← Chapters

မှတ်ဉာဏ်ကူးလူးခြင်း

Vol. 9 Ch. 89

မှတ်ဉာဏ်ကူးလူးခြင်း

Vol. 9 Ch. 89

"သတ်ကြစမ်း"

လိန်ရှင်းနန်၏ ပြင်းပြသောအမိန့်သံထွက်လာသည်။

အမြွှာညီအမနှစ်ယောက်လည်း ဤသို့သောဖြစ်ရပ်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်လေသောကြောင့် နေရာတွင် အကြာကြီးကြောင်ရပ်မိနေကာ လိန်ရှင်းနန်၏အသံစူးစူးကိုကြားမှ အသိဝင်တုံ့ပြန်နိုင်လာပြီး အသင့်ဆောင်ထားသောသေနတ်များကို ဆွဲထုတ်လျက် မိစ္ဆာအား ချိန်ရွယ်ပစ်ခတ်လိုက်သည်။

ဒိုင်း

သို့သော် သူတို့သေနတ်မောင်းခလုတ် မဆွဲရသေးမီမှာပင် သေနတ်သံတစ်ချက်က မြည်ဟည်းလာခဲ့သည်။

လီနန်ခယ့်၏ သေနတ်သံပင်။

ထိုအမျိုးသားက ကျည်ပြန်ဖြည့်ပြီး ရုန်းကန်နေသောမိစ္ဆာ၏ နဖူးကို ထပ်မံပစ်ခတ်လိုက်သည်။ ငါးချက်ဆက်တိုက် ပစ်ခတ်ပြီးနောက် သောင်းကျန်းနေသောမိစ္ဆာသည်လည်း တဖြည်းဖြည်းငြိမ်ကျသွားပြီး အသက်ကိုသာ ပြင်းပြင်းရှူရှိုက်နေတော့သည်။

လီနန်ခယ့်သည် ကျည်အသစ်များကို ပြောင်းအိမ်ထဲသို့ ထိုးထည့်ကာ ထောင်တိုင်များဆီသို့ လျှောက်သွားပြီး မိစ္ဆာ၏ဦးခေါင်းဆီသို့ တည့်တည့်ချိန်ထားလိုက်သည်။

မိစ္ဆာမှာ နောက်ဆုံးထွက်သက်ကိုရှူထုတ်ရခါနီးအချိန်သို့ ရောက်ရှိနေသော်လည်း သွေးရောင်ပြင်းစွာလွှမ်းနေသော ထိုမျက်လုံးများက လီနန်ခယ့်ကိုသာ မလွှဲမဖယ်စိုက်ကြည့်နေဆဲဖြစ်သည်။ လီနန်ခယ့်ပင် အနည်းငယ်တုန်ယင်သွားမိလျက်။

ဒီလူကဘာလို့ ငါ့ကို ဒီလောက်ထိစိုက်ကြည့်နေရတာလဲ။

သူ့ကိုဖမ်းခဲ့တာ ငါလည်းမဟုတ်ပါပဲလေ။

လီနန်ခယ့်စိတ်ထဲ သံသယများစွာပွားထွက်လာပြီး မကျေမနပ်စိတ်ကလည်း မြင့်တက်လာသည်။

ထို့သို့ သူတွေးတောနေစဥ်မှာပင် မိစ္ဆာက သူ့ပါးစပ်ကြီးကိုဖြဲချလိုက်သည်။ ထိုပါးစပ်ပေါက်ကြီးမှ လျှာအရှည်ကြီးတစ်ချောင်း လျှောခနဲထွက်ပေါ်လာကာ သူ့လက်မောင်းကိုရစ်ပတ်လျက် အတွင်းသို့ဆွဲသွင်းရန်ကြိုးစားလေသည်။

"နန်ခယ့်"

လိန်ရှင်းနန်၏ အမူအရာ လုံးဝပြောင်းလဲသွားပြီး ရေခဲဓားတစ်လက်ပေါ်လာကာ ထိုရှည်လျားလှသော လျှာကြီးကို ပိုင်းဖြတ်ရန် ခုတ်ချလိုက်သည်။

"ဒိုင်း"

တစ်ချိန်တည်းမှာပင် လီနန်ခယ့်က မောင်းခလုတ်ကိုဆွဲလိုက်ပြီဖြစ်ရာ နီရဲပူပြင်းနေပြီဖြစ်သော သေနတ်ပြောင်းမှ မီးတောက်များပွင့်ထွက်လာပြီး မိစ္ဆာ၏ မျက်မှောင်ကြောအလယ်တွင် ထိခတ်ပေါက်ကွဲသွားခဲ့သည်။

မိစ္ဆာကြီးသည် ပြတ်တောက်နေသောလျှာရှည်ကြီးနှင့်အတူ ဖြည်းညင်းစွာလဲကျသွားခဲ့၏။

အကျဥ်းထောင်သည်လည်း မတိုင်မီကကဲ့သို့ ပြန်လည်တိတ်ဆိတ်အေးစက်သွားတော့သည်။

နေရာရှိလူတိုင်းမှာတော့ တုန်ယင်ကြောက်လန့်နေဆဲ။ ထိတ်လန့်မှုနှင့် စိုးရိမ်စိတ်များမပြယ်သေးသော မျက်လုံးများဖြင့် သူတို့အချင်းချင်း လှည့်ကြည့်နေမိကြသည်။

သူတို့ကိုယ်တိုင်သည်ပင် ဤသို့သောအဖြစ်မျိုးကို ပထမဆုံး‌ တွေ့မြင်ကြုံသိရဖူးခြင်းပင်။

"အဆင်ပြေရဲ့လား"

မိစ္ဆာသေသွားသည်နှင့် လိန်ရှင်းနန်တစ်ယောက် လီနန်ခယ့်အနား အပြေးရောက်လာကာ မေးလေသည်။

လီနန်ခယ့်မှာလည်း ရင်တဒိုင်းဒိုင်းတုန်နေသောအခြေအနေဖြစ်ကာ ဒဏ်ရာပင်မရလိုက်သောလက်မောင်းအား တစ်ချက်ငုံ့ကြည့်လျက် အားတင်းပြုံးပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ အေးဆေးပါ"

"ရှင်ရူးနေလား"

လိန်ရှင်းနန်က အမျိုးသားကို အင်္ကျီကော်လာမှဆောင့်ဆွဲကာ နံရံဆီသို့ဆောင့်တွန်းကပ်လိုက်သည်။ မျက်နှာလှလှသည် ဖြူဖျော့သွေးဆုတ်နေလျက် အော်သံမှာလည်း တင်းမာစူးနင့်နေခဲ့၏။

"ရန်သူကိုအသေမသတ်နိုင်သေးခင် အနားမကပ်ရဘူးဆိုတာ နားမလည်ဘူးလား။ ကိုယ့်ဘက်က ပေါ့ပေါ့ဆဆနေလိုက်လို့မဖြစ်ဘူး။ ရှင့်ကိုယ်ရှင် ဘယ်လောက်အရေးပါမှန်း မသိဘူးလား"

သူမဘဝတွင် အမျိုးသားတစ်ယောက်ကို ပထမဆုံးအကြိမ် ဤမျှကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ငေါက်ငမ်းမိခြင်းဖြစ်သည်။

အခြားသူများမှာ ရန်ပွဲကြားထဲမှာ မပါသွားစေရန် အလိုလို ပုန်းရှောင်ကုန်ကြသည်။

ညကင်းလှည့်တပ်ဖွဲ့ရဲ့ကျားမကြီး ဒေါသထွက်လာရင် အရမ်းကြောက်ဖို့ကောင်းတာလေ။

လီနန်ခယ့်လည်း သူကိုယ်တိုင် ဟန်ရေးပြကြွားဝါလိုစိတ်ဖြင့် အနည်းငယ်ပေါ့ဆမိသွားမှန်းသတိထားမိသောကြောင့် ရိုးရိုးသားသားတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်။ ခင်ဗျားစိတ်ပူအောင်လုပ်မိသွားပြီ"

ထိုစကားကိုကြားသော် ဒေါသမပြေသေးသောအမျိုးသမီးက အေးစက်စက်ဆိုသည်။

"သမားတော်လော့ကို ရှင့်ကိုဂရုစိုက်ပါ့မယ်လို့ ကျွန်မကတိပေးထားခဲ့တာ"

"ဟုတ် ကျွန်တော်နားလည်ပါတယ်"

လီနန်ခယ့်က တောင်းတောင်းပန်ပန်ဆိုလေသည်။

လိန်ရှင်းနန် မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်သည်။ ခံစားချက်များကို တည်ငြိမ်အောင်ပြန်လည်ထိန်းညှိပြီး လက်အောက်ငယ်သားများကိုခေါ်ကာ ထောင်ခန်းတံခါးကိုဖွင့်ခိုင်းလိုက်သည်။

ထောင်ခန်းအတွင်းရှိ သံခြေချင်းများဖြင့် ချည်နှောင်ထားသော မိစ္ဆာအလောင်းမှာ ယခင်က အဘိုးချင်ဖြစ်သကဲ့သို့ ပုပ်ပွနေသော အသွေးအသားများအဖြစ် ပြောင်းမသွားဘဲ ကောင်းမွန်စွာကျန်ရှိနေဆဲဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ဒီမိစ္ဆာက အသွင်နှစ်ခါပြောင်းထားလို့များလား"

အလောင်းမပုပ်သိုးသေးသည်ကိုအခွင့်ကောင်းယူပြီး ကောကန်းက မိစ္ဆာ၏ခန္ဓာကိုယ်ကို အသေးစိတ်စစ်ဆေးကာ အကြောင်းရင်းကိုရှာဖို့ကြိုးစားသည်။

ဆိုင်ယွင်နှင့်ဆိုင်ယွဲ့ကလည်း ‌ဘေးမှာ လိုက်ရေးမှတ်ဖို့အသင့်ပင်။

လီနန်ခယ့်က ဆောင့်ကြောင့်ထိုင်ချပြီး စောစောက သူ့ကိုမာန်ဖီရန်လိုနေခဲ့သော မိစ္ဆာ၏ပုံစံကို ပြန်သတိရကာ စဥ်းစားခန်းဝင်နေမိသည်။

ငါ့ကိုကြည့်တဲ့မျက်လုံးတွေက ဘာကြောင့်ဒီလောက် မုန်းတီးနာကျည်းနေတဲ့ပုံ ဖြစ်နေရတာလဲ။

ငါစိတ်ထင်တာများလား။

လီနန်ခယ့်၏နှလုံးသားထဲမှ အဖြေရှာမရသော လေးလံမှုကြီးက ဖိစီးနေခဲ့သည်။

ထို့နောက် ကောကန်းလုပ်သလို အလောင်း၏ကိုယ်ထည်ကို စမ်းသပ်ကြည့်သည်။

အလောင်းကိုယ်ထည်မှာ အနွေးဓာတ်သဲ့သဲ့ကျန်ရှိနေဆဲဖြစ်ကာ အထိအတွေ့က အလွန်ကြမ်းတမ်းသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် ပူပြင်းလှသော လျှို့ဝှက်အင်အားတစ်ခုက လီနန်ခယ့်၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းတိုးဝင်လာခဲ့သည်။

လီနန်ခယ့် မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ဦးနှောက်က ဟိန်းသံတစ်ချက်ပေးကာ ဗလာကျင်းသွားခဲ့တော့၏။

ဗလာကျင်းသွားသောနေရာလွတ်ထဲသို့ ထူးဆန်းသောမှတ်ဉာဏ်အပိုင်းအစများက မရေမတွက်နိုင်စွာ တရစပ်ဝင်ရောက်လာခဲ့သည်။

သူ့မျက်စိရှေ့တွင် ပျက်စီးကျိုးပဲ့နေသော ရုပ်ရှင်ဖလင်အပိုင်းအစများက အဖြူအမည်းပုံရိပ်များကို အဆက်အစပ်မရှိစွာ ပြသနေသကဲ့သို့။

သူသည် ကောင်းကင်တွင်ပျံသန်းနေသော ဒရုန်းတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး မြေပြင်မှအဖြစ်အပျက်များကို ငုံ့ကြည့်နေရသကဲ့သို့ဖြစ်သည်။

ပုံရိပ်ထဲတွင် အဖွဲ့တစ်ဖွဲ့မှာ ညအချိန်၏ မှောင်ရိပ်ကျသော အကာအကွယ်အောက်တွင် တောလမ်းအတိုင်း မြင်းစီးခရီးနှင်နေကြသည်။ ရုတ်တရက် တောအုပ်အတွင်းမှ အနက်ရောင်ဝတ်စုံများဝတ်ထားသော လူအချို့ပေါ်လာပြီး အုပ်စုနှစ်စု ထိပ်တိုက်တွေ့ကြတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ပုံရိပ်များ ထပ်မံပြောင်းလဲသွားသည်။

ချောမောသော အမျိုးသားတစ်ဦးက သူ၏ပုခုံးမှ အဆိပ်လူးမြှားတိုတစ်စင်းကို ဆွဲထုတ်လိုက်ပြီး အံကြိတ်ကာ သေတ္တာထဲမှ မိုးနီဆေးရည်ပုလင်းငယ်တစ်လုံးကို ထုတ်ကာ သောက်ချလိုက်သည်။ ထို့နောက် သေတ္တာကို အဝတ်ဖြင့်ထုပ်ပိုးပြီး ကျောတွင်လွယ်လိုက်လေသည်။

ထိုအချိန်မှာပင် ပုံရိပ်များ တစ်ဖန်ပြောင်းလဲသွားပြန်သည်။

ခြေတစ်ဖက် မသန်ဟန်ရှိသောသော မိစ္ဆာတစ်ကောင်မှာ တောင်တန်းနှင့်တောအုပ်များကြားတွင် ထိတ်လန့်တကြား ထွက်ပြေးနေပြီး သူ၏နောက်ဘက်တွင် လိုက်လံဖမ်းဆီးနေသူအချို့ ရှိနေသည်။ ၎င်းမှာ လိန်ရှင်းနန်နှင့် သူမ၏အဖွဲ့သားများပင်။

လီနန်ခယ့်တစ်ယောက် ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်နိုင်မီမှာပင် ပုံရိပ်များ တစ်ဖန်ပြောင်းလဲပြန်သည်။

အနာတရဖြစ်နေရှာသော မိစ္ဆာသည် ဂူတစ်လုံးထဲတွင် မရပ်မနားဟိန်းဟောက်အော်ဟစ်နေပြီး အနီးအနားရှိကျောက်တုံးများဆီသို့ အထိန်းအကွပ်မဲ့စွာဝင်တိုက်မိကုန်သည်။ ကျောထက်လွယ်ထားသော သေတ္တာငယ်မှာလည်း ရုန်းရင်းဆန်ခတ်အဖြစ်ကြောင့် ထောင့်တစ်ခုတွင်ပြုတ်ကျသွားပြီး အပျက်အစီးများကြား တိမ်မြုပ်ပျောက်ကွယ်သွားတော့၏။

"ကိုဉာဏ်ကြီးရှင်"

"ကိုဉာဏ်ကြီးရှင်"

မိန်းကလေး၏အသံချိုချိုက လီနန်ခယ့်ကို ငေးမောတွေးကြောင်နေခြင်းမှ လှုပ်နှိုးလိုက်သည်။

လီနန်ခယ့်လည်း အသိစိတ်ပြန်ဝင်လာသည်နှင့် နောက်ကိုအမြန်ဆုတ်ထွက်လိုက်တော့သည်။

သူခေါင်းပြန်မော့လိုက်တော့ အကျဥ်းထောင်ထဲမှလူတိုင်းက သူ့အား ထူးထူးဆန်းဆန်းဝိုင်းကြည့်နေကြသည်။

"ရှင်အဆင်ပြေရဲ့လား" ယုန်မလေးမုန့်ကတော့ စိုးရိမ်တကြီးမေးရှာသည်။

လီနန်ခယ့် အပြုံးတစ်ခုကိုညှစ်ထုတ်ကာ ခေါင်းယမ်းပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ကိုယ့်ဘာသာ အကြောက်လွန်သွားလို့"

လိန်ရှင်းနန်၏အကြည့်များက ပျော့ပျောင်းနေပြီး လေသံလေးဖြင့်ဆိုလာ၏။

"ကျွန်မအခန်းမှာ ခဏလောက်သွားနားချေဦး"

"ဪ ဟုတ်ပြီလေ"

လီနန်ခယ့် ခေါင်းရှုပ်ရှုပ်ဖြင့် မသိလိုက်စွာ ခေါင်းသာညိတ်လိုက်မိသည်။

ထိုအချိန်မှာပင် မိစ္ဆာ၏ခန္ဓာက စတင်ပုပ်သိုးလာကာ ပုလဲဖြူလေးသုံးလုံးထွက်ပေါ်လာလျက် လီနန်ခယ့်၏ရင်ဘတ်ထဲသို့ တိုးဝင်ငုပ်လျှိုးသွားကြကုန်၏။

"ယုန်မလေး သူ့ကိုငါ့အခန်းဆီခေါ်သွားပြီး နားခိုင်းလိုက်"

ထိုသူ၏ ငေးကြောင်ကြောင်အဖြစ်ကိုမြင်သော် လိန်ရှင်းနန် ယုန်မလေးကိုသာတာဝန်ပေးလိုက်သည်။

ထို့နောက် မိန်းကလေး၏ဦးတည်ခေါ်ဆောင်မှုနောက်သို့ ခပ်ငေးငေးလိုက်ရင်း အကျဥ်းထောင်ထဲမှထွက်လာခဲ့ကြသည်။ အပြင်မှနေခြည်နွေးနွေးနှင့် ထိတွေ့ခြုံလွှမ်းခံရချိန်တွင် လီနန်ခယ့် ကြက်သီးများလျော့ပါးသွားသလိုခံစားရကာ ခေါင်းလည်း နည်းနည်းပြန်ကြည်လာသည်။

ထို့နောက် လက်ဖျားစများကို အသာလိပ်တင်လိုက်သည်။

သူ၏ ပုခုံးထက်တွင် ဆေးမင်ကြောင်ပုံစံတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ထိုဆေးမင်ကြောင်သည် ခုနကတင်သေဆုံးသွားသော မိစ္ဆာ၏ရုပ်သွင်ပင်။

All Chapters