆိုရင်ပေါ့” ဟု အာဏာရှင်ဆန်ဆန် ပြောပေလိမ့်မည်။
ယွမ်ရှန်းက နှုတ်ခမ်းကိုမဲ့ကာ လှည့်ထွက်သွားခဲ့သည်။ သူမသည် ဒီဟုန်မြို့တော်ကို အမှန်တကယ် စိတ်မဝင်စားပါ။ ယွမ်ပုဖော်မှာ သူမ စိတ်ဆိုးသွားပြီဟု ထင်မှတ်ကာ လမ်းကို အမြန်ပိတ်ရပ်လိုက်ပြီး သူ၏ချောမောသော မျက်နှာမှာလည်း နံနက်ခင်းအလင်းရောင်ကဲ့သို့ နီမြန်းသွားသည်။
“ကောင်းပြီ... ငါ မင်းကို ကြောက်ပါပြီ။ တစ်ခါပဲ မှုတ်ပြမယ်နော်”
အခြားသော အမျိုးသမီးများအပေါ်တွင် ယွမ်ပုဖော်မှာ အေးစက်နိုင်သော်လည်း ယွမ်ရှန်းအပေါ်တွင်မူ စိတ်တင်းထားရန် ခက်ခဲလှသည်။
“တစ်ခါဆိုရင် လုံလောက်ပါတယ်”
ယွမ်ရှန်းက ကောက်ကျစ်စွာ ပြောလိုက်သည်။
ယွမ်ရှန်း၏ မှတ်ဉာဏ်မှာ ထူးကဲလှသည်ကို ယွမ်ပုဖော် မသိရှာပေ။ အခြားသူများအတွက် နားလည်ရန်ခက်ခဲပြီး တစ်ကြိမ်တည်းနှင့် မမှတ်မိနိုင်သော ဧကရာဇ်သီချင်းကို သူမက တစ်ကြိမ်နားထောင်ရုံနှင့် မှတ်မိနိုင်စွမ်းရှိသည်။
ထို့နောက် ယွမ်ပုဖော်သည် ဧကရာဇ်သီချင်းကို မှုတ်ပြတော့သည်။ ဤရှေးဟောင်းကျော်ကြားသော တေးသွားမှာ လွမ်းမောဖွယ်ကောင်းပြီး အခန်းတစ်ခန်းချင်းစီမှာ တစ်ခုနှင့်တစ်ခု မတူညီဘဲ ထူးခြားသော အာနိသင်များကို ပေးစွမ်းနိုင်သည်။
တည်းခိုဆောင်အတွင်း၌ရှိသော ရွှမ်မိန်မိန်းသည် ပုလွေသံကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားသည်။ သူမသည် ဝင်းထဲသို့ အပြေးအလွှား ထွက်လာခဲ့ရာ ယွမ်ရှန်း၏ ဘေးနားတွင် အရပ်ရှည်ရှည်နှင့် ရပ်နေသော ယွမ်ပုဖော်ကို တွေ့လိုက်ရသည်။ သူသည် ယွမ်ရှန်းကိုသာ အချစ်မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။ ယွမ်ရှန်းကမူ ကျောက်စားပွဲပေါ်တွင် မေးတင်ကာ ပျင်းရီစွာဖြင့် ဂီတကို နားထောင်နေသည်။
အစ်ကိုပုဖော်က တကယ့်ကို အပြင်လူတစ်ယောက်အတွက် ဧကရာဇ်ဟုန်နန်းဆောင်ရဲ့ သီချင်းကို မှုတ်ပြနေတာလား
ဒီကိစ္စကို ငါ့အဖေကို ပြောပြရမယ်။ ဒီဟုန်မြို့တော်က မဟုတ်ဘဲနဲ့ ဧကရာဇ်သီချင်းကို သိတဲ့သူမှန်သမျှ သေရမှာပဲ
ယွမ်ရှန်း... မင်း သိပ်ပြီး မောက်မာမနေနဲ့။ ငါ သက်စောင့်ရေစင်ကို ရတာနဲ့ မင်းရဲ့ သေနေ့ ရောက်လာလိမ့်မယ်။
ရွှမ်မိန်မိန်းသည် ခြေဆောင့်ကာ ထွက်ပြေးသွားတော့သည်။
ဧကရာဇ်သီချင်း၏ နောက်ဆုံး ၃ ခန်းကို နားထောင်ပြီးနောက် ယွမ်ရှန်းသည် ယွမ်ပုဖော်ကို အမြန်ပြန်လွှတ်လိုက်ပြီး စတုတ္ထအခန်းမှ ဆဋ္ဌမအခန်းအထိကို မှတ်တမ်းတင်ရန် အခန်းထဲ၌ အောင်းနေတော့သည်။ ယွမ်ရှန်းသည် ဧကရာဇ်သီချင်းအပေါ်တွင် ဖော်မပြနိုင်သော ရင်းနှီးမှုကို အမြဲခံစားနေရသည်။
ဧကရာဇ်သီချင်းနှင့် ယန်မိသားစု၏ ဆက်ခံလာသော ကျင့်စဉ်များမှာ သဘာဝအလျောက် အပြန်အလှန် အထောက်အကူပြုနေသကဲ့သို့ပင်။
ယခုအချိန်တွင် ယွမ်ရှန်း၏ ကျင့်စဉ်အဆင့်အတန်းမှာ အလွန်ပင် အထင်ကြီးဖွယ်ကောင်းလှသည်။ မိသားစုကျင့်စဉ်ဖြစ်သော မြကျောက်စိမ်းကျင့်စဉ်၌ စတုတ္ထအဆင့်၊ ရှန်နုံ၏မျက်လုံးနှင့် ယန်လင်၏လက်တို့တွင် တတိယအဆင့်၊ ဆင့်ခေါ်သူအဆင့်၌ ဝိဇ္ဇာဆင့်ခေါ်သူနှင့် မှော်ပညာရှင်အဆင့်၌ မှော်ဆရာကြီးအဆင့်များသို့ အသီးသီး ရောက်ရှိနေပြီ ဖြစ်သည်။
ထိုကဲ့သို့ လျင်မြန်လှသော တိုးတက်မှုမှာ အံ့ဩဖွယ်ရာ ကောင်းလှသည်။ တစ်ဖက်က ကံတရားကြောင့် ဖြစ်သော်လည်း ပို၍ကြီးမားသော အစိတ်အပိုင်းမှာ ယွမ်ရှန်း၏ ကြိုးစားအားထုတ်မှုနှင့် ဘဝနှစ်ခုစာ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်များကြောင့်ပင်။
သို့သော်လည်း မကြာသေးမီက သူမသည် မိသားစု၏ ကျင့်စဉ်ပိုင်းဆိုင်ရာ တိုးတက်မှုများ နှေးကွေးသွားသည်ကို သတိပြုမိလာသည်။ သူမသည် အဆင့်တက်ရန် ခက်ခဲသော အဟန့်အတားတစ်ခုထံသို့ ရောက်ရှိသွားပုံပင်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက နောင်တစ်ချိန်တွင် ရှန်နုံဘိုးဘေး ယန်ဧကရာဇ်၏ အထွတ်အထိပ် နယ်ပယ်သို့ ရောက်ရှိနိုင်မည်မဟုတ်ကြောင်း သူမ စိုးရိမ်မိသည်။
သူမသည် တရားထိုင်ခြင်းကို တတ်မြောက်ခဲ့ပြီးနောက်ပိုင်း အိပ်စက်ခြင်းကို အလွန်နည်းပါးစွာသာ ပြုလုပ်တော့သည်။ အချိန်ရတိုင်း တော်ဝင်မှော်အကယ်ဒမီသို့ သွားရောက်ကာ မှော်မျှော်စင်မှတစ်ဆင့် မှော်ပညာများကို လေ့လာဆည်းပူးလေ့ရှိသည်။ သို့သော် ဝူကျိတိုက်ကြီးပေါ်တွင် ပညာရှင်များစွာ ရှိနေကြောင်း သူမ တွေ့ရှိခဲ့ရသည်။ အကယ်၍ သူမ၏ ဆင့်ခေါ်သားရဲများနှင့် သူဌေးကြီး ရွှေသာ မရှိပါက အကြိမ်ပေါင်းများစွာ ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် ဧကရာဇ်သီချင်းသည် သူမ၏ ကျင့်စဉ်ကို အဆင့်တက်ရန် ကူညီပေးနိုင်ကြောင်း သိရှိပြီးနောက် ယွမ်ရှန်းသည် ၎င်းကို ဘယ်သောအခါမျှ ပေါ့လျော့ခြင်း မရှိခဲ့ပေ။
ဧကရာဇ်သီချင်းတွင် အခန်း ၉ ခန်း ရှိသည်ဟု ဆိုကြပြီး ယနေ့တွင် ယွမ်ပုဖော်က ၄ ခန်း၊ ၅ ခန်းနှင့် ၆ ခန်းမြောက်တို့ကို မှုတ်ပြခဲ့သည်။ နောက်ဆုံး ၃ ခန်းမှာမူ ဒဏ္ဍာရီလာ ဧကရာဇ်သင်္ချိုင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သော ဒီဟုန်မြို့တော်မှ သူများသာ ရရှိနိုင်မည့် အခွင့်အရေးရှိသည်ဟု ဆိုကြသည်။ ဒီဟုန်မြို့တော်၏ မြို့စားမင်း ရွှမ်စစ်ထျန်းပင်လျှင် ဧကရာဇ်သင်္ချိုင်းသို့ ဝင်ရောက်စဉ် ကံကောင်းထောက်မစွာဖြင့် အခန်း ၂ ခန်းကိုသာ ရရှိခဲ့ခြင်းပင်။
ယွမ်ရှန်းသည် သူမရရှိထားသော အခန်းများကို ပြန်လည်သုံးသပ်ကြည့်ရာ သူမအနေဖြင့် ဂီတသီအိုရီပိုင်းကို အမှန်တကယ်ပင် နားမလည်ကြောင်း သိလိုက်ရသည်။ ၎င်းကို ယွမ်ပုဖော်အား တိုက်ရိုက်မေး၍ မရနိုင်သဖြင့် အတော်ကြာ စဉ်းစားပြီးနောက် မေးမြန်းရန် တစ်ဦးတည်းသောသူမှာ ယီပိုင်မင်းသာ ရှိတော့သည်။
ယီပိုင်မင်းသည် လေ့ကျင့်ခန်း လုပ်နေစဉ်တွင် သူ၏စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသဖြင့် ရုတ်တရက် ရယ်မောလိုက်သည်။
ယွမ်ရှန်းနှင့် ယီပိုင်မင်းတို့ကြားရှိ စိတ်ချင်းဆက်သွယ်မှုမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ တစ်နည်းအားဖြင့် ခေတ်သစ်ကမ္ဘာမှ အွန်လိုင်းဆက်သွယ်ရေး ကိရိယာများကဲ့သို့ပင်။ သူတို့၏ အတွေးများမှာ အင်တာနက်ကဲ့သို့ ဖြစ်ပြီး စိတ်ချင်းပဲ့တင်ထပ်ခြင်းမှာ အွန်လိုင်းတက်နေခြင်းနှင့် တူညီသည်။
အကယ်၍ ယွမ်ရှန်းက စိတ်မပါလျှင် ယီပိုင်မင်းက အကြိမ်ပေါင်း သန်းချီ၍ ဆက်သွယ်ရန် ကြိုးစားပါစေ သူသည် အမှောင်ထဲတွင်သာ ရှိနေပေလိမ့်မည်။ သို့သော် ယွမ်ရှန်းက သူ့ကို ဆက်သွယ်လိုက်သည်နှင့် ယီပိုင်မင်းက ချက်ချင်းပင် တက်ကြွလန်းဆန်းသွားတော့သည်။
ယီပိုင်မင်းသည် ဤအခြေအနေကို အနည်းငယ် မကျေနပ်သော်လည်း ယွမ်ရှန်းကိုမူ ဘာမျှမတတ်နိုင်ပေ။ ချန်ပိုင် ပြောသကဲ့သို့ပင် ယွမ်ရှန်းမှာ သူ၏ ကံပါလာသော ရန်သူတော်ကြီး ဖြစ်နေတော့သည်။
"မြေခွေးမလေး... မင်း ဒီမင်းသားကို လွမ်းနေတာပဲ ဖြစ်ရမယ်"
"ယီပိုင်မင်း... ငါ ဧကရာဇ်သီချင်းရဲ့ အလယ် ၃ ခန်းကို ရထားတယ်။ ဒါပေမဲ့ ဂီတပိုင်းဆိုင်ရာ နားမလည်တဲ့ အချက်လေးတွေ ရှိနေလို့။ ငါ့ကို တစ်ချက်လောက် ကူကြည့်ပေးဦး"
ယွမ်ရှန်းသည် ယီပိုင်မင်းနှင့် မတွေ့ရသည်မှာ အတန်ကြာပြီဖြစ်ရာ သူ၏ အလွန်ပင် ဆွဲဆောင်မှုရှိသော မျက်နှာမှာ သူမ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
မတွေ့ရတဲ့ အတောအတွင်း ရဲ့ပေမင်က…. အင်း... ပိုပြီးတော့တောင် ချောလာသလိုပဲ။
ယွမ်ရှန်း သတိထားမိလိုက်သည်မှာ ဒီမြေခွေးလေးက စိတ်ဓာတ်အသစ် ပြောင်းလဲသွားတာလား။
သူသည် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး ချွေးစိုနေသော သူ၏ နဖူးပြင်မှာ တလက်လက် တောက်ပနေသည်။
ယွမ်ရှန်း သိထားသော ယီပိုင်မင်းမှာ အမြဲတမ်း အားလပ်နေတတ်သော မင်းသားတစ်ပါး ဖြစ်သည်။ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကပင် သူသည် သစ်ပင်ပေါ်တွင် အိပ်ပျော်နေခဲ့ခြင်းပင်။
တွေ့သမျှ အချိန်တိုင်းတွင် သူ လေ့ကျင့်နေသည်ကို သူမ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူမကို မြင်လျှင်လည်း အမြဲတမ်း ဖက်ရုံ၊ ကိုင်ရုံနှင့် မတ်တပ်ရပ်ခြင်းထက် ထိုင်ခြင်းကို၊ ထိုင်ခြင်းထက် လဲလျောင်းခြင်းကိုသာ ပို၍ နှစ်သက်သူ ဖြစ်သည်။
ချွေးများမှာ သူ၏ အဝတ်အစားများပေါ်တွင် စိုရွှဲနေပြီး ခန္ဓာကိုယ်နှင့် ကပ်နေသဖြင့် သူ၏ တောင့်တင်းခိုင်မာသော ကြွက်သားအလှ၊ ပါးလျသော ခါးနှင့် သွယ်လျသော ခြေတံများကို အထင်အရှား မြင်နေရသည်။ ထိုပုံစံမှာ ပြစ်မှုတစ်ခုခု ကျူးလွန်ချင်စရာကောင်းအောင်ပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။
ယွမ်ရှန်းသည် သူမ၏ မျက်နှာလေး ပူထူးသွားသည်ကို ခံစားလိုက်ရပြီး ယီပိုင်မင်းနှင့် စိတ်ချင်းဆက်သွယ်မှုကိုပင် ပြတ်တောက်လုနီးပါး ဖြစ်သွားသည်။ ယွမ်ရှန်း၏ တုံ့ပြန်မှုကို သတိထားမိသွားပုံရသော ယီပိုင်မင်းက လေသံကိုနှိမ့်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူ၏ လေသံတွင် ဂုဏ်ယူဝင့်ကြွမှုများ ပါဝင်နေသည်။
သို့သော် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ၏ မျက်ခုံးများမှာ တွန့်ချိုးသွားတော့သည်။
"ဧကရာဇ်သီချင်းရဲ့ နောက်ဆုံးအပိုင်းတွေက လျှို့ဝှက်ချက်တွေ မဟုတ်လား။ မင်း ဘယ်လိုရခဲ့တာလဲ။ မင်းက နတ်ဆေးဆရာမအပြင် အပျော်တမ်း သူခိုးမလေးပါ ဖြစ်သွားပြီလို့တော့ မပြောနဲ့ဦးနော်"
"ဘာတွေ လျှောက်ပြောနေတာလဲ။ ယွမ်ပုဖော်က ငါ့ကို မှုတ်ပြလို့ ငါက တစ်ခါတည်းနဲ့ အကုန်မှတ်မိသွားတာပါ"
ယီပိုင်မင်း၏ ရှေ့တွင် ယွမ်ရှန်းမှာ ဘာကိုမျှ ဖုံးကွယ်ထားရန် မလိုပေ။ သူတို့၏ မှော်ဝိညာဉ် ချိတ်ဆက်မှုကြောင့် ယီပိုင်မင်းမှာ သူမကို အချိန်မရွေး ထွင်းဖောက်မြင်နိုင်သည်ဟု သူမ အမြဲ ခံစားနေရသည်။
ဒီဟုန်မြို့တော်မှ ယွမ်မိသားစုဝင် ယွမ်ပုဖော်...
"ယွမ်ပုဖော် ယောက်ျားလေးလား"
ယီပိုင်မင်း၏ လေသံမှာ သိသိသာသာ နိမ့်ဆင်းသွားတော့သည်။