အခန်း (၄၆၈)
Vol. 46 Ch. 468
အခန်း။ ၄၆၈
ယွမ်ရှန်းသည်လည်း ထိုအချက်ကို သတိထားမိသည်။ သူတို့ ခရီးအတော်ပေါက်အောင် လျှောက်လာခဲ့သော်လည်း အမှတ်အသားလုပ်ထားသည့် ထင်းရှူးပင်များနားတွင်သာ ပတ်ချာလည်နေခဲ့ခြင်းပင်။
ရွှမ်မိန်မိန်းသည် သူတို့လာခဲ့သည့် လမ်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ လမ်းတိုင်းမှာ တစ်ပုံစံတည်း တူညီနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဘယ်ဘက်ကနေ ဝင်လာခဲ့သည်ကိုပင် သူမ အမှန်တကယ် မခွဲခြားနိုင်တော့ပေ။
“မင်း ပြန်ချင်ရင်လည်း ကိုယ့်ဘာသာ လမ်းရှာပြီး ပြန်ကြည့်လေ။ ထွက်ပေါက်ကို ရှာတွေ့နိုင်
မယ်ဆိုရင်ပေါ့”
ယွမ်ရှန်းသည် မြေကြီးပေါ်မှ နှင်းတစ်ဆုပ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အနည်းငယ် ဝါးလိုက်သည့်အခါ ပါးစပ်ထဲ၌ အေးစိမ့်သွားသော်လည်း နှင်း၏အရသာမှာ မဆိုးလှပေ။ ထင်းရှူးနံ့သင်းသင်းလေးပင် ရနေသေးသည်။
“အစ်ကိုပုဖော်...”
ရွှမ်မိန်မိန်းကတော့ ဇွတ်တရွတ် လုပ်နေဆဲပင်။
“ပါးစပ်ပိတ်ထား ဆက်ပြီး ဆူညံနေမယ်ဆိုရင် မင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့မှာနော်” ယွမ်ရှန်းက ရွှမ်မိန်မိန်းကို စူးစိုက်ကြည့်ကာ သတိပေးလိုက်သည်။
“မိန်မိန်း... ပြဿနာမရှာနဲ့တော့”
ယွမ်ပုဖော်က အနီလေးနှင့် အပြာလေးကို အပေါ်သို့ ပျံတက်ရန် အမိန့်ပေးလိုက်သည်။
သို့သော် အနီလေးနှင့် အပြာလေးမှာ လေထဲသို့ ပျံတက်သွားပြီးချင်းမှာပင် အောက်သို့ ပြန်ဆင်းလာခဲ့ရပြီး ယွမ်ပုဖော်၏ ပခုံးပေါ်တွင် နားကာ တစာစာ အော်မြည်နေတော့သည်။
“ဒီတောအုပ်ရဲ့ အပေါ်မှာ အတားအဆီးတစ်ခု ရှိနေတယ်လို့ အနီလေးတို့က ပြောနေတယ်။ သိပ်ပြီး အမြင့်ကြီး ပျံလို့မရဘူးတဲ့”
ယွမ်ပုဖော်သည် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်စိတ် ဝင်လာခဲ့သည်။ အစောပိုင်းက နတ်သမီးမျိုးနွယ်စုမှာ ကောလာဟလများအတိုင်း အစွမ်းထက်လိမ့်မည်ဟုသာ သူ ထင်ခဲ့ခြင်းပင်။
သို့သော် ယခုတော့ သူတို့ တကယ့်အစွမ်းထက်သူနှင့် တိုးနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ရှေ့တွင်လည်း လမ်းမမြင်၊ နောက်သို့လည်း ပြန်၍မရ၊ သိုလှောင်လက်စွပ်ထဲရှိ အစားအစာများကလည်း အေးခဲနေပြီဖြစ်ရာ ဤနေရာတွင်သာ ဆက်ပြီး ပိတ်မိနေပါက သေတွင်းသို့သာ ဦးတည်နေခြင်း ဖြစ်ပေလိမ့်မည်။
ယွမ်ရှန်းကမူ ဘာမျှမပြောဘဲ လေတိုးသံကိုသာ အာရုံစိုက်ပြီး နားထောင်နေသည်။ ထိုစဉ် သူမ၏ မှော်တောင်ဝေးပေါ်ရှိ ဆွဲဆောင်မှုဝိညာဉ်ကျောက်မှ အစိမ်းရောင်အလင်းဖျော့ဖျော့လေး ထွက်ပေါ်လာသည်။
“ဆွဲဆောင်မှုဝိညာဉ်ကျောက်လား”
ဤကျောက်တုံးမှာ ရှန်ဖုန်းက သူမအား လက်ဆောင်ပေးခဲ့ခြင်းပင်။ ၎င်းကျောက်တုံး အလိုအလျောက် အလင်းထွက်လာသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။
ကျောက်တုံးမှ အလင်းမှာ ပိုမိုတောက်ပလာပြီး လှပသော ဆွဲဆောင်မှုရှိသော နတ်သမီးလိပ်ပြာလေးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုနတ်သမီးလေးမှာ အစိမ်းရောင် လိပ်ပြာလေးနှင့် တူသော်လည်း လူသားခန္ဓာကိုယ်နှင့် စူးစိုက်ကြည့်ချင်စရာကောင်းသော နားရွက်ချွန်ချွန်လေးများ ရှိသည်။
ရှန်ဖုန်း ပေးခဲ့သော ဝိညာဉ်ကျောက်မှာ ရှန်းကျူနိုင်ငံသို့ ရောက်သည်နှင့် အသက်ဝင်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ၎င်းလိပ်ပြာလေးသည် နှစ်ပေါင်းများစွာ ဝေးကွာနေသော ဇာတိမြေသို့ ပြန်ရောက်သွားသည်ကို သိရှိသည့်အလား ကောင်းကင်ယံ၌ ပျော်ရွှင်စွာ ပျံသန်းနေပြီး လှပသော မြစိမ်းရောင် လမ်းကြောင်းလေးများကို ဖန်တီးနေတော့သည်။
အနီလေးနှင့် အပြာလေးသည်လည်း ထိုလှပသော သတ္တဝါလေးအပေါ် စိတ်ဝင်စားပုံရပြီး လေထဲ၌ လိုက်တမ်းပြေးတမ်း ကစားနေကြသည်။ ထို့နောက် နတ်သမီးလိပ်ပြာလေးသည် ယွမ်ရှန်း၏ ဘေးနားသို့ ပျံသန်းလာပြီး သူမကို အတောင်ပံလေးများဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။
“မြန်မြန် သူ့နောက်က လိုက်ကြစို့ သူက အိမ်ပြန်လမ်းကို သိတယ်လို့ ပြောနေတယ်”
ယွမ်ရှန်းသည် ထူးဆန်းသော ဘာသာစကားတစ်ခုဖြင့် ဆက်သွယ်မှုကို ခံစားလိုက်ရသည်။
ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့မှာ ဤထူးဆန်းသော မြင်ကွင်းကြောင့် မှင်တက်နေကြသော်လည်း ယွမ်ရှန်း၏ အော်ပြောသံကြောင့် သတိဝင်လာကာ နတ်သမီးလိပ်ပြာလေးနောက်သို့ အပြေးအလွှား လိုက်ခဲ့ကြသည်။ သူတို့၏ နားစည်ထဲတွင် အေးစက်သော နှင်းလေများ တဝေါဝေါ တိုးဝင်နေပြီး မြင့်မားသော ထင်းရှူးပင်ကြီးများမှာလည်း နောက်ဘက်သို့ လျင်မြန်စွာ ကျန်ရစ်ခဲ့သည်။
နောက်ဆုံးတွင် သူတို့အဖွဲ့မှာ နှင်းတောအုပ်၏ အလယ်ဗဟိုမှ လွတ်မြောက်ကာ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။ သူတို့ နှင်းတောအုပ်၏ အစွန်အဖျားသို့ ရောက်ရှိချိန်တွင် ထိုနေရာနှင့် မနီးမဝေးရှိ ခန့်ညားထည်ဝါသော မြို့တော်ကြီးအတွင်း၌ ဖြူဖွေးသော ဆံပင်နှင့် ပြာလွင်သော မျက်ဝန်းများရှိသည့် နတ်သမီးလေးသမားများမှာ သတိပေးချက်တစ်ခုကို ကြားလိုက်ရသည်။
“နှင်းတောအုပ်ဘက်မှာ အပြင်လူတွေ ကျူးကျော်ဝင်ရောက်လာပြီ”
ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ နတ်သမီးအစောင့်အကြပ် တစ်ရာကျော်မှာ နှင်းတောအုပ်ဘက်သို့ ချက်ချင်းပင် ဦးတည်လာကြတော့သည်။
“ရှေ့ကို ကြည့်လိုက်ဦး ငါတို့ ရှန်းကျူနိုင်ငံထဲကို ရောက်နေပြီထင်တယ်”
ခရီးအတော်ဝေးဝေး ပြေးလာခဲ့ရသဖြင့် အားလုံး မောဟိုက်နေကြစဉ် နတ်သမီးလိပ်ပြာလေးကတော့ လေထဲ၌ ပျော်ရွှင်စွာ ကခုန်နေဆဲပင်။
နှင်းတောအုပ်၏ အစွန်းမှ မိုင်အနည်းငယ်အကွာတွင် ခန့်ညားထည်ဝါသော ရေခဲမြို့တော်ကြီးကို တွေ့လိုက်ရသည်။ ၎င်းမှာ နေရောင်အောက်တွင် ဒဏ္ဍာရီလာ နန်းတော်ကြီးတစ်ခုကဲ့သို့ တလက်လက် တောက်ပနေပြီး လှပသော ဖန်စီရောင်စုံ အလင်းပြန်မှုများမှာလည်း ကျောက်မျက်ရတနာများကဲ့သို့ စွဲမက်ဖွယ်ကောင်းလှသည်။
ယွမ်ပုဖော်သည် ဒီဟုန်မြို့တော်မှာ ကမ္ဘာပေါ်တွင် အလှပဆုံးမြို့ဟု ထင်မှတ်ခဲ့သော်လည်း ယခု သူ၏ရှေ့မှ ရေခဲမြို့တော်နှင့် ယှဉ်လိုက်သည့်အခါတွင်မူ သူ့ကိုယ်သူ ရှက်မိသွားတော့သည်။ နတ်သမီးမျိုးနွယ်စုဝင် လက်မှုပညာရှင်များ တည်ဆောက်ထားသော မြို့ပြမှာ လူ့လောကမှ မဟုတ်သည့်အလား လှပလွန်းလှသည်။
သူတို့သုံးဦး ရှေ့သို့ ဆက်သွားရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ထက်မှ အနီလေးနှင့် အပြာလေးတို့၏ စူးရှသော အော်မြည်သံကို ကြားလိုက်ရသည်။ ထို့နောက် ဖြူဖွေးသော ပုံရိပ်ပေါင်း တစ်ရာကျော်မှာ ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာတော့သည်။
သူတို့မှာ နတ်သမီးလေးသမား တစ်ရာကျော် ဖြစ်ကြပြီး သူတို့၏ ဆံပင်ဖြူဖြူများမှာ လေထဲ၌ လွင့်ပျံနေကာ လက်ထဲတွင်လည်း မှော်လေးကိုယ်စီ ကိုင်ထားကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ ရေခဲပန်းပုတစ်ခုကဲ့သို့ လှပသော်လည်း အေးစက်ခက်ထန်သော အမူအရာ ရှိသည်။
“အပြင်လူတွေ ရှန်းကျူနိုင်ငံထဲကို ဘာရည်ရွယ်ချက်နဲ့ ဝင်လာတာလဲ”
နှင်းတောအုပ်ဆိုသည်မှာ သာမန်တောအုပ်တစ်ခု မဟုတ်ပေ။ ၎င်းမှာ နတ်သမီးမျိုးနွယ်စု ဘိုးဘေးများ၏ ဉာဏ်ပညာဖြင့် ဖန်တီးထားသော ထင်ယောင်ထင်မှား အစီအရင်တစ်ခု ဖြစ်သည်။ ရှန်းကျူနိုင်ငံ၏ အပြင်ဘက်ဆုံး ကာကွယ်ရေးမြို့ဖြစ်သော ရေခဲရေတံခွန်မြို့သည် ဤနှင်းတောအုပ်ကို အားကိုး၍ အပြင်လူများ၏ ကျူးကျော်မှုကို ကာကွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
သို့သော် တစ်ခါတစ်ရံတွင် အပြင်လူအချို့မှာ မတော်တဆ အစီအရင်ကို ကျော်ဖြတ်ကာ ဝင်ရောက်လာတတ်သည်။ ထိုသို့သောသူများကိုမူ ပဋိပက္ခမလိုလားသော နတ်သမီးများက သူတို့၏ မှတ်ဉာဏ်များကို ဖျောက်ဖျက်ကာ ပြန်လည်စေလွှတ်လေ့ရှိသည်။
သို့သော် နတ်သမီးမျိုးနွယ်စု၏ မြင့်မြတ်သော ရတနာများကို ချောင်းမြောင်းသူများအားမူ နတ်သမီးတို့က ရေခဲရေတံခွန်မြို့အတွင်း၌ ထာဝရ ပိတ်လှောင်ထားလေ့ရှိသည်။ ထို့ကြောင့်ပင် နတ်သမီးမျိုးနွယ်စု၏ အကြီးဆုံးသော အကျဉ်းထောင်မှာလည်း ဤမြို့၌ပင် တည်ရှိနေခြင်းပင်။
ဤနတ်သမီးများသည် မြင်ရသည်မှာ အလွန်ပင် လှပလွန်းသော်လည်း သူတို့၏ မျက်နှာများမှာ အေးစက်ခက်ထန်နေကြပြီး ဤနေရာသည်လည်း အရိုးထဲထိ စိမ့်အောင် အေးလှသည်။
"ကျွန်မတို့က သက်စောင့်ရေစင်ကို လာရှာတာပါ"
ရွှမ်မိန်မိန်းက အခြေအနေအားလုံး ဘေးကင်းသွားပြီဟု အမှတ်မှားကာ လွှတ်ခနဲ ပြောလိုက်သည်။ သူမသည် သက်စောင့်ရေစင်ကို အမြန်ဆုံးရယူပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွါချင်နေခြင်းပင်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ယွမ်ရှန်းမှာ ဆဲပင်ဆဲလိုက်ချင်တော့သည်။
နတ်သမီးအများစုမှာ လူသားမျိုးနွယ်၏ ဘာသာစကားကို နားမလည်ကြသော်လည်း ဘာသာစကားတတ်ကျွမ်းသော ခေါင်းဆောင်ဖြစ်သူမှာမူ ရွှမ်မိန်မိန်း၏ စကားကို နားလည်သွားခဲ့သည်။
"လူသားသူခိုးတွေပဲ... ဖမ်းဆီးကြစမ်း"
ယွမ်ရှန်းအနေဖြင့် လူမိုက်များကို မြင်ဖူးသော်လည်း ဤမျှ မိုက်မဲသူမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးပေ။ ရွှမ်မိန်မိန်း၏ လုပ်ရပ်မှာ ရဲတစ်ယောက်ထံ ပြေးသွားပြီး သူမ၏လက်နက်ကို အပ်ရန် အော်ပြောနေသည့် ဓားပြတစ်ယောက်နှင့် အလားသဏ္ဌာန် တူနေတော့သည်။
သက်စောင့်ရေစင်ဆိုသည်မှာ နတ်သမီးမျိုးနွယ်စု၏ မြင့်မြတ်သော ရေစင်ဖြစ်ပြီး နတ်သမီးတော်ဝင်မိသားစုဝင်များပင်လျှင် တစ်နှစ်လျှင် အနည်းငယ်သာ ရရှိနိုင်သော ရတနာဖြစ်သည်။ ကျူးကျော်သူ ရွှမ်မိန်မိန်းက ၎င်းကို ဗြောင်ကျကျ တောင်းဆိုလိုက်ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်းပင် ရေခဲမျိုးနွယ်စု နတ်သမီးလေးသမားများ၏ အေးစက်သော မျက်နှာထားများမှာ ပိုမိုခက်ထန်သွားကြပြီး သူတို့လက်ရှိ မှော်လေးများမှလည်း မှော်အလင်းတန်းများ တစ်ပြိုင်နက် ထွက်ပေါ်လာတော့သည်။
"ပြေးကြ"
နတ်သမီးလေးသမား တစ်ရာကျော်နှင့် ရင်ဆိုင်ရချိန်တွင် စဉ်းစားနေရန် အချိန်မရှိပေ။ ယွမ်ရှန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးရန်သာ ဖြစ်သည်။
ဝှစ်ကနဲ အသံနှင့်အတူ မှော်ရေခဲမြှားတစ်စင်းမှာ ယွမ်ရှန်းဘေးရှိ ကျောက်တုံးနားသို့ ကျရောက်လာသည်။ နောက်ထပ် ဝှစ်ကနဲ အသံတစ်ချက်နှင့်အတူ ထိုကျောက်တုံးမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
ထိုမြှားနှစ်စင်းကြားတွင် မှော်အစီအရင်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ယွမ်ရှန်း၊ ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့က သူတို့၏ မှော်ဝိညာဉ်များ တောင့်တင်းသွားသည်ကို ခံစားလိုက်ရပြီး ထူးဆန်းသော ခံစားချက်တစ်ခုက သူတို့ကို လွှမ်းမိုးသွားတော့သည်။
မကောင်းတော့ဘူး။ငါတို့ရဲ့ မှော်ဝိညာဉ်တွေ အပိတ်ခံလိုက်ရပြီ။
သုံးဦးစလုံး၏ နဖူးပြင်ပေါ်တွင် ချွေးစေးများ စတင်ထွက်ပေါ်လာတော့သည်။