အခန်း (၄၆၆)
Vol. 46 Ch. 466
အခန်း။ ၄၆၆
ယွမ်ရှန်း၏ နားစည်ထဲသို့ ထိုစကားသံ တိုးဝင်လာသည့်အခါ တစ်စုံတစ်ယောက်က သူမ၏ နားသီးလေးနားမှာ ကပ်ပြီး တိုးတိုးလေး လာပြောနေသကဲ့သို့ ခံစားလိုက်ရသည်။ ဆေးခန်း၌ ရှိနေစဉ်က ယီပိုင်မင်း သူမ၏ နားသီးလေးကို ကိုက်ခဲ့သည့်နေ့ကို ယွမ်ရှန်း ရုတ်တရက် သတိရသွားပြီး သူမ၏ ရင်ခုန်သံများမှာလည်း မြန်ဆန်လာခဲ့သည်။
“သူက ငါ့အဒေါ်ရဲ့ မောင်လေးပါ”
ယွမ်ရှန်းက လွှတ်ခနဲ ပြောလိုက်မိပြီးမှ ငါက ဘာလို့ ဒီမြေခွေးယီကို လိုက်ရှင်းပြနေရတာလဲဟု စိတ်ထဲမှ ကိုယ့်ကိုကိုယ် ပြန်ဆူမိသည်။
“မြေခွေးမလေး... မင်း တစ်ခုခုကို မေ့နေပုံပဲ။ အခု မင်းက စေ့စပ်ထားတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီ။ နောက်ဆိုရင် ဒီမင်းသားရှေ့မှာ တခြားယောက်ျားတွေအကြောင်း မပြောနဲ့ မဟုတ်ရင် နောက်တစ်ခါ ငါတို့တွေ့တဲ့အခါ စေ့စပ်ထားတဲ့သူရဲ့ တာဝန်တွေကို မင်းသိအောင် ငါ ကောင်းကောင်း သင်ပေးရလိမ့်မယ်”
ယီပိုင်မင်းက အာဏာရှင်ဆန်ဆန် ပြောလိုက်သည်။
“မြေခွေးယီ... ရှင် သဝန်တိုနေတာလား”
ယွမ်ရှန်းက ရုတ်တရက် သတိပြုမိသွားသည်။
ဒီမြေခွေးလေး သဝန်တိုနေတာပဲ။
“ဟုတ်တယ်... ငါ သဝန်တိုနေတာ”
ယီပိုင်မင်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
“ငါတို့ရဲ့ စေ့စပ်ထားတာက တခြားလူတွေကို လှည့်စားဖို့တင်ပဲလေ”
ယွမ်ရှန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
ဒီကောင်လေးက တကယ်ကြီး အတည်ယူနေတာလား။ ငါ့ထက် အသက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကို ငါ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။
“တစ်ခါ စေ့စပ်ပြီးတာနဲ့ မင်းက ငါ့အပိုင်ပဲ။ ပြီးတော့ မင်းကို ပြောစရာ ရှိသေးတယ်။ မင်း သက်စောင့်ရေစင်ကို ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နောက်နှစ်လနေရင် ကျောက်နိုင်ငံကို မဖြစ်မနေ ပြန်လာရမယ်”
ယီပိုင်မင်းသည် ယွမ်ရှန်းကို အလွန်အမင်း ဖိအားမပေးလိုပေ။
သူမနှင့် နှစ်အတော်ကြာ သိကျွမ်းလာခဲ့ရာ ဤမြေခွေးမလေးသည် အခြားအမျိုးသမီးများနှင့် မတူကြောင်း သူသိသည်။ သူမသည် သစ္စာတရားကို တန်ဖိုးထားသော်လည်း ချုပ်ချယ်မှုကို အမုန်းဆုံးဖြစ်သည်။ ဘာကြောင့်ရယ်မသိ သူမသည် အချစ်ရေးကိစ္စများတွင် အလွန်ပင် ထုံထိုင်းလှသည်။
ယွမ်ပုဖော်ဖြစ်စေ၊ တူကူးရှုးဖြစ်စေ၊ သို့မဟုတ် မှော်ဘုရားကျောင်းမှ သူ အစိုးရိမ်ဆုံးဖြစ်သည့် ရှာဝမ်ရွှီဖြစ်စေ၊ သူတို့အားလုံးက သူမအပေါ် စိတ်ဝင်စားနေကြသည်မှာ သိသာလှသော်လည်း သူမကမူ လုံးဝ ဂရုမစိုက်ဘဲ နေနိုင်ခဲ့သည်။
သူမက သဘာဝအတိုင်း ထုံထိုင်းတာ မဟုတ်ရင် အချစ်ရေးမှာ အူကြောင်ကြောင်နိုင်တဲ့သူပဲ ဖြစ်ရမယ်။
ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ သူမကို တိုက်ကြီးရဲ့ အထူးချွန်ဆုံးစခန်းထဲကို ခေါ်သွားပြီး အဲဒီလူတွေနဲ့ ဝေးရာမှာ ထားလိုက်ရင် ဒီအူကြောင်ကြောင်မလေးကို အချစ်အကြောင်း နားလည်လာအောင် သူ သင်ပေးလို့ ရတာပေါ့။
ထို့ကြောင့်လည်း ယီပိုင်မင်းက ယွမ်ရှန်းကို အိမ်ထောင်ရေးစာချုပ်နဲ့ ချည်နှောင်ထားဖို့ ဝန်မလေးခဲ့ခြင်းပင်။
“နှစ်လလား။ ငါတို့ ရှန်းကျူနိုင်ငံကိုတောင် မရောက်သေးဘူး။ ဒါက သိပ်ပြီး အလျင်စလို ဖြစ်မနေဘူးလား”
ယွမ်ရှန်းက မသေချာစွာ မေးလိုက်သည်။
“နောက်နှစ်လဆိုရင် တိုက်ကြီးရဲ့ မှော်ပညာထူးချွန်စခန်းအတွက် လူရွေးပွဲ စတော့မယ်။ ဒီတစ်ခါတော့ မင်း အဲဒီနေရာကို မဖြစ်မနေ ရအောင်ယူရမယ်”
ယွမ်ရှန်းသည် ဝူရွှမ်ဝူကျိ နန်းဆောင်သို့ ဖလှယ်ရေးကျောင်းသူအဖြစ် ရောက်ရှိလာခြင်းပင်။ ကိုယ်ခံပညာနန်းဆောင်နှင့် အကယ်ဒမီတို့အကြား လေးနှစ်ကြာ ဖလှယ်ရန် သဘောတူထားပြီး နောက်တစ်ကြိမ် နတ်ဘုရားလက်နက်ရှာဖွေမှုမှာ နောက်ဆုံးကာလ ဖြစ်သည်။ ထိုအတောအတွင်း ယွမ်ရှန်း၏ ကျောင်းသားမှတ်တမ်းမှာ တော်ဝင်မှော်အကယ်ဒမီတွင် ရှိနေဆဲပင်။ ဆိုလိုသည်မှာ သူမသည် အကယ်ဒမီ၏ လူရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိနေခြင်းပင်။
သို့သော် ကြိုတင်ကန့်သတ်ချက်မှာ ယွမ်ရှန်းသည် လူရွေးပွဲမတိုင်မီ နှစ်လအတွင်း ပြန်လာရမည်ပင်။
“တိုက်ကြီးရဲ့ မှော်ပညာထူးချွန်စခန်းလား။ ငါ အဲဒီစခန်းထဲ ဝင်ဖို့ စဉ်းစားဖူးပါတယ်။ ဒါပေမဲ့ တော်ဝင်မှော်အကယ်ဒမီက လူတွေနဲ့ ပြိုင်ဆိုင်ရမှာကိုတော့ စိတ်မဝင်စားဘူး”
ယွမ်ရှန်းက ထိုအမည်ကို ပြန်သတိရသွားသည်။
လော့ရှမြို့မှာရှိစဉ်က သူမနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည့် လန်အမည်ရှိ မှော်ဆရာမလေးမှာ ထိုထူးချွန်စခန်းမှ ဖြစ်သည်ကို သူမ မှတ်မိနေသည်။ တိုက်ကြီး၏ ထူးချွန်စခန်းဆိုသည်မှာ ပါရမီရှင်များ၏ အခြေစိုက်စခန်းဖြစ်ပြီး နိုင်ငံအသီးသီးမှ ပါရမီရှင်များ စုဝေးကာ ထိပ်တန်းအဆင့် မှော်ပညာနှင့် တိုက်ခိုက်ရေးပညာရပ်များကို လေ့လာရသည့် နေရာဟု ဆိုကြသည်။
သို့သော် ယွမ်ရှန်းသည် ထိုစခန်းထဲသို့ ဝင်ရန် စိတ်ကူးမရှိပေ။ သူမသည် ပါရမီရှင်ဟု ဆိုသူများနှင့် ပူးပေါင်းရသည်ကို မနှစ်သက်သလို အကယ်ဒမီ၏ အတွင်းလူရွေးပွဲတွင် ချန်လျန်လျန်လည်း ပါဝင်မည်မှာ သေချာလှသည်။ သူမသည် ချန်လျန်လျန်နှင့် မပတ်သက်ချင်ပေ။ ယွမ်ရှန်းသည် သူမကိုယ်တိုင်ကလည်း မိစ္ဆာအဆင့်ပါရမီရှင်တစ်ဦး ဖြစ်နေပြီဆိုသည်ကို သတိမထားမိပေ။
“မင်း သွားရမယ်”
ယီပိုင်မင်းက ငြင်းပယ်၍မရသော လေသံဖြင့် ပြောလိုက်သည်။
“ငါက တိုက်ကြီးရဲ့ ကိုယ်ခံပညာရှင် ထူးချွန်စခန်းကို ဝင်ဖို့ ရည်ရွယ်ထားတယ်”
သူဆိုလိုသည့် အဓိပ္ပာယ်မှာ အကယ်၍ မင်းရဲ့ ချစ်လှစွာသော စေ့စပ်ထားသူနဲ့ ချန်လျန်လျန်တို့ နောက်နှစ်အနည်းငယ်မှာ တပူးပူးတတွဲတွဲ ရှိနေတာကို မမြင်ချင်ဘူးဆိုရင် ငါ့နောက်ကို လိမ္မာပါးနပ်စွာ လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်ဟူ၍ပင်။
ယွမ်ရှန်းက ပြန်ပြောချင်သော်လည်း ယီပိုင်မင်းနှင့် ချန်လျန်လျန်တို့၏ မျက်နှာများကို တွဲပြီး မြင်ယောင်မိသည့်အခါတိုင်း သူမ၏ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေခဲ့သည်။
သို့သော် သူမက ဇွတ်ငြင်းဆဲပင်။
“ငါ မသွားဘူး”
ယီပိုင်မင်းက ထပ်ပြောလိုက်သည်။
“အကယ်၍ မင်းက အမှောင်မှော်ပညာကို လေ့လာချင်တယ်ဆိုရင်တော့ အဲဒီ ထူးချွန်စခန်းကို မဖြစ်မနေ သွားရလိမ့်မယ်”
အမှောင်မှော်ပညာဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ ငါးညှီနံ့ရသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ ယွမ်ရှန်း၏ စိတ်ဝင်စားမှုများမှာ ချက်ချင်း မြင့်တက်လာတော့သည်။
အမှောင်မှော်ပညာ ဟုတ်လား။
ယွမ်ရှန်း၏ လက်ရှိမှော်စွမ်းအင်များဖြစ်သော လေ၊ မြေ၊ ရေ၊ မီး ဟူသည့် သဘာဝဒြပ်လေးပါး မှော်ပညာအများစုမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အချို့မှာ လျှို့ဝှက်မှော်ပညာအဆင့်ကိုပင် ကျွမ်းကျင်နေပြီဖြစ်သည်။ သို့သော် အမှောင်မှော်ပညာ တစ်ခုတည်းသာ အခြေခံအကျဆုံး အဆင့်တွင် ရှိနေသေးသည်။
အကြောင်းရင်းမှာ ရိုးရှင်းသည်။ မှော်ဘုရားကျောင်း၏ ပိတ်ပင်တားဆီးမှုများကြောင့် ဤတိုက်ကြီးပေါ်တွင် အမှောင်မှော်ပညာကို လေ့လာရန် အခွင့်အရေးမှာ အလွန်ပင် ရှားပါးလှသည်။ ယွမ်ရှန်းသည် တော်ဝင်မှော်အကယ်ဒမီရှိ စာအုပ်များကိုသာ အားကိုးခဲ့ရသဖြင့် အဆင့်မြင့် အမှောင်မှော်ပညာရပ်များကို မသင်ယူနိုင်ခဲ့ပေ။
ထို့ကြောင့် တိုက်ကြီး၏ မှော်ပညာထူးချွန်စခန်းတွင် အမှောင်မှော်ပညာကို သင်ယူနိုင်သည်ဟု ကြားလိုက်ရချိန်တွင် ယွမ်ရှန်းမှာ ထိုသို့ တုံ့ပြန်မိသွားခြင်းပင်။
“နင် ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ ထူးချွန်စခန်းက ဘယ်လိုလုပ်ပြီး ထုံးတမ်းစဉ်လာတွေကို ကျော်လွန်ပြီး အမှောင်မှော်ပညာ သင်ခွင့်ပေးမှာလဲ”
ယွမ်ရှန်းက သံသယဖြင့် မေးလိုက်သည်။
“တိုက်ကြီးပေါ်မှာ အမှောင်မှော်ပညာနဲ့ ပတ်သက်ပြီး အစွန်းရောက်တဲ့ အမြင်တွေ ရှိကြတာ မှန်ပါတယ်။ မှော်ဘုရားကျောင်းရဲ့ ဩဇာအာဏာကြောင့် တန်ယွမ်လို နိုင်ငံမျိုးမှာတောင် အမှောင်မှော်ပညာရဲ့ အရိပ်အယောင်ကို တွေ့ရခဲပါတယ်။ ဒါပေမဲ့ တိုက်ကြီးရဲ့ ထူးချွန်စခန်းကတော့ မတူဘူး။ အဲဒီနေရာရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ၊ အလင်းဖြစ်ဖြစ် အမှောင်
ဖြစ်ဖြစ် မှော်ပညာနဲ့ တိုက်ခိုက်ရေးစွမ်းရည်ရဲ့ အထွတ်အထိပ် နယ်ပယ်ကို ရောက်ဖို့ပဲ”
ယီပိုင်မင်းက ရှင်းပြလိုက်ရာ ယွမ်ရှန်း၏ စိတ်ထဲတွင် ထူးချွန်စခန်း၏ ပုံရိပ်မှာ ပေါ်လာတော့သည်။
ထိုနေရာမှာ မှော်ပညာနှင့် တိုက်ခိုက်ရေးကိုသာ အစွဲအလမ်းကြီးနေသည့် ရူးသွပ်သူများ စုဝေးရာ စခန်းတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ယွမ်ရှန်းမှာမူ အကြောက်အလန့် အလျဉ်းမရှိပေ။ ပြိုင်ဘက်က ပိုသန်မာလေ သူမက ပိုပြီး စွမ်းအားကြီးလာလေ ဖြစ်ရမည်ပင်။ ဤသည်မှာ ယွမ်ရှန်း၏ သဘာဝပင်။ ယီပိုင်မင်းမှာလည်း ထို့အတူပင်။
“ငါ အချိန်မီ ပြန်လာနိုင်အောင် ကြိုးစားမယ်”
ယွမ်ရှန်းက သူမ၏ ခရီးစဉ်ကို ပြန်လည် စီစဉ်လိုက်သည်။ ယခုအချိန်မှစ၍ သူမအနေဖြင့် အေးအေးလူလူ သွားလာနေ၍ မဖြစ်တော့ပေ။
ယီပိုင်မင်း၏ လမ်းညွှန်မှုအောက်တွင် ယွမ်ရှန်း၏ ဂီတစွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ဧကရာဇ်သီချင်း၏ နောက်ဆုံး အခန်းသုံးခန်းကို ကျွမ်းကျင်စွာ မှုတ်နိုင်လာခဲ့သည်။
စကားဝိုင်းအဆုံးတွင် ယီပိုင်မင်းက ယွမ်ရှန်းအား သတိပေးရန် မမေ့ခဲ့ပေ။
“ဧကရာဇ်သီချင်းရဲ့ စွမ်းအားဟာ သင့်တော်တဲ့ တူရိယာနဲ့ မတွဲဖက်ရင် အပြည့်အဝ အသုံးမချနိုင်ဘူး။ ဒါကြောင့် မဆင်မခြင် အသုံးမပြုမိအောင် သတိထားပါ”
ယွမ်ရှန်းလည်း ထိုအချက်ကို ကောင်းစွာ သိရှိသည်။ သူမသည် ကျိုးချင်းချွမ်းအား ဝူကျိကုန်သွယ်ရေး၏ စွမ်းအားကို အသုံးပြု၍ အဆင့်မြင့် ပုလွေ သို့မဟုတ် စောင်းတစ်လက်ကို အမြန်ဆုံး ရှာဖွေပေးရန် အပ်နှံထားပြီး ဖြစ်သည်။ ထိုတူရိယာ မရမချင်း သူမအနေဖြင့် ဧကရာဇ်သီချင်းကို တိုက်ပွဲတွင် အသုံးပြုမည် မဟုတ်ပေ။
ရက်အနည်းငယ် ကြာလွန်ပြီးနောက် ယွမ်ရှန်းတို့အဖွဲ့မှာ ရှန်းကျူနှင့် တန်ယွမ်နိုင်ငံ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။
ယွမ်ရှန်းသည် ဟောက်ချင်နှင့် ကျောက်နိုင်ငံ နယ်စပ်၊ တျောက်နှင့် တန်ယွမ်နယ်စပ်တို့ကို ရောက်ဖူးသော်လည်း တန်ယွမ်နှင့် ရှန်းကျူကြားရှိ နယ်စပ်မှာမူ အခြားနေရာများနှင့် မတူပေ။ ပုံမှန်အားဖြင့် နိုင်ငံများမှာ နယ်စပ်ကြားတွင် ဘုံမြို့တစ်မြို့ တည်ဆောက်ထားလေ့ ရှိသော်လည်း တန်ယွမ်နှင့် ရှန်းကျူကြားတွင်မူ မည်သည့်မြို့မျှ မရှိချေ။
“ရှေ့မှာက ရှန်းကျူနိုင်ငံရဲ့ နယ်စပ်ပဲ ကျွန်တော်တို့ကတော့ ဒီအထိပဲ ပို့ပေးလို့ ရပါမယ်”
လိုက်လံပို့ဆောင်ပေးသော တန်ယွမ်စစ်သည်များက ပြောလိုက်သည်။