← Chapters

ကျားနှင့်ဆင်

Vol. 9 Ch. 86

ကျားနှင့်ဆင်

Vol. 9 Ch. 86

သူတို့အားလုံး ဘာတစ်ခုမှမတုံ့ပြန်နိုင်ခင်မှာပင် နျဲ့ယင်းကစားပွဲခုံကိုလှန်ချလိုက်သည်။ တခြားလက်တစ်ဖက်ဖြင့်ကိုင်ထားသော လှံသွားနောက်တစ်စင်းက အဘိုးကြီး၏မေးရိုးဆီသို့ တည့်တည့်ပြေးဝင်၏။ လက်မောင်းတစ်ဖက်ကို ဆတ်ခနဲပင့်တင်လိုက်သည့်အချိန်တွင် လှံသွားက ဦးခေါင်းတစ်ခုလုံးကို ဖောက်ဝင်သွားတော့လေသည်။

လူနှစ်ယောက်လုံးဒဏ်ရာရပြီးခါမှ ကောင်လေး၏အော်သံပြာပြာက စူးထွက်လာသည်။

နျဲ့ယင်းက ခြေချောင်းလေးဖြင့် ကောင်လေး၏လက်ဖဝါးကို ကြမ်းပြင်ထက်တွဲစိုက်ထားသောလှံသွားအား နှုတ်ယူကာ လက်ဖြင့်ဖမ်းလိုက်သည်။

ကောင်လေးမှာ အော်သံပင်မဆုံးသေးခင် ကန်ထုတ်ခံလိုက်ရကာ ကိုယ်လုံးပိန်ပိန်လေးက စားသောက်ဆိုင်နံရံနှင့် အရှိန်ပြင်းထန်စွာဝင်ဆောင့်မိသည်။ ချိုင့်ဝင်နေသောရင်ဘတ်ဖြင့် ပြိုလဲကျလာသောခန္ဓာကိုယ်သည် မလှုပ်မယှက်အသက်မဲ့လေပြီ။

ဤအချင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်စာအချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ သူတို့အားလုံး သတိဝင်ချိန်တွင် နျဲ့ယင်းက ကိုယ်ဝန်ဆောင်သည်ကို ခုန်အုပ်ပြီးဖြစ်သည်။

ခေါင်းတစ်ခုလုံး လှံဖြင့်တိုးလျှိုပေါက်စိုက်ချခံလိုက်ရသော အဘိုးကြီး၏အသက်မဲ့ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်ဝုန်းခနဲလဲကျသွားသည်။ သူနှင့်အတူ ဓားမြှောင်တိုတစ်လက်လည်း အတူပြုတ်ကျလာခဲ့၏။

တစ်ချိန်တည်းမှာပင် လီနန်ခယ့်သည် ကောင်လေး၏ အင်္ကျီလက်ဝကျယ်အတွင်းမှ လက်ရာမြောက်လေးမြှားတိုတစ်စင်း လျှောထွက်လာသည်ကို မြင်လိုက်ရသည်။

လုပ်ကြံသူပဲ။

သူ့ခေါင်းထဲ ထိုစကားလုံးသာ လျှပ်တပြက်ပြေးဝင်လာသည်။

ထိုစဥ် ပြင်းထန်ဆူညံသော သံကြိုးချင်း ရိုက်ခတ်သံနှင့်အတူ ရဲရဲနီနေအောင် အပူပေးထားသည့်ပုံရသော သံကြိုးနှစ်စင်းမှာ ဆိုင်၏ အခြားထောင့်တစ်နေရာမှ ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုသံကြိုးများက လေပြင်းတစ်ချက်တိုက်ကာ လျှပ်စီးလက်သွားသလိုအရှိန်ဖြင့် ကိုယ်ဝန်သည်မိန်းမအားခုန်အုပ်နေသော နျဲ့ယင်းကို လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ကြသည်။

နျဲ့ယင်း၏ လက်ဖဝါးအတွင်းမှ လှံသွားချွန်မှာ တရွှစ်ရွှစ်မြည်လျက် တဖျတ်ဖျတ်လည်ပတ်သွားကာ မျက်စိကျိန်းမတတ် အစွမ်းပြနေသည်။ သံကြိုးများ တိုက်ခိုက်လာသည့် ခဏချင်းမှာပင် သူမက လှံသွားချွန်တိုကို သံကြိုးကွင်းများအတွင်းသို့ ချိတ်လိုက်၏။ ယိမ်းထိုးနေသောသံကြိုး၏အရှိန်ကို အသုံးချကာ သူမက ကိုယ်ကိုလွှဲလိုက်ပြီး ကိုယ်ဝန်ဆောင်မိန်းမ၏ နောက်ကျောဘက်သို့ ချက်ချင်းရောက်သွားသည်။

ထိုမိန်းမ ဓားကိုဆွဲထုတ်ပြီးစမှာပင် သူမ၏ရှည်လျားဖြူသွယ်သော လည်တိုင်ကျော့မှာ နျဲ့ယင်ခြေတံရှည်ရှည်ဖြင့် ရစ်ပတ်တွယ်ချိတ်ခြင်းခံထားရလေပြီ။

ဂျွတ်

ထိုမိန်းမ၏ဦးခေါင်းမှာ တစ်ပတ်လည်ထွက်သွားအောင် လိမ်ချိုးခံလိုက်ရသည်။

အလောင်းကိုယ်ထည်က ကြမ်းပြင်ပေါ်လဲမကျမီ ထိုမိန်းမ၏ရှေ့ဘက်မှ စူထွက်နေသောဝမ်းဗိုက်က ဆန်းကြယ်စွာပေါက်ကွဲထွက်လာသည်။ ဗိုက်ဖုံးအင်္ကျီအရှေ့ပိုင်းကို ဖြဲဆုတ်ထွက်လာသောဓားဦးချွန်က နျဲ့ယင်း၏ဝမ်းဗိုက်အား အလွန်အသက်အန္တရာယ်များသောနေရာကိုမှတည့်တည့်ချိန်၍ ထိုးစိုက်လာသည်။

သေချာကြည့်လျှင် ခုန်ထွက်လာသောလူပုသေးသေးလေးတစ်ယောက်ကိုလည်း မြင်ရပေမည်။

သို့သော် နျဲ့ယင်းကတော့ ခုခံဖို့ပြင်ဆင်ထားပြီးသားဖြစ်သည်။ သံကြိုးများ၏တိုက်ခိုက်မှုကိုရှောင်ရှားနေရင်း ထိုမိန်းမ၏အလောင်းကိုယ်ထည်ကို ဘေးတစ်ဖက်သို့‌ဆောင့်ကန်ကာ သူမဆီတန်းလာနေသောဓားဦးကို တစ်ဖက်သို့တည့်ပေးလိုက်သည်။

‌ဓားသွား၏ နောက်ကျောဘက်မှ ရောင်ပြန်ဟပ်လာသော အေးစက်စက်အလင်းရောင်ကြောင့် လူပုလေးမှာ ပင်ကိုယ်အသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။ နောက်တစ်စက္ကန့်တွင် သူ၏ဦးခေါင်းမှာ ပခုံးပေါ်မှ ပြတ်ထွက်သွားပြီး ဒုန်းခနဲအသံနှင့်အတူ မြေပေါ်သို့ လိမ့်ကျသွားတော့သည်။

လုပ်ကြံသတ်ဖြတ်သူလေးဦးကို ရှင်းလင်းပြီးနောက် နျဲ့ယင်းသည် သံကြိုးကိုလွှဲနေသူကို ပြန်လည်မတိုက်ခိုက်ဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ နောက်သို့ဆုတ်ခွာလိုက်၏။ ထို့နောက် စားပွဲအောက်တွင် ကြောက်ရွံ့တုန်ယင်ဟန်ဆောင်နေပြီး လက်နက်ပုန်းထုတ်ရန်ပြင်နေသော ဧည့်သည်တစ်ဦးကို ကန်ထုတ်လိုက်သည်။

အကန်ခံလိုက်ရသောလူမှာ လေးငါးပတ်လိမ့်ထွက်သွားကာ ပါးစပ်အပြည့်သွေးတပွက် အန်ထုတ်လေသည်။

ထို့နောက် အသက်ပင်မရှူရသေးမီတွင် သူ့လည်ပင်းကို လှံသွားတိုတစ်ချောင်းကဖောက်ထုတ်သွားလေပြီ။ သွေးများက ရုတ်ချည်းပန်းထွက်ကာ သူ့ဦးခေါင်းလည်း ‌ဘေးသို့လည်ကျလျက် အသက်ပါသွားတော့၏။

"ဒုတိယအစ်ကို"

ထောင့်တစ်နေရာမှ သံကြိုးများကိုထိန်းချုပ်လွှဲယမ်းနေသော လူသန်ကြီးက ငိုသံပါကြီးဖြင့်အော်‌ခေါ်လိုက်သည်။

နျဲ့ယင်းက လှံသွားချွန်ကိုပြန်ဆွဲထုတ်ကာ လက်သူကြွယ်တွင်ချိတ်ပြီး ပစ်ထုတ်လိုက်ပြန်သည်။

လှံသွားတို လက်ချောင်းမှလွတ်ထွက်သွားသည့်အရှိန်မှာ အချိန်စီးကြောင်းထက်ပင် ပိုမြန်လေသယောင်။ ကြမ်းကြုတ်အေးစက်လှသော ချွန်ထက်ထက်လက်နက်ဖျားသည် မျက်စိကျိန်းမတတ် အေးစက်စက် အလင်းတန်းတစ်ခုကို ဖန်တီးသွားသည်။

သံကြိုးကိုင်ထားသော လူသန်ကြီးမှာ နောက်သို့ ဆုတ်ခွာရန် ကြိုးစားသော်လည်း အလွန်ပါးလွှာပြီး ထက်မြက်လှသော လေတိုးသံမှာ သူ၏မျက်လုံးရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

သို့သော် လှံသွားချွန်က သူ့ကိုထိုးစိုက်မသွားဘဲ သူ့ရှေ့မှစားပွဲပေါ်ထိုးစိုက်ဝင်သွားခဲ့သည်။ လက်ဖက်ရည်အိုးများနှင့် ခွက်များမှာတော့ လှံအားကြောင့်ကွဲကြေကုန်ကြလေပြီ။ ထိုဖန်ကွဲစများက သူ့မျက်နှာဆီတည့်တည့်ပျံဝင်ကာ ဖန်စချွန်နှစ်ခုက သူ့မျက်လုံးနှစ်ဖက်ဆီ တည့်တည့်ကြီးပြေးဝင်လာကြတော့၏။

ထိုလူသန်ကြီးမှာ နာကျင်စူးနင့်နေသော အော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်တွင် အကြိမ်ကြိမ်လူးလိမ့်နေတော့သည်။

ထိုအခါမှသာ နျဲ့ယင်းသည် ရှည်သွယ်သောခြေတံများကို တစ်လှမ်းချင်းစီလှမ်း၍ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သံချပ်ကာဖိနပ်ဖြင့် တစ်ချက်နင်းလိုက်တိုင်း ကြမ်းပြင်ပေါ်တွင် မြည်ဟည်းနေသောအသံမှာ ငရဲမင်းထဲမှ သေမင်းခေါင်းလောင်းသံကဲ့သို့ ကြားရသူတိုင်းကို ကြက်သီးဖြန်းဖြန်းထစေ၏။

အမျိုးသမီးသည် စားပွဲပေါ်တွင် စိုက်ဝင်နေသော လှံသွားချွန်ကို သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူသွယ်ချောမွတ်သော လက်ချောင်းများကြား ပြန်လည်လျှိုသွင်းလိုက်ပြီး အကြိမ်အနည်းငယ် လည်ပတ်စေလိုက်သည်။

လူသန်ကြီးက ဟိန်းဟောက်ကြွေးကြော်ကာ ပြန်ထရန်ကြိုးစားသော်လည်း အမျိုးသမီးက သူ၏ဝမ်းဗိုက်ကို နင်းချကာ အတွင်းအားဗဟိုချက်ဖြစ်သော ဒန်ထျန်ကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် သူမက ထိုင်ချလိုက်ပြီး ထိုသူ၏ လက်ကြောခြေကြောများကို သွက်သွက်လက်လက် ဖြတ်တောက်လိုက်၏။ ထို့နောက် ဆံပင်ကိုဆောင့်ဆွဲကာ လက်မောင်းကိုကွေး၍ တံတောင်ဖြင့်ထိုးနှက်လိုက်ရာ သွားတစ်ခွေလုံး ရစရာမရှိအောင်ကျိုးကြေသွားတော့၏။

ထိုအချိန်တွင် ဝရုန်းသုန်းကားဆူညံသံကြောင့် ကင်းလှည့်နေသော ရုံးတော်ရဲမက်များ အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့သည်လည်း ရှေ့မှမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြရ၏။

"သူ့ကို အကျဉ်းထောင်ထဲခေါ်သွားလိုက်" အမျိုးသမီးက အေးစက်စက်အမိန့်ပေးပြီး လှေကားပေါ်မှဆင်းသွားတော့သည်။

သို့သော် လှေကားမှဆင်းသွားစဉ် ခဏရပ်တန့်သွားပြီး လီနန်ခယ့်ကို လှမ်းကြည့်လာသေး၏။ ပို၍တိကျစွာဆိုရလျှင် လီနန်ခယ့်‌ဘေးရှိ ပြတင်းပေါက်မှတစ်ဆင့် မျက်စောင်းထိုးတွင်မြင်နေရသော တစ်ဖက်စားသောက်ဆိုင်သို့ လှမ်းကြည့်လိုက်ခြင်းဖြစ်သည်။

ထိုနေရာတွင် ထိုင်နေခဲ့သော ဝါးခမောက်ဆောင်းအမျိုးသမီးမှာ မရှိတော့ပေ။

နျဲ့ယင်းက တစ်ချက်လှမ်းကြည့်ပြီး ဘာမှမဖြစ်သလိုပင် အောက်ထပ်သို့ ဆက်ဆင်းသွားသည်။

တိုက်ပွဲမှာ ရုတ်တရတ်ဆန်ဆန်စတင်ခဲ့ပြီး ခဏအတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။ ရဲမက်များက စားသောက်ဆိုင်အတွင်းကို ကူညီရှင်းလင်းပေးပြီးချိန်တွင် တစ်ဆိုင်လုံး၌ လီနန်ခယ့်နှင့် ယုန်မလေးမုန့်တို့သာ ကျန်ရစ်တော့ပြီး လမ်းမပေါ်တွင်လည်း လူသူကင်းမဲ့သွားပြီဖြစ်သည်။

တိုက်ပွဲအရှိန်ကြောင့် ရင်တုန်ပန်းတုန်ဖြစ်နေသော လီနန်ခယ့်နှင့် နှိုင်းယှဉ်ပါက မျက်နှာဝိုင်းဝိုင်းနှင့် ထိုမိန်းကလေးငယ်မှာမူ ဘာမှမဖြစ်ခဲ့သလိုပင် အားရပါးရ ဆက်လက်စားသောက်နေဆဲပင်။

လီနန်ခယ့်က မိန်းကလေး၏ ချစ်စရာမျက်နှာဝိုင်းလေးကိုကြည့်ကာ မေးမိသည်။

"မင်းသာသူနဲ့တိုက်ရရင် ဘယ်သူနိုင်မယ်ထင်လဲ"

"ဆယ်ကွက်"

"မင်းကသူ့ကို ဆယ်ကွက်အတွင်း အနိုင်ယူနိုင်တာလား"

လီနန်ခယ့်၏ မျက်လုံးများ အရောင်ပြောင်းသွားသည်။ ဒီမိန်းကလေးက အဲဒီလောက်တောင် အစွမ်းထက်တာလား။

"ဆယ်ကွက်ကျော်ရင်တော့ ရှင်ကျွန်မကို အဝတ်ဖြူနဲ့လာဖုံးပေးရလိမ့်မယ်"

"..."

လီနန်ခယ့် ပြောစရာစကားမရှိတော့ပေ။

"ဒါပေမဲ့ သူက အဲ့ဒီတစ်ယောက်မဟုတ်လောက်ဘူး၊ အဲ့တစ်ယောက်သာဆို ဒီထက်ပိုပြီး အစွမ်းထက်သင့်တာ"

ယုန်မလေးက ကြက်ခြေထောက်ကိုက်ရင်း ဗလုံးဗထွေးပြောလိုက်သည်။

"ဘယ်သူလဲ"

လီနန်ခယ့် ကြောင်သွားသည်။

ထိုစဥ် မွေးကြိုင်သင်းပျံ့သော လေပြေလေးတစ်ချက် ဝှေ့ယမ်းလာပြီးနောက် ငွေရောင်နှစ်ဖက်သွားလှံကို ကိုင်ဆောင်ထားသည့် ဝါးခမောက်ဆောင်းအမျိုးသမီးက သူ့တို့ဘေးရုတ်တရတ်ရောက်လာကာ အတူဝင်ထိုင်လေသည်။

"သခင်လေး... ကျွန်မတို့တွေ့ကြပြန်ပြီနော်"

အမျိုးသမီးက ချိုသာပြီး ဆွဲဆောင်မှုရှိသောအသံဖြင့် ဆိုလာ၏။

ယုန်မလေးမုန့်သည် ကြက်ခြေထောက်ကို အာရုံမပျက်ကိုက်နေဆဲဖြစ်သော်လည်း ဘယ်အချိန်ကထုတ်လိုက်မှန်းမသိသော သူမ၏ ကြယ်တံခွန်တူကြီးနှစ်လက်ကို စားပွဲပေါ်တင်လိုက်ပြီ ဖြစ်သည်။

လေထုမှာ တမုဟုတ်ချင်း တင်းမာခဲသက်သွားခဲ့၏။

လီနန်ခယ့်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။

တစ်ယောက်က လှံတွေတုတ်တွေကိုင်ရတာ ဝါသနာပါပြီး နောက်တစ်ယောက်ကတော့ ဟိုထုဒီထု ကစားရတာ ဝါသနာပါသည်။ ကျားနှင့်ဆင် လယ်ပြင်မှာတွေ့လေပြီလော။

All Chapters