အခန်း (၈၈)
Vol. 9 Ch. 88
ယုန်မလေးမုန့်နှင့်အတူ ညကင်းလှည့်တပ်ဖွဲ့ဌာနခွဲသို့ ပြန်လည်ရောက်ရှိချိန်တွင် ဆိုင်ယွင်နှင့်ဆိုင်ယွဲ့တို့လည်း မိစ္ဆာလိုက်ရာမှ ပြန်လည်ရောက်ရှိလာကြပြီဖြစ်၏။
ကောကန်း၏ စိတ်ပျက်အားငယ်နေဟန်၊ လုင်ချင်ကိုင်ချင်စိတ်ပင်မရှိတော့ဟန် ဖရိုဖရဲသွင်ပြင်ကို မြင်သည်နှင့် လီနန်ခယ့်သည် ရလဒ်ကို ခန့်မှန်းမိပြီးသားဖြစ်သော်လည်း မမေးဘဲမနေနိုင်ခဲ့ပေ။
“မိစ္ဆာကို ခြေရာခံနိုင်ခဲ့လား”
"ဖမ်းမိလို့ ထောင်ထဲတောင်ထည့်ထားပြီးပြီ"
"?"
လီနန်ခယ့်၏ အမူအရာ တောင့်တင်းသွားသည်။ ထို့နောက် နားကိုကလော်ပြီး မသေချာသလို တစ်ခေါက်ပြန်မေးမိသည်။
“မင်းပြောနေတာက တိမ်တိုက်မြို့တော်ကမိစ္ဆာကိုဖမ်းမိသွားပြီ ဟုတ်လား”
"အေးလေ ဘာဖြစ်လို့လဲ"
ကောကန်းက ဇဝေဇဝါပြန်မေးသည်။
လီနန်ခယ့်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခြံဝင်းထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်နေဟန်လူအုပ်ကြီးကို တစ်ချက်လှည့်ကြည့်ကာ နားမလည်နိုင်စွာမေးမိသည်။
"မိစ္ဆာကိုဖမ်းလို့မိသွားပြီဆို မင်းတို့အားလုံး ဘာလို့ဒီလိုပုံကြီးတွေဖြစ်နေကြတာလဲ"
ကောကန်းက သက်ပြင်းတွေသာ တရစပ်ချနေပြီး ဘာမှပြန်မဖြေလာခဲ့။
ယုန်မလေးမုန့်က မျက်ခုံးသွယ်သွယ်ကိုပင့်ကာ ခပ်ဆတ်ဆတ်မေးလိုက်သည်။
"သေတ္တာကိုရှာမတွေ့ခဲ့ကြတာလား"
ကောကန်းက ခေါင်းညိတ်ဝန်ခံသည်။
"အစ်မလိန်ရော ဘယ်မှာလဲ"
"အခန်းထဲမှာ ဒဏ်ရာတွေသက်သာအောင်အနားယူနေတယ်"
ကောကန်းက ရှက်ရွံ့အားနာသောအမူအရာဖြင့် ဆိုသည်။
ထိုအခါမှ လီနန်ခယ့်သဘောပေါက်သွားသည်။ မိစ္ဆာကို သူတို့အောင်အောင်မြင်မြင်ဖမ်းနိုင်ခဲ့သည် မှန်သော်လည်း ထိုအတွက် လိန်ရှင်းနန်တစ်ယောက် အသက်ကိုရင်းကာစွန့်စားခဲ့ရဟန်ရှိ၏။
စိတ်ဆန္ဒပြင်းပြသော စစ်သည်တော်အမျိုးသမီးတစ်ယောက်ပါပင်။
အတန်ကြာသော် လိန်ရှင်းနန်၏အခန်းတံခါး ဖြည်းညင်းစွာပွင့်ဟလာခဲ့၏။
ပါးလျချပ်ရပ်သည့် အနီဖျော့ရောင်ဝတ်စုံရှည်ကို လဲလှယ်ဝတ်ဆင်ထားသော အမျိုးသမီးသည် တံခါးဝမှ လမ်းလျှောက်ထွက်လာသည်။ သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော မျက်နှာထက်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုများ စွန်းထင်နေပြီး အဖျားမကင်းသေးသည့်အမူအရာမှာ မြင်သာနေသေးရာ မြင်နေကျ ထက်မြက်ရဲရင့်သောအရှိန်အဝါမှာ ပျောက်ဆုံးလျက် အားငယ်လွယ်သောအသွင်တစ်မျိုး ဆောင်လေသည်။
"အစ်မလိန်"
ယုန်မလေးမုန့်က ရှေ့သို့အမြန်ပြေးတက်ကာ အမျိုးသမီးကိုတွဲကူလိုက်သည်။
လီနန်ခယ့်သည် ဤအမျိုးသမီးကို ဤပုံစံသွင်ပြင်ဖြင့် တစ်ခါမှမမြင်စဖူး။ ရင်တွင်နာကျင်ရသည်နှင့်အမျှ မနေနိုင်စွာ ဒေါသလည်းထွက်မိရ၏။ အေးစက်စက်အသံဖြင့် သူဆူပူလိုက်သည်။
"ခင်ဗျားကိုယ်ခင်ဗျား အသက်ပြင်းလှပြီထင်ရင်လည်း ချောက်ကမ်းပါးပေါ်တက်ပြီး မြစ်ထဲဒိုင်ဗင်ထိုးဆင်းချည်လေ။ အသက်ကိုဒီလိုစွန့်စားနေတော့ ဘယ်သူ့ဆီကအမှတ်ရမှာမလို့လဲ"
ခြံဝင်းငယ်လေးတစ်ခုလုံးတိတ်ဆိတ်သွားပြီး လူတိုင်း၏အမူအရာများထူဆန်းသွားသည်။
ထိုအထက်လူကြီးတစ်ဦးမှလွဲ၍ လိန်ရှင်းနန်ကို မျက်နှာချင်းဆိုင် ဤကဲ့သို့ ပြစ်တင်ကြိမ်းမောင်းနိုင်သူ တစ်ယောက်မှမရှိခဲ့ဖူးပေ။ လီနန်ခယ့်ထံသို့ ဦးတည်နေသော အကြည့်များစွာတွင် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေလျက်။
ကောကန်း တိတ်တိတ်လေး လက်မထောင်ပြမိသည်။
တော်တော်သတ္တိရှိတဲ့ ညီအကို။
လိန်ရှင်းနန်လည်း အဆူခံရသဖြင့် အံ့သြလန့်ဖျပ်သွားဟန်ရှိ၏။ သို့သော် သူမကိုစိုက်ကြည့်နေသော ထိုမျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများကိုခံစားမိသော် ဖြူဖျော့ဖျော့မျက်နှာလေးထက် နှင်းဆီသွေး ရေးရေးဖြာလွှမ်းသွားရသည်။ သို့သော် လူပုံအလယ်တွင် ဟန်မပျက် ခပ်တည်တည်ပြန်ပြောရသည်။
"ရှင်စိတ်ပူနေဖို့မလိုပါဘူး။ ကျွန်မဘာလုပ်နေလဲ ကျွန်မသိတယ်"
ထိုသို့ပြောဆိုအပြီး အကျဥ်းထောင်ရှိရာသို့ ဦးတည်ထွက်သွားလေသည်။
ယုန်မလေးမုန့်၏ စနောက်ချင်ဟန် ပြီတီတီအကြည့်ကို လီနန်ခယ့်လျစ်လျူရှုကာ အသံတိတ် ညည်းတွားရင်း နောက်ကလိုက်သွားခဲ့သည်။
"ခင်ဗျားရှာနေတဲ့ အဲ့ဒီသေတ္တာက ဘာလဲသေချာပြော"
လီနန်ခယ့်မေးသည်။
လိန်ရှင်းနန်လည်း လျှို့ဝှက်မနေတော့ဘဲ ခပ်အေးအေးသာပြောပြလာသည်။
"မိုးနီသေတ္တာ၊ မိုးနီရောထားတဲ့ဆေးတို့ တခြားပစ္စည်းတို့တောင်မဟုတ်ဘူး။ မိုးနီရေသန့်သန့်ကိုထည့်ထားတဲ့ မိုးနီသေတ္တာ"
"ဘာလို့အဲ့သေတ္တာက မိစ္ဆာဆီရောက်နေရတာလဲ"
"အဲ့ဒီမိစ္ဆာက ယွင်ချန်းညကင်းလှည့်တပ်ဖွဲ့က အဖွဲ့ဝင်တစ်ယောက်လေ၊ နာမည်ကဝမ်ကျန်းတဲ့။ သူက မိုးနီသေတ္တာကိုသယ်ဆောင်လာတုန်းမှာ လျှို့ဝှက်အင်အားစုတစ်ခုရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတာ။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး အသက်စွန့်ခဲ့ရတယ်။ ထွက်ပြေးလွတ်မြောက်ဖို့အတွက် သူက တစ်ပုလင်းကို စွန့်စားသောက်လိုက်တာကြောင့် မိစ္ဆာအဖြစ် အသွင်ပြောင်းသွားရတာပဲ”
"ဒီလိုရှိတာကိုး"
လီနန်ခယ့် ထိုအခါမှ ဇာတ်ရည်လည်သွားရသည်။
လိန်ရှင်းနန်က ဆက်ပြောသည်။
“စစ်မှန်တဲ့မိုးနီရေက အညစ်အကြေး အရောအနှောတွေပါတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ မတူဘူး။ အဲဒါကိုသောက်လိုက်ရင် ချက်ချင်း စိတ်ရူးမပေါက်သွားဘူး၊ အအချိန်တိုအတွင်းမှာ အင်အားကို အလွန်အမင်းတိုးမြင့်နိုင်စွမ်းရှိတယ်"
“သောက်သုံးပြီးလို့ အချိန်မီမကုသနိုင်ရင်တော့ ခဏအကြာမှာ အသွင်ပြောင်းမှုစတင်လာပြီး နောက်ဆုံးမှာတော့ လူမဟုတ်သရဲမဟုတ် မိစ္ဆာဘဝနဲ့ အဆုံးသတ်ရမှာပါပဲ"
“အဘိုးချင်ကိစ္စတုန်းက သူက မိုးနီရောဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးပါတဲ့အရက်ကို အချိန်တိုအတွင်း အများကြီးသောက်ခဲ့လို့ မိစ္ဆာအဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့တာ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဖြစ်ရပ်ချင်းတော့ ပုံသေမတူဘူး၊ နောက်ကျရင် နားလည်လာပါလိမ့်မယ်"
စကားပြောရင်းဆိုရင်း သူတို့အုပ်စု အကျဥ်းထောင်၏အနိမ့်ဆုံးအခန်းဆီသို့ရောက်လာကြသည်။
ဖမ်းချုပ်ထားသော မိစ္ဆာအား လီနန်ခယ့်မြင်လိုက်ရ၏။
တောဝက်ကြီးတစ်ကောင် မတ်တပ်ရပ်လမ်းလျှောက်နေသည်နှင့် သဏ္ဌာန်တူလှပြီး အစွယ်ကြီးနှစ်ချောင်းကလည်း ဓားသွားများအလျား ချွန်မြစူးထွက်နေသည်။ လက်ကြီးနှစ်ဖက်မှာ ဖရဲသီးတစ်လုံးကို ဆုပ်ချေမွပစ်နိုင်လောက်သည်အထိကြီးမားသည်။
မိစ္ဆာကို အင်းစာလုံးများဖြင့် ဖုံးအုပ်ထားသော သံခြေကျင်းများဖြင့် ခတ်ထားသည်။ ၎င်း၏မျက်ခွံများမှာ တွဲကျနေပြီး အိပ်ပျော်နေသလိုလို နိုးနေသလိုလိုနှင့် အသက်ရှူသံမှာလည်း အားနည်းလှ၏။
"အစ်မလိန် ဒီမိစ္ဆာက သတိမရတစ်ချက် ရတစ်ချက်အခြေအနေမှာပဲ ရှိနေသေးတယ်"
မိစ္ဆာကိုစောင့်ကြပ်နေသော အဖွဲ့ဝင်များက တင်ပြကြသည်။
"ကျွန်တော်တို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကုသပေမဲ့ တစ်ခုမှအလုပ်မဖြစ်သေးဘူး"
ကောကန်းကတော့ အလွန်အမင်း စိုးရိမ်နေဟန်ရှိသည်။
“ဒီအတိုင်းသာ ဆက်သွားရင် နာရီဝက်မပြည့်ခင် သေသွားလိမ့်မယ်”
လိန်ရှင်းနန်က သတိမေ့နေသောမိစ္ဆာကို စိုက်ကြည့်နေရင်း မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာသည်။
မိစ္ဆာများမှာ များသောအားဖြင့် မသေဆုံးမီတွင် အသိစိတ်ပြန်ဝင်လာတတ်ကြသော်လည်း အကယ်၍ သေခါနီးအချိန်ထိ သတိမေ့နေဆဲဆိုလျှင် မိုးနီသေတ္တာနှင့်ပတ်သက်သော သဲလွန်စအချက်အလက်များကို ရယူဖို့လည်းမဖြစ်နိုင်တော့။
လီနန်ခယ့်လည်း ပြဿနာကိုရိပ်မိသွားပြီး နားမလည်နိုင်စွာဝင်မေးလိုက်သည်။
"သူ့ကိုဘာလုပ်လိုက်လို့ အခုထိသတိမလည်သေးတာလဲ"
လိန်ရှင်းနန်က ပြောပြလာသည်။
“မိုးနီရေသန့်သန့်ကိုသုံးပြီး အသွင်ပြောင်းသွားတဲ့ မိစ္ဆာတွေမှာ ဒီလိုအခြေအနေမျိုး ကြုံရတတ်တယ်။ ကျွန်မတို့ ဒီလိုမိစ္ဆာမျိုး ငါးကောင်ဖမ်းမိခဲ့ဖူးတယ်၊ အဲဒီထဲက သုံးကောင်က ဖမ်းမိပြီးတဲ့နောက်မှာ သတိပဲလစ်နေပြီး အဲ့အတိုင်းသေသွားခဲ့ကြတာပဲ"
“နားလည်ပြီ”
ထိုအခါမှာ ကောကန်းတို့တတွေ စိတ်ပျက်လက်ပျက်ဖြစ်နေရသည့်အကြောင်းရင်းကို သူနားလည်လိုက်ရသည်။
ဘဝ၏နောက်ဆုံးအချိန်သို့ ရောက်ရှိနေဟန်တူသော မိစ္ဆာကိုကြည့်ရင်း လီနန်ခယ့်က သေနတ်ကိုဆွဲထုတ်လိုက်ကာဆိုသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အသုံးမဝင်တော့တာပဲမဟုတ်လား၊ ကျွန်တော်ပဲ အဆုံးသတ်လိုက်တော့မယ်နော်"
ဒီလူကတော့ သူများခူးထားတဲ့ထမင်း အဆင်သင့်ဝင်စားချင်ပြန်ပြီ။
လီနန်ခယ့်၏ ရူးကြောင်မူးကြောင်ထလုပ်တတ်သောအကျင့်များကို သူတို့အားလုံးမြင်ဖူးပြီးဖြစ်သဖြင့် ဘယ်သူမှ တအံ့တသြလုပ်ပြမနေကြတော့။
ဒီလူက သတ်ရဖြတ်ရတာကို အတော်ဝါသနာထုံတာပဲ ဟုသာ တွေးကုန်ကြသည်။
ယုန်မလေးမုန့်က စိတ်ပျက်လက်ပျက် ပြောစရာစကားမဲ့သွားပြီးမှ စေတနာဖြင့်သတိပေးလာသည်။
"ကိုဉာဏ်ကြီးရှင်၊ လူသတ်ရတာကိုစွဲလန်းသွားရင် စိတ်လွတ်ရူးသွပ်သွားတတ်တယ်နော်"
လီနန်ခယ့်က နေရောင်ခြည်လေးလို လင်းလင်းချင်းချင်းပြုံးပြလာပြီး ဆို၏။
"စိတ်မပူပါနဲ့ ငါကဒီတိုင်း ကြိုတင်လေ့ကျင့်နေရုံပါ။ မင်းထင်သလို နှာဘူးလည်းမဟုတ် အရူးလည်းမဟုတ်ဘူး။ သတ်ရဖြတ်ရတာတွေက နောက်လည်းအမြဲလုပ်နေရမဲ့ကိစ္စပဲလေ"
လိန်ရှင်းနန်ကတော့ ဘာတစ်ခုမှဝင်ပြောမနေဘဲ အစောင့်များကိုဘေးသို့ရှောင်ပေးဖို့ အချက်ပြလိုက်ကာ လီနန်ခယ့်ကိုသာ ဆက်လက်ကိုင်တွယ်စေလိုက်သည်။
ကျည်ဆံများကို စစ်ဆေးပြီးနောက် လီနန်ခယ့်က သေနတ်ကိုကောက်ကိုင်ကာ မိစ္ဆာ၏ဦးခေါင်းဆီသို့ ဦးတည်လျက် အချိန်အဆပြုလိုက်သည်။
သို့သော် မောင်းခလုတ်ကို ဆွဲခါနီးအချိန်မှာပင် တစ်စုံတစ်ခုက ရုတ်တရတ်ဆန်ဆန်ဖြစ်ပွားလာခဲ့သည်။
ခုနကထိ မလှုပ်မယှက်သတိမေ့နေသော မိစ္ဆာသည် တမင်တကာလှုံ့ဆော်မှုတစ်ခုကို ခံလိုက်ရသကဲ့သို့ ကြိုတင်လက္ခဏာပင်မပြပါဘဲ ရုတ်တရက်သတိဝင်ကာ ခုန်အုပ်လာပြီး သံခြေကျင်းများကို တဂျောက်ဂျောက်မြည်အောင် ဆွဲလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သံခြေကျင်းများက ခိုင်မာနေသောကြောင့် သောင်းကျန်းနေသောမိစ္ဆာကို ပြန်လည်ဆွဲထိန်းထားနိုင်ခဲ့ပြီး ထောင်ခန်းတစ်ခုလုံးမှာ ရုန်းအားကြောင့် တုန်ခါလှုပ်ယမ်းသွားခဲ့၏။
လီနန်ခယ့်လည်း အလန့်လန့်အဖျပ်ဖျပ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ဆိုင်းသွားမိသည်။
အလွန်ရုတ်တရတ်ဆန်သောကြောင့် သူတို့အားလုံး အလန့်တကြားဖြစ်သွားရသည်ပင်။
လိန်ရှင်းနန်၏တုံ့ပြန်မှုက အမြန်ဆုံးဖြစ်၏။ သူမက လီနန်ခယ့်၏ရှေ့တွင် လှစ်ခနဲပိတ်ရပ်ကာ စိတ်လွတ်သောင်းကျန်းလာသောမိစ္ဆာထံမှ အဝေးသို့တွန်းပို့လိုက်သည်။
မိစ္ဆာက ဒေါသတကြီးဟိန်းဟောက်လာ၏။ ကြေးခေါင်းလောင်းကြီးအလား ကြီးမားသောမျက်လုံးများက သွေးရောင်ရဲရဲနီလျက် လိန်ရှင်းနန်ကို မမှိတ်မသုန်စိုက်ကြည့်နေကာ အရှေ့ကိုခုန်အုပ်ဝင်ဖို့ အသည်းအသန်ကြိုးစားရုန်းကန်နေသည်။ သံခြေကျင်းများဆီမှ ထွက်ပေါ်လာသောအသံမှာ နားမခံသာအောင် စူးရှလှသည်။
လီနန်ခယ့်၏ အလိုလိုသိစိတ်က အလွန်စူးရှထက်မြက်သည်။
အမှန်တော့ မိစ္ဆာက သူ့ကိုသာ မြဲမြဲမြံမြံစိုက်ကြည့်နေခြင်းပင်။
ထိုမျက်လုံးကြီးများထဲတွင် နာကျည်းမှုများ ဒေါသများနှင့်အတူ ကြောက်ရွံ့မှုများပါ ပေါင်းစည်းပါဝင်နေလျက်။