← Chapters

မိုးနီအိပ်မက်ကမ္ဘာ တံခါးပွင့်ပြီ

Vol. 9 Ch. 90

မိုးနီအိပ်မက်ကမ္ဘာ တံခါးပွင့်ပြီ

Vol. 9 Ch. 90

လိန်ရှင်းနန်၏အိပ်ရာမှာ ဖျော့တော့သိမ်မွေ့သော၊ ရှူရှိုက်ချင့်စဖွယ် သစ်ခွနံ့သင်းသင်းလေး စွဲငြိနေသည်။

လီနန်ခယ့်က သူအနားယူဖို့ မလိုကြောင်း အထပ်ထပ်အခါခါ ငြင်းဆိုနေသော်လည်း ယုန်မလေးမုန့်က သူ့ကို ကုတင်ပေါ်သို့ တွန်းတင်လိုက်ပြီး အစေခံမိန်းကလေးတစ်ယောက်ကဲ့သို့ သူ့ဖိနပ်ကိုပင် သေချာစွာ ချွတ်ပေးခဲ့သေးသည်။

"လိမ္မာစမ်းပါ၊ အစ်မလိန်ကနားဖို့ပြောရင်း နားလိုက်တာအကောင်းဆုံးပဲ"

ယုန်မလေးမုန့်က နှုတ်ခမ်းတထော်ထော်ဖြင့် ဆိုလာသည်။

"ရှင်မလိမ္မာရင် အစ်မလိန်စိတ်ဆိုးမယ်။ သူစိတ်ဆိုးရင် ကျွန်မပဲအပြစ်တင်ခံရမှာ။ သူစိတ်ဆိုးရင်ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း ရှင်မြင်ဖူးပြီးပြီပဲလေ။ လုံးဝကို ကျားမကြီးပုံပြောင်းသွားတာ"

လီနန်ခယ့်မှာ ပင်ပန်းနွမ်းနယ်စွာ ပြန်ထထိုင်မိသည်။

"ငါအိမ်ပြန်တော့မလို့"

"အခု ပြန်လှဲ"

အမျိုးသားက စကားနားမထောင်သောကြောင့် ယုန်မလေးလည်း နည်းနည်းစိတ်ဆိုးသွားဟန်ရှိသည်။ သူမက အမျိုးသား၏လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကာ အားဖြင့်ဖိချပြီး အိပ်ရာပေါ်ပြန်လှဲချစေလိုက်သည်။

ဤမြင်ကွင်းမှာ ဘယ်လိုပဲကြည့်ကြည့် အားကောင်းမောင်းသန် မိန်းမကြီးတစ်ယောက်က အိမ်ထောင်သည်လူယဥ်ကျေး ယောက်ျားငယ်လေးတစ်ယောက်ကို အနိုင်ကျင့်ထိပါးနေပုံ အတော်ပေါက်သည်။

ထို့အပြင် သူ့ကိုဖိချလိုက်စဥ် ယုန်မလေးမုန့်၏ခန္ဓာကိုယ်မှာလည်း သူ့အပေါ်ဖိမိတော့မယောင်နီးကပ်လာရာ အလိုအလျောက်ဆိုသလိုပင် သူမ၏ကိုယ်အပေါ်ပိုင်းက အမျိုးသား၏နှာခေါင်းဆီသို့တည့်တည့်ကြသည်။ အနည်းငယ်ဝေးကွာနေသေးပါသော်ငြား ရှန်းပြောင်ပြောင်တံဆိပ် နို့လက်ဖက်ရည်နှင့်တူသော အနံ့ချိုချိုလေးကိုတော့ သူခံစားမိဆဲပါပင်။

မျက်နှာဝိုင်းဝိုင်း အူတူတူ ထိုမိန်းကလေးကတော့ ဘာတစ်ခုကိုမှ မသိနားမလည်လိုက်ဟန်ဖြင့် သူ့ကို အိပ်ရာထက် အကျအနနေရာချထားပေးပြီးနောက် လက်ကောက်ဝတ်ကိုလွှတ်ကာ ပြန်ရပ်လိုက်သည်။

"လိမ်လိမ်မာမာနဲ့ စကားနားထောင်၊ မဟုတ်ရင် ကျွန်မလက်သီးစာမိမယ်"

ယုန်မလေးမုန့်က တင်းမာအေးစက်သောမျက်နှာထားကို တမင်လုပ်ယူထားပြီး လက်သီးဆုပ်သေးသေးလေးများဖြင့် အစောကမိစ္ဆာထက်ပိုကြောက်ဖို့ကောင်းအောင် ကြိုးစားခြိမ်းခြောက်ရှာသည်။

လီနန်ခယ့်လည်း ကူကယ်ရာမဲ့စွာသက်ပြင်းချကာ ထိုနေရာတွင် ခိုင်းသည့်အတိုင်းလှဲနေဖို့သာဆုံးဖြတ်လိုက်ပြီး ထိုအချိန်အတောအတွင်း စဥ်းစားခန်းဝင်ဖို့လုပ်သည်။

ထိုအခါမှ မိန်းကလေးက ကျေကျေနပ်နပ်ကြီးပြုံးသည်။

ထို့နောက် ကုလားထိုင်တစ်ခုပေါ်တွင်ထိုင်ကာ ခြေထောက်တလှုပ်လှုပ်ဖြင့် အိပ်ရာပေါ်ကအမျိုးသားကို သေချာစောင့်ကြည့်နေသည်။ တစ်ခဏမျှတိတ်နေပြီးနောက် သူမ၏ဆီမှ အသံတိုးတိုးလေးထွက်လာ၏။

"ကိုဉာဏ်ကြီးရှင် ရှင်တကယ်အဆင်ပြေရဲ့လား"

"အင်း"

လီနန်ခယ့် မျက်လုံးများကိုအသာမှေးမှိတ်ကာ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

ယုန်မလေးမုန့်က မူလက သူ့ကို သူရဲဘောကြောင်လှချည်လားဟု လှောင်ပြောင်စနောက်ရန် ရည်ရွယ်ထားသော်လည်း စောစောက အကျဥ်းခန်းထဲ ထိတ်လန့်ဖြူဖျော့နေခဲ့သော ထိုသူ၏မျက်နှာကို ပြန်လည်အမှတ်ရမိသဖြင့် သက်ပြင်းအသာချကာ ကုလားထိုင်ကို ကုတင်ဘေးသို့ရွှေ့ပြီး ထိုင်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ"

လီနန်ခယ့်က ဇဝေဇဝါမေးသည်။

မိန်းကလေးက တောက်တောက်ပပပြုံးကာ နှုတ်ခမ်းလေးကို ယုန်သွားဖြူဖြူရှည်ရှည်လေးဖြင့်ကိုက်ရင်း ချိုမြိန်စွာဆို၏။

"ရှင့်ကိုစောင့်ရှောက်ပေးနေတာလေ"

လီနန်ခယ့်လည်း သူမကိုလျစ်လျူရှုကာ တစ်ဖက်လှည့်အိပ်ဖို့ပြင်ရသည်။

မိစ္ဆာ၏ ကြောက်မက်ဖွယ်ကောင်းသော စူးစူးစိုက်စိုက်အကြည့်၊ ပျက်စီးပြန့်ကျဲနေသော မှတ်ဉာဏ်အပိုင်းအစများ၊ သူ့ရင်ဘတ်ထဲမှာ ရှိနေဆဲဖြစ်သော ပုလဲလုံးလေး၏ နွေးထွေးမှု၊ သူ၏ ဘယ်ဘက်လက်မောင်းပေါ်က အေးစက်စက် လျှို့ဝှက်ဆေးမင်ကြောင်။

လီနန်ခယ့်၏ အတွေးများ လွန်စွာရှုပ်ထွေးနေပြီး ရုတ်တရတ်ဆန်လွန်းသော အပြောင်းအလဲများစွာကြောင့် မကြုံစဖူးတုန်လှုပ်ကာ ဘယ်လိုကိုင်တွယ်ရမှန်းပင်မသိတော့။

ဘာတွေဖြစ်နေမှန်းကို သူမသိတော့။

အသိစိတ်မဝင်သေးတဲ့ ဒဏ်ရာရမိစ္ဆာက ဘာလို့ငါ့ကိုတွေ့မှ ရုတ်တရတ်ကြီးထသောင်းကျန်းရတာလဲ။

သူမသေခင်မှာရော သူ့မှတ်ဉာဏ်တွေက ဘာကြောင့်ငါ့ဆီကူးလာခဲ့ကြတာလဲ။

လက်မောင်းပေါ်ကဆေးမင်ကြောင်ကရော ဘာကိစ္စပေါ်လာတာလဲ။

ဒါက ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးတာလား။

သို့သော် သူ့ခန္ဓာကိုယ်တွင် မူမမှန်တာမျိုးမခံစားမိပါ။ အဘိုးချင်တုန်းက သေရည်သောက်ပြီး နေရာတွင်ပင် ချက်ချင်းအသွင်ပြောင်းသွားခြင်းမဟုတ်လော။ မဟုတ်မှ မိုးနီရေသန့်ကိုသောက်မိတဲ့မိစ္ဆာတွေပဲ ဒီလိုပြောင်းလဲချိန်ကြာတာမျိုးလား။

လီနန်ခယ့် ခေါင်းတွေထိုးကိုက်လာသည်အထိ မရပ်မနားတွေးသည်။

နောက်ဆုံးတွင်တော့ သူ့တွင် အဖြေတစ်ခုသာကျန်တော့သည်။

ငါက ဝိညာဥ်ကူးပြောင်းလာသူ ဖြစ်နေလို့လား။

အတိအကျပြောရရင်တော့ ရုပ်ရည်ချောမောပြေပြစ်လွန်းတဲ့ ဝိညာဥ်ကူးပြောင်းလာသူပေါ့လေ။

ပုလဲလုံးတွေအကြောင်းတွေးရင် မိုးနီအိပ်မက်ကမ္ဘာထဲတွင် ပုလဲလုံးနှင့်လက်နက်သွားလဲဖို့ သတိရသွားသည်။ သို့သော် နံဘေးတွင် ကျွမ်းကျင်အိပ်မက်လမ်းလျှောက်သူတစ်ဦးရှိနေကြောင်း သတိမူလိုက်မိသောကြောင့် ထိုအကြံကိုမေ့လိုက်၏။ ဒါကို လူသိခံလို့မဖြစ်သေး။

သို့သော် မူးဝေနွမ်းနယ်နေသောအခြေအနေတွင် အိပ်ချင်စိတ်ကိုထိန်းမရနိုင်ခဲ့။

"ချီးတဲ့မှ မထိန်းနိုင်လိုက်ဘူးပဲ"

ရင်းနှီးနေသော မင်္ဂလာအိပ်ခန်းဟောင်းကိုမြင်လိုက်သော် လီနန်ခယ့် ကူကယ်ရာမဲ့ဖြစ်သွားရသည်။

ကဲ ရောက်နေမှတော့ဖြင့် ပစ္စည်းအလဲအလှယ်လုပ်လိုက်ကြတာပေါ့။

လီနန်ခယ့် စားပွဲရှေ့တွင်ထိုင်လိုက်သည်။ ထိုစဥ် သူ့ကိုယ်ထဲမှ ပုလဲသုံးလုံးပျံထွက်ကာ လေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြ၏။

သို့သော် လျှို့ဝှက်ဆန်းကြယ်သော ထိုလူပုံရိပ်က ဤတစ်ကြိမ်တွင်ပေါ်မလာခဲ့။

ဘုန်း

သံသေတ္တာတစ်လုံးက စားပွဲပေါ်သို့ ပြုတ်ကျလာသည်။

လီနန်ခယ့် သေတ္တာကို ကျွမ်းကျင်စွာဖွင့်လိုက်ရာ အတွင်း၌ ဓားကျမ်းတစ်စောင်ကို တွေ့လိုက်ရသည်။

"ဓားအိမ်မှဆွဲထုတ်လိုက်သည်နှင့် တစ်ချက်ပြတ်ခုတ်ပိုင်းခြင်း"

"ဓားကျမ်းကြီးလား၊ ငါ့အတွက်ဘယ်နားအသုံးဝင်မှာလဲ။ လူကမှ ကျင့်ကြံရေးအခြေခံတောင်မရှိတဲ့ာကို ဒါပေးမဲ့အစား အုတ်ခဲတစ်လုံးထပ်ပေးတာမှကောင်းဦးမယ်"

လီနန်ခယ့်မျက်မှောင်ကြုတ်ကာ မကျေမနပ်ရေရွတ်လိုက်သည်။

သူ ပထမစာမျက်နှာကို လှန်လိုက်ရာ စာလုံးကြီးဆယ်လုံးကို အထင်အရှား ရေးသားထားသည်အား တွေ့လိုက်ရသည်။

“နှလုံးသားထဲမှာ အမျိုးသမီးမရှိရင် ဓားခုတ်ပိုင်းရာမှာ သူတကာထက် အလိုလိုထူးချွန်ပေလိမ့်မည်"

“သတ်မှတ်ချက်က တော်တော်မြင့်တာပဲ”

ထိုပထမဆုံး စာကြောင်းက လီနန်ခယ့်ကို မြင်မြင်ချင်းမှာပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

သူ ဒုတိယစာမျက်နှာကို ထပ်လှန်လိုက်သည်။

အခြားစာကြောင်းတစ်ခု ရှိနေပြန်သည်။

“နှလုံးသားထဲမှာ အမျိုးသမီးရှိရင် ဓားခုတ်ပိုင်းခြင်းက ပိုလို့အသက်ဝင်ခိုင်မြဲလိမ့်မည်"

"..."

လီနန်ခယ့်မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

ဒီဓားကျမ်းကို ပြုစုခဲ့တဲ့သူက ရူးနေတာပဲဖြစ်ရမယ်။

တတိယစာမျက်နှာကို သူလှန်ကြည့်လိုက်သည်။

"နှလုံးသားထဲမှာ အမျိုးသားရှိရင် ဓားခုတ်ပိုင်းခြင်းက ပိုလို့တက်ကြွထက်သန်ပါလိမ့်မည်"

လီနန်ခယ့်မှာ ပါးစပ်အဟောင်းသားကျန်ရစ်ကာ တကိုယ်လုံးကြက်သီးများဖြန်းဖြန်းထလာကုန်သည်။ သို့သော် လေးမျက်နှာမြောက်ကိုလည်း လှန်ဖြစ်အာင်လှန်ကြည့်လိုက်သေး၏။

ထိုမျက်နှာတွင်လည်း စာတစ်ကြောင်းတည်းသာရှိနေသည်။

"နှလုံးသားထဲမှာ ဇနီးသည်ရှိရင် ဓားခုတ်ပိုင်းခြင်းက ပိုလို့ထက်ရှအားကောင်းမည်။"

"အင်း၊ ဒါကတော့ နည်းနည်းပုံမှန်ဖြစ်သွားပြီ။”

ထိုစာကြောင်းကိုမြင်လိုက်မှ လီနန်ခယ့်၏ အမူအရာက အနည်းငယ်နူးညံ့သွားသည်။ သူ စာရွက်များကို ဆက်လှန်ကြည့်လိုက်သည်။ နောက်ဆက်တွဲ စာမျက်နှာများမှာ ထူးဆန်းသောစကားစုများ မပါဝင်တော့ဘဲ ဤဓားကျမ်းကို မည်သို့လေ့ကျင့်ရမည်ကိုသာ မှတ်တမ်းတင်ထားသည်။

ဤဓားသိုင်းနည်းဗျူဟာတွင် လေ့ကျင့်မှုအဆင့် ၁၀ဆင့်ရှိသည်။

အဆင့်တစ်ခုစီကို အောင်မြင်စွာလေ့ကျင့်ပြီးတိုင်း ဓားသိုင်းစွမ်းအား ပိုတိုးလာလိမ့်မည်။

နောက်ဆုံးတွင်တော့ ကြီးမားသော ရလဒ်စွမ်းအားတစ်ခုကို ဖော်ပြထားသည်။

"ဓားချက်တစ်ချက်ဖြင့် နည်းဗျူဟာပေါင်းတစ်သောင်းကို ဖျက်ဆီးနိုင်သည်၊ ဓားချက်တစ်ချက်ဖြင့် တောင်တန်းနှင့် မြစ်ချောင်းများကို ပိုင်းဖြတ်နိုင်သည်၊ ဓားချက်တစ်ချက်ဖြင့် ကောင်းကင်ယံရှိ ကြယ်စင်များကို ကြွေကျစေနိုင်သည်။”

သို့သော် လီနန်ခယ့်ကတော့ အလွန်အကြူးချဲ့ကားထားခြင်းဟုသာ ယူဆသည်။

သို့သော် ဤဓားသိုင်းကိုလေ့ကျင့်ရမည့်နည်းလမ်းများအား ဖတ်ရှုလေ့လာရင်း သူ့မျက်လုံးများတဖျတ်ဖျတ်လက်လာသည်။ ရှားပါးရတနာတစ်ခုကို ရှာတွေ့လိုက်ရသည့်အလား မပြုံးဘဲမနေနိုင်ဖြစ်လာသည်။

အလွန်ရိုးရှင်းပေသည်။ ဓားကို ဓားအိမ်မှဆွဲထုတ်ကာ ခုတ်ပိုင်းခြင်းအား နေ့စဥ်လေ့ကျင့်ရုံသာပင်။

ပထမတစ်ဆင့်ကို ပြီးမြောက်ဖို့အတွက် ဓားဆယ်ချက်ခုတ်ရမည်။

ဒုတိယအဆင့်တွင် ဓားအချက်တစ်ရာ။

ဤသို့ဖြင့် ထိုအဆင့်၁၀ဆင့်ကို ပြီးမြောက်ဖို့အတွက် အကြမ်းအားဖြင့် ဓားခုတ်ချက် ၁၀ဘီလီယံမျှ လိုအပ်လိမ့်မည်ဟု။

"တစ်..တစ်ဆယ်ဘီလီယံ"

လီနန်ခယ့်၏မျက်နှာထက်မှအပြုံး တောင့်ခဲသွားသည်။ သူ၏ ပြိုင်ဘက်ကင်းဦးနှောက်ကြီးကို အလုပ်ပေးကာတွက်ချက်ခိုင်းအပြီးမှာတော့ မျက်နှာ တဖြည်းဖြည်းမှောင်မည်းလာလေပြီ။

လူလိမ်စာအုပ်ကြီးဟေ့။

သူ အသံထွက်ဆဲဆိုလိုက်ချင်သော်လည်း ဗလာကျင်းနေသောအခန်းထဲတွင် ဒေါသကိုဖိနှိပ်ထားလိုက်ဖို့သာ တတ်နိုင်တော့သ်ည။

ထားလိုက်ပါ၊ ရှေ့အဆင့်လေးနည်းနည်းလေ့ကျင့်ကြည့်တာပေါ့။

ဓားကျမ်းကို ဖတ်ရှုပြီးနောက် စာမျက်နှာများသည် ဗလာဖြစ်သွားပြီး ထိုအမျိုးသား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပေါင်းစပ်သွားသည်။ လေ့ကျင့်မှုနည်းလမ်းက အသက်ဝင်ကာ အကျိုးရလဒ်စတင်ပြီးဖြစ်ကြောင်း ပြသနေခြင်းပင်။

လီနန်ခယ့် သေနတ်ကိုကောက်ကိုင်ကာ အပြင်ပြန်ထွက်ဖို့ပြင်လိုက်သည်။

သို့သော် သူ မောင်းခလုတ်ကို ဆွဲတော့မည့်ဆဲဆဲမှာပင် တစ်ခုခုမှားယွင်းနေသကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

လီနန်ခယ့် အခန်းတစ်ခုလုံးကို သံသယများဖြင့် လှည့်ပတ်စစ်‌ဆေးလိုက်သည်။

အရာအားလုံး ပုံမှန်အတိုင်းသာပင်။

သို့သော် ပြတင်းပေါက်ဆီအကြည့်ရောက်ပြီးချိန်တွင်တော့ သူ့မျက်ဆံများ အလိုလိုကျုံ့ဝင်သွားခဲ့ရသည်။

မိုးနီရေများ မရှိတော့လေပြီ။

အရင်အခေါက်များက ဤအိပ်မက်ကမ္ဘာအတွင်း သူလာသည့်အချိန်တိုင်း အိပ်မက်ဆိုးကိုမသတ်ရသေးခင်အထိ အပြင်ဘက်တွင် မိုးနီများ သည်းသည်းထန်ထန်ရွာသွန်းနေတတ်ခဲ့သည်။

ယခုတော့ ထိုမိုးနီရေများ မရှိတော့လေပြီ။

လီနန်ခယ့် မစဥ်းစားတတ်စွာဖြင့် တံခါးဆီလျှောက်သွားလိုက်ကာ အနည်းငယ်အေးစက်စက်နိုင်သော တံခါးမင်းတုန်းအား ကိုင်ပြီး ဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်သည်။

တံခါးက ပွင့်ဟသွားခဲ့သည်။

လီနန်ခယ့်မှာ ထိုအဖြစ်ကို ယုံကြည်နိုင်စွမ်းမရှိသကဲ့သို့ နေရာမှာတင် တောင့်တင်းသွားသည်။

သူ အခန်းအပြင်သို့ သတိထားပြီး လှမ်းထွက်လိုက်သည်။ အပြင်ဘက်တွင် ထူထပ်လှသော မြူနှင်းများ ဖုံးလွှမ်းနေသော်လည်း သူသည် ခြံဝင်းငယ်လေးတစ်ခုအတွင်း ရောက်နေသည်ကိုတော့ ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

ထူးဆန်းသော ရနံ့တစ်ခု လေထဲမှာ လွင့်ပျံနေသည်။

သို့သော် ထိုရနံ့မှာ လူကိုလန်းဆန်းစေသောရနံ့မျိုးမဟုတ်ဘဲ ပျို့အန်ချင်စိတ်သာပေါက်စေသည်။

“အမြင်မှားတာလား ဒါမှမဟုတ် အိပ်မက်ကမ္ဘာလား...”

လီနန်ခယ့်က မြူထူတွေကြားထဲကို ခြေလှမ်းတစ်လှမ်းချင်း တိုးဝင်သွားသည်။ သူ၏ အာရုံထဲတွင် လက်တွေ့နှင့်အိပ်မက်ကို ခွဲခြားရခက်နေသကဲ့သို့ ခံစားရပြီး သေနတ်ကိုကိုင်ထားသော လက်မှာလည်း ချွေးများစိုစွတ်နေသည်။

ထိုစဥ် တူရိယာတစ်ခုကိုတီးမှုတ်နေသောအသံများ လွင့်ပျံလာခဲ့၏။

ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပနေသောတေးသံဖြစ်ပါသော်ငြား ထူးဆန်းသောအငွေ့အသက်တစ်ခု ရောနှောပါဝင်နေသလိုလို။

လီနန်ခယ့်က အသံလာရာနောက်ကို လိုက်သွားကြည့်သော် ဝေါယာဉ်တစ်စီး ဖြည်းဖြည်းချင်းတိုးကပ်လာသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ပန်းပွင့်ဖတ်လေးများ ကောင်းကင်ထက်မှ ကြွေဝဲကျနေသည်မှာ အလွန်ကြည်နူးစရာကောင်း၏။

သို့သော်လည်း ကြောက်စရာကောင်းသည်မှာ ထိုဝေါယာဉ်ကိုခြံရံလာသော မင်္ဂလာစီတန်းလှည့်လည်သူများ အားလုံးမှာ အဖြူရောင်နာရေးဝတ်စုံများကို ဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။

All Chapters