← Chapters

ဆေးအထောက်အကူပစ္စည်းများ ၂

Vol. 145 Ch. 2023

ဆေးအထောက်အကူပစ္စည်းများ ၂

Vol. 145 Ch. 2023

ရှီမာယူယူသည် နှာခေါင်းကို မလုံမလဲထိကာ တိုးညင်းစွာ ပြောလေသည် “လူတစ်ယောက်မှာ ကြီးထွားနေတဲ့ဟာမဟုတ်ဘူး အဲဒါ အဲဒါက…”

သူမ ထိုအချက်ကို ပြောတော့မည့်အချိန်တွင် အမှန်တကယ်ပင် ရှက်ရွံ့ နေသလိုပင်။ သူမ ထိုသို့ပြုမူနေသည်ကို လုယန်မြင်သောအခါ ကြိုသိထားခြင်း ကြောင့်သာမဟုတ်လျှင် သူမ အမှန်တကယ် ရှက်ရွံ့နေသည်ဟု ထင်သွားပေ မည်။

ချင်းရှီသည် ရှီမာယူယူကို အရိုးထဲမှ မုန်းတီးသည်။ သူမ ကြောင့်သာ မဟုတ်လျှင် သူ၏ အဖိုးတန်သားလေးသည် အဘယ့်ကြောင့် ဤအခြေအနေသို့ ရောက်မည်နည်း။ သူမ တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ သူမဆီသို့သွားပြီး နှစ်ချက်လောက် ရိုက်ပစ်ချင်နေသည်။

“လိုနေတဲ့ ဆေးပစ္စည်းကဘာလဲ.. ပြောပြပါ ဘာတွေတုံ့ဆိုင်းနေတာလဲ” သူသည် စိတ်မရှည်စွာ ပြောလိုက်သည်။

“တကယ်တော့ လူတွေရဲ့ဆီးပါ.. အဲဒါကို ပါဝင်ပစ္စည်းထဲထည်လိုက်ရင် ကုသလို့ရသွားပါမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် သူ အဆိပ်ဖြေ ဆေးသောက်ပြီးတာနဲ့ ဆီးနှစ်ပန်းကန်လောက် ချက်ချင်း အပြည့်သောက်လိုက် ရင် အရင်အခြေအနေကို ချက်ချင်းပြန်ရောက်သွားပါလိမ့်မယ်”

အားလုံးသည် မှင်တက်ကုန်ကြသည်။ အဆိပ်ဖြေဆေးမှာ လိုနေတဲ့ အပိုင်းက တကယ်ပဲ ဆီးလား။ ပြီးတော့ ဒီအတိုင်း သောက်ရဦးမယ်တဲ့လား။ အရမ်းကို အဓိပ္ပာယ်မဲ့လိုက်တာ။

“ပေါက်ကရတွေ” ချင်းရှီသည် အော်ဟစ်လေသည် “လူ့ဆီးကို ဘယ်လို လုပ် အဆိပ်ဖြေဆေးအဖြစ်သုံးမှာလဲ.. ငါတို့တွေက နှိမ့်ချပြီးတော့ မင်းကို လာ တောင်းဆိုနေတာ.. ဒါပေမဲ့ မင်းက မဟုတ်တာတွေလာ…”

“ကျွန်မ အမှန်ကိုပြောနေတာပါ” ရှီမာယူယူသည် ထိတ်လန့်သွားသည့် အလား တုန်ယင်သွားသည် “ကျွန်မ ပြောတာမယုံရင် အဲဒါကို အဆိပ် ဖြေဆေးမှာ သုံးဖူးလား မသုံးဖူးလားဆိုတာကို စီနီယာအိုးကိုမေးကြည့်လိုက်ပါ”

“ငါက မင်းနဲ့ မျိုးဆက်အတူတူပါပဲ အဲဒါကြောင့်စီနီယာလို့ ခေါ်ဖို့မလိုပါ ဘူး” အိုးယွိလင် ပြောလေသည် “ဆီးက မသုံးလို့မရတာတော့မဟုတ်ဘူး.. ဒါပေမဲ့ နည်းနည်းရိုင်းရာကျတယ်လေ”

“အရင်ဆုံး ပြောခွင့်ပြုပါဦး.. အဲဒါကို ချင်းချိုင့်အတွက်ပါဆိုပြီး အထူးတလည်လုပ်ထားတာမဟုတ်ဘူး” ရှီမာယူယူသည် ညာဘက်လက်ကို မြှောက်ပြီး ကျိန်ဆိုလေသည် “အဲဒီအဆိပ်က အရေးပေါ်အတွက် ကျွန်မ ပြင်ဆင်ထားခဲ့တာပါ.. ချင်းချိုင့်ကို သုံးမယ်လို့ မရည်ရွယ်ပါဘူး.. သူသာ ကျွန်မ ကို ရန်လာမစရင် သူ့ကိုကျွေးလိုက်မှာမဟုတ်ပါဘူး”

သူမ ထိုသို့ပြောလိုက်ချိန်တွင်လည်း အဓိပ္ပာယ်ရှိသွားပြန်သည်။ အဓိက အနေနှင့် ချင်းချိုင့်သာ သူမကို ရန်မစလျှင် ဤသို့ဖြစ်လာမည်မဟုတ်ပေ။ သို့သော် အဆိပ်ဖြေဆေးအတွက် သူမ၏ အထူးတလည် ပါဝင်ပစ္စည်းကို တွေးကြည့်လျှင် အနည်းငယ် ရွံရှာဖွယ်ကောင်းသည်ဟု ထင်မြင်မိသည်။

“အကြီးအကဲ ၅ သူမ ပြောပြီးပါပြီ.. အဲဒီအဆိပ်က ခင်ဗျားရဲ့မြေးကို တိုက်ခိုက်ဖို့အတွက် လုပ်ထားတာမဟုတ်ပါဘူး.. အဆိပ်ဖြေဆေးကလည်း သူနဲ့ ဘာမှမဆိုင်ဘူး.. ဒီကလေးကို အေးစက်တဲ့ရောင်ဝါလွှတ်နေဖို့ မလိုပါဘူး” ယခုအချိန်ထိ နှုတ်ဆိတ်နေသော ဟဲ့လန်သည် နောက်ဆုံးတွင် ပြောလာသည်။

“ဒီအဆိပ်ဖြေဆေးက မှန်ရဲ့လားဆိုတာ ကြည့်ပါဦး.. မှန်တယ်ဆိုရင် ကျွန်မတို့ သွားစမ်းကြည့်တာပေါ့” အိုးယွိလင်သည် သူမကို ဆေးညွှန်းထုတ်ပြီး ကြည့်ခိုင်းသည်။

ရှီမာယူယူသည် သူမ ပေးလာသည့် ဆေးနည်းကိုကြည့်ပြီး ခေါင်းညိတ် လိုက်သည် “ဒီတစ်ခုပဲ.. ပြန်သွားရင် ဒီဆေးနည်းအတိုင်းလုပ်ပြီးတော့ အဲဒီ ဆေးအထောက်အကူပစ္စည်းထည့်လိုက်ရင် ပြီးသွားပြီ”

ထိုဆေးအထောက်အကူပစ္စည်း အကြောင်းတွေးမိလျှင် စိတ်ထဲအထိပင် ကြက်သီးများထမိသည်။

“အလုပ်မဖြစ်ရင် မင်းကို နောက်ထပ်လာရှာပါ့မယ်” အိုးယွိလင် ပြောလေ သည်။

“ဟုတ်ကဲ့ပါ အလုပ်မဖြစ်ရင် ကျွန်မကိုပြန်လာရှာလိုက်ပါ” ရှီမာယူယူ သည် ပြုံးပြီး ပြန်ဖြေလေသည်။

ချင်းရှီသည် ယဉ်ကျေးမှုအရပင် စကားတစ်ခွန်းမှပင် မပြောဘဲ အဖွဲ့ကို ဦးဆောင်သွားလေသည်။ ဟဲ့လန် တစ်ယောက်သာ နောက်တွင်ကျန်ခဲ့သည်။

“မင်း ဆရာအပြောအရဆို မင်းက အဂ္ဂိရတ်ပညာကိုလည်း သိတယ်ဆို” ဟဲ့လန်သည် သူမကို မေးလေသည်။

မိုဝေ့သည် အနည်းငယ် မှင်တက်သွားသည်။ သူမက တကယ်ပဲ အဂ္ဂိရတ် ပညာကိုလည်း သိတာလား။

“နည်းနည်းပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“မင်း ဆရာ ပြောတာတော့ အဲလိုမဟုတ်ပါဘူး”

“ဟင်” သူမသည် လုယန်ကို ကြည့်လိုက်သည်။ ဒီလူကြီးက သူမကို ရောင်းစားလိုက်ပြီလား။

“ငါလည်း ရွေးချယ်စရာမရှိဘူးလေ… အဲဒီအဆိပ်ကြောင့် သူတို့မြေးမ လေး သေသွားတယ်ဆိုပြီး ပြေးလာပြောနေတာကိုး.. အဲဒါကြောင့် တစ်နေကုန် အဖော်လုပ်ပေးနေရတာ” လုယန်သည်လည်း ဘာမှမတတ်နိုင်ပေ။ ဒါပေမဲ့ သူ ဘာလုပ်နိုင်ဦးမှာလဲ။ သူ ရှီမာယူယူကို ထည့်ပေးလိုက်ပြီး သင်ခန်းစာပေးခိုင်း လို့မှမရတာလေ။

“ကလေး မင်း ငါ့ဘက်ကိုလာချင်လား.. သူနဲ့ တစ်နေကုန် ဗျတ်စောင်း ချည်းတီးနေရတာ ဘယ်လောက်ပျင်းဖို့ကောင်းလဲ” ဟဲ့လန် မေးလေသည်။

“အဂ္ဂိရတ်ဂိုဏ်းကို သွားရမှာလား” သူတို့၏ မြေးမလေးကို သေစေသူမှာ သူမ ဖြစ်သည်ဟု ရှီမာယူယူမတွေးပေ။ သူမဆီသို့လာပြီး ဆွဲထားရန်ပင် ကြိုးစားနေသည် “ဒါပေမဲ့ ကျွန်မ ဂိုဏ်းကိုဝင်လာပြီးတော့ အများကြီးမသင်ရ သေးဘူး.. လမ်းလွဲသွားရင် မကောင်းဘူးထင်တယ်”

“အဲတော့ မင်းက မလာချင်ဘူးလို့ ပြောနေတာလား” ဟဲ့လန်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး ဒေါသဖြင့် ခြိမ်းခြောက်လေသည်။

မိုဝေ့သည် ပျော်၍ပင်နေသေးသည်။ ရှီမာယူယူသာ အကြီးအကဲကို ပြစ်မှားမိလျှင် သူမ ကြားမဝင်လျှင်တောင် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

“သဘောမတူတာမဟုတ်ပါဘူး.. ကျွန်မက တကယ်ပဲ ဆရာ့ဆီကနေ သေချာမသင်ရသေးတာပါ” ရှီမာယူယူသည် သူမကိုကြည့်ပြီး လုယန်ကို အချက်ပြ လိုက်သည်။ သူမကိုယ်စား မြန်မြန်ပြောပေးဦးလေ။

လုယန်သည် တပည့်ဖြစ်သူကို ရောင်းစားလိုက်ရသဖြင့် မလုံမလဲဖြစ် နေခဲ့သည်။ သူမအကြည့်မှာ သူ့ဆီသို့ ရောက်လာသည်ကိုမြင်သောအခါ မပြောဘဲမနေ နိုင်တော့ပေ “ခုနက ငါ့စကားကို ဆုံးအောင်မပြောရသေးဘူး၊ အစီအရင်ဂိုဏ်းနဲ့ ဝိညာဉ်ရှာဖွေဂိုဏ်းကလည်း သူမ ငါနဲ့သင်ပြီးတဲ့အချိန်ကို စောင့်နေကြတာ.. သူမကို မင်းသာခေါ်သွားချင်ရင် တန်းစီရမယ်”

“သူတို့ကလည်း သူမကိုလိုချင်နေတာလား ဘာလို့လဲ” ဟဲ့လန် မျက်မှောင်ကြုတ်လေသည်။

“သေချာတာပေါ့ သူမက အဲဒီနယ်ပယ်ကိုလည်း ကောင်းကောင်းသိနေ တာလေ” လုယန် ပြောလေသည် “အဲဒါကြောင့် သူမကို လန့်အောင်မလုပ်နဲ့.. သူမက အသည်းငယ်ပြီး အလွယ်တကူကြောက်တတ်တယ်”

“ကျွတ်.. ဒါဆိုလည်း ကျွန်မဆီကို ဘာလို့လာရောင်းနေတာလဲ” ဟဲ့လန် သည် အစောက အမှန်တကယ်ပင် ဒေါသထွက်သွားခြင်းဖြစ်သည်။

“မင်းက အရည်အချင်းကို အရမ်းစွဲလန်းနေတာမလား.. မင်းကို မပြောပြ ရင် ဘယ်လိုလုပ် တားချိန်ရှိမလဲ” လုယန် ပွင့်လင်းစွာပြောလိုက်သည်မှာ သူ သည် ဟဲ့လန်နှင့် ဆက်ဆံရေးကောင်းသည်ကို ပြသနေသည်။

ရှီမာယူယူသည် ထိုနိဂုံးကိုမြင်သောအခါ မိုဝေ့ကို မသိမသာကြည့်မိ သည်။ ထင်ထားသည့်အတိုင်းပင် သူမ၏ အမူအရာသည် အကျည်းတန်နေလေ ပြီ။

“ဂိုဏ်းသခင် ကျွန်မ ဂိုဏ်းထဲမှာ လုပ်စရာလေးတွေရှိသေးလို့ သွားခွင့်ပြု ပါဦး” မိုဝေ့သည် မတ်တတ်ရပ်ကာ ပြောပြီး လုယန် ဘာမှမပြောလိုက်ရသေး ခင်မှာပင် ထွက်သွားလေသည်။

ဟဲ့လန်သည်လည်း မိုဝေ့ကို အမြင်မကြည်လှသဖြင့် သူမ ထွက်သွားသည် အထိ စောင့်ပြီးနှာရှုံ့လေသည် “အဲမိန်းမကို ဘာလို့အဲလောက်အခွင့်အရေး ပေးနေလဲဆိုတာကို ကျွန်မနားမလည်တာ.. သူမကို သဘောကျရင်လည်း လက်ခံလို့ရတယ်.. ဒါပေမဲ့ ရှင်က သေချာပေါက်ကို…”

“ငါ သူမရဲ့ အဖေကိုကတိပေးထားတယ်” လုယန် ပြောလေသည်။

“ကျွတ် ရှင်က ခင်မင်မှုကို ဦးစားပေးတဲ့လူဆိုတာကို မသိထားဘူးပဲ” ဟဲ့လန်သည် ပြောပြီးနောက် ရှီမာယူယူ ဘက်သို့လှည့်လေသည် “မင်းက အဂ္ဂိရတ်ပညာ ကောင်းတယ်လို့ မင်းရဲ့ဆရာပြောတယ်.. တကယ်ပဲ ထူးချွန်ရင် ပြီးခဲ့တဲ့ကိစ္စတွေကို ထပ်မပြောတော့ဘူး”

ရှီမာယူယူသည် တိတ်တဆိတ် မျက်လုံးလှိမ့်မိသည်။ ဒီကိစ္စတွေက သူမနဲ့ ဘာဆိုင်လို့လဲ။ သူမသည် ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း လုယန်မှ တားလေသည်။

“မင်း သူမကို စိတ်ဝင်စားသွားတယ်ဆိုရင် နောက်ကို အဂ္ဂိရတ်ဂိုဏ်းက လာရှာလို့ရပါတယ်”

ဟဲ့လန်သည် မငြင်းဆန်ဘဲ ပြောလေသည် “ဒါဆိုရင် သူမက စံနှုန်းပြည့်မှီ လားဆိုတာ ကြည့်ရမှာပေါ့”

ရှီမာယူယူသည် တိတ်တဆိတ်ခန့်မှန်းကြည့်မိသည်။ ဟဲ့လန် အကြီးအကဲ ဖြစ်လာသဖြင့် သူမ၏ အားမှာပြောရန်ပင်မလိုပေ။ သူမသာ အဂ္ဂိရတ်ဂိုဏ်းသို့ သွားလေ့လာပါက သူမအတွက် ပိုကောင်းသွားမည်ဖြစ်သည်။

လုယန်သည် ဤအခွင့်အရေးကို အသုံးပြုကာ သူမအတွက် ဆရာရှာပေး ချင်သည့်ပုံပင်။

“ကျွန်မကို ဒီမှာ ဆေးသန့်စင်စေချင်တာလား” သူမ မေးလိုက်သည်။

“အဂ္ဂိရတ်ပညာရှင်တွေက ဘယ်ပတ်ဝန်းကျင်မှာမဆို ဆေးသန့်စင်နိုင်ရ မယ်” ဟဲ့လန် ပြောလေသည်။

ရှီမာယူယူသည် ခေါင်းညိတ်ပြီးနောက် စားပွဲအပြည့် ဆေးပစ္စည်းများကို ထုတ်လိုက်သည်။ ထို့နောက် လက်ဖဝါးနှစ်ဖက်ကို အပေါ်လှန်လိုက်ရာ မီးတောက် ထွက်လာပြီး မီးလုံးဖန်တီးလေသည်။

သူမသည် ဆေးပစ္စည်းများကို မီးထဲပစ်ထည့်ပြီး မီးတောက်နှင့်တိုက်ရိုက် ဆေးသန့်စင်လေသည်။

သူမ ဆေးပစ္စည်းများထုတ်လိုက်သည်နှင့် မည်သည့် ဆေးအမျိုးအစား သန့်စင်တော့မည်ကို ဟဲ့လန်သိသည်။ ထိုဆေးသည် သန့်စင်ရန် မခက်ခဲလှကာ ထိပ်တန်းဆေးမဟုတ်သဖြင့် အစပိုင်းတွင် သူမ စိတ်ပျက်သွားသေးသည်။

သို့သော် ရှီမာယူယူသည် မီးကိုတိုက်ရိုက်အသုံးပြုသည်ကို မြင်သည်နှင့် သူမ၏ အကြည့်များ ပြောင်းလဲသွားသည်။ အပြည့်အဝသန့်စင်ပြီးသား ဆေး များကို ရှီမာယူယူသည် လက်ပေါ်တင်လိုက်ချိန်တွင် သူမ၏ မျက်လုံးများသည် ပြုံးသွားလေသည်။

***

All Chapters