← Chapters

မုဆိုးနဲ့သားကောင်

Vol. 9 Ch. 87

မုဆိုးနဲ့သားကောင်

Vol. 9 Ch. 87

"မိန်းကလေး၊ ရှာနေတဲ့ပေါက်ဖတ်လေးရော တွေ့ပြီလားခင်ဗျ"

အမျိုးသမီးဘက်က စတင်ချဥ်းကပ်လာခြင်းဖြစ်သဖြင့် လီနန်ခယ့်လျစ်လျူရှုဖို့မတတ်နိုင်ဘဲ နွေးထွေးပျူငှာစွာ နှုတ်ဆက်စကားဆိုရသည်။

"ရှာကိုမတွေ့ပါဘူးရှင်"

ဝါးခမောက်ဆောင်းအမျိုးသမီးက ခေါင်းယမ်းကာဆိုသည်။

လီနန်ခယ့်လည်း စိတ်မကောင်းဟန်ပြုသည်။

"သနားစရာပါဗျာ၊ ဘယ်ခွေးကောင်ကကောက်စားသွားသလဲမှ မသိတာ"

"ရပါတယ်လေ၊ ကျွန်မလည်း အိမ်မွေးတိရိစ္ဆာန်အသစ်လေးရှိနေပြီ"

အမျိုးသမီးကတော့ ပေါက်ဖတ်အကြောင်း လုံးဝကိုစိတ်မဝင်စားတော့ဟန်။ ထို့နောက် အင်္ကျီရင်စကို အသာအယာပွတ်သပ်လိုက်ရာ ဆွတ်ဆွတ်ဖြူသောမြွေပေါက်စလေးတစ်ကောင်က လျှာတရွှီရွီးထုတ်လျက် ရင်ဘတ်စကြားမှခေါင်းပြူထွက်လာလေသည်။ မျက်လုံးများထဲမှ နှစ်ခုထပ်သောနေသောမျက်ဆံက သရဲတစ္တေတစ်ကောင်အလား စူးရှတောက်ပလျက်။

လီနန်ခယ့် ပါးစပ်အဟောင်းသားဖြင့်မေးမိသည်။

"အဲ့ဒါ မြွေအစစ်ကြီးလား"

အမျိုးသမီးကတော့ မေးခွန်းကိုနားမလည်ဟန်ဖြင့် ပြန်ဖြေမလာပေ။

ယုန်မ‌လေးက တစ်ချက်မော့ကြည့်ကာ ရယ်သွမ်းသွေးသည်။

"ဂုဏ်သိက္ခာကြီးမားတဲ့ တစ္ဆေနတ်ဘုရားလှံတံပိုင်ရှင်လည်း မြွေတွေချစ်တတ်လောက်မယ်လို့မထင်ခဲ့ဘူး"

တစ္ဆေနတ်ဘုရားလှံတံလား။

ထိုနာမည်ကိုကြားလိုက်ပြီး လီနန်ခယ့်အကြည့်က အမျိုးသမီး၏နောက်ကျောဘက်မှ ငွေရောက်နှစ်ဖက်သွားလှံဆီသို့ အလိုလိုကျရောက်သွားသည်။

အနီးကပ်ကြည့်လျှင် ထိုလှံရှည်အဖျားမှ ထူးခြားကွဲပြားမှုများကို မြင်နိုင်ပေသည်။

ရှည်လျားလှသော လှံတစ်စင်းလုံးကို သန့်စင်ထားပြီးသံမဏိနှင့် ရွှေနက်ကဲ့သို့ ထူးခြားဆန်းပြားသည့် ဒြပ်စင်များ ရောစပ်ကာ သွန်းလုပ်ထားပုံရသည်။ လှံကိုယ်ထည်ပေါ်တွင် အလွန်နုနယ်သိမ်မွေ့သော ထွင်းရာများကိုမြင်နိုင်ပြီး ထိုအရာမှာ လှံကိုရစ်ပတ်နှောင်ဖွဲ့ထားသော နဂါးတစ်ကောင်၏ပုံရိပ် ဖြစ်ဟန်တူ၏။ ထိုနဂါးထံမှ ခန့်ညားထည်ဝါသည့်အရှိန်အဝါများ တလက်လက်ထွက်ပေါ်နေလေသည်။

ထိုငွေရောင်လှံ၏ အလယ်ဗဟိုတွင် လှည့်ကျပ်လို့ရသော ဝက်အူရစ်အဆက်တစ်ခု ပါရှိသည်။ ထို့ကြောင့် လှံကို တုတ်တိုများအဖြစ် သီးခြားဖြုတ်ထားနိုင်သလို ပြန်လည်လှည့်ပတ်တပ်ဆင်လိုက်ခြင်းဖြင့်လည်း ပြည့်စုံသောလှံရှည်တစ်စင်းအဖြစ် အသုံးပြုနိုင်ပေသည်။

"မင်းသမီးရှန်းယွမ်ကို ဒီနေရာဆီခေါ်လာတယ်ကြားတယ်"

အမျိုးသမီးက လီနန်ခယ့်ကိုကြည့်ကာမေးလာသည်။

လီနန်ခယ့်ကတော့ ဤအမျိုးသမီး၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သည်သောကြောင့် ပြုံးပြုံးသာဖြေရသည်။

"ခရိုင်ရုံးတော်ကို လူစုတစ်စု နေ့ခင်းကြောင်တောင်ကြီး ဘွင်းဘွင်းရှင်းရှင်းရောက်လာတာလောက်တော့ လူတိုင်းမြင်နိုင်ပါတယ်ဗျာ"

"သူ့ကို တစ်ယောက်ယောက်လာလုလိမ့်မယ်ထင်လား"

"လုလုမလုလု ကျွန်တော့်တာဝန်ထဲမပါလို့ ကျွန်တော့်အလုပ်မဟုတ်ပါဘူး"

"ထျန်ချုန်းဂိုဏ်းကလည်း မင်းသမီးရှန်းယွမ်ကိုစောင့်ကြည့်နေတယ်လို့ ကြားထားတယ်"

"သတိမထားမိပါဘူး၊ ခင်ဗျားသိချင်လှဆိုရင်တော့ အရိပ်နက်တပ်သားတွေကိုမေးလို့ရပါတယ်။ ကျွန်တော်က သာမန်ကိုယ်ရေးအရာရှိလေးတင်ပါ"

"ထျန်ချုန်းကလူတွေ မင်းသမီးကိုလာလုမယ်ဆိုရင် သူတို့ဘာလုပ်ကြမယ်ထင်လဲ"

လီနန်ခယ့်ဘက်က မည်သည့်သတင်းအချက်အလက်မှမဝေမျှချင်ဟန် ပေါ်တင်ဖော်ပြနေပါသော်ငြား အမျိုးသမီးက လုံးဝဂရုမစိုက်ဟန် သိချင်တာကိုသာဖိမေးလာသည်။

လီနန်ခယ့် ဘာမှပြန်မဖြေဘဲ ပါးစပ်သာပိတ်နေလိုက်တော့၏။

ဒီမိန်းကလေးဦးနှောက်ကတော့ တစ်ပြားလိုနေပုံပဲ။

သူသိသည် မသိသည်ကို အသာထား၊ ဒီလိုသတင်းမျိုးက သိနေရင်တောင် တွေ့ကရာလျှောက်ပြောလို့မဖြစ်ကြောင်း ဒီမိန်းကလေး မသိပါလေစ။

"သေချာပေါက် ဝရုန်းသုန်းကားတွေတော့ဖြစ်ဦးမှာပဲ"

အမျိုးသမီးက သူ့ဘာသာစကားပြောနေသလို ခပ်တိုးတိုးဆိုသည်။

"နောက်နှစ်ရက်အတွင်း မိုးတွေသည်းကြီးမည်းကြီးရွာဦးမလားစောင့်ကြည့်ရမှာ၊ ရွာလို့ကတော့ ပြဿနာတွေတက်ပြီ"

အမျိုးသမီးသည် ထိုသို့ပြောပြီး မပြောမဆို ထထွက်သွားလေသည်။

သူ့မှာ တအံ့တသြကျန်ရစ်ခဲ့ရသည်။

တူနှစ်ချောင်းကိုချိတ်ထားသောသံကြိုးပါးလေးအား တင်းတင်းဆုပ်ထားရသော ယုန်မလေးမုန့်မှာ ထိုအခါမှသက်ပြင်းမောတစ်ချက် မသိမသာချပြီး စိတ်အေးလက်အေးဆက်စားရလေသည်။

"မိုးကြီးရွာရင်လား"

အပြင်ဘက်မှ ကြည်လင်တောက်ပနေသော ကောင်းကင်ရှင်းရှင်းကြီးကို လီနန်ခယ့် နဝေတိမ်တောင်ကြည့်မိသည်။

ခဏအကြာတွင် အရှေ့မှမိန်းကလေးက ဗိုက်ကားအောင်စားပြီးသွားဟန်ဖြင့် စိတ်ကျေနပ်စွာ လေတစ်ချက်တက်ကာ သူမ၏ဗိုက်သေးသေးလေးကိုပုတ်ရင်း ဝိုင်တစ်ပုလင်းဆွဲသည်။ ဝိုင်ပုလင်းကို တိုက်ရိုက်ပင်မော့သောက်ပြီး ကျေနပ်အားရစွာဆို၏။

"နေလို့ထိုင်လို့ကောင်းလိုက်တာ၊ ဒီလိုအစားအသောက်ဝိုင်းမျိုးဆို နေ့တိုင်းတောင်စားနိုင်သေးတယ်"

ပြောရင်းဆိုရင်း မျက်လုံးသွယ်လေးများက အရှေ့မှအမျိုးသားကိုလည်း ခိုးကြည့်သေးသည်။

တစ်ဖက်လူက ဘာမှမတုံ့ပြန်သည်ကိုမြင်သော် သူမလည်း စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက်လေးကို ပြန်ရုပ်သိမ်းလိုက်ရတော့၏။

"မိတ်ဖြစ်ဆွေဖြစ် တစ်ဝိုင်းလောက်ကျွေးပြီး‌တော်ရောပေါ့။ တစ်သက်လုံးကျွေးရမယ်ဆိုရင်တော့ မင်္ဂလာဝေါယာဥ်ပေါ်တင်ပြီး အိမ်ခေါ်သွားဖို့သာရှိတော့တယ်"

လီနန်ခယ့်က သူ့အတွေးများကိုဖောက်မြင်ဟန်ဖြင့် ခပ်ဖြည်းဖြည်းပြန်နှက်သည်။

ယုန်မလေးက ပါးစပ်အဟောင်းသားဖြင့်နားထောင်ရင်း မျက်နှာလှလှလေးပင်ပန်းရောင်သမ်းသွားရှသည်။ ထို့နောက် စိတ်ကောက်သံရောနေသော မာဆတ်ဆတ်အသံ‌လေးထွက်လာသည်။

"အဓိပ္ပာယ်မရှိတာတွေတွေးမနေနဲ့၊ ရှင့်ထမင်းကို ဘယ်သူကတစ်သက်လုံးစားချင်နေလို့လဲ"

"လူတွေက တစ်ယောက်နဲ့တစ်ယောက်အရမ်းတူနေရင် သူငယ်ချင်းကနေအဆင့်တက်မရဘူးတဲ့၊ လင်မယားဆိုတာ တစ်‌ယောက်လိုအပ်တာတစ်ယောက် ဖြည့်ဆည်းပေးနိုင်ရမှာ"

"ဆိုလိုတာက ရှင်နဲ့ကျွန်မကအရမ်းတူတယ်ပေါ့"

ယုန်မလေးက အူလည်လည်ဖြင့်မေးလာသည်။

လီနန်ခယ့်က ခေါင်းကိုလက်ညှိုးထိုးပြကာဆိုသည်။

"ငါကဦးနှောက်ရှိပြီး မင်းကမရှိဘူးဆိုတော့ အဖြည့်ခံတော့လုပ်လို့ဖြစ်သား"

"ကျွန်မကို ဦးနှောက်မရှိဘူးလို့ပြောပြန်ပြီ"

ယုန်မလေး၏ မျက်ခုံးသွယ်သွယ်လေးများ ခုန်တက်သွားပြီး ပြန်ချေပတော့မည်အပြု တစ်ခုခုကိုတွေးမိဟန်ဖြင့် ခပ်ညစ်ညစ်ပြုံးသည်။

"ကိုဉာဏ်ကြီးရှင်၊ အစ်မလိန်ပြောတာ ရှင်ကမိန်းမကြောက်ရတယ်ဆို"

"ငါ့မိန်းမကသမားတော်လေ ကြောက်ရတာပေါ့"

လီနန်ခယ့်က တူညီသောအကြောင်းပြချက်ကိုသာ ထပ်ပေးလိုက်သည်။

မိန်းကလေးက ဟွန့်ခနဲအသံပြုကာ ဆိုသည်။

"အကြောင်းပြချက်တွေပေးမနေနဲ့၊ ဒီတိုင်း မွေးရာပါမိန်းမကြောက်ရတဲ့သူပဲကို၊ ရှင်ခုနကပြောသလို ကျွန်မကရှင့်အိမ်လိုက်ချင်တယ်ဆိုရင်တောင် ရှင်ကခေါ်သွားရဲမှာတဲ့လား"

တစ်ဖက်လူကပြန်ငြင်းခုန်လာမည်ဟုထင်သော်လည်း အချိန်အတော်ကြာသည်အထိ ဘာတုံ့ပြန်သံမှမကြားရ။ မော့ကြည့်တော့ ထိုလူက စားသောက်ဆိုင်လက်ရန်းအပြင်ရှိ လမ်းကြားဆီသို့ တိတ်တဆိတ်စိုက်ကြည့်နေသည်။ ယုန်မလေးလည်း ရန်လုပ်ဖို့စိတ်မရောက်တော့။

"တစ္ဆေနတ်ဘုရားလှံတံဆိုတာ ဘယ်သူလဲ" လီနန်ခယ့်က ရုတ်တရတ်ထမေးလာသည်။

ယုန်မလေးက ဝိုင်ငှဲ့ပေးရင်းဆိုသည်။

"အရင်ကတော့ အန်းဖိန်မင်းသားအိမ်တော်မှာ မင်းသမီးရှန်းယွမ်နဲ့အတူကြီးပြင်းလာတဲ့မိန်းကလေးပဲ။ နောက်တော့ မင်းသမီးရဲ့ အနီးကပ်ကိုယ်ရံတော်အဖြစ် ခန့်အပ်ခံရတယ်။ ကျင့်ကြံဆင့်ကအရမ်းမြင့်တယ်လေ။ ဒီလောကကအမျိုးသမီးကျင့်ကြံသူတွေကြားမှာ ဓားနတ်သမီးယဲ့ယောင်ယောင်ပြီးရင် သူကဒုတိယလိုက်တာပဲ"

"ကြည့်ရတာသူလည်း မင်းသမီးရဲ့အလောင်းကို ဝင်လုချင်တဲ့ပုံပေါ်တယ်"

လီနန်ခယ့် နားလည်သွားသည်။

ယုန်မလေးမုန့်ကတော့ စိတ်တောင်မပူဟန်။

"ကျွန်မရှင့်ကိုပြောတယ်လေ၊ ယဲ့ယောင်ယောင်ကိုယ်တိုင်လာရင်တောင် ဒီအခေါင်းကိုလုဖို့မလွယ်ပါဘူးလို့။ နောက်ပြီး အဲ့ဒီမြင်းရထားကို အဆင့်မြင့်အဆောင်လက်ဖွဲ့တွေနဲ့စီရင်ထားတာ၊ အနားကပ်သွားရုံနဲ့အသက်ပါမှာပဲ"

လီနန်ခယ့်က ဘာမှပြန်မပြောဘဲ စားပွဲထက်ကိုလက်ချောင်းများနှင့်ခေါက်ရင်း ထိုအမျိုးသမီးပြောသွားသော စကားများကို အခေါက်ခေါက်အခါခါပြန်စဥ်းစားနေသည်။

မိုးရွာရင် ဘာဖြစ်မှာမလို့လဲ။

ဘယ်လိုဝရုန်းသုန်းကားတွေဖြစ်မှာမလို့လဲ။

သို့သော် ဘယ်လောက်ကြာအောင်တွေးတွေး ဘာအဓိပ္ပာယ်မှထွက်မလာသဖြင့် ဝိုင်ခွက်ကိုမော့သောက်ကာမတ်တပ်ထရပ်လိုက်သည်။

"သွားစို့"

"သွားမယ်လေ"

ယုန်မလေးက တစ်ဝက်လောက်ကျန်နေသေးသော ဝိုင်ပုလင်းကို ရင်ဘတ်မှာပိုက်ကာ ထရပ်လိုက်သည်။

စားသောက်ဆိုင်အပြင်သို့ရောက်သော် လီနန်ခယ့်က ရုတ်တရတ်ခြေလှမ်းလှည့်ကာ ယုန်မလေးကိုလှည့်ကြည့်ပြီးပြုံးလိုက်သည်။

"မင်းခုနကငါ့ကို မိန်းမကြောက်တဲ့သူလို့ပြောတယ်နော်"

"မှန်တာပြောတာပဲ"

မိန်းကလေးက မေးကိုမော့ပင့်ကာ ပြန်ချေပဖို့အသင့်ပြင်ထားလိုက်သည်။

"မင်း မုဆိုးနဲ့သားကောင်းကြားက ကွာခြားချက်ကိုသိလား"

"ဟမ်"

ယုန်မလေးက တစ်ဖက်လူပြောချင်သည့်ဆိုလိုရင်းကို နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။

"သိတာပေါ့"

"ငါက မုဆိုးနဲ့တူလား သားကောင်နဲ့တူလား"

"အင်း..."

ယုန်မလေးက လီနန်ခယ့်အတွေးကိုလိုက်မမီသော်ငြား သူမကိုကြည့်နေသောအမျိုးသား၏ မျက်လုံးထဲမှ စူးရှရှအလင်းကို ဖျတ်ခနဲမြင်လိုက်ရသဖြင့် လွှတ်ခနဲပြန်ဖြေလိုက်သည်။

"ရှင်က မုဆိုးနဲ့တူတယ်ထင်တာပဲ"

လီနန်ခယ့်က သူ့ဘာသာခပ်တိုးတိုးရေရွတ်နေသည်။

"လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ဇနီးသည်၊ လူ့လောကမှာမရှိတော့တဲ့ တာအိုဆရာသခင်၊ မှော်ငန်းမကြီးတစ်ကောင်နဲ့ စိတ်ရှုပ်စရာ လိပ်အိုကြီးတစ်ကောင်၊ လုပ်ကြံဖန်တီးထားပုံရတဲ့‌ နောက်ခံဇာတ်ကြောင်းတစ်ခုကပါသေးတယ်။ နောက်ပြီး ဘာတွေထည့်ထားမှန်းမသိတဲ့ ဆေးရည်တစ်ခွက်ကိုလည်း ကျောက်ကပ်အားတိုးဆေးအမည်တပ်ပြီး နေ့တိုင်းတိုက်နေသေးတယ်။ ထွက်ပြေးချင်ပေမဲ့ ကြိုးကတင်းလွန်းလို့ ချည်တိုင်ကိုပဲပြန်ပြန်ရောက်နေရတဲ့ခံစားချက်၊ မုဆိုးတစ်ယောက်ထက် ထောင်ချောက်မိနေတဲ့ သားကောင်တစ်ကောင်နဲ့ ပိုမတူဘူးလား"

"ရှင်ဘာတွေပြောနေတာလဲ"

ယုန်မလေးက သူ့နဖူးကိုလှမ်းထိသည်။

"အဖျားများတက်နေသလား"

လီနန်ခယ့်က ပြုံးလျက်ထပ်မေးသည်။

"ငါ့မိန်းမကို မင်းအမြင် ဘယ်လိုထင်သလဲ"

"အင်း...."

ယုန်မလေးက တစ်ခဏမျှတွန့်ဆုတ်နေပြီးနောက်မှ အလေးအနက်ပြောကြားလာသည်။

"အရမ်းနူးညံ့သိမ်မွေ့ ဖြူစင်ယဥ်ကျေးတဲ့ ဇနီးလိမ္မာလေးတစ်ယောက်"

မိန်းကလေးက လည်ပတ်စွာပင် ရုပ်ရည်ကိုထည့်ပြောမလာ။

"ရုပ်ရည်ကိုမေးနေတာ"

"အ..အဆင်ပြေပါတယ်"

ယုန်မလေးမှာ ပိပိရိရိမလိမ်တတ်ရှာ။

"ကြည့်မကောင်းဘူးလို့ဆိုနိုင်သလို တကယ်တမ်း ကြည့်ကောင်းနေတာလည်းဖြစ်နိုင်တာပဲ။ မင်းသူ့ကိုမမြင်ဖူးဘူးမလား"

"ကျွန်မမြင်ဖူးပါတယ်"

ယုန်မလေးက တအံ့တသြဆိုလာသည်။

လီနန်ခယ့်ကတော့ သူမစကားကိုမကြားသယောင်၊ ဟိတ်ကြီးဟန်ကြီးပြုံးလျက် ဆိုပြန်လေသည်။

"ငါလည်း ငါ့မိန်းမငါ မြင်ဖူးတာမဟုတ်ဘူး။ ဘလိုင်းဘောက်စ်ဖောက်ရတဲ့အရသာပါပဲလား။ တကယ်လို့ရုပ်ဆိုးနေလည်း ငါ့မှာအရှုံးမရှိဘူး။ လှနေရင်တော့ အမြတ်ထွက်တာပေါ့"

ရှေ့ကမိန်းကလေးကတော့ သူ့ကို အထိတ်တလန့်ကြည့်နေသည်။

ဘုရားရေ ခုနကလုပ်ကြံသတ်ဖြတ်မှု မျက်မြင်တွေ့လိုက်ရလို့ စိတ်တွေချောက်ချားပြီး လွတ်သွားတာများလား။

သူ့မိန်းမသူတောင် မမြင်ဖူးဘူးတဲ့လေ။

"တစ်ခုပဲမှတ်ထား"

လီနန်ခယ့်က ယုန်မလေးခေါင်းကိုပုတ်ကာ စိတ်ရင်းဖြင့်သတိပေးသည်။

"ဉာဏ်များတဲ့မုဆိုးဆိုတာ သားကောင်အယောင်ဆောင်ပြီး ပေါ်လာတတ်တယ်"

All Chapters